Friday, May 18, 2012

"တကယ်လို့..."




တစ်ခါတုန်းက ကိုသာအေးဆိုတဲ့ လူတစ်ယောက်ဟာ
 တောကနေ မြို့တက်လာပြီး နွားနို့ရောင်းပါတယ်။
ရွှေတိဂုံဘုရား အနားရောက်တော့ နွားနို့အိုးကို ချပြီး 
ဘုရားကို အဝေးကနေ ထိုင်ကတော့ပါတယ်။
“အရှင်ဘုရား၊ တပည့်တော်ဟာ တောကနေ မြို့တက်ပြီး နို့ရောင်းရပါတယ်၊
နွားနို့ကို အရှင်ဘုရားကို ကပ်လှူချင်ပါတယ်။
ဒါပေမယ့် တပည့်တော်တို့မိသားစုက ဆင်းရဲလှပါတယ်အရှင်ဘုရား။
ဒါကြောင့် နွားနို့ကို တစ်နေ့ရောင်းမှ တစ်နေ့စားရပါတယ်အရှင်ဘုရား။
မိသားစု ဝမ်းရေးဖြစ်တဲ့နွားနို့ကို မကပ်လှူနိုင်တာကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ဘုရားကိုတိုင်တည်ပြီး
ဆုအမျိုးမျိုးတောင်းပြီး ထလိုက်ပါတယ်။
နောက် နွားနို့အိုးကို ထမ်းပါတယ်။
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ ရှေ့ကိုသွားတော့ ခလုတ်တိုက်ပြီးလဲပါတယ်။
ဒီတော့ နွားနို့အိုးဟာ မှောက်ကုန်ပါတယ်။
နွားနို့တွေ မှောက်လို့ကုန်တော့မှ
ကိုသာအေး ပြန်ပြောလိုက်တာက…
“ တကယ်လို့ နွားနို့တွေ မှောက်မယ်မှန်းသိရင်
ဘုရားကို ကပ်လှူပါတယ်”တဲ့။

+++++++++++++++++++++++++++

ကျနော်တို့ဘဝမှာ ရှေ့ကို ဘာဖြစ်မှန်းမသိတာတွေက အများကြီးပါ။
ငွေတွေ ဘယ်လောက်ရရင် ဘာကောင်းကျိုးတွေလုပ်လိုက်မယ်။
ဘာကုသိုလ်တွေ လုပ်လိုက်မယ်လို့ မျှော်လင့်ထားတာတွေလည်းအများကြီးပါပဲ။
ကောင်းမှုတွေလုပ်ဖို့ အချိန်တွေ ဆွဲနေတတ်ပါတယ်။
ကုသိုလ်လုပ်ဖို့ အချိန်မဆွဲသင့်ပါဘူး။
ကုသိုလ် လုပ်ခွင့်ရရင် လုပ်လိုက်တာ အကောင်းဆုံးပါပဲ။
မသေချာတဲ့လောကကြီးမှာ အသေအချာမျှော်လင့်တာတွေအတွက်
မဖြစ်လာတော့မှ အဲဒီအတွက် ဘယ်လိုကောင်းမှုကုသိုလ်တွေ လုပ်လိုက်ရင်
အကောင်းသားလို့ မကြာခဏ  တွေး ဖြစ်တတ်ကြပါတယ်။
အဲဒီလိုမဖြစ်ရအောင် ကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်အရေးရတာနဲ့
မဆိုင်းမတွ လုပ်လိုက်ဖို့
မြင်သာထင်သာတဲ့ အဖြစ်အပျက်တစ်ခုကို တင်ပြလိုက်ပါတယ်။

Sunday, May 13, 2012

"အမေ့ထံသို့ ပေးစာများ-၄၂..."


သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
ဘာလိုလိုနဲ့ မိခင်များနေ့တောင် ပြန်ရောက်လာပြီအမေ။
အမေ့ကို ပိုပြီး လွမ်းမိပါတယ်။
ဒီနေ့ကို အမေရိကန်တွေက တန်ဖိုးထားကြပုံ ပေါ်တယ်။
မိခင်များနေ့ဆိုပြီး နေရာအနှံ့အပြားမှာ ဆိုင်းပိုဒ်တွေ တင်ကြတယ်။
လူအများအပြားဟာလည်း မိခင်များရှိရာကို သွားကြတယ်။
မိခင်များအတွက်ဆိုပြီး လက်ဆောင်တွေ ယူသွားကြတယ်။
အမေ့အိမ်မှာ ချက်ပြုတ်စားသောက်ကြတယ်။
အချို့ကလည်း စားသောက်ဆိုင်ကို မိခင်တွေခေါ်လာကြပြီး စားသောက်ကြတယ်။
ပန်းခြံတွေမှာလည်း လူတွေနဲ့ပြည့်လို့အမေရေ။
အမေများနေ့မှာ အမေ့များကို တန်ဖိုးထားတဲ့အနေနဲ့
အမှတ်တရလုပ်ကြတာတွေတော့ အများကြီးပါပဲ။
အဝေးရောက်နေတဲ့ ကျနော်တို့အဖို့လည်း အမေ့ကို ပိုသတိရစေတယ်။
အမေရိကန်မှာက လူတိုင်းလူတိုင်း အရွယ်ရောက်လာပြီးဆိုတာနဲ့
မိဘတွေနဲ့မနေကြတာ များတယ်။
သီးခြားစီ နေကြတယ်။
မိဘရဲ့အရိပ်အောက်က အများစုက ထွက်သွားကြတယ်။
ယောက်ျားရော၊ မိန်းမတွေရော ဆိုပါတော့။
အသက် ဆယ့်ရှစ်နှစ်ကျော်တာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ကြိုးစားကြတယ်။
ကိုယ့်ဘဝကို ကိုယ် ရုန်းကန်ကြတယ်။
အရွယ်ရောက် ကျောင်းသူ၊ကျောင်းသားတွေဟာ ဥပဒေအရကို အချိန်ပိုင်း အလုပ်လုပ်ခွင့်ပေးထားတယ်။
သူတို့အဖို့ အလုပ်လည်း ရှာရလွယ်ကူတယ်။
သူတို့တွေဟာ အလုပ်တွေ လုပ်ကြ၊
ရလာတဲ့ဝင်ငွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရပ်တည်ကြ၊
ကောင်းတယ်လို့ပြောရမလား
ဒါမှမဟုတ် ဆိုးတယ်လို့ပဲ ပြောရမလား။
ကောင်းတဲ့ဖက်ကပြောရင်တော့ အလုပ်တွေလုပ်တဲ့အတွက်
အတွေ့အကြုံတွေ အများကြီးရတယ်။
ရတဲ့ဝင်ငွေဟာလည်း သူတို့အတွက် ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်
လုံလောက်တော့ကိုယ့်ကိုယ်ကို ယုံကြည်မှု အများကြီး ဖြစ်ပေါ်လာတာပေါ့။
သိန်းငှက်များလိုပါပဲ။
သိန်းငှက်မတွေဟာ သူတို့သားသမီး သိန်းငှက်လေးတွေကို
အတောင်အလက်စုံလာတာနဲ့ အသိုက်ပေါ်က တွန်းချလိုက်တာပဲ။
ပျံနိုင်တယ်ထင်ရင် လွှတ်ပေးလိုက်တာပဲ။
အဲ…မပျံနိုင်ဘူးထင်ရင် အသိုက်ထဲ ပြန်ခေါ်တယ်။
မကြာခင်မှာ ပြန်စမ်းသပ်တယ်။
ကောင်းကောင်းပြန်နိုင်ပြီးဆိုရင်တော့ အခြေခံပညာတွေ သင်ပေးပြီး
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြပေတော့။
မြန်မြန်ဆန်ဆန် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လို့
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာတာတော့ ကောင်းတာပေါ့လေ။
ဒါပေမယ့် မိဘနဲ့ဝေးရာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်သွားတဲ့အတွက်
မေတ္တာနဲ့ဝေးသွားတယ်။
စိတ်ဓာတ်တွေ ကြမ်းတမ်းလာတယ်။
ငယ်ရွယ်တဲ့အချိန်မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းဟာ
ဘယ်မှာ မှန်နိုင်ပါ့မလဲ။
မှားသွားလို့ အတွေ့အကြုံရတာ မှန်ပေမယ့်
ဘဝဆိုတာ အမှားတွေ အားလုံးကို လုပ်နိုင်လောက်အောင် မရှည်ဘူးလေ။
ဒါကြောင့်များ အမေများနေ့၊ အဖေများနေ့ဆိုတာကို တစ်နှစ်တစ်ရက်
သတ်မှတ်ပြီး အမေများ၊ အဖေများနဲ့တွေ့ဆုံနိုင်အောင်
စီစဉ်ထားလေသလားလို့ တွေးမိတယ်။
သူတို့တွေက လူတိုင်းကိုယ်စီ ကားတွေရှိကြတော့ နိုင်ငံတွင်းမှာဆို
အမေများနဲ့ ဘယ်လောက်ဝေးဝေး
မိခင်များရဲ့ရင်ခွင်ထဲ ပြေးဝင်ခွင့်ရှိကြတယ်။
အမေရိကန်နဲ့မိုင်ပေါင်းသောင်းချီဝေးတဲ့ မြန်မာပြည်က အမေရဲ့ရင်ခွင်ဆီကို
ဒီလိုနေ့တွေမှာ ပြေးဝင်ချင်ပေမယ့် စိတ်ထင်တိုင်း ပြေးဝင်လို့မရဘူးအမေ။
ခရီးအကွာအဝေး၊ အခြေအနေအကြောင်းကြောင်းတွေကြောင့်
အမေဆီကို မလာနိုင်ဘူး။
ဒါကြောင့် အမေ့ကို လွမ်းမိပါတယ်။
အမေ့ရင်ခွင်ကို ပိုလွမ်းမိပါတယ်။
အမေ့မေတ္တာကို ပိုလို့ပိုကာ လွမ်းမိပါတယ်။
ကျနော်တို့ မစ်ချီဂန်ကိုရောက်တာ တစ်လတောင် ကျော်ပြီ။
မစ်ချီဂန်ရဲ့နွေကာလဟာ အတော်နေလို့ကောင်းပါတယ်။
သစ်ပင်တွေကလည်း စိမ်းစိုလို့။
ပန်းပင်တွေကလည်း အစွမ်းကုန်ပွင့်နေကြလေရဲ့။
အရောင်မျိုးစုံနေလေတော့ ကြည့်ရတာကိုက စိတ်ချမ်းသာစရာကောင်းလှပါတယ်။
အမေရိကန်မှာက နေရာတိုင်း၊ဒေသတိုင်းမှာ ထူးခြားတဲ့သမိုင်းကြောင်းရှိတဲ့နေရာတွေ
ရှိကြတယ်။ ဒါပေမယ့်ကျနော်တို့ မရောက်ဖြစ်သေးပါဘူး။
ကျနော်တို့အလုပ်က မောလ်ထဲမှာ လုပ်တော့ တစ်နေ့လုံး မောလ်ထဲမှာပဲ
အချိန်တွေ ကုန်နေတယ်။
မောလ်စဖွင့်တဲ့အချိန်ကနေ မောလ်ပိတ်တဲ့အချိန်ထိဆိုတော့
တစ်နေ့ ၁၂-နာရီ မောလ်ထဲမှာ ရှိနေတယ်။
လင်မယားနှစ်ယောက်က ပိတ်ရက်က တစ်ပတ်တစ်ရက်ရကြတာမှန်ပေမယ့်
ပိတ်ရက် မတူကြတော့ လည်ပတ်ဖို့က ခက်ခဲနေတယ်။
လည်ပတ်တယ်ဆိုတာ အဖော်ရှိမှ ပျော်စရာ ကောင်းတာလေ။
တစ်ယောက်ထဲဆိုတော့လည်း အနားယူ၊ အင်တာနက်ထိုင်၊
အဝတ်လျှော်၊စာဖတ်၊စာရေး နဲ့အချိန်ကုန်သွားတာပဲ။
ဒီကာလကတော့ ည၉-နာရီမှ နေဝင်တယ်။
ည ၉-နာရီကျော်တဲ့အထိ နေရောင်ခြည်ကို တွေ့နေရတုန်းပဲ။
မြန်မာပြည်မှာဆို ည၆-နာရီဝန်ကျင်ဆိုရင် နေဝင်ပြီ။
ည၇-နာရီဆိုရင် မိုးချုပ်နေပြီ။
မြန်မာပြည်နဲ့မတူဘူး။
နေဝင်ချိန်၊နေထွက်ချိန် မတူကြပေမယ့်
တစ်နေ့တာ၂၄-နာရီကတော့ တူပါတယ်။
တစ်နေ့တာ ၂၄-နာရီ ရတာချင်းအတူတူ
လူတစ်ယောက်နဲ့တစ်ယောက်၊
နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ
ဘာကြောင့်များ မတူကြတာလဲလို့
အတွေးနယ်ချဲ့မိပါတယ်။
အမေ့ကို ဘာတွေပဲ မေးမေး၊
စိတ်ကျေနပ်စရာကောင်းတဲ့အဖြေတွေ ရတတ်တာမို့
အဲဒီမတူတဲ့အချက်ကိုလည်း အမေ ဖြေပေးပါလို့
သား တောင်းဆိုချင်ပါတယ်။

အမေ့မေတ္တာကို လွမ်းတဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၁၃-၂၀၁၂



အမေများနေ့ အမှတ်တရ...
မေလ၊ ၁၃-ရက်နေ့၊၂၀၁၂။

Saturday, May 12, 2012

"ဘဝမေ့တတ်သူများ..."



တစ်ခါတုန်းက
အလွန်ချောမောလှပတဲ့မိန်းမငယ်တစ်ယောက်ရှိသတဲ့။
သူမရဲ့နာမည်ကတော့ မဇီးကွက်လို့ခေါ်သတဲ့ကွယ်။
သူမဟာ ချောမောလှပသလောက် ဆင်းရဲရှာပါတယ်။
ဆင်းရဲတော့ ရွာထဲမှာ ရှိတဲ့ ဇီးပင်အောက်က ဇီးသီးတွေ လိုက်ကောက်ရသတဲ့။
ကောက်ရတဲ့ဇီးသီးတွေကို တောင်းနဲ့ထည့်ပြီး ရွာထဲလှည့်ပတ်ရောင်းရတယ်။
ဒီလိုရောင်းလို့ရတဲ့ငွေကြေးနဲ့ သူတို့မိသားစုရဲ့စားဝတ်နေရေးကို ဖြေရှင်းရသတဲ့။
တစ်နေ့တော့ မဇီးကွက်ဟာ ဇီးသီးကောက်နေတုန်း
ဘုရင်ကြီးဟာ တိုင်းခန်းလှည့်လည်လာသတဲ့။
ဘုရင်ကြီးဟာ မဇီးကွက်ကိုမြင်တော့ သဘောကျနှစ်သက်သွားသတဲ့ကွယ်။
ဒါနဲ့ပဲ မဇီးကွက်ဟာ ဘုရင်ကြီးရဲ့တော်ကောက်ခြင်းခံရပြီး
နေ့ချင်းညချင်း မိဖုရားဖြစ်သွားတာပေါ့။
အလွန်ချောမောလှပတဲ့အတွက် ဘုရင်ကြီးရဲ့ချစ်ခင်မြတ်နိုးခြင်းကို ခံရတာပေါ့။
တစ်နေ့တော့ မိဖုရား ရွှေဇီးကွက် ဟာ လေသာပြတင်းမှာ ထိုင်နေတုန်း
တောင်းနဲ့ရွက်ပြီး လည်ရောင်းတဲ့ဈေးသည်တစ်ယောက်ကိုတွေ့တော့
ခေါ်လိုက်တာပေါ့။
မိဖုရား ရွှေဇီးကွက်က
“ဘာရောင်းတာလဲ” လို့မေးကြည့်လိုက်ပါတယ်။
ဈေးသည်က “ဇီးသီးရောင်းပါတယ်သခင်မဘုရား”
“ဟဲ့…ဇီးသီးဆိုတာ ဘယ်လိုအသီးမျိုးလဲ” လို့မိဖုရားက ထပ်မေးသတဲ့ကွယ်။
အဲဒီလိုမေးတာကို ဘုရင်ကြီးသိသွားတော့ ဘဝမေ့ရကောင်းလားဆိုပြီး
တိုင်းပြည်က နှင်ထုတ်လိုက်သတဲ့ကွယ်။

++++++++++++++++++++++

ငယ်ငယ်တုန်းက အမေပြောခဲ့တဲ့ပုံပြင်ပါ။
အဖေ ကွယ်လွန်သွားပြီးနောက်
အမေဟာ သားသမီး ငါးယောက်ကို လုပ်ကျွေးရပါတယ်။
ပင်ပန်းတဲ့ကြားထဲက အိပ်ရာဝင်ပုံပြင်ကို အချိန်ရရင် ရသလို ပြောပြတတ်ပါတယ်။
အမေပြောစဉ်တုန်းကတော့ ဇီးသီးသည်မဗျိုင်းပါ။
ဗျိုင်းနဲ့ဇီးကွက်က ငှက်ချင်းတူကြပါတယ်။
ဒါကြောင့် ကျနော်က နာမည်ပြောင်းချင်စိတ်ဖြစ်တာနဲ့ပြောင်းလိုက်ပါတယ်။
ကျနော် အမေရိကားကိုရောက်တော့ ဘဝမေ့တဲ့ မဗျိုင်း
…အဲလေ..ရွှေဇီးကွက်တော်တော်များများကိုတွေ့ရပါတယ်။
အမေက အဲဒီပုံပြင်ကို အကြိမ်ပေါင်းများစွာ ပြောပြပါတယ်။
အမေ့ရဲ့စေတနာက ဘဝကို မေ့သွားမှာ စိုးရိမ်ပုံပေါ်ပါတယ်။
ပုံပြင်ပြောပြီးတိုင်း မဗျိုင်းလို၊မဇီးကွက်လို မဖြစ်ချင်ရင် ဘဝမမေ့နဲ့နော် 
လို့ အတန်တန်မှာပါတယ်။
ဘဝမခြားပဲ ဘဝမေ့တတ်သူတွေတွေ့တော့ 
စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။
အဲဒီလူတွေနဲ့ မရှောင်နိုင်၊ မတိမ်းနိုင်ဆက်ဆံရတဲ့အခါ
စိတ်ကသိကအောက် ဖြစ်ရပါတယ်။
ဟန်မဆောင်ပဲပြောရရင်တော့ အဲဒီလူတွေနဲ့
လုံးဝ(လုံးဝ) မဆက်ဆံချင်ပါ။
မဆက်ဆံပဲ နေနိုင်သူ ဖြစ်ချင်ပါတယ်။




Friday, May 11, 2012

“မျက်စိပါပေမယ့် မမြင်ဘူး…”


တစ်ခါတုန်းက
 ကျနော်ရဲ့မိတ်ဆွေဖြစ်သူ ကိုချင်းက သူ့အဖြစ်အပျက်ကို ပြောပြတယ်။
သူဟာ ချင်းပြည်နယ်ကနေ မလေးရှားကို ရောက်တယ်။ 
မလေးရှားမှတစ်ဆင့် အမေရိကန်ကိုရောက်လာတယ်။
အမေရိကန်ရောက်မှ ကားမောင်းသင်တယ်။ 
ကားမောင်းတတ်ကာစမှာပင် ကိုချင်းတစ်ယောက်ဟာ  
 ကာရိုးလိုင်းနား(မြောက်)မှာ  မော်တော်ကားဝယ်ဖြစ်တယ်။
မော်တော်ကားက တိုရိုတာ ကိုရိုလာ ကားဖြစ်တယ်။ 
အဲဒီနေ့မှာပင် ဝယ်တဲ့ကားကို မောင်းလာရာ သစ်ပင်တစ်ပင်ကို တိုက်မိပါတယ်။
ကားထဲက ကိုချင်းဟာ ထွက်လာပြီး ကားရဲ့ ရှေ့မီးသီးနှစ်လုံးကို 
လက်နဲ့တအားထုလိုက်ပြီး ပြောလိုက်တာက...
“ဒီလောက်ကြီးတဲ့ မျက်လုံးကြီးတွေ ဘာကိုမှ မမြင်ဘူး။ တောက်”


Thursday, May 10, 2012

"လေတစ်ခါချွန် ဒေါ်လာနှစ်ထောင်..."

 
တစ်ခါတုန်းက Meridian Mall မောလ်ထဲမှာ ရှိတဲ့
KAY စိန်ရွှေရတနာဆိုင်တွင် ဖြစ်တယ်။
ဆိုင်ထဲကို ဝင်လာတဲ့လူငယ်က မေးတယ်။
“ဒီဆွဲကြိုးက ဘယ်လောက်ပေးရသလဲဗျ”
ဆိုင်ဝန်ထမ်းက 
“ဒေါ်လာ နှစ်ထောင်”
အံသြလွန်းတဲ့အတွက် လူငယ်က လေချွန်လိုက်မိတယ်။
ပြီးတော့ လူငယ်က ဆိုင်ဝန်ထမ်းကို ဆက်မေးတယ်။
“ဒီစိန်လက်စွပ်ကရော…”
ဆိုင်ဝန်ထမ်းပြန်ပြောလိုက်တာက...
“လေနှစ်ခါ ချွန်လိုက်ပါ”
တဲ့။





Wednesday, May 9, 2012

" အမေ့ထံသို့ ပေးစာများ-၄၁..."





သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
မစ်ချီဂန်ရောက်တော့ အလုပ်က များလာတယ်။
အလုပ်ချိန်ကလည်း များလာတယ်။
အားချိန်က နည်းသွားတယ်။
ဒီတော့ စာဖတ်ချိန်၊ စာရေးချိန်တွေ နည်းသွားတယ်။
တစ်ပတ်မှာ တစ်ရက်သာ အားချိန်ရတော့တယ်။
အဲဒီအားချိန်ကျတော့လည်း ကားနဲ့ အကြိုအပို့တာဝန်ယူထားတော့
လုံးလုံးအားနေတာတော့ မဟုတ်ပါဘူး။
တစ်နေ့ကို ၁၂-နာရီလောက် အလုပ်လုပ်ထားတော့
တစ်ပတ် တစ်ရက်ရတဲ့ပိတ်ရက်ကို ကောင်းကောင်းနားချင်တယ်။
ဒီရောက်တော့ လူဟာ စက်ရုပ်နဲ့ပိုတူလာတယ်။
အလုပ်ပြီးအလုပ် ဖြစ်နေတယ်လေ။
စက်ရုပ်ဆိုတာ ချာဂျင်မသွင်းရင် မလှုပ်ရှားနိုင်သလို
လူလည်း ချာဂျင်မသွင်းရင် အလုပ်လုပ်နိုင်မှာမဟုတ်ဘူး။
လူလည်း ချာဂျင်သွင်းဖို့လိုတယ်။
ကောင်းကောင်းနားမှလည်း ကောင်းကောင်း ချာဂျင် သွင်းသလိုဖြစ်မှာလေ။
ဒါမှနောက်ရက်တွေမှာ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်မှာလေ။
ကောင်းကောင်းနားတယ်ဆိုတာ တခြားလူတွေအဖို့တော့ မသိပါဘူး။
ကျနော့်အဖို့တော့ ကောင်းကောင်းအိပ်တာပါပဲ။
ကြမ်းပိုးတွေ သောင်းကျန်းလို့ ညဖက်ကောင်းကောင်းမအိပ်နိုင်တာ
တစ်လနီးပါးလောက် ရှိတော့မယ်။
ကျောင်းသားဘဝတုန်းက အအိပ်မမက်ခဲ့တဲ့သူတောင်
အခုတော့ အအိပ်မက်ချင်သလိုဖြစ်လာတယ်။
မွေးကင်းစ သားသည်အမေလိုဖြစ်နေတယ်။
ညဖက်ဆိုရင် သားက ‘အဲကနဲ’ အော်တာနဲ့နိုးနေတဲ့မိခင်လိုပါပဲ။
ကြမ်းပိုးက ကိုက်တော့ ယားလာတာနဲ့ကို ညဖက်ဆိုရင် နိုးနေတော့တာပဲ။
အမေ့ဆီ စာရေးရတာလည်း တစ်ပတ်တစ်ရက်ရတဲ့ အားရက်ရောက်တော့မှ ရေးဖြစ်တော့တယ်။
ဟိုတုန်းကလို စိတ်ကူးရတိုင်း မရေးနို်င်တော့ဘူး။
ငွေရဖို့ ဘဝရဲ့အချိန်တွေ အများကြီးကိုပေးလိုက်ရတာ တန်သလားလို့
တွေးမိတဲ့အခါ တော်တော် အီလည်လည်ဖြစ်ရပါတယ်။
ဒါပေမယ့် ဒီရောက်တော့ ရွေးစရာလမ်းက များများစားစား မရှိဘူးလေ။
ဘဲနဲ့လုပ်မလဲ။
မြန်မာနိုင်ငံမှာဆို နှေးနှေးလျှောက်လည်း တင့်တယ်တာပဲ။
အိနြေ္ဒရှိတယ်လို့တောင် ထင်ကြအုန်းမယ်။
ဒီမှာက နှေးနှေးကိုမကြိုက်ကြဘူး။
မြန်မြန်မှ ကြိုက်တော့ အားလုံးမြန်အောင် လုပ်ရတော့တယ်။
သွားလည်း မြန်မြန်၊
စားလည်း မြန်မြန်၊
လုပ်လည်း မြန်မြန်၊
မြန်နိုင်သမျှ မြန်နေမှ တော်ကာကျတယ်။
မြန်တိုင်း မှန်နိုင်ပါ့မလားလို့မကြာခဏတွေးမိတယ်။

အမေသိအောင် ပြောပြတာပါ။
ကျနော့်အတွက် စိတ်မပူဖို့ ကြိုတင်ပြောထားပါရစေ။
တစ်နေ့ပေါ့အမေရယ်။
အလုပ်မှာက တစ်နေကုန် အလုပ်များတဲ့နေ့ပေါ့။
နံနက်စာကို ညနေ ၄:၀၀နာရီကျော်မှ စားဖြစ်တယ်။
အဆာလွန်သွားတော့ ကောင်းကောင်း မစားနိုင်တော့ဘူး။
စားတော့လည်း မြန်မြန်စားရတယ်။
အလုပ်က များလွန်းတာရယ်၊
နောက်ဝန်ထမ်းတွေကို အချိန်ပေးဖို့လိုတာရယ်ကြောင့်
မြန်မြန်စားရတယ်။ ပြီးတော့အလုပ်ပြန်ဝင်ပေါ့။
ည၉:၃၀နာရီမှ အလုပ်ကသိမ်းတယ်။
ဝန်ထမ်းတွေကို ပြန်ပို့ပေးရသေးတယ်။
ည၁၀:၀၀ကျော်တော့မှ တော်တော်ဆာလာတယ်။
အိမ်မှာကလည်း စားစရာ ဘာမှမရှိဘူး။
ကြိုတင်ဝယ်ထားတာလည်း စားလို့ကုန်နေတယ်။
မအားတော့ နောက်ထပ်မဝယ်ဖြစ်ဘူး။
ဒါနဲ့ပဲ လင်မယားနှစ်ယောက်စလုံး ဆာနေတာနဲ့ ည၁၀:၀၀ကျော်မှ
စားဖို့ဆိုင်တွေလိုက်ရှာတယ်။
စားသောက်ဆိုင်တစ်ဆိုင် တွေ့တော့ ဝမ်းသာသွားတယ်။
ဝင်လမ်းလို့ထင်ပြီးကားကိုကွေ့လိုက်တယ်။
ဝင်လမ်းမသေချာတော့ မဝင်ဖြစ်ဘူး။
ဒါပေမယ့် ကျနော်ဝင်သွားတာ လမ်းကြောကပြောင်းပြန်ဖြစ်နေတယ်။
လမ်းမှားနေသူက ကျနော်ပါ။
ဆာနေတော့ သတိကလွတ်နေတယ်။
မီးပွိုင့်က လွှတ်လိုက်တဲ့ကားတန်းတွေလာတာကို သတိမထားမိဘူး။
၁၀-ဘီးကားလို့ပြောပြောနေတဲ့ကုန်တင်ကားကြီးတစ်စီးက
ကျနော်ဆီကို အရှိန်နဲ့မောင်းလာတာကို သတိလွတ်နေတော့ မမြင်မိဘူး။
မိန်းမက အနားကနေပြီး “ကားတွေလာနေပြီ”လို့အော်ပြောတာလည်း မကြားမိဘူး။
ညဆိုတော့ အလင်းရောင်ကလည်း လုံလုံလောက်မရှိတော့တာလည်းပါမယ်။
သတိလွတ်နေတာလည်း ပါမှာပေါ့လေ။
ကားကြီးကလည်း အရှိန်မလျော့ဘူး။
အနားကို တော်တော်ကပ်လာတော့မှ
ကားရဲ့မီးရောင်နဲ့ကားဟွန်းသံကို ကြားပြီး ကားကို ကွေ့ချလိုက်တယ်။
ကားကြီးနဲ့သီသီလေးလွတ်သွားတယ်။
အနားမှာထိုင်လိုက်တဲ့မိန်းမကတော့ “ဒီတစ်ခါတော့ ပွဲပြီးပြီ” လို့ထင်မိကြောင်း
နောက်တော့ ပြောပြတယ်။
သတိတစ်ချက်ကလေး လွတ်သွားတာနဲ့
ဘဝတစ်ခုလုံး လွတ်သွားတော့မလို့ နည်းနည်းလေး လိုတယ်။
တကယ့်ကို နည်းနည်းလေး။

ကျနော်ပြောချင်တာက သတိအကြောင်းပါ။
မြတ်စွာဘုရားဟာ သက်တော်ထင်ရှားစဉ်ကာလမှာ
နေ့တိုင်းဟောတဲ့တရားကတော့…
“အပ္ပမာဒေန သမ္မာဒေထ”ဆိုတဲ့တရားပါပဲ။
“သတိ ရှိကြကုန်လော့”ဆိုတဲ့စကားကို
နေ့တိုင်းလိုလို ဟောခဲ့တယ်။
သတိဟာ အရေးကြီးလွန်းလို့နေတိုင်းဟောမှန်း သိပါတယ်။
ဒါပေမယ့်
သတိဟာ အရေးကြီးကြောင်းကို အခုလို ဘဝတစ်ခုလုံးနဲ့ရင်းပြီးတော့မှ
လေးလေးနက်နက် သိခဲ့ရပါတယ်။
အချိန်တိုင်းဟာ သတိနဲ့နေထိုင်နိုင်ဖို့လိုအပ်ပါလားဆိုတာ
ပိုပိုပြီး သိလာရပါတယ်။
သတိရဲ့တန်ဖိုးကိုလည်း နားလည်လာပါတယ်။
ယာဉ်တိုက်မှု အများစုဟာ ယာဉ်မောင်းမကျွမ်းကျင်လို့
မဟုတ်ပဲ သတိလွတ်လို့ ဖြစ်ကြရတယ်ဆိုတာကို
သဘောပေါက်လာမိတယ်။

နောက်တစ်ချက်က
အမေရိကန်တွေဟာ သူတို့သာ လမ်းမှန်လို့ကတော့
ဘာကိုမှ ညှာတာထောက်ထားမနေတတ်ဘူးဆိုလည်း ထပ်ဆင့်သိလာရပါတယ်။
ကျနော်သာ မြန်မြန်ဆန်ဆန် ကားကိုမကွေ့ချလိုက်ဘူးဆိုရင်
လမ်းမှားနေတဲ့ကျနော်တို့ကို လမ်းမှန်နေတဲ့ကားကြီးက
မညှာမတာ တိုက်ချလိုက်မှာ သေချာတယ်။
နောက်ဆက်တွဲပြဿနာက မတွေးဝံ့စရာ။
ဘာမှမဖြစ်တာကတော့ ကံကောင်းပါတယ်။
ပိုပြီးကံကောင်းတဲ့အချက်က
သတိဆိုတဲ့တန်ဖိုးကို ဘဝနဲ့ရင်းပြီးသိခွင့်ရလိုက်တာပါပဲ။
သတိနဲ့နေထိုင်ခြင်းကို ဒီထက်ပိုပြီးလုပ်နိုင်ဖို့ သံဓိဋ္ဌာန်ချလိုက်မိပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်ရတာ ကံကောင်းလိုက်တာလို့
ကြုံးဝါးမိပါတယ်အမေ။
မြန်မာပြည်ပြန်ရင်တော့ တရားစခမ်းတစ်ခုခုမှာ
သတိတရားနဲ့နေဖြစ်အောင် နေမယ်လို့တွေးထားပါတယ်။
အမေလည်း တရားစခမ်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ်
သတိနဲ့နေနိုင်အောင် ကြိုးစားအားထုတ်ပါလို့တိုက်တွန်းလိုက်ပါရစေ။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၉-၂၀၁၂





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com