တစ်ခါတုန်းက
ဒကာမကြီးတစ်ဦးက ကုသိုလ်များများလိုချင်လို့ ဆွမ်းဟင်းကောင်းကောင်းချက်ပြီး
ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်တာပေါ့။
ဗန်းမော်ဆရာတော်ကို အကုန်အကျများစွာခံပြီး ဆွမ်းကပ်တာပေါ့။
သူမရဲ့ရှေ့က ရေလာကပ်တဲ့သူတစ်ယောက်ကို ဆရာတော်ကရေအကျိုးဆယ်ပါးကို
အကျယ်ဟောနေတာကြားရတာပေါ့။
ရေလှူတဲ့အကျိုးဆယ်ပါးဆိုတာ.....
၁။ လျင်မြန်ခြင်း၊
၂။ ကျော်စောခြင်း၊
၃။ စင်ကြယ်ခြင်း၊
၎။ မွတ်သိပ်ခြင်းမှ ကင်းခြင်း၊
၅။ အခြံအရံများခြင်း၊
၆။ အသက်ရှည်ခြင်း၊
၇။ အဆင်းလှခြင်း၊
၈။ ခွန်အားကြီးခြင်း၊
၉။ ပညာကြီးခြင်း၊
၁၀။ ချမ်းသာခြင်း။
ဆိုတဲ့ဆုတွေကို မတောင်းဘဲနဲ့ပြည့်ပါတယ်။
ဆရာတော်က ဆုပေးတယ်။
ရေလှူသူက“ပေးတဲ့ဆုနဲ့ ပြည့်စုံရပါစေဘုရား” ဆိုပြီးပြန်သွားပါတယ်။
အဲဒီနောက် ဒေါ်ဝင်းရွှေကဆွမ်းကပ်ပါတယ်။
သူမရဲ့ဆွမ်းရဲ့အကျိုးကတော့ ဘာဘဲဖြစ်ဖြစ် ဆယ်ပါးထက်ပိုမယ်လို့တွက်ဆပြီး ပျော်နေတာပေါ့။
ဒါပေမယ့် ဆွမ်းကပ်လိုက်တဲ့အချိန်မှာတော့ ဆရာတော်က ဆွမ်းအကျိုးကို ငါးပါးကိုဟောပါတယ်။
ဆွမ်းလှုသောအကျိုးငါးပါးကတော့…..
၁။ အာယု -အသက်ရှည်ခြင်း၊
၂။ဝဏ္ဏ -အဆင်းလှခြင်း၊
၃။သုခ -ချမ်းသာကြီးခြင်း၊
၎။ဗလ -ခွန်အားကြီးခြင်း၊
၅။ပဋိဘာန -ဉာဏ်ပညာကြီးခြင်း။
ဒီ တော့ ဒေါ်ဝင်းရွှေ မကျေမနပ်ဖြစ်ပြီး
“ကန်ထဲကရေကိုအလကားခပ်လာပြီးကပ်သူကျတော့ ဆယ်ပါးတောင်ရပြီး
အကုန်အကျအများကြီးခံပြီးကပ်သူကျတော့ ငါးပါးထဲဆိုတော့ မတရားတာဘဲ”လို့
ကုသိုလ်ကိုဈေးတွက်တွက်ကာ ဆရာတော်ကို မကျေမနပ်လျှောက်ထားတာပေါ့။
ဆရာတော်တောင် အူကြောင်ကြောင်ဖြစ်သွားပါတယ်။
ဒါပေမယ့် ဆရာတော်ကချက်ချင်းသဘောပေါက်သွားပြီး ပြန်ပြောလိုက်တာကတော့
“ဒကာမကြီး ဆွမ်းချက်တော့ ရေမပါဘူးလား?”လို့မေးလိုက်ပါတယ်။
“ပါပါတယ်အရှင်ဘုရား”
“ရေပါတော့ ရေအကျိုးဆယ်ပါးကမတောင်းဘဲပြည့်ပြီးသားလေ၊
ရေအကျိုး ဆယ်ပါး နဲ့ဆွမ်းအကျိုး ငါးပါး နှစ်ရပ်ပေါင်းလိုက်ရင်
ဆယ်ငါးပါးတောင်ရပါတယ်တကာမကြီးရယ်”
လို့ဆိုလိုက်တော့မှ ဒကာမကြီးကကျေနပ်ပြီး ဝမ်းမြောက်ဝမ်းသာ ပြန်သွားပါတော့တယ်။
No comments:
Post a Comment