၁။
ဗုဒ္ဓ၊
လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
( ဦးရွှေအောင်)မှ ထုတ်နူတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++
ဘုရင်ဖြစ်လာလျှင် ဘုရင့်တာဝန်ကို ထမ်းဖို့လို၏။
တာဝန်ထမ်းဆောင်ရာ၌ ဘုရင်တစ်ပါးအနေဖြင့် ရှိရမည့်အရည်အသွေးကား
ဂရုဏာ နှင့် ပညာ ဖြစ်၏။
ဂရုဏာရှိပါမှ လောကအတွက် တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိမည်ဖြစ်၏။
ပညာရှိပါမှ လောကအတွက် အမှန်အကျိုးရှိ-မရှိကို ရွေးချယ်၍
ဆောက်ရွက်နိုင်မည်ဖြစ်၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၂။
မြင့်မြတ်သူတို့အုပ်ချုပ်သောနိုင်ငံသည် သာယာ၏။
ယုတ်ညံ့သူတို့ အုပ်ချုပ်သောနိုင်ငံသည် မသာယာ။
ဘုရင်ကောင်းလျှင် နိုင်ငံကောင်း၏။
နိုင်ငံကောင်းလျှင် ဘုရင်ကောင်း၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၃။
လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်
ဆောင်ရွက်ရာတွင် တစ်ယောက်ကောင်းဖို့သာလို၏။
အများကောင်းဖို့မလို။
တစ်ယောက်သာ တကယ်တမ်းကောင်းရိုးမှန်ပါလျှင်
အများသည် တစ်ယောက်၏ဦးဆောင်မှုဖြင့်
အလိုလိုကောင်းပြီးသားဖြစ်ကြ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၎။
သိဒ္ဓတ္တမင်းသားသည် အနော်မာမြစ်၏သောင်ကမ်းပေါ်၌
ရဟန်းဝတ်ရန် ဆံတော်ကို ပယ်၏။
ထိုနောက်….
“ ငါသည် အကယ်စင်စစ်ဘုရားဖြစ်မည်မှန်ပါက
ဤဆံထုံးတော်သည် ကောင်းကင်၌ တည်ပါစေသတည်း။
အကယ်စင်စစ်ဘုရားမဖြစ်ငြားအံ့။
ဤဆံတုံးတော်သည် မြေ၌ကျပါစေသတည်း ”
ဟူ၌….
အဓိဋ္ဌာန်ပြီးကောင်းကင်သို့ပစ်မြှောက်လိုက်ရာ
ဆံထုံးတော်သည် မကိုဋ်နှင့်တကွ ကောင်းကင်၌ တည်လေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
သဘာဝသည် အရာရာတိုင်းကို ကြိုတင်၍ သိ၏။
ထိုကြောင့်မိမိသည်လည်း အရာရာတိုင်းကို ကြိုတင်၍
သိလိုပါလျှင် အဓိဋ္ဌာန်ခြင်းဖြင့် ဖြစ်စေ၊
သစ္စာပြုခြင်းဖြစ်စေ
သဘာဝကို မေးမြန်းနိုင်ပါ၏။
သဘာဝက ပြန်ပြောချင်လောက်အောင်
မိမိဘက်ကလည်း သဘာဝလို
ရိုးသားဖို့တော့လိုလေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၅။
လောကတွင် ချစ်စရာအကောင်းဆုံးမှာ
သတ္တဝါများအားလုံးဖြစ်သည်။
(ဗုဒ္ဓ)
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ကျေးဇူးဆပ်ခြင်းဟူသည်မှာ
ကျေးဇူးရှင်များ၏ မိန့်မှာသွားသည့်အတိုင်း
တတ်နိုင်သလောက် လိုက်နာကျင့်သုံးခြင်းပင်ဖြစ်၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၆။
ကဆုန်လပြည့်နေ့ရောက်သောအခါ
ရေချိုးပြီးနောက် ရေဆိပ်မှ တက်ကာ
အေးမြသော သစ်ပင်ရိပ်၌ ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ
အလှူခံပြီးနောက် ဆွမ်းဘုဉ်းပေးတော်မူ၏။
စုစုပေါင်း ၄၉-လုတ်ဖြစ်၏။
ထိုနောက် အလောင်းတော်အရှင်မြတ်သည်
ဃနာနို့ဆွမ်းထည့်သော ရွှေခွက်ကို ကိုင်ကာ…
“ အကယ်၍ ငါသည်ယနေ့ဘုရားဖြစ်ခြင်းငှာ စွမ်းနိုင်ပါမူ
ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသား၊
ဘုရားဖြစ်ခြင်းငှာ မစွမ်းနိုင်ပါမူ
ရေစုန်သို့ မျောပါစေသား ”
ဟူ၍ အဓိဋ္ဌာန်ပြီး ရွှေခွက်ကို နေရဉ္စရာမြစ်သို့
မျှောလိုက်ရာရွှေခွက်သည် ရေညာသို့ ဆန်တက်သွားလေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အလောင်းတော်အရှင်မြတ်သည် မဟာဗောဓိပင်ရင်းသို့
အရှေ့အရပ်မှ ဝင်၍ အပရာဇိတပလ္လင်ပေါက်ရာအရပ်၌
မြက်ရှစ်ဆုပို ကြဲလိုက်၏။
မြက်ရှစ်ဆုပ်တို့သည် အပရာဇိတပလ္လင် အဖြစ်သို့ပြောင်းလဲသွားကြ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၇။
တရွေ့ရွေ့ပြောင်းလဲခြင်းဟူသည်
အရေအတွက် ပြောင်းလဲခြင်းဖြစ်၏။
ဖြုန်းကနဲပြောင်းလဲခြင်းဟူသည်
အရည်အချင်းပြောင်းလဲခြင်းဖြစ်၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အလောင်းတော်အရှင်မြတ်သည်
၁။ ။အရေမျှ ကျန်လိုလျှင် ကျန်စေ၊
၂။ ။အကြောမျှ ကျန်လိုလျှင် ကျန်စေ၊
၃။ ။အရိုးမျှ ကျန်လိုလျှင် ကျန်စေ၊
၎။ ။အသွေးအသားအားလုံးတို့ ခန်းခြောက်လျှင် ခန်းခြောက်စေ၊
ငါသည် ဘုရားမဖြစ်သမျှ ဤနေရာမှ မထတော့“ ဟူ၍
ဆုံးဖြတ်တော်မူပြီး အပရာဇိတပလ္လင်တော်ထက်၌
ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
“ ကံ၏အရာသည် စဉ်းစား၍ မရနိုင်လောက်အောင်
ဆန်းကြယ်သည် ”
ဟူ၍ ဘုရားရှင်ကဟောတော်မူ၏။
အမှန်အားဖြင့်
ကံသည်သာလျှင် မိမိ၏ အားကိုးရာစစ်စစ်ဖြစ်ပါ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၈။
ဗုဒ္ဓဟူ၍ လေးစားကြည်ညိုရာ၌
အကြည်ညိုခံရခြင်းအကြောင်းရင်းမှာ…
၁။ ။ရုပ်အဆင်းသပ္ပါယ်ခြင်း၊
၂။ ။ထင်ပေါ်ကျော်ကြားခြင်း၊
၃။ ။ခြိုးခြံခြင်း၊
၎။ ။သီလ၊ သမာဓိ၊ပညာ နှင့်ပြည့်စုံခြင်းအားဖြင့်
လေးမျိုးရှိ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုလေးမျိုးတွင်…
၁။ ။ရုပ်အဆင်းသပ္ပာယ်ခြင်းကို အကြောင်းပြု၍ ကြည်ညိုသူများသည်
ဤလောက၌ သုံးပုံပုံလျှင် နှစ်ပုံခန့်ရှိ၏။
( 2/3 x 100 = 67% )
၂။ ။ထင်ပေါ်ကျော်ကြားခြင်းကို အကြောင်းပြု၍ ကြည်ညိုသူများသည်
ဤလောက၌ ငါးပုံပုံလျှင်လေးပုံခန့်ရှိ၏။
( 4/5 x 100 = 80%)
၃။ ။ခြိုးခြံနေထိုင်ခြင်းကို အကြောင်းပြု၍ကြည်ညိုသူများသည်
ဤလောကတွင် ဆယ်ပုံပုံလျှင် ကိုးပုံခန့်ရှိ၏။
( 9/10 x 100 = 90% )
၎။ ။သီလ၊ သမာဓိ၊ ပညာ နှင့်ပြည့်စုံမှုကို ကြည်ညိုသူများသည်
ဤလောက၌ တစ်သိန်းလျှင် တစ်ယောက်သာရှိသည် ဟူ၍
ကျမ်းဂန်များ၌ ခွဲခြားဖော်ပြထား၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၉။
အလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင့်ဗုဒ္ဓမြတ်စွာ၏ ဉာဏ်တော်ကို
“ သဗ္ဗညုတ ဉာဏ်တော်” ဟုခေါ်ရပါသည်။
ထိုဉာဏ်တော်၌ အစွမ်းသုံးပါးသည် ထူးခြားစွာပါရှိ၏။
၁။ ။သိရန်မှန်သမျှကို မကျန်ရအောက်အကုန်အစင် သိမြင်တော်မူနိုင်သောအစွမ်း။
၂။ ။သိအပ်ပြီးသောတရားတိုင်း၌ ဤသို့ဟောလျှင်လည်းဖြစ်၏။
ထိုသို့ဟောလျှင်လည်းဖြစ်၏ ”ဟု ဟောနိုင်သော ဟောနည်းများကို
ခွဲခြား၍ သိတော်မူနိုင်သောအစွမ်း။
၃။ ။တရားနာမည့်ဝေနေယျသတ္တဝါတို့၏ အလိုဆန္ဒကို သိတော်မူနိုင်သောအစွမ်း။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၀။
ဗုဒ္ဓမြတ်စွာသည် ကိုယ်တော်အား၊
ဉာဏ်တော်အား၊
အခြွေအရံအားတို့ဖြင့်
အလွန်ကြီးမားသောအင်အားရှိတော်မူပါသော်လည်း
မည်သည့်အခါမျှ ထိုအားတော်များကို
အားကိုးတော်မမူဘဲ သည်းခံခြင်းအားကိုသာ
အမြဲအားကိုးတော်မူပါသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
မြတ်စွာဘုရားက အရှင်အနန္ဒာအား
“ ချစ်သားအာနန္ဒာ၊
သွားရာအရပ်သို့လိုက်ဆဲကြလျှင် အဘယ်မှာ သွားစရာရှိတော့မည်နည်း။
စစ်မြေပြင်သို့ ဝင်သောဆင်ပြောင်ကြီးသည် ပစ်သမျှ မြားဒဏ်ကို
အနာခံ၍ ရှေ့သို့သာ တိုးတက်သကဲ့သို့ ငါဘုရားသည်လည်း
ပြောဆိုဆဲရေးသမျှဒဏ်ကိုသည်းခံတော်မူကာ
သွားမြဲလမ်းကိုသာ ကြွတော်မူမည် ”ဟု မိန့်တော်မူပါ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၁။
ရုပ်၊နာမ်သင်္ခါရတို့သည်
ပျက်ခြင်းသဘောရှိကြ၏။
မမေ့မလျော့သောသတိဖြင့်
သီလ၊ သမာဓိ၊ ပညာ သုံးဖြာသောသိက္ခာကို
ပြီးစီးအောင် အားထုတ်နေရစ်ကြ ”
ဟုနောက်ဆုံးသြဝါဒ ကို မိန့်တော်မူပါသည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
၁၂။
အမိုက်သည် အင်အားကြီးသည် မှန်သော်လည်း
အလင်းရောက်လာလျှင် သူ့အလိုလို ပြေးရ၏။
တမင်နှင်စရာမလို။
ဆင်းရဲသည် အင်အားကြီးသည် မှန်သော်လည်း
ချမ်းသာရောက်လာလျှင် သူ့အလိုလို ပြေးရ၏။
တမင် နှင်စရာမလို။
ဆူပွက်မှုသည် အင်အားကြီးသည် မှန်သော်လည်း
ငြိမ်းချမ်းမှုရောက်လာလျှင် သူ့အလိုလို ပြေးရ၏။
တမင်နှင်စရာမလို။
အမိုက်သည်လည်းကောင်း၊
ဆင်းရဲသည်လည်းကောင်း၊
ဆူပွက်မှုသည်လည်းကောင်း၊
“ ငါ မှ ငါ ”ဟူသော အတ္တဓမ္မကြောင့်သာဖြစ်ကြ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
နိဗ္ဗာန်ကိုမြင်ရာ၌ အတ္တကို ပယ်မှသာ မြင်နိုင်၏။
အတ္တကို ပယ်ခြင်း နှင့်
နိဗ္ဗာန်ကို မြင်ခြင်းသည် တပြိုင်နက်ဖြစ်၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အတ္တကို ပယ်နိုင်အောင် ဝိပဿနာ ရှုပွားရ၏။
ဝိပဿနာရှုပွားစဉ် အတ္တကို တဖြည်းဖြည်းချင်းပယ်ရာမှ
နောက်ဆုံး၌ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဖြင့်
အတ္တကို အပြီးသတ်ပယ်၏။
အတ္တကို ပယ်လိုက်သည်နှင့်
တပြိုင်နက် အနှိုင်းမဲ့ချမ်းသာကို ရရှိခံစားရ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
No comments:
Post a Comment