Sunday, September 4, 2011

" ကောင်းကွက်ကို ရှာ မေတ္တာ..."



၁။

လူတစ်ယောက်ဟာ အပြေးဘယ်လောက်မြန်မြန်
တစ်ယောက်တည်းပြေးတာဆိုရင် မြန်မှန်းမသိပါ။
တခြားအပြေးသမားတွေနဲ့ယှဉ်ပြီး ပြေးတဲ့အခါကျမှသာ
အပြေးမြန်တာဟာပေါ်လွင်လာပါတယ်။

++++++++++++++++++++++++++++++++++++

၂။

မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။

ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။

ဒေါသဓာတ်ဖြင့်
သူတစ်ပါး၏ မကောင်းကွက်ကို ရှာကြည့်လျှင်…
အကုသိုလ်လည်းဖြစ်သည်၊
စိတ်လည်းဆင်းရဲသည်၊
အရုပ်လည်းဆိုးသည်၊
အသက်လည်းတိုသည်၊
စီးပွားလည်းပျက်သည်၊
ငရဲသို့လည်းကျရသည်။

မေတ္တာဓာတ်ဖြင့်
သူတစ်ပါးကောင်းကွက်ကို ရှာကြည့်လျှင်….
ကုသိုလ်လည်းဖြစ်သည်၊
စိတ်လည်းချမ်းသာသည်၊
ရုပ်လည်းလှသည်၊
အသက်လည်းရှည်သည်၊
စီးပွားလည်းတက်သည်၊
နိဗ္ဗာန်သို့လည်းရောက်သည်။

+++++++++++++++++++++++++++++++++++++++++

၃။

ချစ်သားရာဟုလာ၊
စကားပြောတော့မည်ဆိုလျှင် မစဉ်းမစား မပြောအပ်။
ပြောတော့မည့်စကားသည်
မိမိကိုယ်ထိခိုက်မည်လား၊
သူတစ်ပါးကို ထိခိုက်မည်လားဟု
တွေးတောအပ်၏။
မိမိ၊ သူတစ်ပါးနှစ်ဦးသားတို့တွင်
တစ်ဦးဦးကို ထိခိုက်မည့်စကားဖြစ်ပါက မပြောအပ်။
မိမိ၊ သူတစ်ပါးနှစ်ဦးသားလုံးကို
မထိခိုက်သော စကားကိုသာ ပြောကြားအပ်၏။

++++++++++++++++++++++++++++++++++++++++++

၎။

နူးညံ့သောမှိုပွင့်သည်
ခက်မာသောမြေပြင်ကို
ဖောက်ထွက်လာနိုင်စွမ်းရှိ၏။

အကောင်အထည်ရှာမရလောက်အောင်
သိမ်မွေ့လှသည့် ရေလှိုင်းလေးများသည်
မာကျော တောင့်တင်းလှသော ကျောက်တောင်ကျောက်စောင်းများကို
သဲမှုန်လေးများဖြစ်သွားအောင် တိုက်စားနိုင်စွမ်းရှိ၏။

ထို့အတူ
သူတော်စင်များ၏မေတ္တာ၊ ကရုဏာဖြင့်
ထုံမွှမ်းသည့် နူးညံ့သော နှလုံးသားသည်
မသူတော်များ၏ ခက်မာသောနှလုံးသားကို
ပျော့ပျောင်းစေနိုင်စွမ်းရှိပေသည်။

+++++++++++++++++++++++++++++++++++++++++++++++

၅။

ဗုဒ္ဓက
နိဗ္ဗာန်ရမည့် အနိုင်ယူနည်းလေးမျိုးကို
ဟောကြားတော်မူခဲ့၏။

ယင်းတို့ကား….

၁။ အမျက်ဒေါသဖြစ်သူကို မေတ္တာဖြင့် အနိုင်ယူပါ။

၂။ အကျင့်ယုတ်သူကို အကျင့်ကောင်းဖြင့် အနိုင်ယူပါ။

၃။ နှမြောစေးနဲသူကို ပေးကမ်းခြင်းဖြင့် အနိုင်ယူပါ။

၎။ လိမ်ညာပြောဆိုသူကို အမှန်ပြောခြင်းဖြင့် အနိုင်ယူပါ။

++++++++++++++++++++++++++++++++++++

Saturday, September 3, 2011

" မြန်မာပြည်အလွမ်းပြေ..."



့
မြန်မာပြည်က ပြည်ပကိုထွက်လာပြီးနောက်မှာတော့
မဂ္ဂဇင်းဂျာနယ်တွေနဲ့ဝေးကွာနေသလို
ကာတွန်းတွေနဲ့ဝေးကွာသလိုဖြစ်နေမိပါတယ်။
ကာတွန်းဆိုတာ စကားနည်းနည်းနဲ့ပြကွက်နည်းနည်းကို
ခေတ်သရုပ်ကိုပေါ်လွင်အောင် ဖေါ်ပြနိုင်စွမ်းရှိနိုင်တယ်လို့
ခံစားမိပါတယ်။
အဲဒီလို ဝေးကွာနေလို့ လွမ်းနေချိန်မှာ
ရန်ကုန်က မိတ်ဆွေ ဒေါ်နီဝမ်းက ကာတွန်းတွေကို
ပေးပို့လိုက်ပါတယ်။
အဲဒီကာတွန်းထဲက အချို့ကို လူကြီးမင်းအတွက်
စိတ်နဲ့ကိုယ် ဖိစီးမှုအမျိုးမျိုးကနေ
သက်သာစေလိုတဲ့စေတနာနဲ့
မျှဝေပေးလိုက်ပါတယ်။
သတိတရအနေနဲ့ကာတွန်းတွေကိုပေးပို့သူ
ဒေါ်နီဝမ်းကိုလည်းကျေးဇူးတင်ပါတယ်။














Friday, September 2, 2011

“ စိတ်ဆင်းရဲမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်း…”


၁။


“ တစ်ကိုယ်ထဲလည်း ပျော်မှ ဖြစ်မယ်…”


အလေးနက်ဆုံး အလုပ်ကို တစ်ယောက်ထဲ

နေပြီး လုပ်မှ ရတယ်။

+++++++++++++++++++++++++++++++++++++


အလေးနက်ဆုံး အသိဉာဏ်ကို

တစ်ယောက်ထဲနေတဲ့အချိန်မှာမှ ရတယ်။


+++++++++++++++++++++++++++++++++++++


ဉာဏ်ရှိရင် အဆိုးထဲက အကောင်းဖြစ်လာမယ်။


+++++++++++++++++++++++++++++++++++++


ဒုက္ခကို

ဉာဏ်နဲ့သတိနဲ့

ကြည့်တဲ့အတွက်ကြောင့် ပိုပြီး

ရင့်ကျက်လာတယ်။


+++++++++++++++++++++++++++++++++++++


စိတ်ဆင်းရဲချိန်မှာ အကျိုးရှိတာ

တစ်ခုခုလုပ်နေပါ။

နောက်မှ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားပါ။

အကျိုးရှိတဲ့အလုပ်တစ်ခုခုကို လုပ်နေတာဟာ

စိတ်ဆင်းရဲမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းပဲ။

တရားအားထုတ်တာ စိတ်ချမ်းသာမှုကို ရဖို့ အကောင်းဆုံးနည်းပဲ။

ဒါကြောင့်ဘာဘဲဖြစ်ဖြစ်

တရားမှန်မှန် အားထုတ်ပါ။


+++++++++++++++++++++++++++++++++++++


မိတ်ဆွေကောင်းရှိအောင်

ကိုယ့်ကိုယ်တိုင်က မိတ်ဆွေကောင်း ပီသတဲ့သူ

ဖြစ်ရမယ်။

+++++++++++++++++++++++++++++++++++++

၂။


ကြုံတွေ့လာမဲ့ဒုက္ခကို ခံနိုင်ရည်ရှိအောင်တော့

ကြိုကြိုတင်တင် ပြင်ဆင်ထားပါ။


+++++++++++++++++++++++++++++++++++++


နောက်ဆုံးတော့လည်း သေတဲ့အခါမှာ

တစ်ယောက်ထဲပါဘဲ။

အဖော်မရှိပါဘူး။

အဲဒီအတွက်ပါ ကြိုတင် ပြင်ဆင်ထားပါ။


+++++++++++++++++++++++++++++++++++++

“ အတ္တာဟိ အတ္တနော နာထော ”

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ အားထားရာ ဖြစ်၏။

“ ကောဟိ နာထော ပရောသိယာ ”

သူတစ်ပါးသည် မိမိအတွက်

ကိုးကွယ်ရာ၊ အားထားရာ

အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

“ ဗုဒ္ဓ ”


+++++++++++++++++++++++++++++++++++++


၃။


တည်တည်ငြိမ်ငြိမ် နေပြီးတော့

တည်တည်ငြိမ်ငြိမ် သေသွားချင်တယ်။


+++++++++++++++++++++++++++++++++++++


စိတ်ကို တုန်လှုပ်မှုနည်းအောင်

လေ့ကျင့်ထားပါ။


+++++++++++++++++++++++++++++++++++++


အကောင်းအဆိုးတွေ တွေ့ကြုံရတဲ့အခါ

သတိရှိဖို့၊

ဉာဏ်ရှိဖို့

အရေးကြီးတယ်။


+++++++++++++++++++++++++++++++++++++


“ သတိပဋ္ဌာန်တရားဆိုတာ သတ္တဝါတွေရဲ့

စိတ်ထား၊

အသိဉာဏ် စင်ကြယ်ဖို့အတွက်

တစ်လမ်းတည်းသော လမ်းပါပဲ။

သောက ပရိဒေဝတွေ လွန်မြောက်ဖို့အတွက်

တစ်လမ်းထဲပဲ ” တဲ့။

(မြတ်စွာဘုရား)

+++++++++++++++++++++++++++++++++++++


ဒီနည်းလမ်းဟာ ဒီဒုက္ခတွေ လွန်မြောက်ဖို့

ဘုရားကပေးတဲ့ နည်းလမ်းပဲ။


+++++++++++++++++++++++++++++++++++++


ဒုက္ခကနေ လွတ်ချင်ရင်တော့ လွတ်အောင်

လုပ်ပေးနိုင်တဲ့ အသိဉာဏ်ကို

ရမှ ဖြစ်မယ်။

+++++++++++++++++++++++++++++++++++++

(ဆရာတော် ဦးဇောတိက)

“ လူနာက ဘယ်သူလဲ?...“


တာချီလိတ်မြို့ကဟိန်းဆေးခန်းမှာဖြစ်တယ်။

တစ်နေ့တော့

ညဖက်မှာ အိပ်မပျော်ဘူး၊

မိသားစုကိစ္စကြောင့် စိတ်ဓာတ်တွေကျတယ်လို့ပြောတဲ့

လူနာ ကိုသိန်းအောင်ကို သေသေချာချာစမ်းသပ်ပြီး

စိတ်ငြိမ်ဆေးပေးလိုက်ပါတယ်။

နောက်တစ်ပတ်အကြာမှာ လူနာက ဆေးခန်းကို

ပြန်ရောက်လာပြီး အားရပါးရလာပြောပါတယ်။


“ စိတ်ငြိမ်ဆေးသောက်ပါ။

လုံးဝ အနားယူပါလို့ ဒေါက်တာ

ကျနော့်ကို ပြောခဲ့တယ်နော် ”


“ ဟုတ်တယ်၊

ကျနော်ပြောခဲ့တယ် ”


လူနာကိုသိန်းအောင်က...

“ ကျေးဇူးတင်လိုက်တာဆရာရယ် ”


ကျနော်က

“ ဘာလဲ၊ ခင်ဗျား နေကောင်းသွားပြီးလား ”


လူနာကိုသိန်းအောင်က

“ လုံးဝ ကောင်းသွားပြီ ဆရာ၊

ကျနော့်မိန်းမကို စိတ်ငြိမ်ဆေး ပေးသောက်လိုက်တယ် ”


"ဘာကြောင့်လဲကိုသိန်းအောင်"


လူနာကိုသိန်းအောင်က

" ကျနော့်မိန်းမကြောင့် ကျနော် စိတ်ဓာတ်တွေကျနေတာ၊

သူ့ကိုဆေးတိုက်တော့ သူကောင်းကောင်းအိပ်တယ်လေ၊

သူဆူတာ၊အော်တာ၊စကားများတာမရှိတော့ ကျနော်လည်းကောင်းသွားတာပေါ့"

Thursday, September 1, 2011

" စိတ်ကူးတွေ ဖလှယ်ရအောင်လား..."





၁။


ကြွက်ထောင်ချောက်တစ်ခုသာ

ခင်ဗျားအိမ်နီးချင်းထက်ပိုကောင်းအောင်လုပ်ပါ။

တောကြီးမျက်မည်းထဲ နေရင်တောင်

တစ်ကမ္ဘာလုံးကလူတွေ

ခင်ဗျားအိမ်ဆီ လမ်းဖြိုင်ဖြိုင်ပေါက်အောင်ရောက်လာကြလိမ့်မယ် ”


{ အီမာဆင် (Ralph Waldo Emerson)}

၂။


မိမိစိတ်ကိုစောင့်ကြည့်သတိပြုမိပါစေ။

စိတ်တည်ငြိမ်ရေးတွင် အဓိက သော့ချက်တစ်ခုက

မိမိစိတ်လှုပ်ရှားဖြစ်ပေါ်သည်နှင့် မရှေးမနှောင်းပင်

ယင်းအား သတိပြုမိဖို့ဖြစ်သည်။

ဒေါသစိတ်၊

ကြောက်စိတ်၊

မနာလိုစိတ်များ

မိမိ၌ ဖြစ်ပေါ်သည်နှင့်

ဒါဒေါသစိတ်ပဲ၊

ဒါကြောက်စိတ်ပဲ၊

ဒါမနာလိုစိတ်ဖြစ်နေတာပဲ။

ဟု သတိပြုဆင်ခြင်နိုင်သောသူသည်

မိမိဘဝ လမ်းကြောင်းကို တည့်မတ်တည်ငြိမ်အောင်

ထိန်းကျောင်းနိုင်ပေမည်။


၃။


လွန်ကဲသောစိတ်လှုပ်ရှားမှုများကို

ခပ်ဝေးဝေးလမ်းလျှောက်ထွက်ခြင်းမျိုး၊

တစ်နေရာတွင် ငြိမ်ငြိမ်သက်သက်ထိုင်ကာ

အကြောအခြင်များ ဖြေလျှော့ပြီး၊

အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊

တရားထိုင်ခြင်း၊

ဘုရားရှိခိုးခြင်း၊

စသည်တို့ဖြင့် ထိန်းချုပ်နိုင်ပါသည်။


၎။


မိမိကိုယ်ကို ယုံကြည်စိတ်၊

တစ်စုံတစ်ရာ၌ ထက်သန်ဝင်စားစိတ်၊

ရွပ်ရွပ်ချွံချွံပြုလုပ်လိုသောစိတ်၊

စတဲ့ အပြုသဘောဆောင်သော တိုက်တွန်းစေ့ဆော်စိတ်များသည်

လောက၌ အောင်မြင်မှု ရရှိစေမည့် အရေးကြီးဆုံးအရာများဖြစ်သည်။


၅။


“ ခင်ဗျားအိတ်ထဲက ငွေတစ်ရွက်နဲ့

ကျနော့်အိတ်ထဲက ငွေတစ်ရွက်လဲတယ်ဆိုပါတော့။

ဘာထူးမလဲဗျာ၊

ခင်ဗျားလဲ နဂိုအတိုင်းပဲ၊

ကျနော်လဲ နဂိုအတိုင်းပဲ။

ဒါပေမယ့် ကျနော့်စိတ်ကူးနဲ့ ခင်ဗျားစိတ်ကူး ဖလှယ်တဲ့အခါကျတော့

နှစ်ယောက်စလုံးမှာ စိတ်ကူးတွေ နှစ်ဆ ချမ်းသာသွားတယ်။

( အက်ဒီရစ်ကင် ဘေကာ )


၆။


ကျနော်ကတော့ ကျနော့်ဘေးပတ်လည်မှာ

ကျနော့်ထက်တော်တဲ့၊တတ်တဲ့လူတွေ ဝန်းရံထားပြီး

အဲဒီလူတွေ ပြောတဲ့စကားနားထောင်တာပဲဗျ။

အဲဒါနဲ့ ကျနော်တိုးတက်လာတာ ”

( အမေရိကန်လုပ်ငန်းရှင်ကြီး ဟင်နရီကိုင်ဇာ )

၇။


အောင်မြင်မည့်သူဟူသည် စမိသည့်အလုပ်ကို

ပြီးစီးအောင်လုပ်တတ်သည့်အလေ့အထရှိသူမျိုးဖြစ်သည်။

အောင်မြင်မှုအတွက် မရှိမဖြစ်အမူအကျင့်ဖြစ်သည်။


၈။


“ အကောင်းမြင်စိတ်ဟာ

ကိုယ်ခံအားစံနစ် တောင့်တင်းခိုင်မာအောင် အားပေးကြောင်း

အထောက်အထားတွေရှိတယ် ”

“ အကောင်းမြင်စိတ်ဆိုတာ အဆင်မပြေတဲ့အကြောင်းကိစ္စမျိုးကြုံတဲ့အခါတိုင်း

ကိုယ့်ကိုကိုယ် ပြေလည်အောင် ရှင်းပြတတ်တဲ့စိတ်ပဲ ”


( စိတ်ပညာပါမောက္ခ မာတင်ဆယ်လစ်ဂ်မန် (Martin Seligman)

၉။


“ ကိစ္စတစ်ခု မအောင်မြင်တာကိုလုပ်နည်းလုပ်ဟန်မှားတာလို့ မြင်ပါ။

ငါကိုယ်က ချို့ယွင်းချက်ရှိနေတာပဲလို့ မသုံးသပ်ပါနဲ့ ”

( ဆယ်လစ်ဂ်မန် )


၁၀။


“ ဘယ်လုပ်ငန်းတွေမှာမဆို တချို့အပိုင်းတွေဟာ လွယ်တယ်၊

တချို့အပိုင်းတွေက ခက်တယ်၊

လုပ်ငန်းတစ်ခုမှာ တကယ်တမ်းအောင်မြင်ချင်ရင်

လွယ်တာချည်းလုပ်နေလို့ မပြီးဘူး၊

ကြိုက်သည်ဖြစ်စေ၊

မကြိုက်သည်ဖြစ်စေ၊

ခက်တဲ့အပိုင်းတွေကိုလည်း ကျေညက်အောင် လေ့ကျင့်ဖို့လိုတယ် ”


၁၁။


“ ကြောက်တဲ့အရာကို စေ့စေ့ကြည့်၊

ရဲရဲရင်ဆိုင်၊

ဘာမှ အခြေအမြစ်မရှိတဲ့ ကြောက်စိတ်မျိုးဆိုရင်

အဲဒီလို ရင်ဆိုင်ကြည့်ရုံနဲ့ လုံးဝအစပျောက်သွားလိမ့်မယ်။

တကယ်ကြောက်သင့်ကြောက်ထိုက်တဲ့အရာပဲလို့

တွေ့ရရင်တော့တစ်ခုခု ထလုပ်၊

အဲဒီလုပ်တဲ့တစ်ခုခုက ကြောက်စိတ်ပျောက်အောင် ကယ်သွားလိမ့်မယ် ”

(ဘာ့ခ်ဝှိုက်)


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com