Saturday, July 28, 2012

"စိတ်ချမ်းသာတဲ့သူ များတဲ့နိုင်ငံဟာ ပိုပြီး တိုးတက်တယ်..."



                            
စိတ်ချမ်သာမှုအကြောင်းကို ပြောတဲ့သူ လေ့လာတဲ့သူတွေ များလာတယ်။
ကောင်းတဲ့လက္ခဏာပဲ။ ရှုထောင့် အမျိုးမျိုးကနေ လေ့လာဖို့၊ဆွေးနွေးဖို့ လိုတယ်။
တစ်ဦးတစ်ယောက်ထဲရဲ့အမြင်ဟာ ပြည့်စုံတဲ့အမြင် မဖြစ်နိုင်ဘူး။
ဘာသာရေးရှုထောင့်၊ စိတ်ပညာရှုထောင့်၊ ကျန်းမာရေးရှုထောင့်၊
နိုင်ငံရေးရှုထောင့်၊ အဲသလို ရှုထောင့်ပေါင်းစုံကနေ စဉ်းစားသင့်တယ်။

+++++++++++++++++++++++++++

ü  စိတ်ချမ်းသာတဲ့သူဟာ မကောင်းမှုလုပ်တာ နည်းတယ်။
ဘာသာရေးဘက်ကနေ ကြည့်ရင် စိတ်ချမ်းသာတာဟာ ဘာသာရေးလို့ပြောနိုင်တယ်။
ဘာသာရေးရဲ့ရည်ရွယ်ချက်ဟာ လူတွေ စိတ်ချမ်းသာဖို့ပဲ ဖြစ်တယ်။
စိတ်ဆင်းရဲအောင်လုပ်တဲ့ ဘာသာရေးဟာ မှားနေတဲ့ဘာသာရေး ဖြစ်တယ်။

+++++++++++++++++++++++++++

ü  စိတ်ချမ်းသာတဲ့သူဟာ ဆက်ဆံရေး ပိုကောင်းတယ်။
လူမှုရေးဘက်ကနေ ကြည့်ရင် စိတ်ချမ်းသာတာဟာ လူမှုရေးလို့ပြောနိုင်တယ်။
လူတွေ စိတ်ချမ်းသာနေရင် တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး ပိုကောင်းတယ်။
စိတ်ချမ်းသာနေတဲ့သူဟာ အများကို ကူညီချင်စိတ် ပိုရှိတယ်လို့ စိတ်ပညာရှင်များ
သုတေသနလုပ်ပြီး သိရတယ်။
ဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်ချမ်းသာအောင် ထားတတ်တဲ့ သူဟာ လူမှုရေှး ပိုပြီး
အကျိုးပြုနိုင်တဲ့သူ ဖြစ်တယ်။ ကိုယ့်အတွက်လည်း ကောင်း အများအတွက်လည်းကောင်း
တယ်။ ဒါကြောင့် စိတ်ချမ်းသာမှုဟာ လူမှုရေးလို့ ဆိုနိုင်တယ်။

 +++++++++++++++++++++++++++

ü  စိတ်ချမ်းသာတဲ့သူဟာ စီးပွားရေး ပိုကောင်းတယ်။
စီးပွားရေးဘက်ကနေ ကြည့်ရင် စိတ်ချမ်းသာတာဟာ စီးပွားရေးလို့ ပြောနိုင်တယ်။
ပျော်ပျော်ရွှင်ရွှင် ဈေးရောင်းတဲ့သူဆီက ပိုပြီး ဝယ်ကြတာဟာ သဘာဝပါပဲ။
သုတေသနပြုချက်အရလည်း မှန်ကန်တာကိုတွေ့ရတယ်။
ဈေးဝယ်လာတဲ့သူကို စိတ်ချမ်းသာအောင် ပြောနိုင်ရင် ပိုရောင်းရတယ်။
အိမ်ပဲရောင်းရောင်း၊ ကားပဲရောင်းရောင်း၊ ဆန်ပဲရောင်းရောင်း၊
ဘာရောင်းရောင်း ပျော်ပျော်ရွှင်ရွှင်ရောင်းပါ။
ပိုရောင်းရပါလိမ့်မယ်။

+++++++++++++++++++++++++++
 

ü  စိတ်ချမ်းသာတဲ့သူဟာ ကျန်းမာရေး ပိုကောင်းတယ်။
ကျန်းမာရေးဘက်ကနေ ကြည့်ရင် စိတ်ချမ်းသာတာဟာ ကျန်းမာရေးလို့ ပြောနိုင်တယ်။
စိတ်ဆင်းရဲနေတဲ့ ဆရာဝန်ဆီမှာ ဆေးမကုပါနဲ့လို့ ဆေးပညာရှင်များက ပြောတယ်။
ဆရာဝန်က စိတ်ဆင်းရဲနေရင် လူနာကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
ဆရာဝန်ကောင်းဆိုတာ လူနာကို စကားပြောရုံနဲ့ ရောဂါတစ်ဝက် သက်သာစေနိုင်ရမယ်။
လူနာရဲ့စိတ်ကို သောက နည်းအောင်၊ အားတက်အောင်၊
 စိတ်ချမ်းသာအောင် မပြောတတ်သေးရင်
ဆရာဝန်ကောင်း မဖြစ်သေးဘူး။
လူနာကို စိတ်ဆင်းရဲအောင်ပြောတဲ့ဆရာဝန်ကို တရားစွဲလို့ ရတယ်။

ကိုယ့်စိတ်ကိုမှ ကိုယ် စိတ်ချမ်းသာအောင် မထားတတ်သေးတဲ့ ဆရာဝန်ဟာ
လူနာကို စိတ်ချမ်းသာအောင် ဘယ်လို လုပ်မလဲ။
ဒါကြောင့် ဆရာဝန်တွေဟာ စိတ်တည်ငြိမ်အေးချမ်းအောင် လုပ်သင့်တယ်။
ဆရာဝန်တွေဟာ စိတ်ပညာကို လေ့လာသင့်တယ်။

ကျန်းမာရေးမကောင်းတဲ့သူဟာ စိတ်လည်း နည်းနည်း နေမကောင်းဘူး။
စိတ်ကိုပါ တတ်နိုင်သလောက် ချမ်းသာအောင် ပြုပြင်ပေးနိုင်ရင် မြန်မြန်နေကောင်းလာမယ်။
ဒါကြောင့် စိတ်ချမ်းသာမှုဟာ ကျန်းမာရေးလို့ ပြောနိုင်တယ်။

+++++++++++++++++++++++++++

ü  စိတ်ချမ်းသာတဲ့သူဟာ ဥာဏ်ပိုကောင်းတယ်။
ပညာရေးဘက်ကနေ ကြည့်ရင် စိတ်ချမ်းသာတာဟာ ပညာရေးလို့ ပြောနိုင်တယ်။
စိတ်ဆင်းရဲနေတဲ့ ဆရာ၊ဆရာမဆီမှာ စာမသင်ပါနဲ့။
တတ်မှာ မဟုတ်ဘူး။
ကျောင်းသူ၊ ကျောင်းသားတွေကို စိတ်ဆင်းရဲအောင်လုပ်တဲ့ ဆရာ၊ ဆရာမတွေဟာ
ဆရာ၊ ဆရာမ မပီသသေးဘူး။
စာသင်ရတာ မပျော်တဲ့ဆရာ၊ဆရာမတွေဟာ ဆရာ၊ဆရာမ မလုပ်သင့်ဘူး။
ဆရာ၊ဆရာမတွေက စာသင်ရတာ မပျော်ရင် ကျောင်းသူ၊ ကျောင်းသားတွေက
ပညာသင်ရတာ ဘယ်မှာပျော်တော့မလဲ။
ဒါကြောင့် ဆရာ၊ဆရာမတွေဟာ စိတ်ချမ်းသာအောင် နေရမယ်။
ဆရာ၊ဆရာမတွေကော ကျောင်းသူ၊ကျောင်းသားတွေပါ ပျော်မှ
ပညာရေး ပိုကောင်းလာမယ်။
သင်ပေးရတဲ့ဘာသာရပ်ကို သင်ပေးတဲ့ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေပါ
စိတ်ဝင်စားမှ ပျော်စရာကောင်းတယ်။
ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသား ဆက်ဆံရေးကောင်းမှ ပျော်စရာကောင်းတယ်။

 +++++++++++++++++++++++++++

ü  စိတ်ချမ်းသာတာဟာ နိုင်ငံရေးလည်း ဖြစ်တယ်။
အစိုးရဟာ နိုင်ငံသားတွေရဲ့ စိတ်ချမ်းသာမှုကို အလေးထားရမယ်။
စိတ်ချမ်းသာတဲ့သူ များတဲ့နိုင်ငံဟာ ပိုပြီးတိုးတက်တယ်။
နိုင်ငံသူ၊ နိုင်ငံသားတွေ မျှော်လင့်ချက်တွေပြည့်ပြီး စိတ်အား ထက်ထက်သန်သန်နဲ့
လုပ်ကြမှ နိုင်ငံ တိုးတက်မယ်။
မျှော်လင့်ချက်သိပ်မရှိရင် စိတ်အားထက်သန်မှု မရှိဘူး။
မပျော်ဘူး။ မပျော်ရင် အလုပ်တွေကို ပိုကောင်းအောင် မလုပ်နိုင်ဘူး။
ကိုယ့်အကျိုးလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။
သူများအကျိုးလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။
စိတ်ချမ်းသာနေရင် လုပ်စရာရှိတာကို လိုလိုချင်ချင် လုပ်တယ်။
လိုလိုချင်ချင်လုပ်ရင် ကောင်းကောင်းမွန်မွန် လုပ်ဖြစ်တယ်။

မယုံရရင် စိတ်ဆင်းရဲတယ်။
မမျှတရင် စိတ်ဆင်းရဲတယ်။
ယုံကြည်ရမှ စိတ်ချတယ်။
စိတ်ချလက်ချလုပ်ရမှ အားသွန်ပြီး လုပ်နိုင်တယ်။
ဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေမှာ စိတ်ချလက်ချ ယုံယုံကြည်ကြည် လုပ်နိုင်အောင်
စီစဉ်နိုင်ရင် နိုင်ငံသူ၊ နိုင်ငံသားတွေ စိတ်ချမ်းသာမယ်။
နိုင်ငံလည်း တိုးတက်မယ်။

စိတ်ချမ်းသာတဲ့သူဟာ မလုပ်သင့်တာကို မလုပ်ဘူး။
များသောအားဖြင့် ဒုစရိုက်ကို လုပ်ကြတဲ့သူတွေဟာ စိတ်မချမ်းသာတဲ့သူတွေပဲ။
စားဝတ်နေရေး အဆင်ပြေရင် ဆက်ဆံရေးအဆင်ပြေရင် ကောင်းကောင်းမွန်မွန် နေတယ်။
ဒါကြောင့် စားဝတ်နေရေး အဆင်ပြေအောင် စီစဉ်နိုင်ရင် စိတ်ချမ်းသာမယ်။
ကောင်းကောင်းနေမယ်။ အကျိုးပြုမယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့ (၁၀၁)  

 

Friday, July 27, 2012

"အမေ့ထံသို့ ပေးစာများ-၄၉..."



သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ ကျန်းမာတယ်ဆိုတာ သိရတော့ ဝမ်းသာရတယ်။
ဒီမှာတော့ နွေရာသီ ကာလပေါ့။
နေ့တာ ရှည်လိုက်တာ။
ည ၉-နာရီပတ်ဝန်ကျင်မှ နေဝင်တယ်။
ည ၉-နာရီခွဲအထိ နေရောင်ခြည်ကို တွေ့နေရတုန်းပါပဲ။
မြန်မာပြည်မှာဆိုရင် ညနေ ၆-နာရီလောက်ဆိုရင် နေဝင်ပြီ။
ည ၉-နာရီဆိုရင် အချို့ဆိုရင် အိပ်ရာဝင်ပြီ။
အချို့ဆိုရင် တစ်ရေးတောင် ရနေလောက်ပြီ။
ဒီမှာတော့ ည ၉-နာရီမှ အလုပ်သိမ်းတယ်။
တစ်ရံတစ်ခါ ဆိုရင် အိမ်ပြန်ရောက်မှ ညစာ စားရတယ်။
အဲဒီအချိန်ဆိုရင် ည၁၀-နာရီကျော်နေပြီ။
အလုပ်သိမ်းတာနဲ့ ချက်ချင်းပြန်ရတာတော့ မဟုတ်ပါဘူး။
ရှေ့ဖက် ဆိုဒ်(Site) ဆိုရင် ကွန်ပျူတာလုပ်ငန်းနဲ့ ငွေသိမ်းတဲ့အလုပ်ကို လုပ်ရတယ်။
အဓိက အလုပ်က အရောင်းဆိုတော့ ငွေကြေးရှင်းတမ်းကို လုပ်ပေးရတယ်။
အမှားအယွင်း မရှိအောင်လုပ်ရတယ်ဆိုတော့ ဂရုစိုက်လုပ်ရတယ်။
ပိုနေတဲ့အစားအသောက်တွေကိုတော့ လွှင့်ပစ်ရတယ်။
လုပ်သက်ရင့်နေတဲ့ ချင်းအမျိုးသား ဝန်ထမ်းတစ်ယောက်က ပြောဖူးတယ်။
တစ်နေ့တစ်နေ့ လွှင့်ပစ်ရတဲ့အစားအသောက်ရဲ့တန်ဖိုးကို ခန့်မှန်းကြည့်ရရင်
ဒေါ်လာ ၂၀၀-ဖိုးလောက်ရှိတယ်တဲ့။
နှမြောစရာတော့ ကောင်းတာပေါ့လေ။
ခက်တာက ဒီမှာက နောက်တစ်နေ့ ပြန်သုံးလို့မှ မရတာ။
ကျန်းမာရေး စစ်ဆေးသူတွေကလည်း ခွင့်မပြုဘူး။
စားသုံးသူကလည်း လူတွေပဲဟာ နောက်တစ်နေ့အကျန်ဆိုတာ သိနိုင်တာပေါ့။
ဒီတော့ သိသွားခဲ့ရင် နောက်ဘယ်လာတော့မလဲ။
ဒါကြောင့် လွှင့်ပစ်ရတာပေါ့။
အမေက ပြောဖူးတယ်။
“အစားအသောက်တစ်ခုခုဟာ
ကိုယ့်အတွက် အသုံးမဝင်တော့ပေမယ့် အခြားသူတွေအတွက်
အသုံးဝင်နိုင်တယ်။
ဒါကြောင့် အသုံးပြုနိုင်တဲ့အခြားသူတွေကို ရှာဖွေပြီး ပေးကမ်း စွန့်ကြဲဖို့
မမေ့ပါနဲ့”ဆိုတဲ့စကား။
အမေက ပြောသလို ကျနော် တို့ညီအကို မောင်နှမတွေကို လုပ်ပြခဲ့တယ်။
အမေရဲ့သွန်သင်မှုကြောင့် ကျနော်လည်း လုပ်ဖြစ်ခဲ့တယ်။
ကျနော် ဖါးကန့်မှာနေတုန်းက စားစရာတွေ ပိုလျှံနေတဲ့အခါ
အဲဒီစားစရာတွေကို သေသေချာချာ ထုတ်ပိုးပြီး
အိမ်တိုင်မှာဖြစ်ဖြစ်၊ သစ်ပင်တစ်ပင်ရဲ့အကိုင်းမှာဖြစ်ဖြစ်
ချိတ်ထားတတ်တယ်။
ဒီတော့ ဖိုးသမားတွေများလှတဲ့ဖါးကန့်မှာ အသုံးပြုနိုင်တဲ့ဖိုးသမားတွေအတွက်
အသုံးဝင်သွားတာပေါ့။
တာချီလိတ်မြို့မှာနေတော့ ပိုလျှံတဲ့အစားအသောက်တွေကို
ခွက်တစ်ခုခုမှာ ကောင်းကောင်းမွန်မွန်ထည့်ပြီး
ဘေးပတ်ဝန်ကျင်က ခွေးတွေ ကိုကျွေးတတ်တယ်။
တာချီလိတ်မှာက ခွေးတွေ ပိုပေါတယ်။
ဒီတော့ ကိုယ့်အတွက် အသုံးမဝင်တော့ပေမယ့် ခွေးတွေအတွက် အသုံးဝင်သွားတာပေါ့။
ဒီလိုပဲ လုပ်ခဲ့တာဟာ ရောက်တဲ့နေရာတိုင်းမှာ လိုလိုပါပဲ။
ခက်တာက ဒီမှာက လမ်းဘေးခွေးတွေ မရှိဘူး။
ခွေးတိုင်းမှာ ပိုင်ရှင်တွေ ရှိတယ်။
ပိုင်ရှင်မဲ့တဲ့ခွေး မရှိတော့ ပိုလျှံတဲ့စားစရာတွေကို ကျွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။
"ဆင်းရဲတဲ့လူတွေကို ကျွေးပါလား" လို့ အမေက မေးခဲ့ရင်
ဒီမှာက စားစရာ မရှိလောက်အောင် ဆင်းရဲသူတွေ မရှိသလိုပဲ။
အလုပ်လုပ်တဲ့ လူတိုင်း စားနိုင်၊သောက်နိုင်ကြတယ်။
အလုပ်မရှိရင် အစိုးရက ထောက်ပံ့တယ်။
စားစရိတ်ကလည်း မကြီးဘူး။
လိုအပ်ရင် အစိုးရက ထောက်ပံ့တော့ လူတိုင်းစားနိုင်သောက်နိုင်သလိုဖြစ်နေတာပေါ့။
တစ်နေ့တော့ သန့်ရှင်းလုပ်နေတဲ့ဝန်ထမ်း တရုပ်အဖိုးကြီးတစ်ယောက်ကိုတွေ့တယ်။
ခင်မင်လာတော့ သူ့ကို ကျနော်အလုပ်လုပ်နေတဲ့တရုပ်အစားအစာတွေကို
"ယူမလား" လို့မေးမိတယ်။
တရုပ်အဖိုးကြီးဆိုတော့ တရုပ်အစားအစာကို ကြိုက်မှာပေါ့။
ကျနော်တို့တောင် လက်ဖက်သုတ်၊ မုန့်ဟင်းခါးကို ကြိုက်လွန်းလို့
ဒေါ်လာနဲ့တောင် အကုန်အကျခံပြီး ဝယ်စားသေးတာပဲ။
ဒါနဲ့ပဲ ည ၉-နာရီကျော်တော့ သွန်ပစ်မယ့်အစားအစာတွေကို
တရုပ်အဖိုးကြီးကို ပေးဖြစ်သွားတယ်။
တရုပ်အဖိုးကြီးကလည်း တန်ဖိုးထားပြီး ယူတယ်။ စားတယ်။
ဒီတော့ ပေးဖြစ်တယ်ဆိုပါတော့။
ကိုယ်လုပ်နိုင်တဲ့အလှူတစ်ခုဖြစ်လို့ ပီတိဖြစ်လို့မဆုံးသေးပါဘူး။
နောက်ဆိုဒ်မှာ အလုပ်လုပ်တဲ့ ပဲ (မစ်စီကန်)နှစ်ကောင်က ပေးတာကိုမကြိုက်ဘူး။
(မစ်စီကန်တွေက ပဲကို သိပ်စားကြတော့ ပဲလို့ခေါ်ကြတယ်)
သူတို့ပြန်ချိန် နှစ်မိနစ်၊သုံးမိနစ်နောက်ကျတာကိုလည်း မကြိုက်တာလား။
ဒါမှမဟုတ် သဒ္ဓါတရားပဲ နည်းတာလား မပြောတတ်ပါဘူး။
အဲဒီကိစ္စကို ပုံကြီးချဲ့ပြီး ပိုင်ရှင်ကို တိုင်တယ်။
နောက်ဆုံးတော့လည်း ပိုလျှံတဲ့အစားအစာဟာ အမှိုက်ပုံးထဲရောက်သွားတာပေါ့
အမေ။
ချမ်းသာတဲ့နိုင်ငံကျတော့လည်း
ပိုလျှံတာကို လွှင့်ပစ်တာကို သဘောကျနေရော့သလား။
ကျနော်တို့နိုင်ငံမှာဆိုရင် နေ့စဉ်နေ့တိုင်း အလှူဖြစ်နိုင်တဲ့ကိစ္စမျိုး။
တစ်ခါတစ်လေကျတော့လည်း နားမလည်နိုင်ဘူး။
ယဉ်ကျေးမှုမတူတဲ့လူတွေနဲ့ဆက်ဆံရတာ တစ်ခါတစ်လေ
စိတ်ပျက်စရာ ကောင်းလှတယ်။
အရာရာကို ငွေကြေးနဲ့တိုင်းတာတယ်။
ငွေကြေးတစ်စုံတစ်ရာ မရရင် ဘာမှ အပိုမလုပ်ချင်ကြဘူး။
သွန်ပစ်မယ့် အစားအစာကို အခြားသူတွေကို ပေးတာ
သူတို့ဘာနစ်နာတာမှတ်လို့။

+++++++++++++++++++++++++++ 


ကျနော့်ကွန်ပျူတာကလည်း အသက်ကြီးလာလို့လားမသိပါဘူး။
နည်းမျိုးစုံ ဒုက္ခပေးလာတယ်။
ပိတ်ရက်မှာ အားခဲပြီး စားရေးမယ်။စာဖတ်မယ်။ဘလော့တင်မယ်
လုပ်တိုင်း လုပ်လို့မရအောင် တစ်နည်းမဟုတ်တစ်နည်း
ဒုက္ခပေးတယ်။
ကွန်ပျူတာပြင်နေရတာနဲ့ ဘာမှမလုပ်ဖြစ်တာများတယ်။
ပြင်လို့မရပြန်တော့ ပြင်တတ်တဲ့သူဆီသွားရတာလည်း အဝေးကြီးပါပဲ။
ဝေးလည်း မတတ်နိုင်ပါဘူး။ သွားရတာပဲ။
ကွန်ပျူတာက နေ့စဉ်ဘဝမှာ
မရှိမဖြစ် လိုအပ်တဲ့အရာဝတ္ထုတစ်ခုဖြစ်မှန်းမသိဖြစ်လာတယ်။
အသစ်တစ်လုံးဝယ်ဖို့ချိန်ဆနေတာလည်း ကြာလှပြီ။
အခြားအရေးကြီးတာတွေ ဦးစားပေးနေရတာနဲ့ မဝယ်ဖြစ်ဘူး။
အဟောင်းကိုပဲ လှည့်ပတ်သုံးနေရတယ်။
ကွန်ပျူတာဈေးနှုန်းက မကြီးပါဘူး။
မချိန်ဆဘူးဆိုရင် ဝယ်ဖြစ်တာ ကြာလှပြီ။
နောက်ပေါ်လာတဲ့ကွန်ပျူတာတွေဟာ လှမှလှ၊
ကောင်းမှကောင်း၊
ပါးမှပါး၊
ပေါ့မှပေါ့၊
မြန်မှမြန်၊
လိုချင်တိုင်းသာ ဝယ်နေမယ်ဆိုရင်လည်း ကျွန်ခံလို့ဆုံးနိုင်တော့မှာ မဟုတ်ဘူး။
ဟုတ်တယ်လေ။
ဝန်ထမ်းဆိုတာ သူတစ်ပါးရဲ့ကျွန်။
စားချင်တိုင်းလည်း မစားရ၊
အိပ်ချင်တိုင်းလည်း မအိပ်ရ၊
နားချင်တိုင်း မနားရ တာဟာ ကျွန်မဟုတ်လို့ ဘာလဲ။
ဒီနိုင်ငံမှာ နားထောင်လို့ကောင်းတာတစ်ခုတော့ ရှိတယ်။
"သမ္မတဆိုတာ ပြည်သူရဲ့ကျွန်" တဲ့ အမေရဲ့။
သူတို့ပြောသလို သမ္မတဟာ ပြည်သူတွေရဲ့လိုအပ်ချက်ကို အတတ်နိုင်ဆုံး
သိအောင်လုပ်ပြီးကြိုးစားပြီးဖြည့်ဆည်းပေးနေတာကိုလည်း တွေ့ရတယ်။
အမေ တို့ဆီမှာရောဟင်!
ဒီနေ့တော့ ဒီလောက်ပါပဲ။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၇-၂၇-၂၀၁၂





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com