Friday, October 5, 2012

“အမေ့ထံသို့ ပေးစာများ-၅၆…”




သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
အမေကို ထူးခြားတဲ့အကြောင်းပြောရအုန်းမယ်။
အင်တာနက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အမေရိကားကို
လာမယ်ဆိုတဲ့သတင်းဖတ်လိုက်ရတယ်။
ခရီးစဉ် အသေးစိတ်ကိုလည်း သိလိုက်ရတယ်။
စက်တင်ဘာလ ၂၅-ရက်မှာ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်း(Fort Wayne)
မြို့ကိုလာမယ်ဆိုတာကိုသိရတော့ ဝမ်းသာသွားတယ်။
အဲဒီနေ့ ကျနော်တို့လင်မယားနှစ်ယောက်စလုံး အလုပ်နားတဲ့ရက်ဖြစ်နေတယ်။
ဒီလို နှစ်ယောက်စလုံးအလုပ်နားရက် ရဖို့ကလည်း လွယ်တဲ့ကိစ္စတော့
မဟုတ်ဘူး။
နှစ်ယောက်စလုံးအလုပ်မနားရရင်လည်း သွားတွေ့ဖို့ မဖြစ်နိုင်ဘူးလေ။
သူများရဲ့ဝန်ထမ်းဖြစ်နေတော့ ကိုယ့်အလိုဆန္ဒအတိုင်း ဖြစ်ဖို့က မလွယ်လှဘူး။
လာမယ့်နေရာ အတိအကျသိရဖို့အတွက် မြန်မာ့အစားအစာကို
ရောင်းနေတဲ့ ဘိုဘိုစားသောက်ကုန်အရောင်းဆိုင် ကိုအရင်သွားလိုက်တယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်လာမယ့်နေရာနဲ့အချိန်အတိအကျကို သိရတယ်။
အဲဒီစားသောက်ကုန်အရောင်းဆိုင်က ဆိုင်ကိုပိတ်ပြီး တစ်မိသားစုလုံး သွားတွေ့ဖို့
စီစဉ်နေတာကို သိရတယ်။
ကျနော်တို့နေတဲ့နေရာနဲ့ ဒေါ်အောင်ဆန်းစုကြည်လာမယ့်နေရာက
၁၃၅-မိုင် ဝေးတယ်။
 ကားမောင်းသွားရင် နှစ်နာရီကျော်ကျော်တော့ မောင်းရတယ်။
အဲဒီနေ့ရောက်တော့ နံနက် လေးနာရီလောက် အိပ်ရာက ထတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရမယ်ဆိုတော့ စိတ်တွေလှုပ်ရှားပြီး အိပ်လို့
မပျော်ပါဘူး။
နံနက် ငါးနာရီမှာ အိမ်ကနေထွက်တယ်။
မိုးတောင် မလင်းသေးပါဘူး။
ဒီအချိန်မှာ တစ်ခါမှတော့ ခရီဝေးကို ကားမမောင်းဖူးသေးဘူး။
စိတ်ဝင်စားစရာအကြောင်းတစ်ခုကြောင့် လူက လန်းဆန်းနေတယ်။
၇-နာရီကျော်ကျော်လောက် အဲဒီနေရာကို ရောက်တယ်။
ရောက်တော့ ကားတွေအများကြီးရောက်နေပြီ။
လူတွေလည်း အများကြီးရောက်နေပြီ။
အများစုက မြန်မာစကားကိုပြောတော့ မြန်မာပြည်ပြန်ရောက်နေသလားတောင်
ထင်မိတယ်။ 
ဝတ်စုံတွေကလည်း အများစုက မြန်မာအဝတ်အစားတွေနဲ့။
အချို့ကဆိုရင် တိုင်းရင်းသားဝတ်စုံတွေ ဝတ်လို့။
အဲဒီမြင်ကွင်းကိုတွေ့လိုက်ရင်ပဲ အလိုလိုနေရင်း ပျော်လာမိတယ်။
ခန်းမထဲရောက်တော့ နေရာယူထားသူတွေက တစ်ဝက်ကျော်နေပြီ။
လက်မှတ်ရှိသူတွေက ရှေ့ဆုံး ခုံတန်းတွေမှာနေရာယူကြတယ်။
လက်မှတ်မရှိသူတွေက နောက်ဖက် ခုံတန်းမှာ နေရာယူကြတယ်။
နိုင်ငံခြားသားတွေလည်း အများအပြားတွေ့ရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားသူတွေကတော့ 
တကမ္ဘာလုံးလို့ဆိုရမလိုဖြစ်နေတယ်။




ဘိုဘိုဆိုတဲ့လူငယ်က ကျနော်တို့ကို လက်မှတ်နှစ်စောင်လာပေးတယ်။
ဒါနဲ့ပဲ ကျနော်တို့ဟာ ရှေ့ဆုံးခုံးတန်းတွေဖက်ကို ရောက်လာတယ်။
ကျနော်ရဲ့ဘေးခုံတန်းမှာတော့ မူစလင်ကုလားအဖိုးအိုနှစ်ယောက်က နေရာယူထားတယ်။
ကျနော်တို့ရဲ့ရှေ့မှာတော့ ချင်းတိုင်းရင်းသားတွေက နေရာယူထားကြတယ်။
ယုံယုံရဲ့ဘေးမှာက ထိုင်ဝမ်က ဆရာဝန်မ တစ်ယောက်။
သူမနဲ့မိတ်ဆက်စကားပြောရင်းသိရတာက သူမဟာ ထိုင်ဝမ်မှာ ဆရာဝန်ဖြစ်ပြီးတော့
အမေရိကန်မှာ ပညာတော်သင်လာသင်တယ်။
ဘွဲ့လွန်ရပြီးတော့ အမေရိကန်ဆေးတက္ကသိုလ်တစ်ခုမှာ စာသင်နေတယ်။
ဘာဖြစ်လို့ဒီပွဲကိုလာသလဲလို့မေးတော့ တစ်ချိန်က သူ့ရဲ့ဖခင်ဟာ
မြန်မာပြည်မှာ သံတမန်ဝန်ထမ်းအနေနဲ့အမှုထမ်းခဲ့ဖူးတယ်။
မြန်မာပြည်ကို ရောက်ခဲ့ဖူးတယ်။ မြန်မာတွေကို စိတ်ဝင်စားတယ်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားလို့လာတာလို့ ဖြေတယ်။
ဆေးတက္ကသိုလ်က သူမရဲ့အုပ်စုတစ်စုလုံး လာကြတယ်လို့ပြောတယ်။
ဒီအဆောက်အဦးကတော်တော် ကြီးတာပဲ။
သီရေတာ(theatre) လို ထိုင်ခုံတန်းတွေကလည်း ပတ်ပတ်လည်မှာ အများကြီး။
ကွန်ပျူတာက စာရင်းကောက်ကြည့်တာ တက်ရောက်လာသူတွေ
ရှစ်ထောင်တော် ကျော်တယ်လို့ သိလိုက်ရတယ်။
၉-နာရီအတိအကျမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရောက်လာတယ်။
လုံခြုံရေးတွေကတော့ အပြည့်ပဲ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ကပေးတဲ့လုံခြုံရေးလို့
တစ်ယောက်ကပြောလိုက်တဲ့အသံကြားလိုက်ရတယ်။
ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တော်ကျက်သရေ ရှိတာပဲ။
ဓာတ်ပုံမှာထက် အပြင်မှာက ပိုပြီး ကြည့်လို့ကောင်းတာကို သတိပြုမိလိုက်တယ်။
တက်ရောက်လာသူတွေကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။
အားလုံးမတ်တတ်ရပ်ပြီးကြွေးကြော်သံတွေကို အော်ဟစ်ပြီး
ကြိုဆိုကြတယ်။
ကျနော်တို့ရဲ့ရှေ့ခုံတန်းမှာ ရှိနေတဲ့ ကဗျာဆရာအောင်ဝေးက ရှေ့ကတိုင်ပေးတယ်။
လူတွေအားလုံးက သံပြိုင်အော်ဟစ်ကြတယ်။
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”
      “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”      
ဒါဟာ ကြိုတင်စီစဉ်ထားတာ မရှိဘူး။
အားလုံးရဲ့ရင်ထဲမှာ တူညီတဲ့သဘောထားတွေရှိတော့
တူညီတဲ့စကားလုံးတွေ ထွက်လာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းလက်ဆောင်ပေးကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထဲမှာ တပွေ့တပိုက်ကြီးဖြစ်နေတယ်။




ပြီးတော့ ဖို့ဝိန်းမြို့တော်ဝန် Tom Henry က အမှာစကားပြောပါတယ်။
မြို့တော်ဝန်ရဲ့အမှာစကားကို အနှစ်ချုပ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့လွတ်မြောက်ရေး
လှုပ်ရှားမှုတွေကို ဆက်ပြီးထောက်ခံသွားမယ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ဖို့ဝိန်းမြို့က လှိုက်လှဲစွာ ကြိုဆိုတဲ့အကြောင်းတွေ ပြောဆိုပြီးတော့
လက်ရှိ ဖို့ဝိန်းမြို့တော်ဝန်တစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ဂုဏ်ပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဖို့ဝိန်းမြို့ကို ရောက်လာခဲ့တဲ့
ဒီနေ့ စက်တင်ဘာလ ၂၅ ရက်နေ့(အင်္ဂါနေ့)ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ်
ကြေညာသွားပါတယ်။
မြို့တော်ဝန်ပြောစကားကို လက်ခုပ်သံတစ်ဖြောင်းဖြောင်းနဲ့
ထောက်ခံကြပါတယ်။
ထူးခြားတဲ့အချက်တစ်ခုက မြို့တော်ဝန်စကားပြောနေတဲ့ကာလတစ်လျှောက်လုံး
ဒေါ်အောင်ဆန်းစုကြည် အာရုံစူးစိုက်ပြီး နားထောင်နေတာကို သတိပြုမိပါတယ်။
နားထောင်တတ်တဲ့အလေ့အကျင်တစ်ခုဟာ
ခေါင်းဆောင်ကောင်းတွေရဲ့အလေ့အကျင့်ကောင်း
တစ်ခုလို့ဆိုချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အလှည့်ရောက်တော့ လူတွေရဲ့သြဘာသံ
ဆူညံစွာ ကြားရပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က စကားကို နည်းနည်းပဲပြောပါတယ်။
အမေးအဖြေကို များများလုပ်ပါတယ်။
မေးတဲ့မေးခွန်းတွေကလည်း တော်တော်ကောင်းပါတယ်။
ဖြေဆိုတဲ့အခါမှာ အစွန်းလွတ်အောင် ဖြေဆိုတာကို သတိပြုမိပါတယ်။
ဒေါသနဲ့အမုန်းတရား ကင်းကင်းနဲ့ဖြေဆိုတော့ အစွန်းလွတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါသနဲ့အမုန်းတရား ကင်းကင်းနဲ့ဖြေဆိုနိုင်တာကို
လေးစားမိပါတယ်။



ဒေါ်အောင်ဆန်းစုကြည်က
“ကိုယ်ရောက်ရာအရပ်မှာ အကောင်းဆုံး  
ပညာတွေကို ရှာယူပြီး တိုင်းပြည်အတွက် အကျိုးပြုနိုင်အောင် ကြိုးစားကြပါ။
ကိုယ့်နိုင်ငံအတွက် အကောင်းဆုံး ပြန်အကျိုးပြုချင်တယ်ဆိုရင်
ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ အဲဒီနေရာဒေသကနေ
အကောင်းဆုံးဆိုတဲ့ ပညာရပ်တွေကို ရှာဖွေ သင်ယူနိုင်အောင် ကြိုးစားရမယ်။
ဒါမှသာ ကိုယ့်နိုင်ငံအတွက်လည်း ပြန်ပြီး အကျိုးပြုနိုင်မှာ ဖြစ်တယ်”တဲ့အမေ။
ကျန်တဲ့အကြောင်းအရာတွေကိုတော့ နောက်နောင်ရေးတဲ့စာမှာပဲ ရေးလိုက်တော့မယ်။
စာရှည်သွားပြီမို့ အမေလည်း ညောင်းရောပေါ့။
အမေ ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။

Thursday, October 4, 2012

"ခိုင်မြဲတဲ့ အချစ်..."





ချစ်တဲ့စိတ်ဟာ စိတ်ချမ်းသာမှုမှာ အခြေခံတယ်။
စိတ်ဆင်းရဲနေရင် မိဘတောင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ မပြောနိုင်ဘူး။
အော်မယ်။ ငေါက်မယ်။ ဆူမယ်။ ရိုက်မယ်။
စိတ်ငြိမ်းချမ်းနေ၊ လွတ်လပ်နေ၊ စိတ်ချမ်းသာနေမှ
မေတ္တာဟာ အလိုလိုဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

တစ်ယောက်ယောက်က ကိုယ့်ကို ချစ်တယ်ဆိုရင် အားရှိသလို ခံစားရတယ်။
ဘာကြောင့်လဲ။
အားငယ်နေလို့ပေါ့။
အားငယ်နေတဲ့သူဟာ အဲဒီအားငယ်စိတ် မပျောက်သရွေ့ တစ်ယောက်ယောက်က
သူ့ကို ချစ်တယ်ဆိုတာကိုမရမက လိုချင်နေတယ်။
သိပ်လိုချင်နေရင် မလွတ်လပ်ဘူး။
လွတ်လပ်မှုမရှိတဲ့အချစ်ဟာ တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့ဖို့
ကြိုးစားမယ့်အချစ်ပဲ။
ကြာရင်နှစ်ဦးလုံး မလွတ်လပ်ဘူးလို့ ခံစားရလိမ့်မယ်။
မပျော်တဲ့အချစ် ဖြစ်လာမယ်။
မလွတ်လပ်ဘူးလို့ ခံစားရရင် သူ့ဘဝကို ကိုယ်က လွှမ်းမိုးပြီး
သူ့ကို ကိုယ်လိုသလို ဖြစ်အောင် လုပ်နေတယ်။
ကိုယ့်ကိုလည်း သူက သူလိုသလို ဖြစ်အောင် လုပ်နေတယ်။
ကိုယ့်ကိုယ်ကိုကိုယ် လိုသလို ဖြစ်အောင်လုပ်နိုင်ဖို့ပဲ ကြိုးစားပါ။
သူများကို လွှမ်းမိုးဖို့ မကြိုးစားပါနဲ့။
စိတ်ဆင်းရဲရလိမ့်မယ်။
ကိုယ့်လွတ်လပ်မှုလည်း ဆုံးရှုံးသွားမယ်။

+++++++++++++++++++++++++++++++++++++

အချစ်ခံချင်လွန်းတဲ့သူကို ဘယ်သူမှ တာရှည် မချစ်နိုင်ဘူး။
ကိုယ်စိတ်ချမ်းသာသလို သူများကိုလည်း စိတ်ချမ်းသာစေချင်တဲ့သူကို
လူအများ ချစ်ကြတယ်။

+++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာတဲ့သူနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုရင်
အဲဒီအချစ်ဟာ ခိုင်မြဲတယ်။

+++++++++++++++++++++++++++++++++++++



ကိုယ်က အဆင်ပြေနေရင် သူများအဆင်ပြေဖို့ကို စဉ်းစားပေးနိုင်တယ်။
ကိုယ်က အဆင်မပြေရင် ကိုယ်အဆင်ပြေဖို့ပဲ စဉ်းစားနိုင်မယ်။
ကိုယ်မှ အဆင်မပြေပဲနဲ့ သူများ အဆင်ပြေဖို့ ဘယ်လိုအကူအညီပေးနိုင်မလဲ။
ကိုယ်မှ လဲနေရာကနေ မထနိုင်ရင် နောက်တစ်ယောက် လဲနေတာကို ဘယ်လိုကူပြီး
ထူမလဲ။

+++++++++++++++++++++++++++++++++++++

ကိုယ်က စိတ်ချမ်းသာနေရင် သူများကို စိတ်ချမ်းသာအောင် အကူအညီပေးနိုင်တယ်။
ကိုယ်က သောကတွေများနေရင် နောက်တစ်ယောက်ရဲ့သောကကို နားတောင်မထောင်ချင်ဘူး။
ဒါကြောင့် ကိုယ်က စိတ်ချမ်းသာအောင်နေတာဟာ သူများအကျိုးကို နည်းအမျိုးမျိုးနဲ့
ဆောင်ရွက်နိုင်ဖို့ ပထမ လိုအပ်ချက်ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++



A happy heart is a loving heart!
ရွှင်လန်းတဲ့စိတ်ဟာ ချစ်တတ်တဲ့စိတ် ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

You cannot feel love toward another unless you are happy.
စိတ်မချမ်းသာတဲ့သူဟာ မချစ်နိုင်ဘူးး။
တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ သူများက သူ့ကို ချစ်တာကို
သိပ်လိုချင်တယ်။  ဒါပေမယ့်…
သူကတော့ ဘယ်သူ့ကိုမှ တကယ် မချစ်ဘူး။

+++++++++++++++++++++++++++++++++++++

အကြောင်းပြချက်မလိုပဲ စိတ်ချမ်းသာအောင်နေတတ်တဲ့သူဟာ
အကြောင်းပြချက်မလိုပဲ ချစ်တတ်တယ်။
ချစ်တယ်ဆိုတဲ့သဘာဝဟာ စိတ်ချမ်းသာမှုဆိုတဲ့မြေမှာ ရှင်သန်တယ်။

+++++++++++++++++++++++++++++++++++++



သူ့ဆီက ဘာမှ မျှော်လင့်စရာ မရှိဘူး။
သူက ကိုယ့်ကို ဘာမှ ပြန်မပေးနိုင်ဘူး။
အဲဒီလိုလူကို ကိုယ်က ဘယ်လိုဆက်ဆံသလဲ။
အဲဒါကိုကြည့်ရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် နေနိုင်တယ်။
မနေနိုင်ဘူးဆိုတာ ပေါ်လွင်တယ်။
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့အခါမှာ
သူ့ဆီက ငါ ဘာရမလဲ ဆိုတာကို တွက်တယ်။
သူ့ဆက်ဆံရေးဟာ ရဖို့ကို အဓိကထားတယ်။
ရဖို့အဓိကထားရင် စိတ်ဓာတ် တကယ်မရင့်ကျက်သေးဘူး။
တကယ် မလွတ်လပ်သေးဘူး။

+++++++++++++++++++++++++++++++++++++

ဥာဏ်ပညာ ရှိတဲ့သူဟာ ကြင်နာတတ်တယ်။
စာနာတတ်တယ်။ ခွင့်လွှတ်တတ်တယ်။
ကြင်နာတတ်တဲ့ နှလုံးသားမရှိရင် လူသားလို့ ဘယ်လို ပြောနိုင်မလဲ။
ကြင်နာတတ်တာ ဥာဏ်ပညာရင့်ကျက်တဲ့သဘော
 စိတ်နေသဘောထားကြီးတဲ့သဘော ဖြစ်တယ်။
ကြင်နာတတ်တဲ့ နှလုံးသားဟာ စစ်မှန်တဲ့ ဥာဏ်ပညာနဲ့ ပြည့်စုံတယ်။
 မကြင်နာတတ်တဲ့သူဟာ ဥာဏ်ပညာရှိတယ်လို့ မဆိုနိုင်ဘူး။           
တခြားအကြောင်းတွေကို ဘယ်လောက်ပဲနားလည် နားလည်
လူကို နားမလည်ရင် ပညာတတ်လို့ မဆိုနိုင်ဘူး။
လူလူချင်း သဘောထားမှန်မှန်နဲ့ ဆက်ဆံနိုင်မှ ပညာတတ်လို့ ဆိုနိုင်မယ်။

+++++++++++++++++++++++++++++++++++++

ဆက်ဆံရေးမရှိရင် ဘဝမရှိနိုင်ဘူး။
ဒါကြောင့် ကောင်းတဲ့ဘဝကို လိုချင်ရင် သဘောထားမှန်မှန်နဲ့
ကောင်းတဲ့ဆက်ဆံရေးကို ပြုစုပါ။
ပန်းပင်တွေကို ပြုစုမှ အပွင့်လှသလို ဆက်ဆံရေးကို ပြုစုမှ
စိတ်ချမ်းသာစရာကောင်းတဲ့ လှပတဲ့ ဆက်ဆံရေး ဖြစ်လာနိုင်တယ်။

+++++++++++++++++++++++++++++++++++++



ကူညီတတ်တာ၊ ကြင်နာတတ်တာ၊ ကိုယ်ချင်းစာတတ်တာဟာ
စိတ်ထားမြင့်မြတ်တဲ့ လက္ခဏာ ဖြစ်တယ်။
စိတ်ချမ်းသာအောင် နေတတ်တာ ပညာရှိတဲ့လက္ခဏာ ဖြစ်တယ်။
ကိုယ်ချင်းမစာတတ်သေးရင် စိတ်ထားမြင့်မြတ်မှု မရှိသေးဘူး။
စိတ်ချမ်းသာအောင်မှ မနေတတ်သေးရင် ဘာပညာမှ မရှိသေးဘူး။

+++++++++++++++++++++++++++++++++++++

ခင်မင်မှုကို ပေးလည်းပေးတတ်တယ်။
ယူလည်းယူတတ်တဲ့သူဟာ မိတ်ဆွေကောင်း ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

သင့်မှာရှိတဲ့ ရွှေငွေတွေက သင့်ကို စိတ်ချမ်းသာမှု မပေးနိုင်တော့တဲ့အခါ
သင့်ကျန်းမာရေးကလည်း မကောင်းတော့တဲ့အခါ
မေတ္တာရဲ့တန်ဖိုးကို သင်သိလာမယ်။
မေတ္တာကို တန်ဖိုးထားပါ။
ဘယ်ဟာကမှ သင့်ကို စိတ်ချမ်းသာမှု မပေးနိုင်တော့တဲ့အခါ
မေတ္တာက သင့်ကို စိတ်ချမ်းသာမှု ပေးလိမ့်မယ်။

+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၄…


 

Tuesday, October 2, 2012

“ ဟေ့..ဒီမှာလာကြည့်ကြပါအုန်း...”




ကျနော်တို့ရွာဟာ ထင်းရူးကျေးရွာ ဖြစ်ပါတယ်။
မီးရထားသံလမ်းဘေးတွင် တည်ရှိတဲ့ ရွာကလေးဖြစ်ပါတယ်။
တစ်ချိန်တုန်းက ကားမရောက်ပါ။
မှောင်ခိုခေတ်က သူဋ္ဌေးတစ်ဦးဖြစ်တဲ့ ဦးမတ်ဟာ သူ့ရဲ့ချမ်းသာမှုကိုပြချင်တာနဲ့
စက်လှေနဲ့ ကားတစ်စီးတင်လာပါတယ်။
ကားကို တစ်ရွာလုံး အသေအချာကြည့်ကြပါတယ်။
မမြင်ဖူးတဲ့အတွက်ကြောင့် ထူးဆန်းနေပါတယ်။
လူကြီးရော၊ကလေးပါ ဝိုင်းကြည့်ကြပါတယ်။
လူကြီးတစ်ဦးက
ကြည့်ပြီးသဘောထားမှတ်ချက်ပေးကြပါတယ်။

အင်း အနက်ရောင်ပဲ

အားလုံးက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြပါတယ်။
နောက်တစ်ယောက်က ကားကို လက်နှင့်ကိုင်ကြည့်ပါတယ်။

အင်း သံနဲ့လုပ်ထားတာပဲ

အားလုံးက ခေါင်းညိတ်ကြပြန်တယ်။

နောက်တစ်ယောက်က အိတ်ဇောပိုက်(exhaust pipe)ကို
လက်နှင့် စမ်းကိုင်ပြီး အော်ပြောလိုက်တာက

ဟေ့..ဒီမှာလာကြည့်ကြပါအုန်း၊
ဒီကောင်က အထီးကြီးကွ

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com