Monday, March 26, 2012

"ဒါဟာ စိတ်ချမ်းသာမှု အစစ်လား...(၁၄)..."



ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၄)

ဘယ်လိုလုပ်ရင် စိတ်ချမ်းသာမလဲ…မှအဆက်…

စိတ်ချမ်းသာမှုနဲ့ပတ်သက်ပြီး ရှေးပညာရှိများ ပြောတာတွေ ရှိပါတယ်။

အခုခေတ် သုတေသနလုပ်လို့ တွေ့ရတဲ့အချက်တွေဟာ ရှေးပညာရှိများ ပြောတာနဲ့

တူနေပါတယ်။

ရှေးပညာရှိများပြောတာ မှန်တယ်လို့ သိရတာပေါ့။

ဘယ်လိုလုပ်ရင် စိတ်ချမ်းသာမလဲ။

အဖြေအမျိုးမျိုး ပေးကြပါတယ်။

+++++++++++++++++++++++++++

"အာရုံငါးပါးကို မခံစားပဲနေရင် စိတ်ချမ်းသာမယ်"တဲ့။

အပြော လွယ်သလောက် အလုပ်ခက်တယ်။ လျှော့တာတော့ ရပါတယ်။

လုံးလုံးမခံစားပဲ နေလို့ကတော့ မလွယ်ပါဘူး။

ဒီခေတ်မှာ အပျော်အပါးတွေက လွယ်လည်းလွယ် များလည်း များ လှပါတယ်။

အပျော်အပါး များလွန်းလို့ သိပ်မပျော်တော့ဘူး။

အပျော်အပါးတွေ ခံစားရဖို့လုပ်ရတာနဲ့မောနေကြပြီ။

အပျော်အပါးတွေ များလွန်းလို့ ပေါ့တန်တဲ့ သဘောထားတွေ ဖြစ်လာတယ်။

လေးနက်တာကို နားမလည်နိုင်တော့ဘူး။

+++++++++++++++++++++++++++

"စိတ်ထဲရှိတာကို အောင့်မထားပဲ ဖွင့်ထုတ်လိုက်ရင် စိတ်ချမ်းသာမယ်" တဲ့။

မှန်ပါတယ်။

ဘယ်လိုနည်းနဲ့ ဖွင့်ထုတ်မလဲ။

ဒေါသဖြစ်နေတဲ့အခါ စိတ်ထင်တိုင်း ပြောလိုက်ရင် စိတ်ချမ်းသာမလား။

ပြောလိုက်ရလို့ ခဏ ပေါ့သွားသလို ဖြစ်မှာတော့ သေချာတယ်။

ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေကို ဖြေရှင်း ရတာ ပျော်စရာ မဖြစ်နိုင်ဘူးနော်။

အောင့်ထားတာတွေ များရင် စိတ်မချမ်းသာတာတော့ ဟုတ်မှာပါ။

+++++++++++++++++++++++++++

"နောင်ခါလာ နောင်ခါဈေး။ နောင် ဖြစ်ချင်တာဖြစ်

အခု ပျော်သလို နေလိုက်ရင် စိတ်ချမ်းသာမယ်"တဲ့။

ဟုတ်ရဲ့လား။

နှံကောင်နဲ့ပရွတ်ဆိတ်အကြောင်း ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။

ဖတ်ကတည်းက နှံကောင်လို မနေဘူး။ ပရွတ်ဆိတ်လို နေမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

နောင်ရေး မပူရအောင် စီစဉ်ရမယ၊် ပြင်ဆင်ရမယ်။

+++++++++++++++++++++++++++

"တချို့က အနာဂတ်ဘဝ ကောင်းစားရေးကို လုပ်မှ စိတ်ချမ်းသာမယ်"တဲ့။

အခုလည်း စိတ်ချမ်းသာအောင် နေချင်တယ်။

နောင်လည်း စိတ်ချမ်းသာအောင် နေချင်တယ်။

အခု စိတ်ဆင်းရဲခံပြီး မသေချာတဲ့ အနာဂတ်ဘဝမှာ စိတ်ချမ်းသာမယ် ဆိုတာကို မလုပ်နိုင်ပါဘူး။

+++++++++++++++++++++++++++


"သူများကို စိတ်ချမ်းသာအောင် လုပ်ပေးရင် ကိုယ်လည်း စိတ်ချမ်းသာမယ်" တဲ့။

မှန်ပါတယ်။

အဲဒါလည်း အတိုင်းအတာ တစ်ခုအထိပဲ လုပ်နိုင်တယ်။

သူများကိစ္စကို အမြဲတမ်း မလုပ်နိုင်ဘူး။

ကိုယ့်စားဝတ်နေရေးကို မလုပ်ပဲနေလို့ ရမလား။

ကိုယ့်အတွက် လုပ်ရင်း သူများအတွက်ပါ လုပ်လို့ရရင် တော့ ကောင်းပါတယ်။

ပထမအဆင့် သူများကို စိတ်ဆင်းရဲအောင် မလုပ်ဘူး။

ဒုတိယအဆင့် တတ်နိုင်တဲ့အခါ တတ်နိုင်သလောက် သူများကို စိတ်ချမ်းသာအောင် ပြောမယ်။

တတ်နိုင်တဲ့ အကူအညီပေးမယ်။

+++++++++++++++++++++++++++

ကြံကြံဖန်ဖန် ပြောတဲ့သူက ပြောသေးတယ်။

"ကိုယ့်ကို ဒုက္ခပေးတဲ့သူတွေ ဒုက္ခရောက်တာ စိတ်ချမ်းသာမယ်"တဲ့။

အဲဒီလို ပြောတာကို အပြစ်မတင်လိုပါဘူး။

အခုခေတ်မှာ အဲဒီလို တွေးတဲ့သူတွေ တော်တော်များပါတယ်။

ဒါပေမယ့် အဲဒါ စိတ်ချမ်းသာမှု အစစ်လား။

+++++++++++++++++++++++++++

"အပေါင်းအဖော်တွေနဲ့ နေရရင် စိတ်ချမ်းသာမယ်" တဲ့။

အဖော်တော်တော် ခင်တတ်တဲ့သူက ပြောတယ်။ ဟုတ်ပါတယ်။

စိတ်ချမ်းသာနေတဲ့အချိန် တော်တော်များများဟာ အဖော်ကောင်းတွေနဲ့ နေရတဲ့ အချိန်တွေပဲ။

လူဟာ တစ်ယောက်ထဲ သိပ်ကြာကြာ မနေနိုင်ဘူး။

စားရတာလည်း အဖော်နဲ့မှ ပိုကောင်းတယ်။

ကြည့်ရတာလည်း အဖော်နဲ့မှ ပိုကောင်းတယ်။

သိရတာတောင် တစ်ယောက်ယောက်ကို ကိုယ် သိထားတာ

ပြောလို့ရရင် ပျော်တယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက)စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။


Sunday, March 25, 2012

"လွတ်မယ်ထင်ရင် ပြေးကြည့်ပေါ့..."


တစ်ခါတုန်းက

အဝေးပြေးလမ်းမပေါ်မှာ အမြန်မောင်းနေတဲ့မောင်ထွန်းရဲ့ကားကို

ယာဉ်ထိန်းရဲ ရဲ့ကားက နောက်ကလိုက်လာပါတယ်။

မှီလာပြီး ရှေ့က ပိတ်ရပ်လိုက်ပါတယ်။

ယာဉ်ထိန်းရဲက

"ခင်ဗျား တစ်နာရီမိုင် တစ်ရာနှုန်းနဲ့မောင်းလာတယ်"

ကားမောင်းသူမောင်ထွန်းက

“တစ်နာရီ မိုင်တစ်ရာနှုန်းနဲ့ ကျနော်မောင်းလာတယ် ဟုတ်လား။

မဖြစ်နိုင်တာဗျာ၊

အများဆုံး တစ်နာရီ မိုင် ငါးဆယ်နှုန်းပဲ ကျနော်မောင်းလာတာဗျ”

လို့ ရဲသားကို ပြောတယ်။

ရဲသားက စိတ်တိုလာကာ ရွဲ့ပြီး ပြန်ပြောလိုက်တာက...

“ကားကို မမောင်းပဲ ရပ်ထားတာလို့တောင် ခင်ဗျား ပြောချင်တယ် ထင်တယ်”

မောင်ထွန်းက

“တကယ်ပြောရရင် ကျနော် ရပ်ထားတာပါ”

ယာဉ်ထိန်းရဲက

“အိုကေ၊ ဒီလိုဆိုရင် ဒဏ်ငွေ ဒေါ်လာ ၁၅၀ ဆောင်ပါ။”

မောင်ထွန်းက အံသြတဲ့လေသံနဲ့

“ဘာဖြစ်လို့လဲ”

ယာဉ်ထိန်းရဲ ပြန်ပြောလိုက်တာက...

“တားမြစ်နေရာမှာ ကားရပ်ထားလို့လေ”


Saturday, March 24, 2012

"ကြွားရတာက အရသာလား?..."


တစ်ခါတုန်းက မွန်ပြည်နယ်၊ ထင်းရူးကျေးရွာမှာနေတဲ့

ဒေါ်ဥမ္မာမှာ သားတစ်ယောက်တည်းရှိတယ်။

ချစ်လွန်းလို့အလိုလိုက်ထားတော့ သားက ဆိုးတယ်။

ဆိုးတာကိုပဲ ချစ်စနိုးနဲ့စိုးစိုးလို့ခေါ်တယ်။

တောမှာနေရင်တော့ တိုးတက်မှာ မဟုတ်ဘူးလို့

ယုံကြည်တာကြောင့် ရန်ကုန်မြို့ကို ပို့ပြီးကျောင်းထားတယ်။

ဆယ်တန်းရောက်တယ်ဆိုရင်ပဲ အမေဖြစ်တဲ့ဒေါ်ဥမ္မာ

ကို တစ်ရွာလုံးကို လိုက်ကြွားရတာ အမော။

နောက် ဘယ်လိုဖြေဖြေ ဆယ်တန်းမအောင်ပါ။

ဒါနဲ့ပဲ ရုံးတစ်ရုံးမှာ အလုပ်လုပ်ရတယ်။

အလုပ်ရတာနဲ့ စိုးစိုးက သူ့အမေဆီ စာရေးပါတယ်။

"အမေရေ သား LD(အယ်ဒီ) ဖြစ်နေပြီ"လို့ စာလာတော့

ဘာမှန်းသေသေချာချာ မသိပါ။

ဒေါ်ဥမ္မာက အင်္ဂလိပ်စာ မတတ်ပါ။

ဒါပေမယ့် ဒါဟာ ရာထူးဖြစ်မှာပဲဆိုပြီး

ဝမ်းသာအားရလိုက်ကြွားပါတယ်။

"ငါ့သား ရုံးတစ်ရုံးမှာ လူကြီးရာထူးဖြစ်နေပြီတော့"

လို့ တွေ့တဲ့လူတိုင်းကို လိုက်ကြွားပါတယ်။

နောက်တစ်ခါ သားက စာရေးလိုက်ပြန်တယ်။

"အမေရေ သား T.B (တီဘီ) ဖြစ်နေပြီ"

T.B
(တီဘီ) ကိုလည်း ရာထူးကြီးကြီးတစ်ခုလို့ထင်ပြီး

ဒေါ်ဥမ္မာဟာ တစ်ရွာလုံးလှည့်ပတ် ကြွားနေပြန်ပါတယ်။

"ငါ့သား ရန်ကုန်မှာ တီဘီ ရာထူးတစ်ခုကို ရနေပြီတော့"လို့

တွေ့တဲ့လူတိုင်းကို လိုက်ကြွားနေမိပါတော့တယ်။

+++++++++++++++++++++++++++++++++

မှတ်ချက်။

L.D=အောက်တန်းစာရေး

T.B=အဆုပ်နာရောဂါ


Friday, March 23, 2012

"သူရဲကောင်းရဲ့နောက်မှာ သူရဲကောင်းတွေရှိတယ်..."


သူရဲကောင်းရဲ့နောက်မှာ သူရဲကောင်းတွေရှိတယ်။

သတ္တိကောင်းသူရဲ့နောက်မှာ သတ္တိကောင်းသူတွေ ရှိတယ်။

သူခိုးကြမ်းပိုးနောက်မှာ သူခိုးကြမ်းပိုးတွေရှိတယ်။

ချစ်နိုင်(စိတ်ပညာ)


+++++++++++++++++++++++++++

လူတွေဟာ

အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။

အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။

အသက်(၄၀)မှာ အောင်မြင်မှုကိုမျှော်လင့်ကြတယ်။

အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။

အသက်(၆၀)မှာပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။

အသက်(၇၀)မှာ ကျန်းမာဖို့ကိုမျှော်လင့်ကြတယ်။

အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။

(အမည်မသိ)

+++++++++++++++++++++++++++


လူတွေဟာ ပြောလို့မရဘူး။ မကြားဘူး။

ပြောရင် နားထောင်တယ်။ လိုက်မလုပ်ဘူး။

ပြရင် ကြည့်တယ်။မြင်တယ်။ လိုက်လုပ်တယ်။ထိရောက်တယ်။

ခေါင်းဆောင်ရဲ့ဥပဒေသ ဟာ စံနမူနာပြတာပါ။

ဒါကြောင့် စံနမူနာပြလိုက်ပါ။

ချစ်နိုင်(စိတ်ပညာ)

+++++++++++++++++++++++++++

လူဟာ တိရိစ္ဆာန်ထက်သာတဲ့အချက် သုံးမျိုး…

1။ ကျိုးကြောင်းဆင်ချဉ်အသိပညာကြီးခြင်း။

2။ ကိုယ်ကျင့်တရားရှိခြင်း။

3။ အလှအပကိုခံစားတတ်ခြင်း၊ ဖန်တီးတတ်ခြင်း။

(အောင်သင်း)

ဒီအချက်တွေမှာ မသာဘူးဆိုရင် လူဟာ တိရိစ္ဆာန်ပါပဲ။

+++++++++++++++++++++++++++

လူငယ်တွေအတွက်

ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး ဖြစ်တဲ့ (Warren Buffett )ရဲ့ အကြံပေးချက်တွေကတော့....

Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ။

မှတ်မိနေရမယ့် အရာတွေကတော့...

(၁)ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။

(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။

(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။

နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။

(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ။

ကိုယ်ဝတ်ရတာ သက်တောင့်သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။

(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့။

တကယ်လိုအပ်နေတဲ့ သူတွေအတွက်သာ သုံးပါ။

(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။

ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး။

သူတို့ရဲ့ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

(Warren Buffett)



+++++++++++++++++++++++++++

Read the best book first or

You will not have another chance to read it at all.

အကောင်းဆုံးစာအုပ်ကို အရင်ဆုံးဖတ်ပါ။

သို့မဟုတ်ရင် အဲဒီစာအုပ်ကို ဖတ်ဖို့ အခွင့်အရေး

နောက်ထပ်ရမှာ မဟုတ်တော့ဘူး။

+++++++++++++++++++++++++++


အတုအယောင်ဟာ ဘယ်တော့မှ စိတ်ကို ကျေနပ်မှု

အစစ်အမှန်မပေးနိုင်ပါဘူး။

အစစ်အမှန်ဖြစ်မှသာ တကယ်ကျေနပ်မှု

အစစ်အမှန်ပေးနိုင်ပါတယ်။

+++++++++++++++++++++++++++

ကိလေသာအကြောက်ဆုံးဟာ

သူ့ကို သတိနဲ့ဉာဏ်နဲ့

အေးအေးဆေးဆေးကြည့်တာကို

အကြောက်ဆုံးပဲ။

+++++++++++++++++++++++++++

ဘဝရဲ့အရည်အသွေးကို ကောင်းစေတာ

အသိဉာဏ်ပါ။

အသိဉာဏ်ရှိဖို့ဆိုတာ အသိရှိမှ ဖြစ်မယ်။

+++++++++++++++++++++++++++

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ

အားထားရာ ဖြစ်တယ်။

(ဗုဒ္ဓ)

+++++++++++++++++++++++++++

ကိုယ့်ကိုယ်ကို အားကိုးပါ။

သတိနဲ့မေတ္တာကို အဆောင်အဖြစ်ထားပါ။

+++++++++++++++++++++++++++

ဘဝဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာပါ။

ကိုယ့်လောကကြီးကိုပြောင်းပစ်ချင်တယ်ဆိုရင်

ကိုယ့်စိတ်ကို ကြည့်ပြီးတော့

ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့၊

လွဲမှားနေတဲ့၊

မသင့်တော်တဲ့၊

သဘောထားတွေကို သတိနဲ့သိနေပါ။

သေသေချာချာသိနေရင် ပြင်ပြီးသား ဖြစ်သွားတာပါပဲ။

+++++++++++++++++++++++++++

အသိဉာဏ်ကြောင့် ဖြစ်တဲ့ ရင်ထဲက power က

အလွန်မြဲမြံတယ်။

ခိုင်မာတည်ကြည်သူ ဖြစ်သွားစေတယ်။

အမြဲတမ်းအားရှိတယ်။

စိတ်ကိုအင်မတန်အေးချမ်းစေတယ်။

+++++++++++++++++++++++++++


စိတ်ထားကောင်းတဲ့လူ၊

အသိဉာဏ်ရှိတဲ့လူ၊

အထူးသဖြင့် တရားနဲ့ပက်သက်ပြီးတော့

အသိအမြင်ရှိတဲ့လူဟာ အများအကျိုးကို ပိုပြီးဆောက်ရွက်ချင်တယ်။

တကယ်လည်းဆောင်ရွက်ပါတယ်။

+++++++++++++++++++++++++++

ကျွမ်းကျင်မှုနဲ့ အတူ ပျော်ရွှင်မှုဆိုတာ

ဖြစ်လာတယ်။

+++++++++++++++++++++++++++

အလုပ်တစ်ခုကို ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ်

ဆိုတာသိပြီးတော့ ပိုင်ပိုင်နိုင်နိုင်လုပ်ရတာ

ပျော်စရာကောင်းပါတယ်။

+++++++++++++++++++++++++++

(ဆရာတော်ဦးဇောတိက)




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com