တစ်နေ့မှာ လေရယ်၊ ရေရယ်၊ နာမည်ကောင်းရယ်တို့ဟာ
အတူတကွ ခရီးထွက်လာကြပါတယ်။
လေက သူ့ထုံးစံအတိုင်း ဒေါသထွက်နေတဲ့လူတစ်ယောက်လိုပဲ
ရမ်းရမ်းကားကားပြေးသွားပါတယ်။
ဟိုမှာခုန်လိုက်၊ဒီမှာတိုက်လိုက်နဲ့သွားပါတယ်။
သူသွားလေရာမှာ ဖုန်တွေကို ကန်ကျောက်သွားတဲ့အတွက်
ဖုန်တွေတထောင်းထောင်း ထပါတယ်။
ရေကတော့ အိနြေ္ဒရှိရှိ
အမျိုးသမီးတစ်ယောက်လမ်းလျှောက်သလို လမ်းလျှောက်ပါတယ်။
ရေရဲ့လက်ထဲမှာတော့ ရေပန်းခရားတစ်ခုကို ကိုင်ထားပါတယ်။
ပတ်ဝန်းကျင်ရှိ မြေကွက်လပ်များတွင် သိပ်သိပ်သည်းသည်းရှိအောင်
ရေပန်းခရားနဲ့ရေလောင်းပေးပါတယ်။
နာမည်ကောင်းကတော့ ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားတဲ့
လူငယ်တစ်ယောက်အသွင်နဲ့တည်တည်ငြိမ်ငြိမ်နေပါတယ်။
သူတို့သုံးဦးတို့ဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်ကြပါတယ်။
တစ်ဦးနဲ့တစ်ဦး စရိုက်အမူအကျင့်တွေ ကွာခြားကြပေမယ့်
ထူးထူးခြားခြား တစ်တွဲတွဲနေတတ်ကြပါတယ်။
တစ်နေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွဲခွာရမယ့်ရက်ကို ရောက်လာပါတယ်။
အဲဒီအခါမှာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး
“ နောက်ထပ် ဘယ်တော့ထပ်တွေ့ကြပြီး ခရီးအတူတူသွားကြဦးမလဲ”
လို့မေးကြပါတယ်။
လေက
“ မင်းတို့ ငါ့ကို တောင်ထိပ်ပိုင်းမှာ အမြဲတွေ့ရမယ်။
ဒါမှမဟုတ်လည်း မင်းတို့ရဲ့ခြေထောက်ပတ်လည်မှာလည်း တွေ့ရမှာပါ။
ငါသွားတဲ့ နေရာတိုင်းမှာ ဖုန်တွေတထောင်းထောင်းထအောင်
ငါက လုပ်သွားမှာဆိုတော့ ငါ့ကို မင်းတို့လွယ်လွယ်တွေ့နိုင်ပါတယ်”
လို့ပြောပါတယ်။
ရေက
“ ငါ့ကိုတော့ မင်းတို့အမြဲတွေ့ရပါတယ်။
ပင်လယ်သမုဒ္ဒရာထဲမှာ ငါအမြဲရှိပါတယ်။
မြစ်တွေ ချောင်းတွေထဲမှာ လည်းရှိတာပါပဲ။
မင်းတို့အိမ်က မီးဖိုချောင်ထဲမှာတောင် ငါက အမြဲရှိနေတတ်ပါတယ်။
ခေါ်သာ ခေါ်လိုက်ပါ။
ငါက အမြဲရှိပါတယ်”
လို့ရှင်းပြပါတယ်။
နာမည်ကောင်းကတော့
ဘာမှမပြောဘဲ ငြိမ်နေပါတယ်။
ကျန်နှစ်ဦးက
“ ကိုနာမည်ကောင်းကြီးရဲ့၊
ကျနော်တို့ ဘယ်အချိန်၊ ဘယ်နေရာမှာ ထပ်တွေ့ကြမှာလဲ”
လို့မေးကြပါတယ်။
နာမည်ကောင်းကြီးက
“ ဝမ်းနည်းပါတယ်၊
ခင်ဗျားတို့ ကျနော်ကို ဘယ်မှာမှ ပြန်တွေ့ရတော့မှာ မဟုတ်ပါဘူးဗျာ။
ဘယ်သူပဲ ဖြစ်ဖြစ် ကျနော်ကို ဆုံးရှုံးပြီဆိုရင်
နောက်ထပ်တစ်ကြိမ်ကျနော့်ကို မတွေ့နိုင်ကြပါဘူး”
လို့ပြောလိုက်ပါတော့တယ်။
No comments:
Post a Comment