တစ်ခါတုန်းက ကျနော်ဟာ ဖါးကန့်နယ်မှာ ဆေးခန်းဖွင့်ဖြစ်ခဲ့ပါတယ်။
ဖါးကန့်နဲ့ခြောက်မိုင်လောက်ဝေးတဲ့ ဆိုင်းတောင်မှာ ဆေးခန်းကိုရွေးချယ်ပါတယ်။
အကြောင်းကတော့ ဆိုင်းတောင်က မှော်တွေနဲ့နီးတဲ့အတွက် ဖြစ်ပါတယ်။
လောပန်းဖြစ်တဲ့ကိုသန်းထွန်းဟာ ဝဝ၊ အသားကမည်းမည်း၊
လောပန်းဆိုတာ ကျင်းပိုင်ရှင်ကို ခေါ်ပါတယ်။ အချို့ကတော့ တော်တော် ချမ်းသာပါတယ်။
အချို့ကတော့ သူလို ကိုယ်လို ပါပဲ။ မြတ်မလားဆိုပြီး ကျင်းထောင်ကြပါတယ်။
ကျင်းထောင်လို့ သူဋ္ဌေးဖြစ်သွားသူတွေ ရှိသလို
အရှုံးပေါ်ပြီး ကျင်းသားပြန်ဖြစ်သွားသူလည်း ရှိပါတယ်။
ကျင်းသားဆိုတာက လောပန်းဆီမှာ အလုပ်လုပ်သူတွေ ကိုခေါ်ပါတယ်။
လောပန်းတစ်ယောက်ဆီမှာ ကျင်းသား ခုဂဏန်းကနေ ထောင်ဂဏန်းအထိရှိတတ်ပါတယ်။
လောပန်းရဲ့ချမ်းသာမှုနဲ့ ကျင်းထောင်နိုင်တဲ့အပေါ်မှာ မူတည်ပါတယ်။
လောပန်းကိုသန်းထွန်းဆီမှာ ကျင်းသား အယောက်နှစ်ဆယ်ကျော်ရှိပါတယ်။
အဲဒီကျင်းသားတွေထဲမှာ ချင်းတစ်ယောက်လည်း ရှိနေပါတယ်။
တစ်ယောက်ထဲရှိတဲ့ချင်းရဲ့နာမည်ကိုလည်း "ကိုချင်း" လို့ခေါ်ပါတယ်။
ကိုချင်းတို့ရဲ့အုပ်စုက ကျောက်စိမ်းတော်တော်ထွက်ပါတယ်။
ဝေစုခွဲဝေပုံစံနစ်ကတော့ ထွက်လာတဲ့ကျောက်စိမ်းကို တန်ဖိုးဖြတ်ပြီး
အဲဒီတန်ဖိုးရဲ့ ၅၀%ကို လောပန်းက ရယူပြီး ကျန် ၅၀%ကိုတော့ ကျင်းသားအုပ်စုတွေ
ခွဲဝေယူရပါတယ်။ ကျင်းသားတွေကတော့ ဘာငွေကြေး အရင်းအနှီးမှ မစိုက်ထုတ်ရပဲ
လုပ်အားကိုသာ စိုက်ထုတ်ပြီး ကျောက်တူးရပါတယ်။
လောပန်းကတော့ အဓိကငွေကြေးစိုက်ထုတ်သူဖြစ်တယ်။
ကျင်းသားတွေရဲ့စားရေး၊နေရေးနဲ့ကျန်းမာရေးကိုလည်း တာဝန်ယူရပါတယ်။
လောပန်းက ရိုးသားရင်တော့ ကျင်းသားတွေက ကျောက်စိမ်းထွက်တဲ့အခါ
ထိုက်ထိုက်တန်တန် ရတတ်ပါတယ်။
မရိုးသားရင်တော့ အကြောင်းအမျိုးမျိုးပြပြီး ကျောက်စိမ်းကို မတရားတန်းဖိုးဖြတ်တတ်ပါတယ်။
အဲဒီလိုဆိုရင်တော့ ကျင်းသားတွေ ခံပေတော့။
ကိုချင်းပါတဲ့အုပ်စုမှာ ကျောက်စိမ်းထွက်လေတိုင်း
လောပန်းကိုသန်းထွန်းက “ချင်းစားသွားပြီ”လို့ပြောတတ်ပါတယ်။
သဘောကတော့ ကျောက်စိမ်းရဲ့ကောင်းမွန်တဲ့ အရည်ထဲကို
ရှင်း(ချင်း)စားသွားတဲ့အတွက် အရည်ပျက်သွားပြီး
တန်ဖိုးဟာ အောက်ကိုထိုးကျသွားတယ်လို့ ဆိုလိုပါတယ်။
ဥပမာအားဖြင့် ...ကျောက်စိမ်းကို အမြင်အတိုင်း သိန်းတစ်ရာ တန်ဖိုးဖြတ်ပေမယ့်
ကျောက်စိမ်းကို ကျောက်ဖြတ်စက်နဲ့ ဖြတ်လိုက်လို့ ရှင်း(ချင်း)စားသွားရင်
သိန်းမပြောနဲ့ထောင်ဂဏန်းနဲ့ပင် ဝယ်သူမရှိတော့ပါ။
ကိုချင်းကတော့ ဒါတွေကို နားမလည်ပါ။
ချင်းပြည်နယ်က ချမ်းသာချင်လို့ တစ်ယောက်ထည်း ထွက်လာပြီး
မှော်ထဲအလုပ်လာလုပ်သူဖြစ်တယ်။
“ချင်းစားသွားပြီ”လို့သာ ပြောတယ်။ သူလည်းတစ်ခါမှ မစားလိုက်ရပါ။
အဲဒီလိုပြောတိုင်း ကိုချင်းက စိတ်တိုနေပါတယ်။
တစ်နေ့မှာတော့ ကျောက်စိမ်းတစ်လုံးထွက်ပါတယ်။
ကျောက်စိမ်းကလည်း အရည်တော်တော် ကောင်းနေပါတယ်။ တန်ဖိုးတော်တော် ရှိမယ့်ပုံပါပဲ။
နောက်တစ်နေ့မှာတော့ ကိုချင်းမရှိတော့ပါ။ ကျောက်စိမ်းတုံးကို ခိုးပြီးထွက်ပြေးသွားပါတယ်။
ကိုချင်းရဲ့အိပ်ယာမှာ စာတစ်စောင်ရေးထားပါတယ်။
“ ဒီတစ်ခါတော့ ချင်းတကယ် စားသွားပြီ”တဲ့။
1 comment:
ဟဲဟဲ အခုတော့ ကိုချင်း တကယ်စားသွားပြီနော်။ကျနော့အကိုလည်း ခဏခဏ ကျော်ပေါက်ပါတယ်။ နတ်မှော်မှာပါ...ကျနော်လည်း နွေရာသီကျောင်းပိတ်တိုင်း ဖားကန့်ရောက်တယ်..ဆိုင်းတောင်လည်းရောက်ဖူးတယ်။
ကိုချင်း
Post a Comment