သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
မစ်ချီဂန်ရောက်တော့ အလုပ်က
များလာတယ်။
အလုပ်ချိန်ကလည်း များလာတယ်။
အားချိန်က နည်းသွားတယ်။
ဒီတော့ စာဖတ်ချိန်၊ စာရေးချိန်တွေ
နည်းသွားတယ်။
တစ်ပတ်မှာ တစ်ရက်သာ
အားချိန်ရတော့တယ်။
အဲဒီအားချိန်ကျတော့လည်း ကားနဲ့
အကြိုအပို့တာဝန်ယူထားတော့
လုံးလုံးအားနေတာတော့ မဟုတ်ပါဘူး။
တစ်နေ့ကို ၁၂-နာရီလောက်
အလုပ်လုပ်ထားတော့
တစ်ပတ် တစ်ရက်ရတဲ့ပိတ်ရက်ကို
ကောင်းကောင်းနားချင်တယ်။
ဒီရောက်တော့ လူဟာ
စက်ရုပ်နဲ့ပိုတူလာတယ်။
အလုပ်ပြီးအလုပ် ဖြစ်နေတယ်လေ။
စက်ရုပ်ဆိုတာ ချာဂျင်မသွင်းရင်
မလှုပ်ရှားနိုင်သလို
လူလည်း ချာဂျင်မသွင်းရင်
အလုပ်လုပ်နိုင်မှာမဟုတ်ဘူး။
လူလည်း ချာဂျင်သွင်းဖို့လိုတယ်။
ကောင်းကောင်းနားမှလည်း ကောင်းကောင်း
ချာဂျင် သွင်းသလိုဖြစ်မှာလေ။
ဒါမှနောက်ရက်တွေမှာ အလုပ်လုပ်ဖို့
အဆင်သင့်ဖြစ်မှာလေ။
ကောင်းကောင်းနားတယ်ဆိုတာ
တခြားလူတွေအဖို့တော့ မသိပါဘူး။
ကျနော့်အဖို့တော့
ကောင်းကောင်းအိပ်တာပါပဲ။
ကြမ်းပိုးတွေ သောင်းကျန်းလို့
ညဖက်ကောင်းကောင်းမအိပ်နိုင်တာ
တစ်လနီးပါးလောက် ရှိတော့မယ်။
ကျောင်းသားဘဝတုန်းက အအိပ်မမက်ခဲ့တဲ့သူတောင်
အခုတော့ အအိပ်မက်ချင်သလိုဖြစ်လာတယ်။
မွေးကင်းစ သားသည်အမေလိုဖြစ်နေတယ်။
ညဖက်ဆိုရင် သားက ‘အဲကနဲ’
အော်တာနဲ့နိုးနေတဲ့မိခင်လိုပါပဲ။
ကြမ်းပိုးက ကိုက်တော့ ယားလာတာနဲ့ကို
ညဖက်ဆိုရင် နိုးနေတော့တာပဲ။
အမေ့ဆီ စာရေးရတာလည်း
တစ်ပတ်တစ်ရက်ရတဲ့ အားရက်ရောက်တော့မှ ရေးဖြစ်တော့တယ်။
ဟိုတုန်းကလို စိတ်ကူးရတိုင်း
မရေးနို်င်တော့ဘူး။
ငွေရဖို့ ဘဝရဲ့အချိန်တွေ
အများကြီးကိုပေးလိုက်ရတာ တန်သလားလို့
တွေးမိတဲ့အခါ တော်တော်
အီလည်လည်ဖြစ်ရပါတယ်။
ဒါပေမယ့် ဒီရောက်တော့ ရွေးစရာလမ်းက
များများစားစား မရှိဘူးလေ။
ဘဲနဲ့လုပ်မလဲ။
မြန်မာနိုင်ငံမှာဆို
နှေးနှေးလျှောက်လည်း တင့်တယ်တာပဲ။
အိနြေ္ဒရှိတယ်လို့တောင်
ထင်ကြအုန်းမယ်။
ဒီမှာက နှေးနှေးကိုမကြိုက်ကြဘူး။
မြန်မြန်မှ ကြိုက်တော့
အားလုံးမြန်အောင် လုပ်ရတော့တယ်။
သွားလည်း မြန်မြန်၊
စားလည်း မြန်မြန်၊
လုပ်လည်း မြန်မြန်၊
မြန်နိုင်သမျှ မြန်နေမှ တော်ကာကျတယ်။
မြန်တိုင်း
မှန်နိုင်ပါ့မလားလို့မကြာခဏတွေးမိတယ်။
အမေသိအောင် ပြောပြတာပါ။
ကျနော့်အတွက် စိတ်မပူဖို့
ကြိုတင်ပြောထားပါရစေ။
တစ်နေ့ပေါ့အမေရယ်။
အလုပ်မှာက တစ်နေကုန်
အလုပ်များတဲ့နေ့ပေါ့။
နံနက်စာကို ညနေ ၄:၀၀နာရီကျော်မှ စားဖြစ်တယ်။
အဆာလွန်သွားတော့ ကောင်းကောင်း
မစားနိုင်တော့ဘူး။
စားတော့လည်း မြန်မြန်စားရတယ်။
အလုပ်က များလွန်းတာရယ်၊
နောက်ဝန်ထမ်းတွေကို
အချိန်ပေးဖို့လိုတာရယ်ကြောင့်
မြန်မြန်စားရတယ်။
ပြီးတော့အလုပ်ပြန်ဝင်ပေါ့။
ည၉:၃၀နာရီမှ အလုပ်ကသိမ်းတယ်။
ဝန်ထမ်းတွေကို ပြန်ပို့ပေးရသေးတယ်။
ည၁၀:၀၀ကျော်တော့မှ တော်တော်ဆာလာတယ်။
အိမ်မှာကလည်း စားစရာ ဘာမှမရှိဘူး။
ကြိုတင်ဝယ်ထားတာလည်း
စားလို့ကုန်နေတယ်။
မအားတော့ နောက်ထပ်မဝယ်ဖြစ်ဘူး။
ဒါနဲ့ပဲ လင်မယားနှစ်ယောက်စလုံး
ဆာနေတာနဲ့ ည၁၀:၀၀ကျော်မှ
စားဖို့ဆိုင်တွေလိုက်ရှာတယ်။
စားသောက်ဆိုင်တစ်ဆိုင် တွေ့တော့
ဝမ်းသာသွားတယ်။
ဝင်လမ်းလို့ထင်ပြီးကားကိုကွေ့လိုက်တယ်။
ဝင်လမ်းမသေချာတော့ မဝင်ဖြစ်ဘူး။
ဒါပေမယ့် ကျနော်ဝင်သွားတာ
လမ်းကြောကပြောင်းပြန်ဖြစ်နေတယ်။
လမ်းမှားနေသူက ကျနော်ပါ။
ဆာနေတော့ သတိကလွတ်နေတယ်။
မီးပွိုင့်က
လွှတ်လိုက်တဲ့ကားတန်းတွေလာတာကို သတိမထားမိဘူး။
၁၀-ဘီးကားလို့ပြောပြောနေတဲ့ကုန်တင်ကားကြီးတစ်စီးက
ကျနော်ဆီကို အရှိန်နဲ့မောင်းလာတာကို
သတိလွတ်နေတော့ မမြင်မိဘူး။
မိန်းမက အနားကနေပြီး
“ကားတွေလာနေပြီ”လို့အော်ပြောတာလည်း မကြားမိဘူး။
ညဆိုတော့ အလင်းရောင်ကလည်း
လုံလုံလောက်မရှိတော့တာလည်းပါမယ်။
သတိလွတ်နေတာလည်း ပါမှာပေါ့လေ။
ကားကြီးကလည်း အရှိန်မလျော့ဘူး။
အနားကို တော်တော်ကပ်လာတော့မှ
ကားရဲ့မီးရောင်နဲ့ကားဟွန်းသံကို
ကြားပြီး ကားကို ကွေ့ချလိုက်တယ်။
ကားကြီးနဲ့သီသီလေးလွတ်သွားတယ်။
အနားမှာထိုင်လိုက်တဲ့မိန်းမကတော့
“ဒီတစ်ခါတော့ ပွဲပြီးပြီ” လို့ထင်မိကြောင်း
နောက်တော့ ပြောပြတယ်။
သတိတစ်ချက်ကလေး လွတ်သွားတာနဲ့
ဘဝတစ်ခုလုံး လွတ်သွားတော့မလို့
နည်းနည်းလေး လိုတယ်။
တကယ့်ကို နည်းနည်းလေး။
ကျနော်ပြောချင်တာက သတိအကြောင်းပါ။
မြတ်စွာဘုရားဟာ
သက်တော်ထင်ရှားစဉ်ကာလမှာ
နေ့တိုင်းဟောတဲ့တရားကတော့…
“အပ္ပမာဒေန သမ္မာဒေထ”ဆိုတဲ့တရားပါပဲ။
“သတိ ရှိကြကုန်လော့”ဆိုတဲ့စကားကို
နေ့တိုင်းလိုလို ဟောခဲ့တယ်။
သတိဟာ
အရေးကြီးလွန်းလို့နေတိုင်းဟောမှန်း သိပါတယ်။
ဒါပေမယ့်
သတိဟာ အရေးကြီးကြောင်းကို အခုလို
ဘဝတစ်ခုလုံးနဲ့ရင်းပြီးတော့မှ
လေးလေးနက်နက် သိခဲ့ရပါတယ်။
အချိန်တိုင်းဟာ
သတိနဲ့နေထိုင်နိုင်ဖို့လိုအပ်ပါလားဆိုတာ
ပိုပိုပြီး သိလာရပါတယ်။
သတိရဲ့တန်ဖိုးကိုလည်း နားလည်လာပါတယ်။
ယာဉ်တိုက်မှု အများစုဟာ
ယာဉ်မောင်းမကျွမ်းကျင်လို့
မဟုတ်ပဲ သတိလွတ်လို့
ဖြစ်ကြရတယ်ဆိုတာကို
သဘောပေါက်လာမိတယ်။
နောက်တစ်ချက်က
အမေရိကန်တွေဟာ သူတို့သာ
လမ်းမှန်လို့ကတော့
ဘာကိုမှ ညှာတာထောက်ထားမနေတတ်ဘူးဆိုလည်း
ထပ်ဆင့်သိလာရပါတယ်။
ကျနော်သာ မြန်မြန်ဆန်ဆန်
ကားကိုမကွေ့ချလိုက်ဘူးဆိုရင်
လမ်းမှားနေတဲ့ကျနော်တို့ကို
လမ်းမှန်နေတဲ့ကားကြီးက
မညှာမတာ တိုက်ချလိုက်မှာ သေချာတယ်။
နောက်ဆက်တွဲပြဿနာက မတွေးဝံ့စရာ။
ဘာမှမဖြစ်တာကတော့ ကံကောင်းပါတယ်။
ပိုပြီးကံကောင်းတဲ့အချက်က
သတိဆိုတဲ့တန်ဖိုးကို
ဘဝနဲ့ရင်းပြီးသိခွင့်ရလိုက်တာပါပဲ။
သတိနဲ့နေထိုင်ခြင်းကို
ဒီထက်ပိုပြီးလုပ်နိုင်ဖို့ သံဓိဋ္ဌာန်ချလိုက်မိပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်ရတာ
ကံကောင်းလိုက်တာလို့
ကြုံးဝါးမိပါတယ်အမေ။
မြန်မာပြည်ပြန်ရင်တော့
တရားစခမ်းတစ်ခုခုမှာ
သတိတရားနဲ့နေဖြစ်အောင်
နေမယ်လို့တွေးထားပါတယ်။
အမေလည်း တရားစခမ်းမှာဖြစ်ဖြစ်၊
အိမ်မှာဖြစ်ဖြစ်
သတိနဲ့နေနိုင်အောင် ကြိုးစားအားထုတ်ပါလို့တိုက်တွန်းလိုက်ပါရစေ။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၅-၉-၂၀၁၂
1 comment:
အားပေးနေပါတယ်...ဆက်ရေးပါ
Post a Comment