Saturday, August 4, 2012

“ ဈေးပေါလိုက်တာ…”







တစ်ခါတုန်းကပေါ့။ တစ်ခုသော ဒီဇင်ဘာလကာလမှာ 
တာချီလိတ်မှာ အလွန်အေးပါတယ်။
ဂျာကင်တစ်ထည်ကို လက်တွင်ကိုင်လျက်
လမ်းလျှောက်လာတဲ့ လူငယ်တစ်ယောက်ကို 
 ကိုအေးရွှေကမေးတယ်။
မောင်ရင့်လက်ထဲက ဂျာကင်က အင်မတန် လှပါလား၊
ဘယ်ဆိုင်က ဝယ်လာတာလဲ
တစ်လမ်းကျော် တာလော့အထည်ဆိုင်ကြီးကပါ… ”
ဝယ်နေတဲ့လူတွေ အများကြီးလား
တစ်ယောက်မှ မရှိဘူး၊
အရောင်းစာရေးတောင် မရှိဘူး

Friday, August 3, 2012

"ရှာတဲ့နေရာ မှားနေလို့..."



ရှေးရှေးတုန်းက ပညာရှိတစ်ယောက်ရှိတယ်။
တစ်နေ့တော့ အဲဒီပညာရှိဆရာကြီး မီးတိုင်အောက်မှာ တစ်ခုခုကို လိုက်ရှာနေတယ်။
ခေါက်တုန့်ခေါက်ပြန် ရှာတယ်။
တပည့်တွေက “ဒို့ဆရာကြီး ဘာပျောက်လို့ ရှာနေတာလဲမသိဘူး။ ဝိုင်းရှာပေးမယ်” ဆိုပြီး
ဆရာကြီးကို မေးတယ်။
“ဆရာကြီး ဘာရှာနေတာလဲ”
“သော့ပျောက်လို့ ရှာနေတာ” တဲ့။
အဲဒါနဲ့တပည့်တွေကလည်း မီးတိုင်အောက်မှာ သော့ကို ရှာကြတယ်။
တော်တော် နှံ့နှံ့စပ်စပ် ရှာပေမယ့် မတွေ့ဘူး။
ဒါနဲ့ တပည့်တွေက “ဒီနေရာမှာ ကျပျောက်တာ ဆိုရင်တော့ တွေ့လောက်ပါတယ်။
ဒါလောက် ဝိုင်းရှာတာတောင် မတွေ့တော့ ဒီနေရာမှာ ကျပျောက်တာမှ ဟုတ်ရဲ့လား” လို့
တွေးမိပြီးတော့ “ဆရာကြီး သော့က ဘယ်နေရာမှာ ကျပျောက်တာလဲ” လို့ မေးကြတယ်။
ဆရာကြီးက “အိမ်ခန်းထဲမှာ ကျပျောက်တာ” လို့ဖြေတယ်။
ဒီတော့ “ဟာ  ဆရာကြီးကလည်း အိမ်ခန်းထဲမှာ ကျပျောက်တဲ့သော့ကို ဒီမီးတိုင်အောက်မှာ
ရှာလို့ ဘယ်တွေ့နိုင်မှာလဲ” လို့ပြန်ပြောလိုက်တယ်။
ဒီတော့ ဆရာကြီးက “မင်းတို့လည်း စိတ်ချမ်းသာမှုကို မတွေ့နိုင်တဲ့နေရာမှာ ရှာနေကြတယ်။
လူတွေ မြင်ရတဲ့နေရာမှာ ရှာနေကြတယ်။
 စိတ်ချမ်းသာမှုဆိုတာ စိတ်ထဲမှာပဲ ရှိတယ်။
ရှာတဲ့နေရာမှားနေလို့ မင်းတို့ ခုထိ မတွေ့တာပေါ့” တဲ့။

++++++++++++++++++++++++++++++++++++

တစ်ခုခုကို တွေ့ချင်လို့ ရှာတယ်ဆိုရင် ရှာတဲ့နေရာ မှန်ဖို့လိုပါတယ်။
စိတ်ချမ်းသာမှုကို ဘယ်နေရာမှာ ရှာမလဲ။
နေရာမှားနေရင် တွေ့မှာ မဟုတ်ဘူး။
နေရာမှန်က ဘယ်မှာလဲ။
စိတ်ထဲမှာ။
အဲဒီနေရာမှာမှ မတွေ့ရင် တခြားနေရာမှာ မတွေ့နိုင်ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်လို့ ဥာဏ်ရှိသူတွေက အထပ်ထပ်အခါခါ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဥာဏ်မရှိသူတွေ ပြောတာကို ပို ပြီး ယုံလွယ်ကြတယ်။
စိတ်ချမ်းသာမှုဟာ ပစ္စည်းထဲမှာ ရှိတယ်လို့ ဥာဏ်မရှိသူတွေက ပြောကြတယ်။
အာဏာထဲမှာ ရှိတယ်လို့ ပြောကြတယ်။
အဲဒါကို ဥာဏ်မရှိသူတွေ ယုံကြတယ်။
ကျော်ကြားမှုထဲမှာ ရှိတယ်လို့ပြောကြတယ်။
အဲဒါကိုလည်း ယုံကြတာပဲ။
ပစ္စည်းရတယ်။ အာဏာရတယ်။ ကျော်ကြားမှုရတယ်။ စိတ်ချမ်းသာမှုကိုတော့ မရဘူး။
နေရာလွဲနေလို့ တစ်သက်လုံးရှာပေမယ့် မတွေ့ကြဘူး။

++++++++++++++++++++++++++++++++++++


စိတ်ချမ်းသာမှုဟာ ဒီအချိန် ဒီနေရာမှာပဲ ရနိုင်တယ်။
ဒီနေရာမှာ စိတ်ချမ်းသာမှုကို မတွေ့ရင် ဘယ်နေရာမှာတွေ့မယ် ထင်သလဲ။
ဟိုအချိန် ဟိုနေရာမှာ တွေ့မယ်ထင်ပြီး ရှာနေလို့။ စိတ်ချမ်းသာမှုကို
မတွေ့တာပဲ များတယ်။ ရှာတဲ့နေရာ မှားနေလို့။
များသောအားဖြင့် စိတ်ချမ်းသာမှုကို ရှာရင်း စိတ်ဆင်းရဲမှုနဲ့ တွေ့ရတယ်။

++++++++++++++++++++++++++++++++++++

သူက ငါ့ကို စိတ်ချမ်းသာအောင် လုပ်ပေးလိမ့်မယ်လို့  မျှော်လင့်နေရင်
ကိုယ်မျှော်လင့်သလို ဖြစ်တဲ့အခါ ခဏ စိတ်ချမ်းသာမယ်။
အဲဒီလို စိတ်ချမ်းသာနေတဲ့အချိန်မှာတောင် နောင်လည်း ဒီလိုလုပ်ပေးအောင်
ဘာလုပ်ရမလဲဆိုတဲ့စိတ်မအေးရတဲ့ အတွေးရှိနေတယ်။
မကြာမကြာ ကိုယ်မျှော်လင့်သလို မဖြစ်ဘူး။
ဒါကြောင့် မကြာမကြာ စိတ်ဆင်းရဲရပြန်တယ်။

++++++++++++++++++++++++++++++++++++

အခြေအနေတွေ အားလုံး အဆင်ပြေရင် စိတ်ချမ်းသာမယ်လို့ မျှော်လင့်တယ်။
အဲဒီလိုနဲ့ပဲ နှစ်တွေကြာလာပြီ။
အဆင်ပြေတာက နည်းတယ်။
အဆင်မပြေတာက များတယ်။ ဒါကြောင့် စိတ်ချမ်းသာတာက နည်းတယ်။
စိတ်ဆင်းရဲတာက များတယ်။
တစ်နေ့တော့…ဆိုတဲ့ မျှော်လင့်ချက်နဲ့နေနေရတယ်။
အဲဒီတစ်နေ့ဆိုတာ ရောက်မလာဘူး။
သူ့နေရာမှာပဲ သူနေတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာအောင် နေလိုက်မယ် လို့ဆုံးဖြတ်ပါ။
စိတ်ချမ်းသာမှုကို အပြင်မှာ မတွေ့နိုင်ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုနဲ့ စိတ်ဆင်းရဲမှုဟာ ကိုယ်က လက်မခံပဲ မဖြစ်နိုင်ဘူး။
စိတ်ချမ်းသာတဲ့သူဟာ အဲဒီလို ယုံကြည်တယ်။
ငါ့ စိတ်ချမ်းသာမှုထက် ဘယ်အရာကမှ အရေးမကြီးဘူး။
စိတ်ချမ်းသာတဲ့သူဟာ အဲဒီလို နားလည်တယ်။
သဘောပေါက်တယ်။

++++++++++++++++++++++++++++++++++++

ငါ လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီးရင် 
ငါ ဘာကိုမှ ကြောက်စရာ မလိုဘူး။
အားငယ်စရာ ဘာမှ မရှိဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းချမ်းသာသာနဲ့ပဲ အခက်အခဲကို တည့်တည့် ကြည့်မယ်။
 ရင်ဆိုင်မယ်။
အဲဒါ ငါ့ရဲ့ အကြီးမားဆုံး စွမ်းအားပဲ။

++++++++++++++++++++++++++++++++++++


အတိတ်ကို လက်လွှတ်လိုက်ပြီး။
အနာဂတ်အတွက် သောကမရှိဘူး။
ပစ္စုပ္ပန်မှာ ပြည့်ပြည့်ဝဝ နေမယ်။
ဒါပေမယ့် ဆုပ်ကိုင်မထားဘူး။
အဲဒါဟာ ငါ နားလည်တဲ့ စိတ်ချမ်းသာအောင် နေနည်းပဲ။

++++++++++++++++++++++++++++++++++++

မသေချာမှုကို မကြောက်ဘူး။
အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။
ဖြစ်လာတာကို လက်ခံမယ်။

++++++++++++++++++++++++++++++++++++

ငါ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖြစ်ပြီးသားဟာ ဘာမှ မပြောင်းလဲဘူး။
လက်မခံနိုင်ရင် ငါ့အင်အားတွေ ကုန်တာပဲ အဖတ်တင်မယ်။
ဘာဆက်လုပ်ရမလဲ ဆိုတာပဲ အရေးကြီးတယ်။

++++++++++++++++++++++++++++++++++++

ခက်ခဲတဲ့အခြေအနေနဲ့ ကြုံရတဲ့အခါမှာ သတိနဲ့နေပြီး အကောင်းဆုံးအဖြေကို ရှာမယ်။
တည်ငြိမ်တဲ့စိတ်က ငါ့အတွက် အားကိုးစရာ။
ပြဿနာက ငါ့ကို မနိုင်ဘူး။
ငါက ပြဿနာကို နိုင်တယ်။

++++++++++++++++++++++++++++++++++++

သူ့မှာ ဒုက္ခရောက်တုန်း ငါ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေတာဟာ
သူ့ကို မချစ်တာ မငဲ့တာ မဟုတ်ဘူး။
ငါ တည်ငြိမ်အေးဆေးမှ သူ့ကို အကောင်းဆုံး အကြံဥာဏ်ပေးနိုင်မယ်။
သူ့ကို စိတ်ချမ်းသာစေချင်တယ် ဆိုတာလည်း တကယ်တော့ သူ စိတ်ချမ်းသာရင်
ငါလည်း စိတ်ချမ်းသာလို့ပဲ။
ငါ လိုချင်တဲ့ စိတ်ချမ်းသာမှုကို ရတဲ့အတွက် သူက ငါ့အတွက် ဘာမှ လုပ်ပေးဖို့
မလိုတော့ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-(၁၀၂)…



Wednesday, August 1, 2012

"ဟုတ်မှာလဲ လုပ်ပါ သူငယ်ချင်းရယ်..."


တစ်နေ့မှာ
သူငယ်ချင်းနှစ်ယောက်တို့ဟာ တာချီလိတ်မြို့ရဲ့
ဗယ်လင်တိုင်ကော်ဖီဆိုင်မှာ လက်ဖက်ရည်သောက်ရင်း
 စကားပြောနေကြတယ်။

ကိုခင်မောင်ဝင်းက
မင်းပြောပြတဲ့ ဟာသကို ငါ့မိန်းမကို
ငါ ပြောပြလိုက်တာ
အခု ငါ့ကို စကားမပြောတာ တစ်ပတ်ရှိပြီ

ကိုအေးမောင်လတ် ပြန်ပြောလိုက်တာက
ဟာ ဒါ ဟန်ကျတာပေါ့၊
အခု အဲဒီဟာသကို 
 မင်းယောက္ခမကို ထပ်ပြောပြလိုက်... ”


Tuesday, July 31, 2012

" အမေ့ထံသို့ပေးစာများ-၅၀..."



သို့
ချစ်တဲ့အမေ
သားသတိတရ စာရေးလိုက်ပါတယ်။
ဝါသနာပါတဲ့အလုပ်ကိုပြောပါဆိုရင် စာဖတ်တဲ့အလုပ်၊
 စာရေးတဲ့အလုပ်လို့ ပြောရမယ်ထင်တယ်။
ဘာကြောင့်ဆိုတော့ အဲဒီအလုပ်တွေကို လုပ်နေရရင် ပျော်တယ်။
မောရမှန်း မသိ၊ ဆာရမှန်း မသိ၊ အိပ်ရမှန်း မသိ။
ညဖက်ဆိုရင် စာမဖတ်ပဲ အိပ်လို့မပျော်ဘူး။
စာမဖတ်ပဲ အိပ်ရင် တစ်ခုခုလိုနေသလို ခံစားရတယ်။
ဒါကြောင့် စာအုပ်တစ်အုပ်ကို ရှာပြီး ဖတ်လိုက်တော့မှ နေသာထိုင်သာ ရှိသွားတတ်တယ်။
အဲဒါက ဟိုတုန်းက။
အခုတော့ စာအုပ်ရှာချိန်တောင် မရပါဘူး။
ပင်ပန်းလွန်းတော့ စာဖတ်ချိန်လည်း မရတော့ပါဘူး။
အလုပ်က ပြန်လာရင် ရေချိုးတယ်။
ဒီမှာက ရေနွေးနဲ့ရေချိုးရတယ်။
အဲဒီရေနွေးနဲ့ရေချိုးရတာကိုက အရသာတစ်ခုလို ဖြစ်နေတယ်။
ပင်ပန်းတာတွေ ပြေလျှော့သွားတယ်လို့ ခံစားရတယ်။
သက်တောင့် သက်သာဖြစ်တယ်ဆိုလို့ ရေနွေးနဲ့ရေချိုးတာလို့တောင် ပြောရမလိုဖြစ်နေတယ်။
ရေချိုးပြီးရင် ညစာကို စားတယ်။
နောက် အိပ်ရာကနေ တီဗွီကြည့်တယ်။
ဘယ်အချိန် အိပ်ပျော်သွားတယ်ဆိုတာတောင် မသိလိုက်တော့ပါဘူး။
အဲဒါက နေ့တိုင်းလိုလိုဖြစ်နေတယ်။
အမေကပြောဖူးတယ်လေ။
“ရိုးသားရင် နှစ်ခြိုက်စွာ အိပ်ပျော်တယ်။
မရိုးသားရင် ဝဝလင်လင် စားရတယ်” တဲ့။
ငယ်ငယ်တုန်းက “နားမလည်လို့ ရှင်းပြပါ” ဆိုလို့ အမေက
ရှင်းပြတယ်။
“ရိုးသားတော့ ဘာအတွက်မှ မကြောင့်ကြရဘူး။
မဖုံးရ၊မဖိရဘူး။
မတွေးတောရဘူး။
ဥာဏ်မများရဘူး။
အပို မပြောရဘူး။
အိပ်ပြီးဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရော။
ခိုးစားတော့… ဝဝလင်လင်တော့ စားရပါရဲ့။
ဒါပေမယ့်…
ကြောင့်ကြရတယ်။ တွေးတောရတယ်။
ဖုံးဖိရတယ်။ ဥာဏ်များရတယ်။ အပို ပြောရတယ်။
အဲဒါတွေက အိပ်တဲ့အခါ အနှောင့်အယှက် ဖြစ်စေတယ်။
အိပ်လို့မရစေဘူး။
သားတို့ရယ်…
ခိုးလို့ ချမ်းသာတယ်ဆိုတာ မရှိပါဘူး။ ဆင်းရဲတယ်လို့သာ ရှိတာပါ။
ဝဝလင်လင် မစားရပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက ပိုကောင်းပါတယ်။
ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်လည်း ကောင်းကောင်းတော့ စားရပါတယ်” လို့
အမေက ဆုံးမခဲ့တယ်လေ။
အမေ ပြောသလို သားနေထိုင်ခဲ့ပါတယ်။
ဒါကြောင့်ထင်ပါရဲ့။ သားကောင်းကောင်း အိပ်ပျော်တယ်။
သား အစားကို မမက်မောလှပါဘူး။
ကျောင်းသားဘဝကတည်းက အခုထိ အဝလွန်တာလည်း မရှိခဲ့ပါဘူး။
ပေါင်ချိန် ၁၄၀-နဲ့ ၁၅၀ ကြားမှာပဲ နှစ်ပေါင်းများစွာ ရှိနေတာကိုက သက်သေပါ။
ဒီရောက်လည်း ဒီအတိုင်းပါပဲ။



သားတို့အလုပ်က ဒီရာသီမှာ အလုပ်ပါးတယ်ဆိုပြီး
အလုပ်နားရက် နှစ်ရက်ပေးတယ်။
ဒါလည်း သားအဖို့ ကောင်းတာပါပဲ။
ကောင်းကောင်းနားရတာပေါ့။
အလုပ်နားရက်မှာ စိတ်ချမ်းသာတဲ့အလုပ်တွေ ရှာလုပ်ခွင့် ရတာပေါ့လေ။
အလုပ်နားရက်မှာ သားသွားတတ်တဲ့နေရာတွေကတော့
စာကြည့်တိုက်။
သားတို့နေထိုင်တဲ့လင်စင်းကောင်တီမှာ စာကြည့်တိုက်ပေါင်း (၁၃)ခုတောင်
ရှိတယ်။ အနီးဆုံးစာကြည့်တိုက်ကိုတော့ အသွားများတာပေါ့။
ဒါပေမယ့်လည်း အခြားစာကြည့်တိုက်တွေကိုလည်း သွားဖြစ်ခဲ့ပါတယ်။
စာကြည့်တိုက်တစ်ခုမှာသာ စာကြည့်တိုက်ကဒ်ပြားလုပ်ထားရင်
ကျန်တဲ့စာကြည့်တိုက်မှာလည်း ငှားရမ်းလို့ရတယ်။
စာအုပ်တွေ၊ ဗီဒီယိုခွေ၊သီချင်းခွေတွေ ငှားဖြစ်တယ်။
ပြန်အပ်တာကြတော့ ကြိုက်တဲ့နေရာမှာ ပြန်အပ်လို့ရတယ်။
စာကြည့်တိုက်အများစုကတော့ စာသင်ကျောင်းတွေနဲ့နီးတဲ့နေရာမှာ ရှိတာကို
သတိထားမိတယ်။
ကျောင်းသူ၊ကျောင်းသားတွေကို စာဖတ်တဲ့ဝါသနာပါစေချင်ပုံပဲ။
မိဘတွေကလည်း စာကြည့်တိုက်ကိုလာတဲ့အခါ သားသမီးတွေကို ခေါ်လာတတ်ကြတယ်။
စာကြည့်တိုက်တိုင်းမှာ ကလေးစာဖတ်ခန်းဆိုတာ ရှိတယ်။
ကလေးစာအုပ်တွေလည်း အများကြီးပဲ။
ကလေးငယ်တွေ အတွက် ကစားစရာ အမျိုးမျိုးလည်း ထားပေးတယ်။
ကလေးလေးတွေ ကစားဖို့၊နှိပ်ဖို့ ကွန်ပျူတာတွေလည်း အများကြီးပဲ။
ကလေးတွေ စာကြည့်တိုက်မှာ ပျော်အောင် စီစဉ်ပေးတဲ့သဘောလို့ယူဆရတာပဲ။
စာအုပ်ကိုချစ်တတ်အောင်၊ ကွန်ပျူတာကို ကျွမ်းကျင်အောင်လို့
စံနစ်တကျကို စီစဉ်ပေးထားတယ်။
“စာကြည့်တိုက်ဆိုတာ တစ်နေရာထဲမှာကို
တကမ္ဘာလုံးကို အလည်အပတ်သွားနိုင်တဲ့နေရာတစ်ခု” လို့
ဆရာတစ်ယောက်ကပြောဖူးတယ်။
စာကြည့်တိုက်မှာ ပျော်တဲ့ကလေး၊
စာအုပ်တွေကို ချစ်တတ်တဲ့ကလေး၊
ကွန်ပျူတာ ကျွမ်းကျင်တဲ့ကလေး၊
ကြီးလာရင် ဘာဖြစ်မလဲလို့မှန်းဆကြည့်နိုင်ပါတယ်။
နိုင်ငံရေးသမားတစ်ဦးကပြောတာ ကြားဖူးတယ်။
“စာကြည့်တိုက် ကြီးကြီးလာတာနဲ့အမျှ ထောင်တွေ သေးသေးသွားလိမ့်မယ်တဲ့” အမေရဲ့။
နောက် ကျနော် သွားတတ်တဲ့နေရာတစ်ခုက စာအုပ်ဆိုင်။
SCHULER BOOK SHOP ဆိုတဲ့စာအုပ်ဆိုင်ကတော့ ကျနော်တို့မောလ်မှာလည်း ရှိတယ်။
ကြီးသလားလို့မမေးနဲ့။
ကျနော်တို့အခု အလုပ်လုပ်နေတဲ့စားသောက်ဆိုင်ထက်
အဆ ၂၀-ထက်တောင် ပိုကြီးမယ်ထင်တယ်။
စာအုပ်တွေကလည်း များသလားလို့မမေးနဲ့။
များမှများပဲ။
နောက်ဆုံးပေါ် စာအုပ်တွေလည်း စုံမှစုံ။
အင်း…စာအုပ်ရောင်းတဲ့လုပ်ငန်းက ဒီလောက်ကြီးတယ်ဆိုရင်
ဒီလုပ်ငန်းဟာ တော်တော်စီးပွားဖြစ်တဲ့သဘောပဲ။
လူတွေဝင်ထွက်သွားလာနေတာလည်း အများကြီးပဲ။
အရောင်းကောင်တာဆိုရင်လည်း သုံးလေးခုလောက် ရှိတယ်။
ရောင်းရလို့ထားထားတာပေါ့နော်။
အဲဒီစာအုပ်ဆိုင်မှာ လူတိုင်းလက်ခံနိုင်တဲ့ သီချင်းအေးအေးလေးကို ဖွင့်ထားတယ်။
နောက်တစ်ခု ထူးခြားတာက နေရာအနှံအပြားမှာ ဆက်တီတွေ၊ ရိုးရိုးထိုင်ခုံတွေ
ထားပေးထားတယ်။ ကိုယ်ပိုင်စာကြည့်ခန်းထဲမှာ စာဖတ်နေရသလိုကို ခံစားမိတယ်။
စာအုပ်တွေ ဈေးနှုန်းက မကြီးလှပါဘူး။
ဝယ်မယ်ဆိုရင် ဝယ်နိုင်ပါတယ်။
အားလုံးဟာ တစ်ရာအောက်မှာချည်းပါပဲ။
ဒါပေမယ့် မဝယ်ဖြစ်ပါဘူး။
ချွေတာနေရတဲ့အချိန်ဆိုတော့ ဒါလည်း ချွေတာရေးပါပဲ။
မြန်မာပြည်ပြန်တဲ့အခါ ဝယ်သွားရမယ့်စာအုပ်စာရင်းကို ပြုစုနေတာလို့ပြောရင်
ပိုမှန်မယ်ထင်တယ်။
ကြိုက်သလောက် ဖတ်ခွင့်ရနေမှတော့ လောလောဆယ် ဘာဖြစ်လို့ဝယ်မှာလဲ။
ဒီမှာလည်း ကလေးတွေ အများကြီးကို တွေ့ရတယ်။
မိဘတွေက ခေါ်လာကြတာလေ။
ကြိုက်တာကို ဝယ်ပေးတယ်။
ကလေးတွေကပျော်တာပေါ့။
ကလေးစာပေတွေကလည်း အများကြီးပဲ။
စာအုပ်တစ်အုပ်ကို သန်းနဲ့ချီပြီး ရိုက်နှိပ်ရတယ်လို့ သိရတယ်။
တော်တော်ကြီးတဲ့ဈေးကွက်ပဲ။
အောင်မြင်တဲ့စာရေးဆရာဖြစ်ရင်ကိုပဲ သန်းကြွယ်သူဋ္ဌေးဖြစ်နိုင်တယ်။
ဒါကြောင့် သူတို့တွေဟာ ဝါသနာပါရာနောက်ကို အတင်းဖိလိုက်နေရော့သလား။
နောက် ကျနော်သွားတတ်တဲ့နေရာတစ်ခုက Best Buyဆိုတဲ့
အလက်ထရော့နစ်တွေ ရောင်းတဲ့ဆိုင်။
အဲဒီဆိုင်ကလည်း ကျနော်အလုပ်လုပ်တဲ့မောလ်နဲ့နီးနီးလေး ။
နောက်ဆုံးပေါ် ကွန်ပျူတာတွေ၊
နောက်ဆုံးပေါ် ကင်မရာတွေ၊
နောက်ဆုံးပေါ် အလက်ထရော့နစ်ပစ္စည်းတွေကို သွားငမ်းတာပါအမေရယ်။
သရေကျတယ်လို့ပြောရမလား။
လောလောဆယ်တော့ မဝယ်ဖြစ်သေးပါဘူး။
တေးမှတ်ထားလိုက်တယ်။
အလုပ်လုပ်နေရင် ဒေါ်လာက ရနေတာပဲ။
ဒေါ်လာတွေ ပိုလျှံလာတဲ့တစ်နေ့မှာ ဝယ်မယ်လို့တေးမှတ်ထားလိုက်တယ်။
ဒါကလည်း မဖြစ်နိုင်စရာမှ မရှိတာပဲ။
အဲဒီနေရာတွေဆီကို သွားရင် စိတ်ချမ်းသာရတယ်။
ပျော်စရာလည်းကောင်းတယ်။
ငွေကုန်ကြေးကျလည်း မများဘူး။
သူများလည်း မထိခိုက်ဘူး။
ကိုယ့်ကိုယ်ကိုယ်လည် မထိခိုက်ဘူး။
အဲဒါကြောင့် အဲဒီနေရာတွေကို မကြာခဏ သွားဖြစ်တယ်။
ကဲ…အမေရေ
ကျန်းမာရေးကို ဂရုစိုက်အုန်းနော်။
ကျနော်တို့မိသားစုလည်း ကျန်းမာကြပါတယ်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၇-၃၁-၂၀၁၂


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com