တစ်ခါတုန်းက တိဿဆိုတဲ့အမတ်တစ်ဦးရှိပါတယ်။
မြတ်စွာဘုရားရဲ့
“ ဒါနရဲ့အကျိုးကို ငါ ဘုရားသိတဲ့အတိုင်းသာ လူတွေသိမယ်ဆိုရင်
စားတဲ့ထမင်း၊ဟင်းကိုတောင်မှ မလှူဘဲနဲ့စားကြမှာမဟုတ်ဘူး”
ဆိုတဲ့ဒေသနာတော်ကို နာကြားရပြီးနောက်မှာ
စားဦးစားဖျားကို လှူဒါန်းပြီးမှ ထမင်း၊ဟင်း ကို စားဖို့အဓိဌာန်ခဲ့ပါတယ်။
တစ်နေ့မှာတော့
တိုင်းပြည်အရေးကိစ္စတွေနဲ့အလုပ်ရှုတ်နေတဲ့အတွက် မွန်းလွဲသွားပါတယ်။
စားဦးစားဖျားကို သံဃာတွေကို လှူနေကျဖြစ်ပေမယ့် ဒီနေ့တော့မလှူနိုင်တော့ပါဘူး။
ဒီတော့ လှူဒါန်းရမယ့်ပုဂ္ဂိုလ်ကို တပည့်တပန်းတွေကို အရှာထွက်ခိုင်းလိုက်ပါတယ်။
တစ်နေရာမှာတော့ ပရိဗိုဇ်တစ်ယောက်ကိုတွေ့ပါတယ်။
ပရိဗိုဇ်ဟာ အခြားဘာသာဝင်တစ်ဦးဖြစ်ပါတယ်။
ပရိဗိုဇ်ကိုတွေ့တဲ့အချိန်မှာ ပရိဗိုဇ်က ရေကန်ဘေးမှာ ထိုင်ပြီး၊ငါးမျှားနေတာပါ။ လူတွေလာတယ်ဆိုတာကိုသိရတဲ့အတွက်
ငါးမျှားတံကို ဖွက်လိုက်ပြီး တရားထိုင်ဟန်လုပ်ပါတယ်။
တိဿရဲ့တပည့်တွေကလည်း အဲဒီကိစ္စကို တွေ့ဖြစ်အောင်တွေ့လိုက်ပါတယ်။
ဒီတော့ လှူရမယ့်ဆွမ်းကို မလှူပဲနဲ့ပြန်ယူလာပါတယ်။
တိဿအမတ်ကိုတွေ့ပြီး ပရိဗိုဇ်ရဲ့အကြောင်းကို အားလုံးပြန်ပြောပြလိုက်ပါတယ်။
ဒီတော့ တိဿအမတ်က
" အမောင်တို့၊
ပရိဗိုဇ်မှာ ယုတ်မာတဲ့အကျင့်ရှိတယ်လို့ဆိုပေမယ့်
သင်တို့ကိုမြင်တော့ မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့စိတ်ကလေးနဲ့
ငါးမျှားတံကို ရေထဲမှာ နှစ်ပြီးဝှက်ထားရှာတယ်။
အဲဒီမကောင်းမှုကို လူမြင်မှာ
ရှက်တတ်တဲ့ စိတ်ကလေးသည်ပင်
ပရဗိုဇ်အတွက်စားဦးကို အလှူခံထိုက်ပါတယ်။
ငါ့အနေနဲ့လည်း အဲဒီမကောင်းမှုကို
လူမြင်မှာ ရှက်တတ်တဲ့စိတ်ကလေးကိုပဲ ကြည်ညိုလို့ရပါပြီ။
ကဲ…ပြန်လှူလိုက်ကြပါ”
လို့ပြောပြီး ပရဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်။
+++++++++++++++++++++++++++++++++++
ဒီအကြောင်းအရာကို ဖတ်ပြီးတွေးကြည့်ရင်းနဲ့
ရင်ထဲမှာ တကယ်ကြည်နူးစေတဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။
ကျနော်တို့ရဲ့ဗုဒ္ဓဘာသာရဲ့ယဉ်ကျေးမှုက မကောင်းမှုကိုပြုရမှာ
ရှက်တတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်ကနေ
ဆင်းသက်လာတာပါ။
ချစ်စရာကောင်းတဲ့ယဉ်ကျေးမှုလည်းဖြစ်ပါတယ်။
ဒါပေမယ့်
ကောင်းမှုကို ပြုရမှာ ရှက်တတ်တဲ့စိတ်၊
ကြောက်တတ်တဲ့စိတ်နဲ့တော့ မရောထွေးသွားစေချင်ပါ။
ကောင်းမှုကို ပြုရမှာ ရှက်တတ်တဲ့စိတ်၊
ကြောက်တတ်တဲ့စိတ်ကတော့
လူရာမဝင်စေတဲ့အကြောင်း၊
တန်ဖိုးမရှိစေတဲ့အကြောင်း၊
ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းစေတဲ့အကြောင်း၊
ကိုယ့်အားကိုယ်ကိုးဖို့အားနည်းမှုစေတဲ့အကြောင်း
လို့ထင်မြင်မိပါတယ်။
ကောင်းမှုနဲ့မကောင်းမှုကိုတော့
ခွဲခြားသိနိုင်တဲ့ အသိဉာဏ်တော့ရှိဖို့လိုပါတယ်။
++++++++++++++++++++++++++++++++
အမေရိကန်နိုင်ငံမှာတော့
အရာရာကို စည်းကမ်းနဲ့ဥပဒေနဲ့ထိမ်းချုပ်ထားပါတယ်။
စည်းကမ်းကို သတ်မှတ်ထားတယ်။
အဲဒီစည်းကမ်းအတိုင်းလိုက်နာဖို့ နည်းလမ်းမျိုးစုံ အသုံးပြုတယ်။
အဲဒီစည်းကမ်းကို မလိုက်နာရင်...
နောက်တစ်ဆင့်ကတော့ ဥပဒေနဲ့အရေးယူတယ်။
ဥပဒေကလည်း တဖြေးဖြေးပြင်းထန်လာတယ်။
ဥပဒေရဲ့အောက်မှာကတော့
သမ္မတအပါအဝင် နိုင်ငံသားအားလုံးအကြုံးဝင်တယ်။
နေထိုင်သူအားလုံးအကြုံးဝင်တယ်။
တစ်ခုတော့ရှိတယ်။
အမေရိကန်နိုင်ငံသူ/သားတွေဟာ
အရှက်၊အကြောက်တော့ နည်းပါးကြတာကို သတိထားမိတယ်။