သို့
ချစ်တဲ့အမေ…
သားသတိတရ စာရေးလိုက်ပါတယ်။
အမေဆီကိုဖုံးဆက်ချင်ပေမယ့် အစဉ်မပြေဘူးအမေ။
သူများအိမ်မှာနေတော့ သူ့တို့အိမ်ဖုံးကို
ပြည်ပကိုဆက်မှာစိုးလို့ပိတ်ထားတယ်။
အခန်းထဲက ဖုံးကို တစ်ခုခုနဲ့ချိတ်ဆက်ထားတယ်။
ဖုံးဖိုးတွေအရမ်းကျမှာစိုးလို့ထင်ပါတယ်။
တစ်ခါတုန်းကသူ့အဖေက မြန်မာပြည်က ရောက်စအချိန်မှာ
ပြည်ပဖုံးဆက်လိုက်တာ
အရမ်းကုန်ကျသွားလို့ဖုံးရုံးမှာ
သွားတောင်းပန်ပြီးဖုံးဖိုးလျှော့ဖို့သွားပြောခဲ့ဖူးတယ်လို့ကြားမိတယ်။
အဲဒီကထဲက ပြည်ပကိုဒီဖုံးနဲ့မဆက်သွယ်ဖို့မှာထားသတဲ့။
ထမင်းစားဝိုင်းမှာပြောခဲ့ဖူးတော့
အမေတို့ဆီဆက်ချင်ပေမယ့် အဲဒီအခက်အခဲကြောင့်
မဆက်သွယ်ဖြစ်တာပါ။
ဒီတော့ အကြောင်းထူးမရှိရင် ဖုံးမဆက်ဖြစ်တာများပါတယ်။
ကျနော်မှာ လက်ကိုင်ဖုံးမရှိတော့
ဖုံးနဲ့မဆက်သွယ်ဖြစ်တာများလာတာပေါ့။
ကျနော် အားသန်တာက အီးမေးလ်(E mail)ဖြစ်နေတယ်။
အီးမေးလ်က ငွေမကုန်ဘူး။
မြန်မြန်ဆန်ဆန်လည်းရောက်တယ်။
ကြိုက်တဲ့အချိန်မှာဆက်သွယ်လို့ရတယ်။
ကြိုက်တဲ့အချိန်မှာ ဖတ်လို့ရတယ်။
ဒါကြောင့် အီးမေးလ်ကို အများအားဖြင့်သုံးဖြစ်တာပါ။
အရေးကြီးတာက ဆက်သွယ်ရေးလမ်းကြောင်းမှာ ပြောချင်တဲ့အကြောင်းအရာကို
ပြောချင်တဲ့သူဆီကို မြန်မြန်ရောက်ဖို့ပဲမဟုတ်လား။
ဒါကြောင့်ကျနော်ဖုံးမဆက်သွယ်ဖြစ်တာကို နားလည်ပေးပါအမေ။
ဒီအိမ်မှာက နံနက်မိုးလင်းတာနဲ့လူတိုင်းကိုယ်စီ အလုပ်သွားကြတယ်။
အိမ်မှာကျောင်းသားလေးတစ်ယောက်ရှိတယ်။
သူလည်းမိုးလင်းတာနဲ့ကျောင်းသွားတယ်။
ဒီမိသားစုဆုံတဲ့အချိန်က ညဖက်ထမင်းစားဝိုင်းမှာပဲဖြစ်တယ်။
ဟိုတုန်းကတော့ ဘယ်လိုပုံစံရှိခဲ့တယ်တော့ အသေအချာမသိပါဘူး။
ကျနော်တို့လင်မယားရောက်လာတော့
မိန်းမရဲ့အမတို့လင်မယားနဲ့စုစားကြတယ်။
သူတို့ရဲ့သားကျောင်းသားလေးအပါအဝင်ဆိုရင် ငါးယောက်ပေါ့။
ကျောင်းသားလေးရဲ့အဖိုးအဖွားကတော့ အရင်စားတဲ့အခါစားတယ်။
နောက်ကျမှစားတဲ့အခါစားတယ်။
သူတို့လင်မယားက တစ်ဝိုင်းစားကြတယ်။
ဘာကြောင့်ခွဲစားသလဲဆိုတော့ ထမင်းဝိုင်းက
လူငါးယောက်လောက်ပဲဆန့်လို့ထင်မိတာပဲ။
သင့်မြတ်ချစ်ခင်နေကြရင်တော့ ထမင်းစုစားတာက
ကောင်းတယ်လို့ပြောရမယ်ထင်တယ်။
အဲဒီအချိန်မှာစုပြီးစား၊
စုစားတော့ အကုန်အကျသက်သာတာပေါ့။
နောက်တစ်ကြောင်းကတော့ အဲဒီအချိန်မှာ သတင်းဖလှယ်လို့ရတာပေါ့။
သတင်းပြောစရာကုန်တဲ့အခါ အတင်းဖလှယ်ပွဲဖြစ်လာတာကများတယ်။
ဒါက သူတို့ရဲ့ဖွဲ့စည်းပုံဖြစ်နေပုံရတယ်။
ကျနော်ကတော့ မကြိုက်ဘူးအမေ။
ဘာကြောင့်ဆိုတော့ သူတို့နဲ့စုံဖို့ဆိုတာ ည-၉:၀၀-
ကျော်တဲ့အထိစောင့်ရတယ်။
ညတိုင်းရဲ့ထမင်းစားချိန်က
၉:၀၀နာရီနဲ့၁၀:၀၀နာရီကြားဖြစ်နေတတ်တယ်။
အလုပ်မတူကြဘူး။
အချို့ကသက်သက်သာသာလုပ်ရတယ်။
အချို့က ပင်ပင်ပန်းပန်းလုပ်ရတယ်။
ဒီတော့ ဆာလောင်ချိန်က မတူနိုင်ဘူး။
ဘယ်လောက်ဆာဆာ လူစုံတဲ့အထိစောင့်ရမယ်ဆိုတာက သဘာဝမကျဘူးလေ။
တစ်ခါတစ်လေ တအားဆာလောင်နေတယ်။
ဒါပေမယ့်လူစုံအောင်စောင့်နေရတယ်။
ကျနော်တို့က အိမ်ရှင်မဟုတ်တော့ တွေ့ရာကို
သရေစာအဖြစ်စားလို့ကလည်းမရဘူး။
ပါးစပ်ကတစ်စွတ်စွတ်စားရင်လား၊
ပြောဖို့အသင့်စောင့်နေသူတွေကရှိနေတယ်။
ကျနော်တို့ငယ်ငယ်က အမေပြောဖူးတဲ့ “လူ့ဘဝစက်ဝိုင်းပုံပြင်”
ထဲကလိုလူကအသင့်ရှိနေတော့ စားချင်တာတောင် မစားရဲပါဘူး။
အမေဆုံးမခဲ့တယ်လေ။
အစားအသောက်ကြောင့်အပြောခံရတာ အရမ်းရှက်ဖို့ကောင်းတယ်ဆိုတာလေ။
တစ်ခါတစ်လေဆိုရင် အဆာလွန်သွားလို့မစားချင်တဲ့အခါမျိုးတောင်ရှိပါတယ်။
ဆာချိန်မတူတော့ တူတူစားတာဟာ အမြဲတမ်းအစဉ်မပြေပါဘူး။
ဒါပေမယ့် ကိုယ်က ဧည့်သည်ဆိုတော့ ကိုယ့်ခံစားချက်ကို
ကိုယ်မျိုသိပ်ပြီး၊
ဆာလည်း အောင့်နေလိုက်ရတာပဲ။
အားလုံးစုစားချိန်ရောက်ရင်လည်း
စားချင်သည်ဖြစ်စေ၊မစားချင်သည်ဖြစ်စေ အိပ်ခန်းထဲက
ထွက်စားရတာပါပဲ။
အဲဒါကိုလည်း ကျနော်ကမကြိုက်ဘူး။
"ထွက်မစားချင်တော့ဘူး "လို့မိန်းမကိုပြောရင်လည်း
မိန်းမက “မကောင်းပါဘူးထွက်စားလိုက်ပါ။
မစားချင်လည်း နည်းနည်းတော့စားလိုက်ပါ”လို့ပြောတယ်။
အဲဒီလိုဟန်ဆောင်ရတဲ့အလုပ်ကိုလည်း ကျနော်က မကြိုက်ဘူး။
တာရှည်နေလို့မဖြစ်နိုင်မှန်း အဲဒီကထဲက သိနေပါတယ်။
ရုန်းထွက်ဖို့ကျတော့ ငွေကြေးအခက်အခဲတွေကြောင့်
လောလောဆယ်မဖြစ်နိုင်သေးတော့ ကြိတ်မှိတ်နေရတယ်။
ကျနော်ဆယ်တန်းတုန်းက ညစာထမင်းစားရင် စာမကျက်နိုင်လောက်အောင်
အိပ်ငိုက်တာမို့ထမင်းမစားတော့ဘူးလေ။
အမေက ဆာမှာစိုးလို့ ဆန်ပြုတ်တွေပြုတ်ပေးပြီး အခန်းထဲကို
လာပေးတယ်။
အဲဒီကထဲက ညစာကို နည်းနည်းစားတတ်တဲ့အလေ့အကျင့်ရခဲ့တယ်။
မုဒုံနားက ဖားအောက်တောရမှာ တရားစခမ်းဝင်တော့
ညစာမစားတဲ့အကျင့်ရလာပြီး
နောက်ပိုင်းမှာ ဆယ်နှစ်ကျော်ကျော်လောက်ညစာမစားပဲနေခဲ့သေးတယ်။
ကျန်းမာရေးကြောင့်မစားဖြစ်ပဲနေရင်းက
ကျန်းမာရေးကောင်းလာတာမို့မစားပဲနေဖြစ်သွားတာပါ။
အဲဒီအလေ့အကျင့်တွေကြောင့်
နောက်ပိုင်းမှာ ညစာကိုထွက်မစားတော့ဘူး။
ဒီတော့ စကားနည်းသွားတယ်။ပြဿနာလည်းနည်းသွားတာပေါ့။
ကိုယ့်အလုပ်တွေကိုယ်လုပ်တော့ အလုပ်တွေပြီးတယ်။
စကားပြောတယ်ဆိုတာ အဆင့်ချင်းတူမှ စိတ်ကိုအေးချမ်းစေနိုင်တယ်။
ကုသိုလ်ချင်းဖလှယ်မှ ကုသိုလ်ရတယ်။
အခုတော့ အတင်းနဲ့သတင်းဖလှယ်ပွဲကြီးလိုဖြစ်နေတယ်။
ကျနော်က အတင်းကိုမကြိုက်ဘူး။
သတင်းကိုလည်းမကြိုက်ဘူး။
အတင်းကတော့ သူများမကောင်းကြောင်းကို အထင်နဲ့ပြောနေတာ။
ဘယ်လာကောင်းမလဲ။
သတင်းကလည်း စဉ်းစားကြည့်ရင်
အကောင်းပြောတာနည်းနည်းရယ်ပါ။
မကောင်းတဲ့အကြောင်းများလွန်းလှတယ်။
အကောင်းတွေကလည်းသတင်းမဖြစ်တာများတယ်။
ဆိုပါစို့။ခွေးကလူကိုကိုက်တာသတင်းမှမဟုတ်တာ။
အဲ..လူကခွေးကိုကိုက်ရင်တော့ သတင်းဖြစ်လာနိုင်တယ်။
စဉ်းစားကြည့်ပေါ့။ ခွေးကိုကိုက်တဲ့လူက
ဘယ်မှာလူကောင်းဖြစ်နိုင်မလဲ။
အရူးဖြစ်ဖို့များတယ်။
အဲဒီအရူးအကြောင်းက သတင်းဖြစ်လာတော့
အဲဒီသတင်းကိုပဲအချိန်ကုန်ခံပြီးပြောသူတွေရော
လူကောင်းဖြစ်ပါဦးမလား။
ဘယ်နေရာမှာ ရေကြီးလို့/မီးလောင်လို့/လူဘယ်နှစ်ယောက်သေတယ်။
ပစ္စည်းတန်ဖိုးဘယ်လောက်ပျက်စီးတယ်။
ဆူနာမီကြောင့် လူဘယ်နှစ်ယောက်သေ/ဒဏ်ရာရတယ်ဆိုတဲ့သတင်းက
စိတ်ကိုဘယ်မှာအေးချမ်းစေပါ့မလဲ။
သတင်းအများစုဟာ
အဆိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလေ။
အဲဒါတွေသိပြီးတော့ရော ဘာတွေထူးလာမှာလဲ။
စိတ်ဓာတ်အင်အားကို ညှိုးနွမ်းစေတယ်။
နောက်သတင်းဆိုတာ အစိုးရက ဝါဒဖြန့်ဖို့အသုံးပြုတဲ့အရာလို့သိထားတယ်။
ဒါကြောင့်သတင်းစာကိုမဖတ်ပဲနေလိုက်တာ နှစ်ပေါင်းများစွာ။
ဒီမှာလာပြီး ပြောဆိုနေကြတော့ အချိန်ဖြုန်းတဲ့အလုပ်လို့ထင်တယ်။
နောက်ပိုင်းအချိန်မဖြုန်းချင်တာနဲ့ ညစာထွက်မစားတော့ဘူး။
ကျနော့်အတွက် ညစာမစားတာအဆန်းမှမဟုတ်တာ။
ညစာမစားတော့လည်း မစားလို့အပြောမလွတ်ပါဘူး။
အပြစ်ရှာသူတွေရဲ့ရှေ့မှာ
အပြစ်ကင်းအောင်နေဖို့ဆိုတာမဖြစ်နိုင်မှန်းသိပါတယ်။
သူများအိမ်မှာနေရတဲ့ဒုက္ခကကြီးမားပါတယ်အမေ။
အမေ့စကားကိုနားမထောင်ခဲ့တဲ့ကျနော့်အပြစ်ပါ။
ဒီတစ်ခါစာထဲမှာ တစ်ခုမှအကောင်းမပါသလိုပဲနော်။
ကျနော့်စာကြောင့်အမေစိတ်ရှုတ်သွားရင် ကျနော်တောင်းပန်ပါတယ်။
စိတ်ညစ်ညူးနေချိန်မှာ စာမရေးချင်ဘူး။
ရေးဖြစ်ရင်လည်း မကောင်းတာတွေရေးဖြစ်တာများတယ်။
ဒါပေမယ့်ကျနော့်မှာလည်းအမေ့ကိုပဲ ရင်ဖွင့်ရတာပါအမေ။
ကျနော့်အပေါ်နားလည်တာလည်း အမေပဲရှိတာ။
နားလည်ပေးပါအမေ။
အမေကိုချစ်တဲ့သား...
အောင်ဝင်းဟိန်း၊
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၁၀-၆-၂၀၁၁
4 comments:
Good Luck .. Brother
Understand your feeling well and Wish you all the best.
ဟလို..ဆရာ
နေကောင်းကျမ်းမာကြရဲ့လား..
မေးလ်ကနေစာပို့တာမပြန်တာနဲ့အခု
လို comment ပေးလိုက်တာပါ..
မိတ်ဆွေဟောင်းတွေနဲ့ခဏပြန်ဆုံဆည်း
ကြဖို့ သတိရရင် စာပြန်ပါ...
အစ်ကိုရေ
မိဘကို ရိုသေသိတတ်တဲ့သားသမီးဟာ ဘယ်တော့မှ မဆင်းရဲပါဘူးတဲ့ ၊ ငြိမ်းချမ်းပါစေ
တစ်နေ့ပြီးတစ်နေ့ ပိုပြီး ကောင်းတဲ့ဘက်ကို ရောက်လာမှာပါ
the darkest hour is nearest the dawn
အင်း
စိတ်ဖိစီးမှုတော်တော်များစေတဲ့
ပတ်ဝန်းကျင်ဖြစ်ပုံရတယ်
ဒါပေမယ့်
တိုးတိုးဖော်ဇနီးရှိလို့တော်သေးတာပေါ့နော်
Post a Comment