တစ်ခါတုန်းက
ကိုအေးကိုက သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ကိုမင်းအောင်ကို
သူနဲ့အတူ ညစာလိုက်စားရန် အိမ်ကို ဖိတ်ခေါ်လာတယ်။
အိမ်ခန်းထဲ ဝင်ဝင်လာချင်း ကိုအေးကိုက
သူရဲ့ဇနီးသည် မနန်းခိုင်ကို
“ မင်း ဒီနေ့ သိပ်လှတာပဲ ”
လို့ပြောလိုက်ပါတယ်။
ပြီးတော့ ဇနီးသည်ကို နမ်းလိုက်ပါတယ်။
ညစာကို အားရပါးရစားကြပြီး
ကိုအေးကို က
သူ့ရဲ့ဇနီးသည်ကို ဟင်းချက်ကောင်းတဲ့အတွက်
ချီးကျူးပြီး ထပ်နမ်းပြန်တယ်။
ကိုအေးကိုရဲ့ဇနီးသည်
အိုးခွက်ပန်းကန်များကို မီးဖိုချောင်တွင် သွားဆေးကြောချိန်မှာ
ကိုမင်းအောင်က မေးတယ်။
“ မင်းမိန်းမကို မင်း ဒီလိုပဲ အမြဲတမ်း ဆက်ဆံသလားကွ ”
“ ဟုတ်တယ်၊
ဒီလိုဆက်ဆံတာဟာ
ငါတို့ရဲ့ အိမ်ထောင်ရေး ပျော်ရွှင်ချမ်းမြေ့မှုကို အများကြီး
အထောက်အကူဖြစ်စေတယ်ကွ ”
ကိုအေးကို အားကျပြီး
သူ့အတိုင်းလိုက်လုပ်ရန် ကိုမင်းအောင်ကဆုံးဖြတ်လိုက်ပါတယ်။
ကိုမင်းအောင်ဟာ
မိန်းမရပြီးကထည်းက တစ်ခါမှတော့မလုပ်ခဲ့ဖူးပါ။
နောက်တစ်နေ့
ကိုမင်းအောင် အလုပ်မှ ပြန်လာတဲ့အခါ
ဇနီးသည် မနန်းဖေါင်းကို
ကိုမင်းအောင်က သိုင်းဖက်လိုက်ပြီး ဖွဖွလေး နမ်းလိုက်တယ်။
နှုတ်ကလည်း ပြောတယ်။
“ မင်း ဒီနေ့ တယ်လှပါလားမိန်းမရေ၊
ဒီလို မိန်းမမျိုး ရထားတဲ့အတွက်
ငါ့လောက် ကံကောင်းတဲ့လူ ဒီဇမ္ဗူမှာ ရှိမယ် မထင်ဘူးဟေ့ ”
ကိုမင်းအောင်ကို
လုံးဝ မယုံကြည်နိုင်ဟန်နဲ့ မနန်းဖေါင်းက
မျက်လုံးကလယ်၊ကလယ်နဲ့ ပြူးပြီးကြည့်တယ်။
အဲဒီနောက်မှာတော့
ချုံးပွဲချ ငိုချလိုက်ပါတယ်။
“ ဟဲ့ ဟဲ့ ဘာဖြစ်လို့ ငိုရတာတုံး ”
ကိုမင်းအောင်က အံ့သြသံနဲ့ မေးလိုက်တယ်။
ခြေမကိုင်မိ၊ လက်မကိုင်မိလည်း ဖြစ်သွားတယ်။
မနန်းဖေါင်းက ငိုကြီးချက်မနဲ့ ပြောလိုက်တာက…
“ ဘဝ အကျိုးပေး မကောင်းပါလား အရပ်ကတို့ရေ၊
ဒီနေ့တစ်နေ့လုံး
စိတ်မချမ်းသာစရာတွေချည်း တွေ့နေရပါလား၊
မနက်က အငယ်ကောင်
အဆော့လွန်ပြီး နှာခေါင်းရိုး ကျိုးသွားတယ်။
ဆေးခန်းပို့ရတယ်။
ပန်းကန်စင်ကို ကြောင်တက်လို့ ပန်းကန်တွေ ကွဲကုန်တယ်။
နောက် အဝတ်လျှော်စက် ပျက်ပြန်တယ်။
အခု ယောက်ျားလုပ်တဲ့သူက အရက်မူးပြီး ပြန်လာတယ်။
ကျမအဖြစ်ကဆိုးလိုက်တာနော်…ဟီးးး ဟီးးး ဟီးးး
No comments:
Post a Comment