ကျနော်စာဖတ်တိုင်း လိုင်းတားပြီးဖတ်တဲ့အလေ့အထရှိခဲ့တယ်။
လိုင်းတားထားတဲ့စာပိုဒ်ကိုလည်း မကြာခဏပြန်ဖတ်လေ့ရှိတယ်။
အကြိမ်ကြိမ်ပြန်ဖတ်တော့ တစ်ကြိမ်နဲ့တစ်ကြိမ် သဘောပေါက်တာခြင်း
မတူတာကို တွေ့ရတယ်။
စာကောင်းတွေကို ဖတ်လို့ရတဲ့အရသာကို
စာဖတ်ဝါသနာပါသူမှခံစားသိနိုင်ပါတယ်။
ပြောပြရုံနဲ့နားမလည်နိုင်ပါ။
ဟင်းကောင်းစားရတဲ့အခါ မိတ်ဆွေတွေကို အမှတ်ရတတ်သလိုပါပဲ၊
စာကောင်းဖတ်လို့ရတဲ့အရသာကိုလည်း မိတ်ဆွေတွေကို ခံစားသိစေချင်တယ်။
ဒါကြောင့် အကြိမ်ကြိမ်ဖတ်ပြီး လိုင်းတားထားတဲ့စာအုပ်တွေကို
ဖတ်ကြည့်စမ်းပါဆိုပြီး မိတ်ဆွေတွေကို ငှားလိုက်ပါတယ်။
ပြန်မရတာက များလာတယ်။
ကိုယ်ပြန်ဖတ်ချင်တော့ အဲဒီစာအုပ်ကပြန်မရတာနဲ့
တစ်ခါတစ်လေ အဲဒီစာအုပ်ကို ရှာမရတာနဲ့
အခက်အခဲမျိုးစုံတွေ့ရတော့ နည်းလမ်းရှာရင်းနဲ့
ကြိုက်နှစ်သက်တဲ့စာပိုဒ်ကို ဗလာစာအုပ်ထဲပြန်ကူးရေးတဲ့အလေ့အကျင့်ရလာပါတယ်။
အစပိုင်းမှာတော့ ကြာသလိုထင်ရပေမယ့်
ကူးရေးတာများလာတော့ စာပါအကြောင်းအရာကို ပိုမိုသဘောပေါက်လာပါတယ်။
ပိုမိုမှတ်မိလာတယ်။
ကူးရေးထားတဲ့စာအုပ်ကိုလည်း ခရီးသွားတိုင်း လွယ်လွယ်ကူကူယူလို့ရလာတာကြောင့်
ကူးရေးတဲ့အလေ့အကျင့်ဟာ စွဲလာခဲ့တယ်။
အကြောင်းတစ်စုံတစ်ရာရှိလာတဲ့အခါ ကူးရေးထားတဲ့စာတွေက
မှီးငြမ်းရတာလည်း လွယ်ကူလာပါတယ်။
ကိုယ်ရေးတဲ့စာအုပ်တွေကိုကိုယ်ပြန်ဖတ်ပြီးကျေနပ်နေချိန်မှာပဲ
အမေရိကားကိုရောက်လာဖို့အခွင့်အရေးရလာခဲ့ပါတယ်။
ကူးရေးခဲ့တဲ့စာအုပ်ပေါင်းဟာ တစ်ရာကျော်၊နှစ်ရာနီးပါးရှိလာပြီဆိုတော့
ဝေးလွန်းတဲ့ခရီးရှည်မှာ သယ်ယူဖို့အခက်အခဲဖြစ်လာပြန်တယ်။
ဒါကြောင့် အဲဒီစာအုပ်တွေကို သယ်ယူလာမယ့်အစား
ကွန်ပျူတာထဲကို ကူးရေးဖို့ဖြစ်လာရပါတယ်။
ရတဲ့အချိန်နည်းနည်းမှာ လုပ်စရာတွေကိုလုပ်ရင်းနဲ့ကူးရေးတာမို့
ပြည့်စုံလုံလောက်မှုမရှိခဲ့ပါဘူး။ အားလုံးကိုလည်းပြန်မရေးနိုင်ခဲ့ဘူး။
စည်းစံနစ်မကျတာတွေရှိခဲ့တယ်။
ဘာဘဲဖြစ်ဖြစ် အမေရိကားရောက်တော့ အခက်အခဲမျိုးစုံတွေ့တဲ့အခါမှာတော့
ကိုယ့်မှတ်စုက ကိုယ့်ကို အားတွေဖြစ်စေခဲ့ပါတယ်။
လူကြီးမင်းတို့ကိုလည်း တစ်စုံတစ်ရာ အားဖြစ်စေလိမ့်မယ်လို့တွေးမိတဲ့အတွက်
မှတ်စုတွေထဲက သင့်နိုးရာရာကို ပြန်လည်မျှဝေခံစားလိုက်မိပါတယ်။
(အောင်ဝင်းဟိန်း)
++++++++++++++++++++++++++++++++++++++++++++
သင်ဟာဘဝလို့ ခေါ်တဲ့စာသင်ခန်းမရှိ၊
စာအုပ်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ
စာရင်းသွင်းထားပြီးပြီ။
ဘဝတစ်ခုလုံးကျောင်းပဲ။
တွေ့ကြုံရသမျှ အားလုံးဟာ
သင်ခန်းစာတွေချည်းပဲ။
++++++++++++++++++++++++++
အစာမကျေရင် ခွန်အားမဖြစ်ဘူး။
ဘဝသင်ခန်းစာမကျေရင်လည်း
အသိဉာဏ် မဖြစ်ဘူး။
+++++++++++++++++++++++++++++
အတွေ့အကြုံတိုင်းဟာ သင်ခန်းစာပဲ။
သင်ခန်းစာတိုင်းဟာ စာမေးပွဲပဲ။
+++++++++++++++++++++++++++++
သတိနဲ့ ဉာဏ်နဲ့နေတတ်မှ ဘဝအတွေ့အကြုံထဲက
လေးနက်တဲ့သင်ခန်းစာ ရမယ်။
+++++++++++++++++++++++++++++
အလေးနက်ဆုံး အသိဉာဏ်ကို
ဘဝအတွေ့အကြုံထဲကပဲ ရနိုင်တယ်။
စာအုပ်ထဲက မရနိုင်ဘူး။
ဘဝဟာ အလေးနက်ဆုံး စာအုပ်ဖြစ်တယ်။
ဘဝဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။
ခန္ဓာဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။
စိတ်ဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။
ဒီနေ့ ငါဘယ်လိုအသိဉာဏ်မျိုးရလိုက်သလဲ
ဆိုတာနေ့စဉ်မေးသင့်တယ်။
+++++++++++++++++++++++++++++
သင်ခန်းစာတစ်ခုကို
သေသေချာချာ နားလည်သွားပြီ၊
သဘောပေါက်သွားပြီ၊
ကျေနပ်သွားပြီ၊
ဆိုရင် နောက်သင်ခန်းစာတစ်ခုတက်လို့ရပြီ။
တစ်တန်းအောင်သွားရင် နောက်တစ်တန်းတက်ရပြီ။
ပိုပြီးအဆင့်မြင့်တဲ့ ပိုနက်နဲတဲ့ ဉာဏ်ရဖို့
အခြေအနေနဲ့ တွေ့ရပြီ။
+++++++++++++++++++++++++++++
လောကဓံတရားတွေနဲ့တွေ့ကြုံရတာ
ကိုယ့်အတွက်အခွင့်အရေးပဲ။
ကိုယ်ကယူတတ်ရင် ပညာတွေ အများကြီးရတယ်။
+++++++++++++++++++++++++++++
အကောင်း၊အဆိုးတွေ့သမျှ
ဘဝအတွေ့အကြုံထဲက လေးနက်တဲ့အသိအမြင်ကို
ရမှသာ အတွေ့အကြုံဟာ တန်ဖိုးရှိတယ်။
+++++++++++++++++++++++++++++
ဘဝအခြေအနေတွေ အမြဲပြောင်းသွားနေတာဖြစ်လို့
အသိအမြင်သစ်တွေ အမြဲတမ်းရမှ ဖြစ်မယ်။
+++++++++++++++++++++++++++++
အခြေအနေ ဘယ်လောက်ဆိုးဆိုး
ငါ တတ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်လို့
ငါ့ဘဝက
ငါ့ကို တာဝန်ပေးထားတယ်။
+++++++++++++++++++++++++++++
(ဆရာတော်ဦးဇောတိက)
No comments:
Post a Comment