တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ခုမှာ ဖိုးသူတော်တစ်ယောက်ရှိသတဲ့။
အဲဒီ ဖိုးသူတော်က
“သူများမနာလို ကိုယ်အကျိုးမရှိ”
“သူများမနာလို ကိုယ်အကျိုးမရှိ”
“သူများမနာလို ကိုယ်အကျိုးမရှိ”
ဆိုတဲ့ စကားပုံကို မကြာခဏရွတ်ဆိုပြီး
တရားနှလုံးသွင်းနေသတဲ့။
အဲဒီကျောင်းမှာ ရှိတဲ့ ဆရာတော်ကို ကိုးကွယ်ပြီး
သွား၊လာ၊ဝင်၊ထွက်နေတဲ့ ဒကာမကြီးတစ်ယောက်ဟာ
ဖိုးသူတော် ရွတ်ဆိုနေတဲ့ စကားကို ခဏ ခဏကြားရတော့ သူ့ကိုစောင်းပြီး ရွတ်ဆိုနေတယ်လို့ထင်ပြီး
ဖိုးသူတော် အပေါ်မှာရန်ငြိုးဖွဲ့ပါလေရော!
ဒါနဲ့ ဒီဒကာမကြီးက မုန့်ထဲမှာ အဆိပ်ထည့်ပြီး ဖိုးသူတော် ကိုလှူသတဲ့။
ဖိုးသူတော် ကလည်း မစားရစဖူး အထူးရတဲ့ မုန့်ပဲလို့
အလေးအမြတ်ပြုပြီး ဘုရားမှာဆွမ်းတော်ကပ်လိုက်သတဲ့။
မုန့်လှူတဲ့ ဒကာမကြီးရဲ့သားကလည်း အဲဒီကျောင်းမှာ ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ နေတဲ့အတွက် အဲဒီကျောင်းသားက ဆွမ်းတော်တင်ထားတဲ့ အဲဒီမုန့်ကို ကောက်ပြီးစားမိလို့
အဆိပ်သင့်ပြီးသေရှာသတဲ့။
ဒီတော့ မုန့်လှူတဲ့ဒကာမကြီးက ဖိုးသူတော် မသေဘဲ သူ့သားသေနေတာကို တွေ့ရတဲ့အတွက်
(“သူများမနာလို ကိုယ်အကျိုးမရှိ” )ဆိုတဲ့ ဖိုးသူတော်ရဲ့ ကမ္မဋ္ဌာန်းကို သဘောပေါက်ပြီး
“ဦးသူတော် ကမ္မဋ္ဌာန်း
ငါ့ကိုရမ်း၊
ဗျန်းဗျန်းကွဲလေပြီ”
လို့ သူ့သားရဲ့အသုဘမှာ ငိုကြွေးရှာသတဲ့။
သာမဏေကျော်
မနာလိုမှုဟာ မုဒိတာရဲ့ဆန့်ကျင်ဘက်ရန်သူပါပဲ။
ဒီမနာလိုမှုဟာ ဘာမှအကျိုးမခံစားရဘဲနဲ့ သက်သက်အကုသိုလ်ပွားတဲ့ သဘောပါပဲ။
မကောင်းမှုမှန်းသိပေမယ့် သတိမရှိတဲ့အခါ လက်လွတ်စပယ် လုပ်မိတတ်ကြတယ်။
ကိုယ့်ထက်သာသွားရင်လည်း မနာလိုဖြစ်တတ်ကြသလို ကိုယ့်ထက်မသာရင်လည်း မနာလိုကဖြစ်ချင်ဖြစ်နေပြန်တယ်။
အရပ်ပုသူက အရပ်ရှည်သူကို မနာလိုချင်မနာလိုနေတတ်သလို
အသားမည်းသူကအသားဖြူသူကို မနာလိုဖြစ်ချင်ဖြစ်နေတတ်တယ်။
မစားရ၊မသောက်ရဘဲနဲ့ အကုသိုလ်အဖြစ်ဆုံးစိတ်ကတော့ မနာလိုမှုပါပဲ။
မုဒိတာတရားကတော့
အင်မတန်အေးချမ်းလှပါတယ်။
မနာလိုမှုကို အပြစ်မြင်ပြီး
မုဒိတာကို ပွားလိုက်ကြရအောင်။
No comments:
Post a Comment