သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
သား အမေ့ဆီကို ဖုန်းဆက်တယ်။
ဆက်ရတာ ခက်ခဲလိုက်တာ အမေရယ်။
ဖုန်းလိုင်းမဝင်တာနဲ့၊
ဝင်ပြန်တော့လည်း အသံကြားပြီး
ပြန်ပြောလို့မရတာနဲ့၊
ပြန်ပြောလို့ရပြန်တော့လည်း ဟိုဖက်က
ဘာမှမကြားရတာနဲ့၊
ပြီးတော့ ခဏခဏပြုတ်ကျသွားနဲ့
အချိန်တော်တော်ကုန်သွားတယ်။
အမေရိကန်မှာတော့ ဖုန်းဆက်သွယ်ရေးဟာ
အတိုးတက်ဆုံးနဲ့
အလွယ်ကူဆုံး
ဆက်သွယ်ရေးကိရိယာဖြစ်နေပါပြီ။
ဘယ်လိုကြောင့် ဒီလောက်ခက်ခဲတယ်ဆိုတာ
နားမလည်နိုင်အောင်ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် အကြိမ်ကြိမ်
ကြိုးစားကြည့်တော့ တစ်ကြိမ်မှာတော့
အမေနဲ့စကားပြောနိုင်ခဲ့ပါတယ်။
အမေ့အသံကို ကြားတော့
ရင်ကိုအေးမြသွားတယ်အမေ။
ပုခက်ထဲက ကလေးငယ်လိုပါပဲ။
ဈေးကပြန်လာတဲ့အမေ့အသံကိုကြားတော့
အရာအားလုံး လုံခြုံသွားသလို
ခံစားရတယ်အမေ။
အမေ့အသံကို မကြားရတာ ကြာပြီနော်။
အနေသာနီးခဲ့မယ်ဆိုရင်
အမေ့ဆီကိုပြေးလာပြီ
အမေ့ရင်ခွင်မှာ ငယ်ငယ်တုန်းကလို
အမေပြောတဲ့
ပုံပြင်တွေကို
အိပ်ပြီးနားထောင်လိုက်ရရင်
ဘယ်လောက်ကောင်းလိုက်မလဲလို့ အခါခါ
တွေးမိပါတယ်။
မရနိုင်မှန်းသိတော့
တန်ဖိုးရှိနေသလိုပါပဲလား။
+++++++++++++++++++++++++++
ကျနော် အခုစားသောက်ဆိုင်တစ်ခုမှာ
အလုပ်လုပ်နေတယ်။
စားသောက်ဆိုင်မှာ အလုပ်လုပ်တော့
နောက် site က တစ်ပတ်မှာ သုံးရက်။
အိုးကြီးချက် စားဖိုမှူးပေါ့အမေ။
ပင်ပန်းတာပေါ့။ ဒါပေမယ့်
အတွေ့အကြုံတွေ အများကြီးရတာနဲ့တန်ပါတယ်။
ရှေ့ site မှာလည်း တစ်ပတ်မှာ
သုံးရက်ပါပဲ။
ရှေ့ဆိုဒ်ကတော့
ကွန်ပျူတာကိုင်ပြီးဈေးရောင်းရတာပေါ့လေ။
နိုင်ငံခြားသားတွေ အများကြီးနဲ့ဆက်ဆံရတယ်။
သူတို့နဲ့ဆက်ဆံတာကြောင့် ဘာသာစကား
အများကြီးတိုးတက်လာတယ်။
သတိထားမိတဲ့အချက်တစ်ခုကတော့ သူတို့ဟာ
စားသောက်ဆိုင်လာတဲ့အခါ
သားသမီးတွေကို ခေါ်လာတတ်ကြတယ်။
အရွယ်အမျိုးမျိုးပေါ့အမေ။
အချို့ကလည်းတော်တော်ငယ်သေးတယ်။
စကားပြောတတ်ကာစအရွယ်တွေ။
ကလေးတွေကို လက်ဆောင်တစ်ခုခုပေးတဲ့အခါ
မိဘတွေက ကလေးကို
ဘာပြန်ပြောရမလဲဆိုတာကို မေးပြီး ပြောခိုင်းတယ်။
“ကျေးဇူးတင်ပါတယ်”တဲ့။
မိဘတိုင်းဟာ
သားသမီးကိုကျေးဇူးတင်တတ်အောင် သင်ပေးတာကို တွေ့ရတယ်။
နောက်တစ်ချက်က ကလေးတွေဟာ
လမ်းလျှောက်တတ်တာနဲ့
အမှိုက်ပုံးထဲကို အမှိုက်ပစ်တတ်အောင်
သင်ပေးတယ်။
ကိုယ်စားပြီးသား စားစရာအမှိုက်တွေကို
စားပွဲပေါ်မှာ ထားပြီးထွက်သွားလေ့မရှိကြဘူး။
ကလေးတွေဟာ အမှိုက်ကို ပစ္စလက္ခ
မပြစ်ကြဘူး။
အမှိုက်ပုံးထဲကို သေသေချာချာ
သွားထည့်တာကိုတွေ့ရတယ်။
အဲဒါဟာ ချစ်စရာ ကောင်းတဲ့အချက်လို့
မှတ်ယူပါတယ်။
အဖေဟာ ကျနော်ကျောင်းမနေခင်ကတည်းက
ကွယ်လွန်သွားတယ်။
အဲဒီအချိန်ကစပြီး အမေက
စီးပွားရေးလုပ်ပြီး ကျနော်တို့ညီအကိုမောင်နှမ ငါးယောက်ကို လုပ်ကျွေးခဲ့တယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး
အမေပြောတဲ့စကားကိုလည်း အခုထိ သတိရနေဆဲပါအမေ။
“ စီးပွားရေးဆိုတာ စီးပွားရေး
ဆန်လွန်းရင်လည်း စီးပွားမဖြစ်ဘူး။
စီးပွားမဆန်လွန်းရင်လည်း စီးပွားမဖြစ်ဘူး”ဆိုတာလေ။
အဲဒီတုန်းက နားမလည်ခဲ့ပါဘူး။
နောက်တော့ အမေက ရှင်းပြတယ်။
စီးပွားဆန်လွန်းတော့
လောဘဖြစ်သွားတယ်။
ဝန်ဆောင်မှုတွေ မပါတော့ဘူး။
စားသုံးသူအတွက် အကျိုးဆောင်မှုတွေ မပါတော့ဘူး။
ငွေကြေးနဲ့ကုန်ပစ္စည်းကို
ဖလှယ်တဲ့ပုံစံဖြစ်သွားတယ်။
စားသုံးသူဟာ ဒါကို ကောင်းကောင်းသိတယ်။
တစ်ခါလာပြီး သိသွားတာနဲ့ နောက်တော့
မလာတော့ဘူး။
ကိုယ်လည်း စီးပွားပျက်တော့တာပေါ့။
စီးပွားရေးမဆန်လွန်းတော့လည်း
အဝင်အထွက် မချိန်ဆနိုင်ဘူး။
အကျိုးအမြတ် မရှိတဲ့ စီးပွားရေးဆိုတာ
ခဏနဲ့ပျက်စီးတာချည်းပါပဲ။
စီးပွားဖြစ်ဖို့ဆိုတာ
အဲဒီနှစ်ခုကြားမှာ ဥာဏ်နဲ့ချိန်ဆနိုင်ရမယ်”တဲ့။
ကျနော်တို့လုပ်နေတဲ့ မောလ်ထဲမှာ
စားသောက်ဆိုင် ကိုးဆိုင်ရှိတယ်။
အဲဒီထဲမှာ
ကျနော်တို့ရောင်းနေတဲ့ဆိုင်က အခုလောလောဆယ်တော့
ရောင်းအကောင်းဆုံးဆိုင်မဖြစ်သေးပေမယ့်
ဖြစ်အောင် ကြိုးစားနေတယ်။
ရှေ့နောက် တက်ညီလက်ညီ
အလုပ်လုပ်ကြမယ်ဆိုရင် တစ်ချိန်မှာ ဖြစ်နိုင်ပါတယ်။
အမေက ဆက်ပြောတာက…
"ပိုပြီးအရေးကြီးတာက
တည်ငြိမ်တဲ့ စီမံခန့်ခွဲမှု ရှိဖို့ပါပဲ။
စီမံခန့်ခွဲသူက စီမံခန့်ခွဲမှုကို
နားလည်သဘောပေါက်ပြီး
ရှေ့နောက် နှစ်ဖက်စလုံးကို
ဟန်ချက်ညီညီ အလုပ်လုပ်နိုင်အောင်
စီမံခန့်ခွဲနိုင်ဖို့ပါပဲ။
ဒီအချက်ဟာ အရေးကြီးသလို
အလေးထားသင့်တဲ့အချက်ဆိုတာကို
နားလည်ဖို့လည်း လိုအပ်တယ်။
နားလည်ပြီး လိုက်နာဖို့လည်း
လိုအပ်တယ်။
ဒါဆိုရင်
ရောင်းအကောင်းဆုံးဆိုင်တစ်ဆိုင်ဖြစ်ဖို့ဆိုတာ
လက်တစ်ကမ်းအဝေးမှာပဲ
ရှိပါတော့တယ်"
ဆိုတဲ့အမေရဲ့သွန်သင်မှုကိုလည်း
သားသတိရနေဆဲပါအမေ။
+++++++++++++++++++++++++++
မောလ်ထဲမှာဈေးရောင်းတော့
လူတွေကောင်းကောင်းမွန်မွန်ဆက်ဆံဖြစ်တယ်။
ဒီတော့ လူတွေကခင်ကြတယ်။
ခင်ကြသူအချို့က မေးတယ်။
“ဘယ်က လာကြသလဲ”
“မြန်မာနိုင်ငံက လာတယ်” လို့ဖြေတော့
မသိကြဘူး။
“မြန်မာနိုင်ငံဟာ ဘယ်နေရာမှာလဲ” လို့
ပြန်မေးတယ်။
ဒီတော့ ကျနော်တို့က “
ဒေါ်အောင်ဆန်းစုကြည်ကို သိလား”လို့ပြန်မေးတယ်။
ဒီတော့ “သိတယ်” လို့သူတို့က
ပြန်ဖြေတယ်။
“အဲဒီအောင်ဆန်းစုကြည်ဟာ
ကျနော်တို့နိုင်ငံက စိတ်ဓာတ်ကောင်းတဲ့ လူသား” လို့ပြန်ဖြေလိုက်တော့
“အော်..လူသားအဆန်ဆုံးလူသား၊
အဓိပ္ပာယ်အရှိဆုံးလူသား တစ်ယောက်ပဲ”
လို့ မှတ်ချက်ပေးသွားလေရဲ့။
အမေရေ
ကျနော်တို့နိုင်ငံမှာ ဂုဏ်ယူစရာတွေ
ရှိနေတဲ့အတွက်
ဂုဏ်တက်မိပါတယ်။
မိခင်တိုင်းက အဲဒီလို နိုင်ငံတကာက
တန်ဖိုးထားတဲ့
သားသမီးတွေ
များများမွေးနိုင်ကြပါစေလို့လည်း ဆုတောင်းမိပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၇-၂၁-၂၀၁၂
No comments:
Post a Comment