Monday, October 10, 2011

" စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ..."





“ ကျွန်ုပ်သည် မိမိအမျက်ကို အပြင်မထွက်အောင် သိုမှီထားရန်အတွက်
ခါးသီးသော အတွေ့အကြုံဖြင့် သင်ခန်းစာရခဲ့သည်။
ထိုသင်ခန်းစာကား ထိပ်တန်းထားထိုက်သော သင်ခန်းစာတစ်ရပ်ဖြစ်ပါ၏။

အပူရှိန်ကို သိုလှောင်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သလို
ကျွန်ုပ်တို့၏ အမျက်ဒေါသသည်လည်း ထိန်းချုပ်မျိုသိပ်ထားခြင်းဖြင့်
ကမ္ဘာကို တုန်လှုပ်အောင်ပင် ထက်မြက်သော တန်ခိုးအဖြစ် ပြောင်းလဲပေးနိုင်ပါသည်။

( မဟတ္တမဂန္ဒီ )

++++++++++++++++++

ကုသိုလ်ဆိုတာ အဆင့်အတန်းမြင့်တဲ့စိတ်ဖြစ်တယ်။

v စိတ်ရဲ့အရည်အသွေးကို မြှင့်ပေးလိုက်တာ-ကုသိုလ်။
v စိတ်ရဲ့စွမ်းရည်သတ္တိတွေကို ပိုပြီး ကြီးမားစေတာ-ကုသိုလ်။
v ကောင်းတစိတ်ဓါတ်ဖြစ်ပေါ်လာဖို့ လုပ်လိုက်ရတာ-ကုသိုလ်။

++++++++++++++++++


ကုသိုလ်မှန်းသိပြီးတော့ အဲဒီကုသိုလ်ကို လုပ်ရင်းနဲ့
စိတ်ဓာတ်အင်အားကို ကြီးသည်ထက် ကြီးလာအောင်
မြင့်သည်ထက် မြင့်လာအောင် မြှင့်တတ်တဲ့လူဟာ
ပညာတတ်ပဲ။

++++++++++++++++++

ဖြစ်ဖို့မသေချာတဲ့ကိစ္စ
ဒါပေမယ့်…
ဖြစ်နိုင်တဲ့အလားအလာတော့ နည်းနည်းရှိတယ်။
အစွမ်းကုန် ကြိုးစားပြီး လုပ်နေတဲ့သူဟာ
စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ။

ဖြစ်မှာသေချာတာကိုမှ လုပ်ချင်တဲ့သူဟာ
စိတ်ဓာတ်အင်အား နည်းတဲ့သူ။

++++++++++++++++++

နေ့တစ်နေ့ကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေနိုင်ခဲ့ရင်
စိတ်ချမ်းသာလက်ချမ်းသာ အိပ်ပျော်တဲ့ညတစ်ညဖြစ်ပေါ်စေတယ်။
အဲဒီလိုပဲ ဘဝတစ်ခုကိုလည်း အနှစ်သာရရှိရှိ နေထိုင်နိုင်ခဲ့ရင် ငြိမ်းချမ်းသာယာတဲ့ သေဆုံးခြင်းကို ဖြစ်ပေါ်စေတယ်။

(လီယိုနာဒို ဒါဗင်ချီ)
{ Leonardo da Vinci }

++++++++++++++++++

သတ္တိသည် အောင်မြင်မှုပုံစံတစ်မျိုးဖြစ်နိုင်၏။
ထိုသို့သတ္တိမွေးနိုင်သူတွေထဲမှာ အထင်ရှားဆုံးကတော့…
ဟယ်လင်ကဲလား ( Helen Keller )ဖြစ်၏။

သူမရဲ့စကားလက်ဆောင်တစ်ခုကတော့…
“ ဘဝဆိုတာ ရဲရဲဝံဝံ သတ္တိရှိရှိ လုပ်ဆောင်ရတဲ့ စွန့်စားခန်းတစ်ခုပါပဲ။
အဲဒီလိုမှ မဟုတ်ရင် ဘဝဆိုတာ ဘာမှ အဓိပ္ပါယ်မရှိဘူး "

++++++++++++++++++

ဤလောကတွင်
လိုချင်တပ်မက်မှုရှိသော နှလုံးသားတစ်ခုအတွက်
မဖြစ်နိုင်ဘူးဆိုတာ ဘာမျှမရှိ။

( အေဘရာဟင် လင်ကွန်း )

++++++++++++++++++

ကျွန်ုပ်က ကမ္ဘာမြေပေါ်တွင် အလျဉ်းမရှိခဲ့သည့် အရာဝတ္ထုများကို
စိတ်ကူးယဉ်အိပ်မက်မက်ပြီး
ဘာကြောင့် မဖြစ်ရမှာလဲ လို့ ကြုံးဝါးခဲ့တယ်။

( ဂျော့ဘားနတ်ရှော )

++++++++++++++++++

လောကတွင် ကျွန်ုပ်တို့အလေးအမြတ်ထားစရာဆိုလို့
ကျွန်ုပ်တို့ရဲ့ ခိုင်မြဲတည်ကြည်တဲ့စိတ်
ကလွဲပြီး တခြားဘာဆိုဘာမျှမရှိပါ။

( ရာ့ဖ်ဝေါ်လ်ဒိုအင်မာဆင် )

++++++++++++++++++

အားကြိုးမာန်တက် အလုပ်လုပ်တဲ့အတွက်
၁။ ကိုယ့်အကြောင်းကို ကိုယ်ပိုသိလာလိမ့်မယ်။
၂။ အသိပညာတွေ ကြွယ်ဝလာပြီး ဉာဏ်အလင်းပွင့်လာလိမ့်မယ်။
၃။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား၊လေးစားစိတ်တွေ ပြည့်ဝလာလိမ့်မယ်။

++++++++++++++++++


Sunday, October 9, 2011

" မဖြစ်နိုင်ဘူး..."


တစ်ခါတုန်းက တာချီလိတ်မြို့က

ကျနော့်ဆေးခန်းကို ကိုစိုင်းရောက်လာပါတယ်။

သူဟာ အလွန်ရိုးသားသူဖြစ်တယ်။

ရီစရာပြောရင်လည်း ရီရကောင်းမှန်းမသိပါ။

သူကို ရီစရာပြောရင် တစ်ခုခုပြန်ပြောတဲ့အတွက်ကြောင့် ရီရပါတယ်။

သူ့အလှည့်ရောက်တော့ ငြိုးငယ်တဲ့မျက်နှာနဲ့ဝင်လာပါတယ်။

ကိုစိုင်းက

"ဒေါက်တာ ကျနော် အမြဲတန်း စိတ်အားငယ်သလိုဖြစ်နေတယ်။

ဘာလုပ်ရမလဲဆိုတာ အကြံပေးပါအုန်း"


“ ဒါက လွယ်လွယ်လေးပါ၊

အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့”

ကိုစိုင်းရဲ့တုန့်ပြန်ချက်က...

“ ဟာ ဒါတော့ မဖြစ်နိုင်ဘူး၊

ကျနော်က ဘိလပ်မြေ ဖျော်တဲ့လူ…”

Saturday, October 8, 2011

" ဘယ်တော့မှ အားမလျှော့လေနဲ့..."


ဘယ်တော့မှ၊
ဘယ်တော့မှ၊
ဘယ်တော့ဆို ဘယ်တော့မှ၊
အားမလျှော့လေနဲ့။

( ဆာ ဝင်စတန် ချာချီ )

++++++++++++++++++

ဘာဘဲဖြစ်ဖြစ် ကျွန်ုပ် စိတ်မပျက်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့
စွန့်ပယ်လိုက်တဲ့ မှားယွင်းအားထုတ်မှုတစ်ခုတိုင်းဟာ
ရှေ့တစ်လှမ်းတိုးတဲ့ခြေလှမ်းဖြစ်နေလို့ပဲ။

( သောမတ်အက်ဒီဆင် )

++++++++++++++++++

မိုးကောင်ကင်ဆီမှ…
မြေကြီးထဲမှ…
စက္ကူစုတ်တစ်ရွက်မှ…
ဖြတ်သွားသော ပုံသဏ္ဍန်တစ်ခုမှ…
ပင့်ကူအိမ်တစ်အိမ်မှ…
ထိုအရာကို တွေ့နိုင်မည့်နေရာမှ…
ကျွန်ုပ်တို့အတွက် သင့်မြတ်သောအရာကို ရွေးထုတ်ကြရမည်။

( ပက်ဘလို ပီကာဆို )

++++++++++++++++++

ပြင်းပြသောဆန္ဒရှိခဲ့လျှင်
နေ့စဉ်တာဝန် ဝတ္တရားများကြားထဲမှ အခွင့်အလမ်းကို
တွေ့မြင်နိုင်ပါသည်။

++++++++++++++++++

ခက်တာက
သင် နည်းနည်းကလေးမျှ မစွန့်စားလျှင်
သည့်ထက်ပိုပြီး စွန့်စားရကိန်းကြုံခြင်းပင်။

( အယ်ရစ်ကာ ယွန်း )

++++++++++++++++++

အရဲကိုးစွန့်စားခြင်းသည်
သင်၏သက်သောင့်သက်သာနယ်မြေထဲမှ ခြေဆန့်ထွက်ခြင်းပင်ဖြစ်၏။
ပြီးတော့ အာမခံချက်တစ်စုံတစ်ရာမရှိသော အလုပ်တစ်ခုခုကို ပြုလုပ်ခြင်းဖြစ်၏။
ပြီးတော့ ထုံးတမ်းစဉ်လာအတွေးအခေါ်ကို ဆန့်ကျင်ပြီး၊
သင့်နှလုံးသား၏ တေးသံကို အလေးထားနားထောင်ခြင်းဖြစ်၏။

++++++++++++++++++

အရဲကိုးစွန့်စားတော့မည်ဆိုလျှင်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားထားဖို့ နှင့်
အမှားတစ်ခု ပြုလုပ်ရဲဖို့ လိုအပ်၏။

++++++++++++++++++

သင်ကြုံရမည့် ရလာဒ်သည်
ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ
လိုလိုလားလား ရင်ဆိုင်ဖို့သင်ဘက်က
အသင့်ဖြစ်နေချိန်တွင် အရဲကိုးစွန့်စားပါ။
ဒီအချိန်ကား ချောက်ကမ်းပါးကြီးကို ခုန်လွှားကျော်ဖြတ်ရမည့်အချိန်ဖြစ်သည်။

++++++++++++++++++

နောက်ဆုံးတစ်လက်မ (သို့မဟုတ် )
နောက်ဆုံးတစ်မိုင်သည် မသိမမြင်နိုင်သော ဇုံဖြစ်၏။
သိသောကမ္ဘာမှ မသိသောကမ္ဘာထဲသို့ တိုးဝင်သောအခါ
လဟာပြင်ထဲသို့ ခုန်ချလိုက်သလို ခံစားရလေသည်။

သင်ခုန်လိုက်တဲ့အခါ ပထမခြေ တစ်ဖက်ကို မြှောက်လိုက်၏။
နောက်ခြေတစ်ဖက်ပါ မြောက်တက်လာဖို့ နင်းထားသည့်မြေကြီးကို စွန့်ခွာလိုက်၏။
ရှေ့ခြေထောက်က အမာခံတစ်ခုခုကို မနင်းမိသေးခင်အတွင်း
မြေကြီးနှင့်ကင်းကွာသည့်ခံစားချက် ကိုခံစားရ၏။
ခြေထောက်နှစ်ဖက်စလုံးအောက်တွင် ဘာမျှမရှိ။
သင့်မှာကိုင်တွယ်အားပြုစရာလည်း ဘာမျှမရှိ။
ထိုအချိန်တွင် သင့်ကိုယ်သင် ယုံကြည်အားထားမှုအပြည့်ရှိရပါမည်။

ဒါပေမယ့်
လုပ်သာလုပ်ပါလို့တိုက်တွန်းလိုက်ချင်ပါတယ်။
ပြောရလွယ်သလောက် အလုပ်ရခက်တဲ့ကိစ္စဖြစ်ပါတယ်။

++++++++++++++++++


ငှက်သည် မပျံနိုင်မီ ဥခွံကို ဦးစွာ ခွဲရဦးမည် ဖြစ်၏

( အဲလ်ဖရက်လော့ဒ် တင်နီဆင် )

Friday, October 7, 2011

“ အဆိုးမြင်သမား-ဆန့်ကျင်ဘက်စကား…”



တစ်ခါတုန်းက

လူတစ်ဦးဟာ သူ့ဆန္ဒနဲ့ဆန်ကျင်ပြီး အမြဲပြောလေ့ရှိတဲ့အတွက်

သူ့ကိုဦးဟင့်အင်းလို့ အမည်တွင်ပါတယ်။

သူဟာ ပေါင်မုန့်တစ်လုံးဝယ်ရန်ပေါင်မုန့်ဆိုင် ကိုသွားပါတယ်။

ဆိုင်ရှင်ကပေါင်မုန့်လိုချင်ပါသလားခင်ဗျာလို့ မေးရာ၊

သူကဟင့်အင်းလို့ပြန်ဖြေလိုက်ပါတယ်။

သူဟာ ထောပတ်လည်း ဝယ်ချင်ပါတယ်။

ဆိုင်ရှင်က ထောပတ်လိုချင်ပါသလားလို့ မေးပြန်ပါတယ်။

အဲဒီလူက ဆန့်ကျင်ပြောနေကျအတိုင်းဟင့်အင်း

လို့သာ ပြန်ဖြေခဲ့ပါတယ်။

ဟာ ဒီလိုဆိုရင် ကျနော်ခင်ဗျားအတွက် ရောင်းပေးနိုင်တာ ဘာမှ မရှိတော့ပါဘူး

လို့ဆိုင်ရှင်ကပြောပါတယ်။

အဲဒါကြောင့်ဦးဟင့်အင်း

ဟာလက်ထဲမှာ ဘာမှမဝယ်ဘဲ ပြန်ခဲ့ပါတယ်။

သူလိုချင်တဲ့အရာ ဘာမှ မရခဲ့ပါ။

ဘာကြောင့်ဆိုတော့ သူဟာသူလုပ်ချင်တဲ့ ဆန္ဒနဲ့ လုပ်လေ့ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သူဆာလောင်တဲ့အခါ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

ရေဆာတဲ့အခါ ရေခွက်ကို ကြမ်းပြင်ပေါ်ကို သွန်ချတတ်ပါတယ်။

အိပ်ချင်တဲ့အခါ အိပ်ရာပေါ်ကို ရေတွေ လောင်းချတတ်ပါတယ်။

တစ်နေ့မှာဦးဟင့်အင်းရဲ့အိမ်တံခါးကို တစ်ယောက်ယောက် လာခေါက်ပါတယ်။

ဦးဟင့်အင်း ရှိပါသလား

လို့ အသံထွက်လာပါတယ်။

ဦးဟင့်အင်းက

" မရှိဘူး "လို့ ပြန်ဖြေပါတယ်။

တံခါးခေါက်တဲ့အမျိုးသမီးက အထဲမှာလူရှိမှန်းသိလို့ တံခါးဖွင့်ပြီး ဝင်လာပါတယ်။

အလွန်ချောမောလှပတဲ့ မိန်းကလေးတစ်ဦးဟာ

စားစရာခြင်းတောင်းဆွဲပြီး ဝင်လာခြင်းဖြစ်ပါတယ်။

သူမဟာ ဘာမှ မေးမနေတော့ပါ။

ပါလာတဲ့ ပေါင်မုန့်၊ထောပတ်၊ ဝက်အူချောင်းတွေကို ထုတ်ပြီး စားဖို့ပြင်ပါတယ်။

အဲဒီအခါဦးဟင့်အင်းဟာ အမျိုးသမီးလေးဘေးတွင် ဝင်ထိုင်ပြီး စားပါတယ်။

သူတို့နှစ်ဦးဟာ အတူတူ နေ့လည်စာ အဝစားကြပါတယ်။

အားလုံးစားပြီးတဲ့အခါ အမျိုးသမီးက

နောက်တစ်ကြိမ် ကျမ လာရဦးမလား

လို့မေးပါတယ်။

ဒီတစ်ခါတော့ "ဦးဟင့်အင်း" က

အေး

လို့ပြန်ဖြေလိုက်ပါတော့တယ်။

Thursday, October 6, 2011

" အမေ့ထံသို့ပေးစာများ-၁၅..."




သို့
ချစ်တဲ့အမေ…
သားသတိတရ စာရေးလိုက်ပါတယ်။
အမေဆီကိုဖုံးဆက်ချင်ပေမယ့် အစဉ်မပြေဘူးအမေ။
သူများအိမ်မှာနေတော့ သူ့တို့အိမ်ဖုံးကို ပြည်ပကိုဆက်မှာစိုးလို့ပိတ်ထားတယ်။
အခန်းထဲက ဖုံးကို တစ်ခုခုနဲ့ချိတ်ဆက်ထားတယ်။
ဖုံးဖိုးတွေအရမ်းကျမှာစိုးလို့ထင်ပါတယ်။
တစ်ခါတုန်းကသူ့အဖေက မြန်မာပြည်က ရောက်စအချိန်မှာ ပြည်ပဖုံးဆက်လိုက်တာ
အရမ်းကုန်ကျသွားလို့ဖုံးရုံးမှာ သွားတောင်းပန်ပြီးဖုံးဖိုးလျှော့ဖို့သွားပြောခဲ့ဖူးတယ်လို့ကြားမိတယ်။
အဲဒီကထဲက ပြည်ပကိုဒီဖုံးနဲ့မဆက်သွယ်ဖို့မှာထားသတဲ့။
ထမင်းစားဝိုင်းမှာပြောခဲ့ဖူးတော့
အမေတို့ဆီဆက်ချင်ပေမယ့် အဲဒီအခက်အခဲကြောင့်
မဆက်သွယ်ဖြစ်တာပါ။
ဒီတော့ အကြောင်းထူးမရှိရင် ဖုံးမဆက်ဖြစ်တာများပါတယ်။
ကျနော်မှာ လက်ကိုင်ဖုံးမရှိတော့ ဖုံးနဲ့မဆက်သွယ်ဖြစ်တာများလာတာပေါ့။
ကျနော် အားသန်တာက အီးမေးလ်(E mail)ဖြစ်နေတယ်။
အီးမေးလ်က ငွေမကုန်ဘူး။
မြန်မြန်ဆန်ဆန်လည်းရောက်တယ်။
ကြိုက်တဲ့အချိန်မှာဆက်သွယ်လို့ရတယ်။
ကြိုက်တဲ့အချိန်မှာ ဖတ်လို့ရတယ်။
ဒါကြောင့် အီးမေးလ်ကို အများအားဖြင့်သုံးဖြစ်တာပါ။
အရေးကြီးတာက ဆက်သွယ်ရေးလမ်းကြောင်းမှာ ပြောချင်တဲ့အကြောင်းအရာကို
ပြောချင်တဲ့သူဆီကို မြန်မြန်ရောက်ဖို့ပဲမဟုတ်လား။
ဒါကြောင့်ကျနော်ဖုံးမဆက်သွယ်ဖြစ်တာကို နားလည်ပေးပါအမေ။
ဒီအိမ်မှာက နံနက်မိုးလင်းတာနဲ့လူတိုင်းကိုယ်စီ အလုပ်သွားကြတယ်။
အိမ်မှာကျောင်းသားလေးတစ်ယောက်ရှိတယ်။
သူလည်းမိုးလင်းတာနဲ့ကျောင်းသွားတယ်။
ဒီမိသားစုဆုံတဲ့အချိန်က ညဖက်ထမင်းစားဝိုင်းမှာပဲဖြစ်တယ်။
ဟိုတုန်းကတော့ ဘယ်လိုပုံစံရှိခဲ့တယ်တော့ အသေအချာမသိပါဘူး။
ကျနော်တို့လင်မယားရောက်လာတော့ မိန်းမရဲ့အမတို့လင်မယားနဲ့စုစားကြတယ်။
သူတို့ရဲ့သားကျောင်းသားလေးအပါအဝင်ဆိုရင် ငါးယောက်ပေါ့။
ကျောင်းသားလေးရဲ့အဖိုးအဖွားကတော့ အရင်စားတဲ့အခါစားတယ်။
နောက်ကျမှစားတဲ့အခါစားတယ်။
သူတို့လင်မယားက တစ်ဝိုင်းစားကြတယ်။
ဘာကြောင့်ခွဲစားသလဲဆိုတော့ ထမင်းဝိုင်းက လူငါးယောက်လောက်ပဲဆန့်လို့ထင်မိတာပဲ။
သင့်မြတ်ချစ်ခင်နေကြရင်တော့ ထမင်းစုစားတာက ကောင်းတယ်လို့ပြောရမယ်ထင်တယ်။
အဲဒီအချိန်မှာစုပြီးစား၊
စုစားတော့ အကုန်အကျသက်သာတာပေါ့။
နောက်တစ်ကြောင်းကတော့ အဲဒီအချိန်မှာ သတင်းဖလှယ်လို့ရတာပေါ့။
သတင်းပြောစရာကုန်တဲ့အခါ အတင်းဖလှယ်ပွဲဖြစ်လာတာကများတယ်။
ဒါက သူတို့ရဲ့ဖွဲ့စည်းပုံဖြစ်နေပုံရတယ်။
ကျနော်ကတော့ မကြိုက်ဘူးအမေ။
ဘာကြောင့်ဆိုတော့ သူတို့နဲ့စုံဖို့ဆိုတာ ည-၉:၀၀- ကျော်တဲ့အထိစောင့်ရတယ်။
ညတိုင်းရဲ့ထမင်းစားချိန်က ၉:၀၀နာရီနဲ့၁၀:၀၀နာရီကြားဖြစ်နေတတ်တယ်။
အလုပ်မတူကြဘူး။
အချို့ကသက်သက်သာသာလုပ်ရတယ်။
အချို့က ပင်ပင်ပန်းပန်းလုပ်ရတယ်။
ဒီတော့ ဆာလောင်ချိန်က မတူနိုင်ဘူး။
ဘယ်လောက်ဆာဆာ လူစုံတဲ့အထိစောင့်ရမယ်ဆိုတာက သဘာဝမကျဘူးလေ။
တစ်ခါတစ်လေ တအားဆာလောင်နေတယ်။
ဒါပေမယ့်လူစုံအောင်စောင့်နေရတယ်။
ကျနော်တို့က အိမ်ရှင်မဟုတ်တော့ တွေ့ရာကို သရေစာအဖြစ်စားလို့ကလည်းမရဘူး။
ပါးစပ်ကတစ်စွတ်စွတ်စားရင်လား၊
ပြောဖို့အသင့်စောင့်နေသူတွေကရှိနေတယ်။
ကျနော်တို့ငယ်ငယ်က အမေပြောဖူးတဲ့ “လူ့ဘဝစက်ဝိုင်းပုံပြင်”
ထဲကလိုလူကအသင့်ရှိနေတော့ စားချင်တာတောင် မစားရဲပါဘူး။
အမေဆုံးမခဲ့တယ်လေ။
အစားအသောက်ကြောင့်အပြောခံရတာ အရမ်းရှက်ဖို့ကောင်းတယ်ဆိုတာလေ။
တစ်ခါတစ်လေဆိုရင် အဆာလွန်သွားလို့မစားချင်တဲ့အခါမျိုးတောင်ရှိပါတယ်။
ဆာချိန်မတူတော့ တူတူစားတာဟာ အမြဲတမ်းအစဉ်မပြေပါဘူး။
ဒါပေမယ့် ကိုယ်က ဧည့်သည်ဆိုတော့ ကိုယ့်ခံစားချက်ကို ကိုယ်မျိုသိပ်ပြီး၊
ဆာလည်း အောင့်နေလိုက်ရတာပဲ။
အားလုံးစုစားချိန်ရောက်ရင်လည်း
စားချင်သည်ဖြစ်စေ၊မစားချင်သည်ဖြစ်စေ အိပ်ခန်းထဲက ထွက်စားရတာပါပဲ။
အဲဒါကိုလည်း ကျနော်ကမကြိုက်ဘူး။
"ထွက်မစားချင်တော့ဘူး "လို့မိန်းမကိုပြောရင်လည်း
မိန်းမက “မကောင်းပါဘူးထွက်စားလိုက်ပါ။
မစားချင်လည်း နည်းနည်းတော့စားလိုက်ပါ”လို့ပြောတယ်။
အဲဒီလိုဟန်ဆောင်ရတဲ့အလုပ်ကိုလည်း ကျနော်က မကြိုက်ဘူး။
တာရှည်နေလို့မဖြစ်နိုင်မှန်း အဲဒီကထဲက သိနေပါတယ်။
ရုန်းထွက်ဖို့ကျတော့ ငွေကြေးအခက်အခဲတွေကြောင့်
လောလောဆယ်မဖြစ်နိုင်သေးတော့ ကြိတ်မှိတ်နေရတယ်။
ကျနော်ဆယ်တန်းတုန်းက ညစာထမင်းစားရင် စာမကျက်နိုင်လောက်အောင်
အိပ်ငိုက်တာမို့ထမင်းမစားတော့ဘူးလေ။
အမေက ဆာမှာစိုးလို့ ဆန်ပြုတ်တွေပြုတ်ပေးပြီး အခန်းထဲကို လာပေးတယ်။
အဲဒီကထဲက ညစာကို နည်းနည်းစားတတ်တဲ့အလေ့အကျင့်ရခဲ့တယ်။
မုဒုံနားက ဖားအောက်တောရမှာ တရားစခမ်းဝင်တော့ ညစာမစားတဲ့အကျင့်ရလာပြီး
နောက်ပိုင်းမှာ ဆယ်နှစ်ကျော်ကျော်လောက်ညစာမစားပဲနေခဲ့သေးတယ်။
ကျန်းမာရေးကြောင့်မစားဖြစ်ပဲနေရင်းက
ကျန်းမာရေးကောင်းလာတာမို့မစားပဲနေဖြစ်သွားတာပါ။
အဲဒီအလေ့အကျင့်တွေကြောင့်
နောက်ပိုင်းမှာ ညစာကိုထွက်မစားတော့ဘူး။
ဒီတော့ စကားနည်းသွားတယ်။ပြဿနာလည်းနည်းသွားတာပေါ့။
ကိုယ့်အလုပ်တွေကိုယ်လုပ်တော့ အလုပ်တွေပြီးတယ်။
စကားပြောတယ်ဆိုတာ အဆင့်ချင်းတူမှ စိတ်ကိုအေးချမ်းစေနိုင်တယ်။
ကုသိုလ်ချင်းဖလှယ်မှ ကုသိုလ်ရတယ်။
အခုတော့ အတင်းနဲ့သတင်းဖလှယ်ပွဲကြီးလိုဖြစ်နေတယ်။
ကျနော်က အတင်းကိုမကြိုက်ဘူး။
သတင်းကိုလည်းမကြိုက်ဘူး။
အတင်းကတော့ သူများမကောင်းကြောင်းကို အထင်နဲ့ပြောနေတာ။
ဘယ်လာကောင်းမလဲ။
သတင်းကလည်း စဉ်းစားကြည့်ရင်
အကောင်းပြောတာနည်းနည်းရယ်ပါ။ မကောင်းတဲ့အကြောင်းများလွန်းလှတယ်။
အကောင်းတွေကလည်းသတင်းမဖြစ်တာများတယ်။
ဆိုပါစို့။ခွေးကလူကိုကိုက်တာသတင်းမှမဟုတ်တာ။
အဲ..လူကခွေးကိုကိုက်ရင်တော့ သတင်းဖြစ်လာနိုင်တယ်။
စဉ်းစားကြည့်ပေါ့။ ခွေးကိုကိုက်တဲ့လူက ဘယ်မှာလူကောင်းဖြစ်နိုင်မလဲ။
အရူးဖြစ်ဖို့များတယ်။
အဲဒီအရူးအကြောင်းက သတင်းဖြစ်လာတော့
အဲဒီသတင်းကိုပဲအချိန်ကုန်ခံပြီးပြောသူတွေရော
လူကောင်းဖြစ်ပါဦးမလား။
ဘယ်နေရာမှာ ရေကြီးလို့/မီးလောင်လို့/လူဘယ်နှစ်ယောက်သေတယ်။
ပစ္စည်းတန်ဖိုးဘယ်လောက်ပျက်စီးတယ်။
ဆူနာမီကြောင့် လူဘယ်နှစ်ယောက်သေ/ဒဏ်ရာရတယ်ဆိုတဲ့သတင်းက
စိတ်ကိုဘယ်မှာအေးချမ်းစေပါ့မလဲ။
သတင်းအများစုဟာ အဆိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေလေ။
အဲဒါတွေသိပြီးတော့ရော ဘာတွေထူးလာမှာလဲ။
စိတ်ဓာတ်အင်အားကို ညှိုးနွမ်းစေတယ်။
နောက်သတင်းဆိုတာ အစိုးရက ဝါဒဖြန့်ဖို့အသုံးပြုတဲ့အရာလို့သိထားတယ်။
ဒါကြောင့်သတင်းစာကိုမဖတ်ပဲနေလိုက်တာ နှစ်ပေါင်းများစွာ။
ဒီမှာလာပြီး ပြောဆိုနေကြတော့ အချိန်ဖြုန်းတဲ့အလုပ်လို့ထင်တယ်။
နောက်ပိုင်းအချိန်မဖြုန်းချင်တာနဲ့ ညစာထွက်မစားတော့ဘူး။
ကျနော့်အတွက် ညစာမစားတာအဆန်းမှမဟုတ်တာ။
ညစာမစားတော့လည်း မစားလို့အပြောမလွတ်ပါဘူး။
အပြစ်ရှာသူတွေရဲ့ရှေ့မှာ အပြစ်ကင်းအောင်နေဖို့ဆိုတာမဖြစ်နိုင်မှန်းသိပါတယ်။
သူများအိမ်မှာနေရတဲ့ဒုက္ခကကြီးမားပါတယ်အမေ။
အမေ့စကားကိုနားမထောင်ခဲ့တဲ့ကျနော့်အပြစ်ပါ။
ဒီတစ်ခါစာထဲမှာ တစ်ခုမှအကောင်းမပါသလိုပဲနော်။
ကျနော့်စာကြောင့်အမေစိတ်ရှုတ်သွားရင် ကျနော်တောင်းပန်ပါတယ်။
စိတ်ညစ်ညူးနေချိန်မှာ စာမရေးချင်ဘူး။
ရေးဖြစ်ရင်လည်း မကောင်းတာတွေရေးဖြစ်တာများတယ်။
ဒါပေမယ့်ကျနော့်မှာလည်းအမေ့ကိုပဲ ရင်ဖွင့်ရတာပါအမေ။
ကျနော့်အပေါ်နားလည်တာလည်း အမေပဲရှိတာ။
နားလည်ပေးပါအမေ။
အမေကိုချစ်တဲ့သား...
အောင်ဝင်းဟိန်း၊
ဆန်ဟိုဆေးမြို့(San Jose)
ကယ်လီဖိုးနီးယားပြည်နယ်(California)
အမေရိကန်ပြည်ထောင်စု(USA)
၁၀-၆-၂၀၁၁
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com