Thursday, August 11, 2011

" လောကကို အောင်နိုင်သူ..."


၁။


လောဘကို အောင်နိုင်သူသည်

လောကကို အောင်နိုင်သူဖြစ်၏။

+++++++++++++++++++++++++++++

မြင့်မြတ်သူများအတွက်

အရေအတွက်သည် အရေးမကြီး၊

အရည်အချင်းသည်သာ

အရေးကြီး၏။

+++++++++++++++++++++++++++++

အကုသိုလ်တရားများကို

အသိခံအာရုံတရားများအနေဖြင့်

အကုသိုလ်မှန်းသိလျှင်

ထိုအသိသည် ယထာဘူတ-ကျသောအသိ

( သမ္မာဒိဋ္ဌိ )ဖြစ်သဖြင့်ဆေး ဖြစ်၏။

အကုသိုလ်မှန်းမသိလျှင် ထိုအသိသည်

မှားယွင်းသောအသိ (မိစ္ဆာဒိဋ္ဌိ )

ဖြစ်သဖြင့်ဘေး ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောကတွင် အရေးကြီးဆုံးမှာ

ကျေးဇူးသိတတ်ဖို့ပင်ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ကျေးဇူးဆပ်ခြင်း၏ သဘောအရ

များများ ကျေးဇူးဆပ်နိုင်လေလေ

များများကြည်နူးမှုရလေလေ

ဖြစ်သကဲ့သို့

လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းကို

တာဝန်အရ လုပ်ရာ၌ များများလုပ်နိုင်လေ

များများ ကြည်နူးရလေ ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

လောကဓံ ကို လောကဓံ မှန်းသိလျှင်

ယထာဘူတ ဉာဏ်ကို ရသည်။

ယထာဘူတဉာဏ်ဟူသည်ကား

သမ္မာဒိဋ္ဌိ အမြင် ဖြစ်၏။

+++++++++++++++++++++++++++++++++++++++

ကုသိုလ်ဟူသည် ကောင်းသောအကျိုးကို ပေးမြဲဖြစ်၏။

ထို့ကြောင့် လောကဓံနှင့် ကြုံလျှင်

လောကဓံမှန်း သိဖို့ အရေးကြီး၏။

+++++++++++++++++++++++++++++++++++++++

ရာမ မင်းသားက

လောက၏ အစီးအပွားအတွက် ဆောက်ရွက်ရာ၌

နိုင်ငံသူ၊နိုင်ငံသား ကျေနပ်စေရန်၊

ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊

မင်းစည်းစိမ်ချမ်းသာကိုဖြစ်စေ၊

အကယ်၍ လိုအပ်လျှင် သီတာဒေဝီကို ဖြစ်စေ

စွန့်လွှတ်မှ ကျေနပ်မည်ဆိုလျှင်

မဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏

ထိုသို့စွန့်လွှတ်ရသဖြင့် ကျွန်ုပ်အား

မကျေမနပ်ခြင်း မည်သည် မဖြစ်ပါ။

+++++++++++++++++++++++++++++++++++++++


ဗုဒ္ဓ

လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်

(ကိုယ်ကျင့်ဗုဒ္ဓဝင် )စာအုပ်မှ.....

“ ဗုဒ္ဓရဲ့အဆုံးအမ…”


၁။ ။နေ့စဉ်ဝင်ငွေရဲ့လေးဖို့ နှစ်ဖို့ကို

လည်ပတ်ငွေ အဖြစ်သတ်မှတ်ပါ။

(2/4)=(1/2)=50%

၂။ ။တစ်ဖို့ကို အရေးပေါ်လိုအပ်ချက်အတွက်

အရန်သင့် ဆောင်ထားပါ။

(1/4)=25%

၃။ ။တစ်ဖို့ကို စားသောက်၊

လှူဒါန်းရေးအတွက် သုံးစွဲသင့်ပါတယ်။

(1/4)= 25%

+++++++++++++++++++++++++++++++++++++++++++++++++

ဘယ်နေရာရောက်ရောက်

ဘာအလုပ်ပဲလုပ်လုပ်၊

မိမိလုပ်မယ် လို့ ဦးတည်ထားတဲ့အာရုံပေါ်

စိတ်ကို ကျရောက်နေစေဖို့

သတိနဲ့အမြဲထိန်းပေးရမယ်။

စိတ်ကို သတိနဲ့အမြဲထိန်းပေးရင်

ဘာဝနာဖြစ်တယ်။

( ယောဆရာတော် )

+++++++++++++++++++++++++++++++++++++++++++++++++

သတိထား၊ သတိရှိ…”


စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်တယ်။

စိတ်မပါရင် ရိပ်သာက အိပ်ရာဖြစ်တယ်။

+++++++++++++++++++++++++++++++++++++++++++++++++

သတိဆိုတာ

၁။ ။ဘာလုပ်မယ်၊

ဘာကို အာရုံပြုမယ်ဆိုတဲ့

အာရုံကို ပုံဖော်ပေးတယ်။

၂။ ။ဒီအာရုံနဲ့စိတ်ကို တွဲကပ်ပေးတယ်။

၃။ ။ရည်ရွယ်ချက် မပြီးမြောက်သမျှ

အာရုံမပျောက်အောင်

အသိနဲ့အာရုံကိုလည်း တွဲစပ်ပေးထားတယ်။

Wednesday, August 10, 2011

"ကဲ...ဘာ အားငယ်စရာရှိသလဲ..."




Cox ဟာ မွေးလာကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။

ဒီလို မွေးရာပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်လည်း စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူဖြစ်တယ်။

သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို

သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။

Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို

တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။

သူကိုတော့ ယာဉ်မောင်းလိုင်စင်ထုတ်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။

သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး

အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။

သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး

ခြေနင်းမပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။

လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့

ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။

အဲဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့

ခြောက်လလောက် သူရဲ ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး

အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့

လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့ ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ

တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီလို ကွန်ပြူတာ သုံးပါတယ်။

ဒီလို လိုင်နာ ဆွဲပါတယ်။ (သူလဲ မိန်းခလေးဘဲ လှချင်တာာပေါ့)

ဒီလို ခေါင်းဖီးပါတယ်။

စာရေးတော့လဲ ဒီလိုဘဲ

ဒီလိုမျိုးလည်း ကားမောင်းတတ်တယ်

လက်နှစ်ဖက်ရှိတာတောင် သူ့လိုလေယာဉ်မမောင်းတတ်သူတွေအများကြီးပါ..

နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့ သေသွားမယ်

လောကကြီးမှာစိတ်ပျက်အားငယ်တတ်ကြတဲ့သူတွေအထဲမှာမပါဘဲ

ကိုယ့်မွေးရာပါအရည်အချင်းတွေနဲ့  အနိုင်မခံအရှုံးမပေးဘဲ

လက်နှစ်ဖက်မပါသော်လည်း အတုယူဖွယ်


ကောင်းသော ကြံ့ခိုင်သောစိတ်ဓါတ်ကိုဖြင့်

မိမိ ဘ၀ကိုရပ်တည်နေတဲ့ ဒီညီမငယ်ကို

လေးစားမိပါတယ်။


အင်္ဂါအစုံအလင်ပါပြီး ရေသာခိုအချောင်လိုက်နေတဲ့ ၊

အားငယ်ပြီး စိတ်ဓာတ်ကျနေတဲ့

သူတွေအတွက်တော့

တကယ့်သင်္ခန်းစာပါဘဲ။

ဒါကြောင့် ဒီက ညီမငယ်လိုပဲ

ကျနော်တို့တတွေလည်း ဇွဲ၊ လုံ့လ၊ ၀ီရိယ မလျှော့ပဲ ကြိုးစားလိုက်ရအောင်။

စိတ်ပညာရှင်တစ်ဦးကပြောတယ်။

ကျနော်တို့ရဲ့ကိုယ်ပိုင်အရည်အချင်းအစွမ်းအစရဲ့

ဆယ်ပုံတစ်ပုံလောက်သာ ကျနော်တို့တွေ အသုံးပြုနေပါတယ်။တဲ့။

နောက်၉၀%ကို ကျနော်တို့တွေ အသုံးပြုရအောင်လားခင်ဗျာ။

++++++++++++++++++++++++++++++++++++++++
(ပေးပို့သူ...ရှေ့နေမလေး မနီဝမ်းကိုကျေးဇူးတင်ပါတယ်...)

Tuesday, August 9, 2011

" စွန့်လွှတ်၊အနစ်နာခံမှုဆိုတဲ့သင်ခန်းစာ..."


ဒီစာစောင်လေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ

ရဲအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ' ဟာမင်းသန်း 'ဆိုတဲ့ ဗီယက်နမ် လူမျိုးက

ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ

ယင်းဟာ ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အားကြီးမား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက

တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူးကလီးယား ဓါတ်အားပေးစက်ရုံရှိ ဂျပန်နိုင်ငံရဲ့

ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန်

ဘဝသရုပ်ဖေါ်ပြကွတ်တစ်ခုလည်းဖြစ်တယ်။

၎င်းကို နယူးအမေရိက မီဒီယာမှ အင်ဒရူးလမ်းက

ဘာသာပြန်ပြီး ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့ပါတယ်။


သို့

အစ်ကို ...

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား

ဒီမှာတော့(ဂျပန်နိုင်ငံမှာတော့)

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျားဖြစ်ကုန်ပါတယ်

ကျွန်တော်မျက်လုံးမှိတ်လိုက်တဲ့ အခါ လူသေအလောင်းတွေ မြင်နေရတယ်။

ဖွင့်လိုက်ရင်လည်း လူသေအလောင်းတွေပဲမြင်နေရတယ်

ကျနော်တို့အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ်ရပါမယ်

ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေချင်မိတယ်

ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာဆက်လုပ်နိုင်မယ်

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ပါဘူး

စားနပ်ရိက္ခာခွဲတမ်းလည်းကုန်သလောက်ဖြစ်နေပါပြီ

ကျွန်တော်တို့ဟာ

ဒုက္ခသည်တွေကိုအခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ

ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင်ပါတယ်

ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ

နူးကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့

ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ

ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ

ဘေးဒုက္ခကြုံတွေ့ချိန်မှာ

လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူ

တွေအကြောင်းဝတ္ထုရှည်တစ်ပုဒ် အဖြစ် ကောင်းကောင်းကြီးရေးနိုင်လောက်ပါတယ်

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ်

သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့

အပြုအမူအပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ်

ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ

ဒါပေမယ့် နောက်တစ်ပါတ်ဆိုရင်တော့

သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့

စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့

အခြေအနေထိရောက်မလာဘူးလို့တော့ အာမ,မခံနိုင်ပါဘူး


ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်းလူသားတွေပဲလေ။

အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို

လွှမ်းမိုးသွား ( ဂုဏ်သိက္ခာထက် ပိုအားကောင်းသွား ) တဲ့အခါမှာတော့

လုပ်စရာရှိတာလုပ်ကြပါလိမ့်မယ်

မလုပ်သင့်တာလည်း လုပ်ကြပါလိမ့်မယ်ထင်ခဲ့မိတယ်။

အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး၊

ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ်

ဒါပေမယ့်

ပင်လယ်သမုဒ္ဒရာထဲကို ဆားတစ်ဆုပ်ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ်


ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ်သွားစေတဲ့ ဖြစ်ရပ်တစ်ခုရှိတယ်။

ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ်ယောက်က ကျွန်တော့လို အရွယ်ရောက်နေတဲ့

လူကြီးတစ်ယောက်ကို

လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူသင့်တယ်

( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကိုပေးသွားပါတယ်

မနေ့ညက ကျွန်တော် မူလတန်းကျောင်းတစ်ခုမှာ

တာဝန်ကျတယ်

ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီပေးဖို့ပါ

စားစရာဝေတာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ်

လမ်းတစ်ခုလို အရှည်ကြီးပါပဲ။

အဲဒီမှာ ( ) နှစ်လောက်ရှိမယ့်

ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ်။

ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီတို ဝတ်ထားတယ်

ရာသီဥတုက သိပ်ကို အေးနေပြီး

ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ

တကယ့်နောက်ဆုံးမှာ။

သူ့အလှည့်ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး

ကျွန်တော်စိုးရိမ်သွားမိတယ်။

ဒါနဲ့ ကျွန်တော် စကား သွားပြောကြည့်တော့ ငလျင်လှုပ်တဲ့

အချိန်မှာ သူကကျောင်းမှာ၊

သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့

ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက

ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့

သူတို့အိမ်ဟာ ပင်လယ်ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော

ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး

ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ်

သူ့ဆွေမျိုးသားချင်းတွေအကြောင်းမေးတဲ့အခါမှာ

မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး

မျက်ရည်စတွေ သုတ်နေရှာတယ်

ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ်

အင်္ကျ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးလိုက်တော့

ကျွန်တော်ရထားတဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်ကထွက်ကျသွားတယ်။

ကျနော်ကောက်ပြီး သူ့ကိုပေးရင်း...

ညီလေးအလှည့်ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ၊

ဒါက အစ်ကိုရထားတဲ့ ဝေစု၊

အစ်ကိုတော့ စားပြီးပြီ

ညီလေးစားလိုက်ပါ

ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့

စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေပေးတယ်။

သူချက်ချင်း စားလိမ့်မယ်ထင်ပေမယ့်

မစားဘူးဗျာ

သူက စားစရာထုပ်ကိုယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်းထိယူသွားပြီး

ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကိုထည့်လိုက်တယ်။

ကျွန်တော် တုန်လှုပ်သွားတာပေါ့။

ဒါနဲ့ ဘာလို့မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလဲလို့မေးတော့ သူက

“ကျနော်ထက်ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ။

ကျနော် အဲဒီအထဲမှာထည့်လိုက်ရင် စားစရာကို

ညီညီမျှမျှ ဝေပေးမှာပေါ့” တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ်။

မျက်ရည်ကျတာကို လူတွေမမြင်အောင်လို့ပါ။

မြင့်မြတ်တဲ့ ကောင်းကျိုးအတွက်

စွန့်လွှတ်အနစ်နာခံခြင်း သဘောတရားကို

နားလည်သဘောပေါက်တဲ့ ( ) နှစ်အရွယ်

ကလေးငယ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဟာ

မြင့်မြတ်တဲ့လူ့အဖွဲ့အစည်း

ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ



အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ

ပို့သလိုက်ပါတယ်။

ကျွန်တော့်တာဝန်ချိန်လည်း ပြန်စပါပြီ

ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ။

ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါသေးတယ်



ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်



၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ

သောကကို တည်ငြိမ်စွာ ဖြေဖျောက်နိုင်ကြတယ်။



၂။ ဂုဏ်သိက္ခာ

ရေနှင့်စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြတယ်။

ကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ



၃။ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင်တော်သော ဗိသုကာပညာရှင်များရှိတယ်။

အဆောက်အအုံများဟာ ယိမ်းယိုင်သွားသော်လည်း ပြိုမကျ။



၎။ ထောက်ထားညှာတာမှု့

လောလောဆယ်လိုအပ်သမျှသာ ဝယ်ကြတယ်။

အခြားသူများလည်း ရပါစေတော့ ဆိုတဲ့ စိတ်ကိုထားတယ်။

( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး

သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ်ကြ။ )



၅။ စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင်လုယက်ခြင်းမရှိ။

လမ်းပေါ်တွင်ဟွန်းသံတညံညံ လုပ်ခြင်း၊

ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိတယ်။



၆။ အနာခံမှု့

နူးကလီးယားဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန်

အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည်နောက်ချန်နေခဲ့သည်။

(ရေဒီယိုဓါတ်ရောင်ခြည်သင့်မှု့ခံရမည်ကိုသိလျက်နှင့်

စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည။် )

သူတို့၏ ကျေးဇူး နှင့် မြင့်မြတ်သော

စိတ်ထားကို မည်သို့ပေးဆပ်နိုင်ပါမည်နည်း



၇။ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်းလျှော့ချပေးကြတယ်။

အစောင့်အရှောက်မရှိသော အေတီအမ်


စက်တစ်လုံးကို ဒီအတိုင်းထားတယ်။

အားကြီးသူက အားနည်းသူကို ကူညီစောင့်ရှောက်တယ်။



၈။ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းဟာ ဘာလုပ်ရမယ်ကို

တိတိကျကျ သိတယ်။

သိသည့်အတိုင်းလိုက်နာကျင့်သုံးကြတယ်။



၉။ မီဒီယာ

သတင်းမီဒီယာများက အထိန်းအကွပ်ရှိတယ်။

သတင်းထုတ်ပြန်ရာ၌ နှိုင်းနှိုင်းချိန်ချိန်ထိန်းထိန်းသိမ်းသိမ်းရှိတယ်။

ပရမ်းပတာ သတင်းထောက်မရှိ။



၁၀။ အသိစိတ်

စတိုးဆိုင်တစ်ခုတွင် ဓါတ်အားပြတ်တောက်၍ အမှောင်ကျသွားသောအခါ

ဈေးဝယ်သူများဟာ

ဝယ်ရန်ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ

ထွက်ခွာသွားကြတယ်။

+++++++++++++++++++++++++++++++++
(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် )

သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁
မှ ဖော်ပြပါတယ်။)
++++++++++++++++++++++++++++++++++

ပေးပို့သူ...မခိုင်လေး(တာချီလိတ်မြို့)ကို အထူးကျေးဇူးတင်ပါတယ်။

++++++++++++++++++++++++++++++++++

လူတိုင်းလူတိုင်း၊

လူမျိုးတိုင်းလူမျိုးတိုင်းဟာ

တစ်ချိန်ချိန်မှာတော့ ပြုန်းပြုန်းကျသွားတဲ့အထိ လဲကျစရာ

အကြောင်းတွေပေါ်ပေါက်လာတတ်စမြဲပါပဲ။

ဒါပေမယ့် အမြန်ဆုံးကုန်းရုန်းထနိုင်တဲ့လူမျိုးကတော့

ဂျပန်လူမျိုးလို့ပြောရမယ်ထင်ပါတယ်။

ဂျပန်လူမျိုးတွေဟာ စွန့်လွှတ်၊ အနစ်နာခံမှုဆိုတဲ့သင်ခန်းစာကို

ငယ်ငယ်ကထဲက ကျေညက်ခဲ့ကြတယ်။

ဒါကြောင့်လည်း ဘယ်လိုအခြေအနေမျိုးနဲ့ကြုံကြုံ

အမြန်ဆုံးပြန်ထနိုင်တာချည်းဖြစ်တယ်။

++++++++++++++++++++++++++++++




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com