သက္ကရာဇ်(၅၉၆)ခုနှစ်တွင် ပုဂံမှာ ကျစွာမင်းကြီး ဟာ
ဓမ္မရာဇာအမည်ခံပြီးမင်းပြုပါတယ်။
ပိဋကတ်စာပေကျမ်းဂန်မှာ သဘောအဓိပ္ပါယ်ကျ န စွာတတ်သိနားလည်လို့
ကျစွာ ဆိုပြီးအမည်တွင်သွားပါတယ်။
ပိဋကတ်သုံးပုံကိုလည်း ကိုးခေါက်သင်ထားသူဖြစ်ပြန်တယ်။
အရိယာသံဃာတော်တို့အား တစ်နေ့ခုနစ်ကြိမ် စာဝါပို့ချပါတယ်။
စာပေ၊ကျမ်းခံများကိုလည်းပြုစု၊စီရင်ခဲ့ပါတယ်။
ကျစွာမင်းမှာ ထူးခြားပြီးကျေနပ်စရာ၊သဘောကျစရာအချက်တစ်ခုကတော့
မင်းဖြစ်ပြီး ဗေဒင်၊ယတြာတို့ကို မယုံကြည်တာပါပဲ။
ဘာသာရေးကိုလိုက်စား၊လေ့လာတဲ့မင်းဖြစ်တာကြောင့်ဖြစ်နိုင်တယ်။
ဘာကြောင့်ဆိုတော့ ဘုရားတည်မယ်လို့စိတ်ကူးကတည်းက အုတ်စလုပ်တဲ့နေ့မှာ ပြဿဒါးရက်၊
ပန္နက်ချတဲ့နေ့၊ အုတ်မြစ်ချတဲ့နေ့ ပြဿဒါးရက်လို့အမည်တွင်ကျန်ရစ်ပါတယ်။
ကျစွာမင်းကြီးမှာ သမီးတော်တစ်ပါးရှိတယ်။
သမီးတော်ရဲ့နာမည်က သဗျင်မင်းသမီးဖြစ်တယ်။
ကျမ်းဂန်စာပေတတ်ကျွမ်းလွန်းလို့ ရဟန်းများကိုပင် စာဝါချပေးရတဲ့သူပါ။
ရဟန်းနဲ့မိန်းမ မသင့်တော်လို့ ကန့်လန့်ကာ ကာပြီးမင်းသမီးက စာဝါပို့ချပါတယ်။
ရဟန်းများကအပြင်ဖက်ကစာလိုက်ရလို့ မင်းသမီးကို မမြင်ကြရပါဘူး။
ဒီအချိန်မှာ စာလိုက်ရတဲ့ရဟန်းတစ်ပါးက မင်းသမီးအသံဟာ သာယာလှပေတယ်။
ပညာမှာလည်း သူတစ်ပါးနဲ့မတူတော့ ရုပ်ရည်မှာလည်း လှပချောမောသူဖြစ်မှာပဲ။
အသံကြားရုံနဲ့အလွန်တပ်မက်မိနေပြီ။ လူကိုယ်တိုင်ကြည့်ရအောင်ကြံမယ် စိတ်ကူးပါတယ်။
အကြံထုတ်တော့ အကြံပေါ်တာပေါ့။
တစ်နေ့ မိမိတက်တဲ့စာရဲ့အဆုံးမှာ တွေးတောပြီး
“ဟိံဇာလေ ဟေဟေးယျုံး”လို့ဆက်လက်ရေးထားလိုက်ပါတယ်။
ပထမစာများပြီးရင် မိမိရေးထားတဲ့စာကို ရွတ်ဖတ်လိုက်ပါတယ်။
ရွတ်ဖတ်လိုက်သံကိုကြားရင်ပဲ မင်းသမီးက
“ငါ့ရှင်စာထဲမရှိတာကို ဘာကြောင့်ဆိုတာလဲ?”
ဒီအခါမှာ ရဟန်းက “မင်းသမီး စာရှိလို့ ငါရွတ်တာပါ၊ မယုံရင်ကြည့်ပါ။”လို့ပြောလိုက်တယ်။
မင်းသမီးက “ဒီစာဟာအပိုသက်သက်ပဲ။
ဒါပေမယ့် ကျွန်ုပ် အနက်ပေးပါမယ်။
“ဟိံ- တံငါသည်တို့သည်၊ ဇာလေ- ကွန်ရွက်တို့ကို ၊ ဟေဟေးယျုံး- ဆွဲကြကုန်၏၊ ”
ဒီလိုအနက်ပေးလို့ အဆင်ပြေသွားပါတယ်။
မင်းသမီးကိုမြင်ရပြီးတဲ့အခါ ရဟန်းပျိုမှာ စွဲလန်းပြီး မစားနိုင်၊ မအိပ်နိုင်တော့ဘဲ
စာဝါလည်းမတတ်နိုင်ဖြစ်သွားပါတယ်။
ဒီသတင်းကိုခမည်းတော်မင်းကြီးကြားတဲ့အခါ ကျစွာမင်းကြီး
“ငါ့ရှင် သမီးတော်ကိုစွဲလန်းတပ်မက်လို့သေရမလောက်ဖြစ်နေရင် ငါပေးစားတော့မယ်။
ဒါပေမယ့် ပညာတတ်မြောက်တဲ့ငါ့ရှင် ဟာ သာသနာတော်မှာ နောက်အရှည်သဖြင့်
အကျိုးများမယ့်ကျမ်းတစ်စောင်ရေးခဲ့ပါအုန်း”လို့ ပန်ကြားလိုက်ပါတယ်။
အဲဒါကြောင့် ဉာသ်ကျမ်းရဲ့ အဖွင့်ဋီကာကို ရေးခဲ့ပါတယ်။
ရဟန်းလူထွက်ကို သပျင်အမတ်ရာထူးကိုပေးခဲ့တယ်။
အဲဒါကြောင့် သံပျင်အမတ်ရေးတဲ့ဋီကာကို သံပျင်ဋီကာ လို့ခေါ်တွင်ခဲ့တာ
အခုတိုင်ထင်ရှားနေဆဲဖြစ်ပါတယ်။
ကျစွာမင်းကြီး သဘောထားကြီးတဲ့အတွက် သံပျင်ဋီကာကျမ်းကြီးပေါ်ပေါက်လာခဲ့ရတာဖြစ်ပါတယ်။
ဒီလိုစိတ်ထားမျိုးဟာဘုရင်တိုင်းမှာ ရှိဖို့မလွယ်လှပါဘူး။
သမီးတော်ကို မဆိုထားနဲ့၊ နှမတော်ကိုကြိုက်ရမလားဆိုပြီး
တစ်ဖက်လူကို ကွပ်မျက်ခဲ့တဲ့ဘုရင်တွေရှိခဲ့ဖူးပါတယ်။
ဒီ့အပြင် သမီးတော်၊နှမတော်တွေကို လည်း သတ်ပစ်တာမျိုးလည်းရှိခဲ့ဖူးပါတယ်။
ကိုယ်ထင်သလို ကြဲခွင့်ရနေတဲ့အချိန်မျိုးမှာ ကျစွာမင်းကြီးဟာ
သမီးတော်ကို တစ်ဖက်သတ်ကြိုက်နေတဲ့သူကို အပြစ်မယူဘဲ ခွင့်လွှတ်နိုင်ပြီး သာသနာအတွက်
အကျိုးများမယ့်ကျမ်းတစ်စောင်ပေါ်ပေါက်အောင်စွမ်းဆောင်ခဲ့တာဟာ
ကျစွာမင်းကြီးရဲ့ သဘောထားကြီးမှုနဲ့ အမျှော်အမြင်ကြီးမှုကြောင့်လို့ပြောနိုင်ပါတယ်။
ဒါဟာလည်း ကျစွာမင်းကြီးဟာ လောကရေး၊ ဓမ္မရေးတွေကို
လေးလေးနက်နက် သဘောပေါက်နေလို့ဖြစ်ပါလိမ့်မယ်။
No comments:
Post a Comment