တစ်နေ့မှာတော့
ကျောင်းသားနှစ်ယောက် ငြင်းခုန်ပြီး စကားများကြသဖြင့်
ဆရာတော်ရှေ့မှောက်ကို ရောက်လာကြတယ်။
ဆရာတော်က
“ မင်းတို့ဘာတွေ ငြင်းနေကြတာလဲ ”
လို့မေးပါတယ်။
ကျောင်းသားတစ်ယောက်က
“ တပည့်တော်တို့ သာသနာနှစ် လေးထောင်နဲ့ ငါးထောင်
ဘယ်ဟာ မှန်၊ မမှန် ငြင်းနေကြတာပါဘုရား ”
လို့ ပြန်ဖြေပါတယ်။
ဆရာတော်က
“ အေး…ဒီလိုဆို လေးထောင်သမားပြန်တော့၊
ငါးထောင်လို့ပြောတဲ့ကျောင်းသားနေရစ်ခဲ့…”
လို့မိန့်တော်မူပါတယ်။
ပြီးတော့ သာသနာနှစ် ငါးထောင်ဘက်က ငြင်းတဲ့ကျောင်းသားကို
ကြိမ်နဲ့ ဆုံးမတော်မူပါတယ်။
ရိုက်ပြီးတဲ့အခါမှာတော့ အရိုက်ခံရတဲ့ကျောင်းသားက
“ သာသနာနှစ် ငါးထောင်လို့ တပည့်တော်ပြောတာ မှားလို့လားဘုရား ”
လို့ မရဲတရဲ မေးပါတယ်။
ဆရာတော်က
“ မမှားဘူး၊
မှန်တယ်။
သာသနာနှစ် ငါးထောင်ဆိုတာ
ဗုဒ္ဓဘာသာဝင်တိုင်းလိုလို သိနေကြတယ်။
အဲဒီတော့ သာသနာနှစ် ငါးထောင်လောက်ကိုမှ
မသိတဲ့လူဖျင်းလူအနဲ့ အဖက်တန်မှန်းမသိ၊
အဖက်မတန်မှန်းမသိဘဲ သွားငြင်းတဲ့အတွက်
မင်းကို ရိုက်ရတာပဲ ”
လို့ ဆုံးမတော်မူပါတယ်။
*********************************************************
အငြင်းအခုန်အားသန်တဲ့ ဒကာတစ်ယောက်နဲ့ပတ်သက်ပြီး
ပထမ မစိုးရိမ်ဆရာတော်ဘုရားကြီးက
“ အေး မဟုတ်တိုင်းသာ ခွန်းတုံ့ပြန်ပြီး စကားများရန်ဖြစ်မယ်ဆိုရင်
မင်းတစ်လောကလုံးနဲ့ လှည့်ပြီး ရန်ဖြစ်နေပေတော့၊
ဘာဖြစ်လို့လည်းဆိုတော့
လောကကြီးမှာ
ဟုတ်တာထက် မဟုတ်တာတွေက ပိုများနေတယ် ”
လို့ ဆုံးမတော်မူပါတယ်။
No comments:
Post a Comment