Saturday, May 8, 2010

“ ပြောရမှာတောင် အားနာပါတယ်”



တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ

အထည်ရောင်းစားတဲ့ဈေးသည်မတစ်ယောက်ရှိပါတယ်။


အဲဒီလို ဈေးရောင်းနေတဲ့အခိုက်မှာ

ယောကျာ်းဈေးဝယ်တစ်ယောက်ရောက်လာပြီး လုံချည်တစ်ထည် ဝယ်ပါတယ်။

ဒီတော့ ဈေးဝယ်သူက “ဒီ လုံချည် ဘယ်လောက်လဲဗျ”လို့မေးတော့

ဈေးသည်မ ကလည်း “မောင်ကြီးရယ်…ဈေးဆိုရမှာ အားနာလှပါတယ်။

မောင်ကြီးသာကြည့်ပြီးတော့ ဈေးပြောပါ။

ရောင်းသာရင်လဲ ရောင်းပါ့မယ်” လို့ပြောပါတယ်။

ဒါပေမယ့် ဈေးဝယ်ယောကျာ်းကလည်း

“ကျုပ်ဟာလဲ ဈေးပေးရမှာ အားနာတယ်။

နည်းသော်ရှိ များသော်ရှိ မကောင်းပါဘူး။

ခင်ဗျားပဲကြည့်ပြောပါ” လို့ပြန်ပြောပါတယ်။

ဒီတော့ ဈေးသည်မကလည်း

“အို…ပေးသာပေးပါ၊ ကျမဈေးဆိုရတာ အားနာတယ်”လို့ ပြန်ပြောပါတယ်။


ဈေးဝယ်ယောကျာ်းကလည်း

“ဟာဗျာ…ကျုပ်ကလည်း အားနာတတ်တာပဲ၊

အားနာတတ်တာမှ မပြောပါနဲ့တော့၊

ကျုပ် အားနာမိတာ ငွေ သုံးသိန်းကုန်တဲ့အထိ အားနာမိပါတယ်ဗျာ” လို့ပြောတော့

ဈေးသည်မက အားကျမခံပြန်ပြောတာက

“ အမယ်လေး…မောင်ကြီးအားနာတာက ငွေသုံးသိန်းရယ်ပါ၊

ကျမဖြစ်ပုံလောက် မဆိုးသေးပါဘူး။

ကျမ အားနာတာက ဟောဒီ ကလေးခြောက်ယောက်ကိုကြည့်၊

တစ်ယောက်မှ အဖေမပေါ်ဘူး”လို့ပြောသတဲ့။


ကဲ…ကောင်းကြသေးရဲ့လား၊

အားနာလိုက်ပုံက ပြောရမှာတောင် အားနာပါတယ်။

တကယ်တော့ အားနာတယ်ဆိုတာ

စိတ်ဓါတ်ပျော့ညံ့တယ်လို့ဘဲပြောရမလား?

ကြောက်တဲ့စိတ်ကြောင့်လို့ဘဲပြောရမလား?

ဘာဘဲဖြစ်ဖြစ် အားနာတာတော့ မကောင်းတာတော့ အမှန်ပါပဲ။

အားနာတဲ့စိတ်ကြောင့် တကယ်တန်းတော့ ကိုယ်ဘဲ နစ်နာတာပါ။

အားနာတဲ့စိတ်ကို အတတ်နိုင်ဆုံး ပယ်ဖျောက်သင့်ပါတယ်။

No comments:

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com