တစ်ခါတုန်းက လူတစ်စုဟာ မြင်းကိုယ်စီ,စီးပြီး ညပိုင်းမှာ ခရီးထွက်ခဲ့ကြတယ်။
ရေတိမ်တဲ့စမ်းချောင်းတစ်ခုကို ဖြတ်ရတဲ့အချိန်မှာ
“အားလုံးရပ်လိုက်ကြ”
ဆိုတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။
အားလုံးသောခရီးသွားတွေက ရုတ်တရက်ဆိုတော့ လန့်သွားကြတယ်။
အသံရှင်ကိုလည်း မှောင်ကြီးမည်းမည်းမှာ ဘာမှ မမြင်ရတော့ကြောက်သွားတယ်။
ဒါနဲ့ပဲ မြင်းတွေကို ဇက်သတ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ရပ်လိုက်ကြတယ်။
အဲဒီနောက်မှာ အသံရှင်က ဆက်ပြီးအမိန့်ပေးပြန်တယ်။
“မြင်းပေါ်ကဆင်းပြီး တွေ့တဲ့ကျောက်ခဲတွေကို လက်နဲ့ဆုပ်ယူကြ”
မြင်းစီးယောက်ျားတွေဟာလည်း ကြောက်ကြောက်နဲ့ပြောတဲ့အတိုင်း
တွေ့မိစမ်းမိတဲ့ ကျောက်ခဲတွေကို လက်နှစ်ဖက်နဲ့ဆုပ်ယူလိုက်ကြတယ်။
အမိန့်သံကြီးက ဆက်လက်ထွက်ပေါ်လာပြန်တယ်။
“ ပြီးရင် ကိုယ့်ခရီးကိုယ်ဆက်သွားကြ”
သူတို့တွေဟာ ကြောက်လန့်တကြား မြင်း ဒုန်းစိုင်းလာလိုက်ကြတာ
မိုးလင်းမှပဲ မြင်းကို ရပ်နားဖို့ သတိရကြတယ်။
မြင်းကိုရပ်နားပြီးမှ လက်ထဲဆုပ်လာတဲ့ ကျောက်ခဲလေးတွေကို သေချာကြည့်မိတော့
တကယ့် အဖိုးတန်စိန်တုံးတွေဖြစ်နေတာ တွေ့လိုက်ကြတယ်။
ဒါပေမယ့် သူတို့တွေဝမ်းမသာနိုင်ကြဘူး။
“ဒီလိုစိန်တုံးတွေမှန်းအစက သိခဲ့ရင် အများကြီး ကျုံးယူခဲ့တာပေါ့”
ဆိုပြီး ဝမ်းနည်းပက်လက်တောင် ဖြစ်နေရတယ်။
[ဒါကတော့ ဆရာနန္ဒာသိန်းဇံရဲ့ ခယောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်မှ
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။]
ကျနော်တို့ဟာ ငယ်စဉ်တုန်းက အဆိုးမြင်စိတ်နဲ့ကြီးပြင်းလာခဲ့ပါတယ်။
လူကြီးတွေဟာ “မလုပ်နဲ့”လို့သာတားဆီးတတ်ပေမယ့်
“ဘယ်လိုလုပ်ပါ”ဆိုတာတော့ သင်မပေးပါဘူး။
“ရေမကူးနဲ့၊ရေနစ်လိမ့်မယ်။”သာပြောပြီးရေမနစ်အောင်
ရေကိုစံနစ်တကျ ဘယ်လိုရေကူးရမယ်ဆိုတာကို သင်ပေးဖို့မေ့နေတတ်ပါတယ်။
ဒါနဲ့ပဲ ကျနော်တို့ဟာ ရေကိုတွေ့ရင်ဘဲ အလိုလိုကြောက်စိတ်ဝင်နေပါတော့တယ်။
ဒီလိုနဲ့အဆိုးမြင်စိတ်တွေဟာ ကြီးထွားလာခဲ့ရပါတယ်။
အရွယ်ရောက်လာတော့ အဆိုးမြင်စိတ်ကြောင့် စိတ်ဆင်းရဲရတာများတော့
ဒီစိတ်ထားဟာ မကောင်းမှန်းသိလာတယ်။
ဒီစိတ်နေသဘောထားဟာ မတန် မှန်းလည်းသိလာတော့
အကောင်းမြင်စိတ်ကို ကြိုးစားပြီးမွေးမြူခဲ့တယ်။
လွယ်တော့မလွယ်ပါဘူး။ ခက်ခဲပေမယ့် အကောင်းမြင်စိတ်ကြောင့်
စိတ်ချမ်းသာတာကိုသိလာတော့ အကောင်းမြင်စိတ်ကိုတန်ဖိုးထားတတ်လာတယ်။
အကောင်းမြင်စိတ်ကြောင့် စိတ်ချမ်းသာရပေမယ့် စိတ်ကျေနပ်မှုတော့အမြဲတန်းမရတတ်ပါဘူး။
ဒီလိုဆိုရင် အကောင်းမြင်စိတ်ထက်
သာလွန်တဲ့စိတ်အခြေအနေတစ်ရပ်တော့ရှိရဦးမယ်လို့တွေးနေမိပါတယ်။
မကြာသေးခင်တုန်းကမှ အဲဒီစိတ်အခြေအနေကို သိလာရပါတယ်။
အဲဒီစိတ်ကတော့ အမှန်မြင်စိတ်ပါဘဲ။
အမှန်မြင်စိတ်က စိတ်ချမ်းသာမှုအပြင်
စိတ်ကျေနပ်မှုကိုလည်း ပေးနိုင်တာကိုလည်း သိလာရပါတယ်။
No comments:
Post a Comment