Friday, April 8, 2011

" မြတ်ဗုဒ္ဓ၏ ဆွမ်းအလှူ-အကျိုး…..."


ဆွမ်းအလှူသည် အသက်ကို လှူသည်မည်၏။

ဆွမ်းအလှူသည် ရုပ်အဆင်းကို လှူသည်မည်၏။

ဆွမ်းအလှူသည် ကိုယ်၊စိတ်ချမ်းသာခြင်းကို လှူသည်မည်၏။

ဆွမ်းအလှူသည် ခွန်အားကို လှူသည်မည်၏။

ဆွမ်းအလှူသည် ဥာဏ်ပညာကိုလှူသည်မည်၏။

Thursday, April 7, 2011

" အမေရိကန်ရောက် ပျားမြီးရွက်ပင်..."




ကျနော်ဟာ တာချီလိတ်တွင် ဆေးခန်းဖွင့်ထားချိန်တွင်

အမေရိကန်နိုင်ငံမှ

သူငယ်ချင်းတစ်ဦး ဖြစ်သူ ကိုလှမင်း ရောက်လာခဲ့ပါတယ်။

ငွေတောင်ဦးဘုန်းတော်ကြီးကျောင်းကို

သွားချင်ကြောင်းပြောတဲ့အတွက်ကြောင့် လိုက်ပို့ပေးခဲ့ပါတယ်။

ငွေတောင်ဦး ဆရာတော်ထံရောက်တဲ့အခါမှာ

အမေရိကန်သို့ရောက်နေတဲ့ ဆရာတော်တစ်ပါးမှ

လူကြုံပါးလိုက်တဲ့စာကို သွားပေးခြင်းဖြစ်ပါတယ်။


ပြန်ခါနီးမှာ

ငွေတောင်ဦးကျောင်းက ဦးဇင်းတစ်ပါးက

ဆီးချို၊သွေးချိုရောဂါကြောင့် ပျားမြီးရွက်ကိုစားနေတာကို

စကားစပ်မိသွားပါတယ်။

ပျားမြီးရွက်ကိုစားနေတဲ့အတွက်

ထူးထူးခြားခြားကောင်းမွန်လာကြောင်းလည်း သိလာရပါတယ်။

သူငယ်ချင်းရဲ့ချစ်ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းကြည်မှာလည်း ဆီးချို၊သွေးချိုရှိနေကြောင်း၊

ဒါကြောင့်ပျားမြီးရွက်ကို

အမေရိကန်နိုင်ငံသို့သယ်ဆောင်သွားလိုကြောင်းလျှောက်ထားတဲ့အတွက်

ဆရာတော်က ပျားမြီးရွက်အပင် ငါးပင်ကို အမြစ်ကနူတ်ပေးလိုက်ပါတယ်။


သူငယ်ချင်းက အမေရိကန်အထိ

ခက်ခက်ခဲခဲသယ်ဆောင်သွားခဲ့ပါတယ်။

ရာသီဥတုအခြေအနေကြောင့် ပျားမြီးပင်ဟာ သေသွားခဲ့ပါတယ်။

နောက်တစ်နှစ်အကြာ

ကျနော်အမေရိကန်သို့သွားဖို့အကြောင်းပေါ်လာခဲ့ပါတယ်။

သူငယ်ချင်းကို ဘာမှာမလဲလို့မေးလိုက်ရာ

ပျားမြီးပင်ကို ယူဆောင်လာပေးပါရန်မေတ္တာရပ်ခံပါတယ်။

ငွေတောင်ဦးဆရာတော်ဘုရားထံတွင်

ပျားမြီးပင် ငါးပင်လောက်ကို တောင်းခံရပြန်ပါတယ်။


ဆရာတော်ကလည်း

ပျားမြီးပင် ငါးပင်ကို သေသေချာချာ နူတ်ပေးလိုက်ပြန်ပါတယ်။

မြန်မာပြည်မှ အမေရိကန်သို့ ခက်ခဲစွာ သယ်ဆောင်လာခဲ့ရသောကြောင့်

ပျားမြီးပင်ကို မှတ်မှတ်ရရဖြစ်နေပါတယ်။

ဒီတစ်ခါတော့ ပျားမြီးပင်ဟာ ဂရုစိုက်မှုကြောင့် ရှင်သန်ခဲ့ပါတယ်။

ဒါကြောင့်ပင် စိတ်ဝင်စားပြီးလေ့လာဖြစ်ခဲ့ပါတယ်။

လေ့လာထားတဲ့အတိုင်း တင်ပြလိုက်ခြင်းဖြစ်ပါတယ်။


ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်

တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...


၁။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)

၂။ မူရင်း= ထိုင်ဝမ်

၃။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊

၎။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။

အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။

ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။

အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။

မျိုးပွားလွယ်သည်။

၅။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။

(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား

ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို

ရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ

ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက

အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။

မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။

(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်

အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။


Wednesday, April 6, 2011

" ဖန်တန်တန်ဆိုတဲ့ အရသာ..."


တစ်ခါတုန်းက
အမတ်ကြီးတစ်ယောက်က မိဖုရားကြီးတစ်ပါးဆီကို
အခစားဝင်ရင်း မိဖုရားကြီး နေရာထိုင်မှု အပြောင်းအရွေ့မှာ
မမြင်သင့်တဲ့အရာကို မြင်သွားတယ်။

အဲဒီနေ့ကစပြီး အမတ်ကြီးက သူ့ရဲ့အမတ်ကတော်ကြီးကို
စိတ်မဝင်စားတော့ဘူး။
စိတ်က မိဖုရားကြီးဆီမှာပဲ ရောက်ရောက်နေတယ်
ပြီးတော့ အမတ်ကြီးက တမှိုင်မှိုင်တထွေထွေနဲ့ဖြစ်ပြီး ဘာအလုပ်မှလည်း
ကောင်းကောင်းလုပ်လို့ မရတော့ဘူး။
ကြာလာတော့ အစားပျက်၊ အအိပ်ပျက် ပါဖြစ်လာပြီး လူကပိန်ချုံလာတယ်။

နောက်ဆုံးတော့ မိဖုရားကြီးက ဒီအကြောင်းကို သိသွားတယ်။
မိဖုရားကြီးက ပညာရှိပုံရပါတယ်။
မိဖုရားကြီးက ကြေးခွက်ရယ်၊ ငွေခွက်ရယ်၊ ရွှေခွက်ရယ်၊
ခွက်သုံးခွက်ထဲကို ပအုန်းရည် အနည်းငယ်စီကို ထည့်ပြီး
ခုံတစ်လုံးပေါ်တင်ထားလိုက်တယ်။
ပြီးတော့ အမတ်ကြီးကို အခစားဝင်ဖို့ခေါ်လိုက်တယ်။
အမတ်ကြီးရောက်လာတော့
ပထမဆုံး ကြေးခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်တယ်။
အမတ်ကြီးသောက်ပြီးသွားတော့
မိဖုရားကြီးက " အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့မေးတယ်။
အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"
လို့ဖြေလိုက်တယ်။

နောက် ငွေခွက်နဲ့ထည့်ထားတဲ့ ပအုန်းရည်ကို တိုက်လိုက်ပြန်တယ်။
ပြီးတော့ မိဖုရားကြီးက ရှေးကမေးခွန်းအတိုင်း
" အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့မေးပြန်တယ်။
အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"လို့ ဖြေပြန်တယ်။

နောက်ဆုံး ရွှေခွက်နဲ့ထည့်ထားတဲ့ပအုန်းရည်ကို တိုက်လိုက်ပြန်တယ်။
မိဖုရားကြီးက ရှေးကအတိုင်းမေးပြန်တယ်။
" အမတ်ကြီး အရသာ ဘယ်လိုနေလဲ "
လို့ဆိုတော့ အမတ်ကြီးက " ဖန်တန်တန်ပါ ဘုရား"လို့ထပ်ဖြေပြန်တယ်။

ခွက်သုံးခွက်နဲ့ ပအုန်းရည်ကို တိုက်ပြီးသွားတော့
ခဏတော့ အသံတွေ တိတ်ဆိတ်သွားတယ်။
အမတ်ကြီးကလည်း ခေါင်းကို ငုံ့ပြီး မိဖုရားကြီးဆီက
ဘာများမိန့်မလဲဆိုတာ စောင့်နေတယ်။
တစ်အောင့်လောက်ကြာတော့မှ
မိဖုရားကြီးဆီက အသံထွက်ပေါ်လာတယ်။

" အမတ်ကြီးရယ်...
ပအုန်းရည်ဆိုတာ ခွက်သာပြောင်းသွားတာပါ။
ဖန်တန်တန်ဆိုတဲ့ အရသာကတော့ အတူတူပါပဲ..."

အမတ်ကြီးလည်း သဘောပေါက်သွားပါတယ်။
အဲဒီနေ့ကစပြီး အမတ်ကြီးလည်း ကျန်းကျန်းမာမာပြန်ဖြစ်သွားပါတယ်။
တိုင်းရေးပြည်ရေး အလုပ်တွေကိုလည်း ပုံမှန် ပြန်လုပ်သွားနိုင်ပါတော့တယ်။


Tuesday, April 5, 2011

" လက်ငင်းအကျိုးပေးတဲ့ ဒါနစေတနာ..."


တစ်ခါတုန်းက
သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂ လို့ အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးတယ်။
တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ
သားတွေပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့လိုက်ရတယ်။
ခွေးမကိုသေသေချာချာ ကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့
အတော်ဆာလောင်နေတဲ့ပုံပါ။
ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့
အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်။
ဒါပေမယ့် ဆွမ်းကစားပြီးသွားပြီ။
သပိတ်တောင် ဆေးပြီးသွားပြီဆိုတော့
ကျွေးစရာအစားအစာက မကျန်တော့ဘူး။
ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားတယ်။
စဉ်းစားမိတာ တစ်ခုကတော့ ...
စားပြီးတဲ့အစာတွေကို အဲဒီခွေးမကို အန်ပြီးလှူဖို့သာဖြစ်တယ်။
ဒါနဲ့ အရှင်စူဠနာဂဟာ
မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။
အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံသာမကပါဘူး၊
အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလဲတိုက်လိုက်ပါသေးတယ်။
အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကို ကြည့်ပြီး
အရှင်စူဠနာဂ လည်း တစ်ခါမှ မဖြစ်ဖူးတဲ့ ပီတိတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။

အဲဒီဆုတောင်းကတော့
" ငါသည် ဒီခွေးအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ
အန်ပြီးကျွေးလိုက်ရတဲ့ ကုသိုလ်ကောင်းမှုကြောင့်
နိဗ္ဗာန်ရောက်ရပါလို၏။
နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော်
ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏"
တဲ့။
အရှင်စူဠနာဂဟာ
စေတနာကြီးမားလှတဲ့သာမန်ဒါနလေးဟာ
အဲဒီဘဝမှာပဲ ရဟန္တာအထိ အကျိုးပေးခဲ့ပါတယ်။
တက်ကြွ ထက်သန်တဲ့စေတနာဟာ
ပစ္စုပ္ပန်အကျိုးကိုချက်ချင်းပေးသွားပါတယ်။

ရဝေနွယ်(အင်းမ)၏ ကုသိုလ်ဖြစ်အောင်တွေးမယ် မှ..........

မြတ်စွာဘုရားက
" ဒါနရဲ့အကျိုးကို သတ္တဝါတွေဟာ ငါဘုရားသိသလို သိခဲ့မယ်ဆိုရင်
စားတဲ့ထမင်းတောင် မလှူဘဲ စားတော့မှာ မဟုတ်ဘူး "လို့ ဟောခဲ့ဖူးပါတယ်။
များများရှိမှ လှူမယ်ဆိုရင်တော့ မလှူဖြစ်ဖို့များသွားပါတယ်။
များများလှူဖို့ တိုက်တွန်းနေတာမဟုတ်ပါ။
နည်းနည်းဖြစ်စေဦးတော့ ကြီးမားတဲ့စေတနာနဲ့လှူဖို့သာ
တိုက်တွန်းလိုတာပါ။
လှူပြီးတိုင်းလည်း ဆုတောင်းသင့်တယ်လို့ ထင်မိကြောင်းပါခင်ဗျာ....။



Sunday, April 3, 2011

" ဂျပန်အစားအစာ ဆူရှီး..."


ကျနော်အမေရိကားကိုရောက်တော့ သူငယ်ချင်းဆီမှာ နေရတယ်။
သူငယ်ချင်းက
ဆူရှီးအစားအစာလုပ်ငန်းကို လုပ်ကိုင်နေတာ ဆယ်နှစ်ပင်ကျော်ပြီ။

ဆူရှီးဆိုတာ ဂျပန်အစားအစာတစ်မျိုးဖြစ်တယ်၊
ပြီးတော့...
ဂျပန်ထမင်းချဉ်တစ်မျိုးဖြစ်တယ်ဆိုတာ သိလာပါတယ်။
အမေရိကားရောက်လာကြတဲ့မြန်မာလူမျိုးအများစု
လုပ်ကိုင်ကြတဲ့အလုပ်တစ်ခုလည်း
ဖြစ်နေပြန်ပါတယ်။
သူငယ်ချင်းက ဆူရှီးလိတ်ရင်းသီချင်းညည်းတတ်ပါတယ်။
  • သူဆိုနေကျသီချင်းကတော့...
" ဆူရှီးသမားများဟာ xxx လောပန်းလောင်းတွေပါ xxx "
" ဒီကျင်းမရရင် ဟိုကျင်း xxx ဟိုကျင်းမရရင် ဒီကျင်း xxx"



ဆူရှီး မာရီနာပလိတ်(Sushi Marina Plate)ဖြစ်တယ်။



ဆူရှီး ရိမ်းဘိုးရိုး (Sushi Rain Roll )ဖြစ်တယ်။



ဆူရှီးရှိုးလိုင်းကွန်ဘို (Sushi Shoreline Combo )ဖြစ်တယ်။



ဆူရှီး အီးရိုး (Sushi Eel Roll )ဖြစ်တယ်။



အရွက်များပါဝင်တဲ့ ဆူရှီး ( Vegetable Combo ) ဖြစ်တယ်။



သတ်သက်လွတ်ဆူရှီး (Vegetarian Sushi Roll ) ဖြစ်တယ်။



ဆူရှီးခရမ်ချိစ်ရိုး (Sushi Cream Cheese Roll )ဖြစ်တယ်။


ဆူရှီစပိုက်ဆီးတူနာရိုး (Sushi Spicy Tuna Roll )ဖြစ်တယ်။



ရှိုးလိုင်း ကွန်ပို (Sushi Shoreline Combo )လို့ခေါ်တဲ့ဆူရှီတစ်မျိုးဖြစ်ပါတယ်။



ကယ်လီဖိုးနီးယားရိုး(Sushi California Roll )ဆိုတဲ့ ဆူရှီတစ်မျိုးဖြစ်ပါတယ်။


ဆူရှီးတင်ပူရာရိုး (Sushi Tempura Roll )ဖြစ်တယ်။

“ တော်လိုက်တဲ့ကောက်ချက်…”




“ဂျာနယ်တစ်ခုတွင်ဖတ်လိုက်ရတဲ့

မှုခင်းသတင်း…”


" အပိုင်းပိုင်း ခုတ်ဖြတ်ထားတဲ့

သေသူရဲ့အလောင်းကို

ဂုံနီအိတ်ထဲမှာ

ထည့်ချုပ်ထားတာကို တွေ့ရတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့်

မိမိကိုယ်မိမိ သတ်သေတာ

မဟုတ်ဘူးလို့ ယူဆရပါတယ် "



Align Center




Saturday, April 2, 2011

" ဘယ်သူ အချမ်းသာဆုံးလဲ..."


တစ်ခါတုန်းကဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံ၊

လာဘ်စားမှုစံချိန်တင်ထားတဲ့နိုင်ငံတစ်နိုင်ငံရဲ့

စစ်အာဏာရှင်ကြီးက သူရဲ့ပြည်ထဲရေးဝန်ကြီးကို မေးတယ်။

ဒို့နိုင်ငံမှာ ဘယ်သူ ချမ်းသာဆုံးလဲကွ

“ ဥက္ကဌကြီးရဲ့မြေးပါ

ဟေဟုတ်လား၊

အင်းငါပေးထားတဲ့ မုန့်ဖိုးကို

ဒီကောင် မသုံးဘဲ စုထားတာကိုး

" နေရာချင်း မတူကြပါ..."



သဘောင်္ပေါ်မှာတော့ ကျနော်က လျှပ်စစ်အင်ဂျင်နီယာတစ်ဦးပါ။
ကျနော့်ကို သူတို့က "ဓါတ်ကြိုးကြီး "လို့ခေါ်တယ်။
ကျနော့်လက်အောက် ဝန်ထမ်းတွေထဲမှာတော့ " မောင်ထွေး "ဆိုသူကတော့ အားပေါင်အာရင်းသန်သန်နဲ့စကားပြောတတ်တယ်။
သူက လူပျိုလည်းဖြစ်တယ်။
သူပြောတဲ့စကားတွေက များသောအားဖြင့်တော့ မိန်းမအကြောင်းကများပါတယ်။
" ကျနော်ကလေ တက္ကသိုလ်မှာတုန်းက...... "ဆိုပြီးအစချီပြီးနောက်မှာ
မိန်းမတွေကိုဘယ်လိုပိုးပန်းခဲ့တာကို ပြောတော့တာပါပဲ။

"မိန်းမတွေပေါတဲ့အခြားမေဂျာတွေကိုသွားပြီး
အခန်းပေါက်ဝမှာ အတန်းပြီးတဲ့အထိ
မိန်းကလေးတွေကို တစ်ဦးပြီးတစ်ဦးနောက်ပိုးကြောင်းကို ပြောပါတော့တယ်။
သူကြိုက်တဲ့မိန်းမနောက်ကို ဇွဲကောင်းကောင်းနဲ့ဘယ်လိုလိုက်ခဲ့ကြောင်းကို
စိတ်ဝင်စားစရာဖြစ်အောင်ပြောတတ်တယ်။
အစတုန်းကတော့ စိတ်ဝင်စားအောင်ပြောတတ်တော့ နားထောင်ဖြစ်သေးတယ်။
နောက်ပိုင်းမှာတော့ မိန်းမနောက်ပိုးတဲ့အကြောင်းတွေချည်းများနေတော့
နားမထောင်ဖြစ်တော့ပါ။
သူ့နာမည်ကိုနောက်ကွယ်မှာ
"နှာထွေး"လို့ခေါ်တဲ့အထိဖြစ်လာပါတယ်။

နောက်သုံးနှစ်အကြာမှာတော့ "နှာထွေး" ဟာ အမေရိကားမှာ
သဘောင်္ပေါ်မှ ခုန်ချသွားကြောင်း ကြားရပါတယ်။
ကျနော် အမေရိကားကိုရောက်တော့
သူပြောပြတဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ကြားရပါတယ်။
အမေရိကားရောက်ပြီး စားသောက်ဆိုင်တစ်ခုမှာ လုပ်နေတုန်း
မောလ်မှာအလုပ်လုပ်နေတဲ့
အလွန်လှပတဲ့ အမေရိကန်သူ တစ်ဦးကို နှစ်သက်မိကြောင်း၊
ရန်ကုန်တက္ကသိုလ်မှာတုန်းကလိုထင်ပြီး၊
နောက်ကတစ်ကောက်ကောက်လိုက်မိကြောင်း၊
သူမရဲ့အလုပ်ခွင် နဲ့ အိမ်ကိုလည်း ခဏခဏသွားဖြစ်ကြောင်း၊
ပွင့်ပွင့်လင်းလင်းလည်း မပြောရဲတာကြောင့် ဒီလိုလုပ်မိကြောင်း၊
တစ်နေ့မှာတော့
သူမရဲ့ကားရဲ့ မိုးရေကာ ကြားမှာ စာတစ်စောင်ရေးပြီးထားခဲ့ကြောင်း၊
နောက်နေ့မှာတော့
သူမက သူမရဲ့အလုပ်ခွင် လုံခြုံရေးကိုတိုင်ကြားလိုက်ကြောင်းနဲ့
မကြာခင်မှာပင် ရဲကလာဖမ်းကြောင်း၊
ဒါနဲ့ပင် တရားရုံးကိုရောက်သွားကြောင်းနဲ့အမှုဖြစ်သွားပါတော့တယ်။
" ကျနော်က ကြောက်ကြောက်နဲ့ရှေ့နေငှားရတာပေါ့၊
ရှေ့နေခက မြန်မာငွေနဲ့ဆိုရင် ရှစ်သိန်းကျော်ကျော် ( 800-us ဒေါ်လာ)ပေးလိုက်ရတယ်။
တရားသူကြီးက
ဒီအမှုအတွက် ခြောက်သောင်းကျပ် ကျော်ကျော်( 60-us ဒေါ်လာ) ဒဏ် တပ်လိုက်တယ်။
စုစုပေါင်း ရှစ်သိန်းနဲ့ခြောက်သောင်းကျပ် ကျော်ကျော် ( 860-us ဒေါ်လာ )
လောက်ကုန်သွားတော့မှပဲကျနော့်ရောဂါလည်း ပျောက်သွားပါတယ်"
လို့ ရီရီမောမောပြောပြပါတယ်။
နောက်ဆုံးမှာတော့...
" အမေရိကားနဲ့မြန်မာပြည်
နောက်ပိုးနည်းမတူဘူးဓါတ်ကြိုးကြီးရဲ့ "
တဲ့။

Friday, April 1, 2011

" ငါ စွဲပြုတ်ပြီ..."


တစ်ခါတုန်းက
တရားအားထုတ်တဲ့ယောဂီတစ်ဦးဖြစ်တဲ့ ဦးစိန်သန်းဟာ
တရားစခမ်းက ထွက်ပြီး အိမ်ပြန်သွားပါတယ်။
တရားစခမ်းက ဆရာတော်ဘုန်းကြီးက
" ငါ မဟုတ်ဘူး၊
သူ မဟုတ်ဘူး၊
ပုဂ္ဂိုလ် သတ္တဝါ၊
ယောကျာ်း၊မိန်းမမဟုတ်ဘူး "
လို့ အမြဲဟောပြောနေတော့
ဦးစိန်သန်းဟာ အတော်လေး နားစွဲသွားတယ်။

အိမ်ရောက်တော့ သားသမီးတွေက ဝမ်းသာအားရ ကြိုဆိုကြတယ်။
ထမင်းဟင်း ခူးခပ်ကျွေးမွေးကြတော့ သူက ခပ်တည်တည်ကြီး လုပ်နေတယ်။
သားသမီးတွေက ထမင်းဝိုင်းထဲ အတင်း လက်ဆွဲခေါ်ပြီး၊
"အဖေ စားလေ၊
အဖေ စားလေ"
လို့ ပြောကြတော့
သူ့မှာ ပြန်ပြောဖို့ ခက်နေတယ်။

"ငါ မဟုတ်ဘူး၊ သူမဟုတ်ဘူး"
ဆိုတော့ ဘယ်လို စကားပြန်ရမလဲ၊
ဘယ်လို စကားပြန်ပြောရမလဲလို့ စဉ်းစားနေတာပေါ့။

နောက်မှ အကြံရပြီး ဝမ်းသာအားရနဲ့
ဒကာကြီး ဦးစိန်သန်းက
သားသမီးတွေကို ပြန်ပြောလိုက်တာက...


"ကျနော် မဆာသေးလို့ပါ"
တဲ့။

" ပေါင်းစပ်တတ်ရင် လှပ..."




တစ်ခါတုန်းက မွန်ပြည်နယ်ကရွာတစ်ရွာမှာ
အမြဲ မေတ္တာပွားနေတဲ့ ဆရာတော်တစ်ပါး ရှိပါတယ်။
တစ်နေ့မှာတော့ ဆရာတော်ရယ်၊ ကျောင်းက ကပ္ပိယဖိုးသူတော်ကြီးရယ်၊
ရွာထဲကို ထုံးစံအတိုင်း ဆွမ်းခံကြွလာပါတယ်။
ဆရာတော်က ကျောင်းကထွက်လာကတည်းက မေတ္တာပွားလာတာပါ။
ရွာထဲမရောက်ခင် လယ်ကွင်းကို ဖြတ်တော့ ကျွဲတစ်ကောင်က
ဆရာတော်ဆီကို ပြေးလာပါတယ်။
ဆရာတော်ကတော့ သူ့ဆီကို ပြေးလာနေတဲ့ ကျွဲကြီးကို အာရုံပြုပြီး
" ကျွဲကြီး ကျန်းမာပါစေ"
" ကျွဲကြီး ချမ်းသာပါစေ"
ဆိုပြီးတော့ မေတ္တာပဲ ပို့ပေးနေပါတယ်။
ကျွဲကြီးက နီးသထက် နီးလာနေပါတယ်။
ဆရာတော်ကတော့ မေတ္တာပို့နေတုန်းပါ။
ရှေ့နှစ်လှမ်း၊သုံးလှမ်းအကွာလောက်လည်း ရောက်ရော
ကပ္ပိယဖိုးသူတော်ကြီးက ပါလာတဲ့ တောင်ဝှေးနဲ့
ပြေးလာတဲ့ ကျွဲကြီးခေါင်းကို အားရပါးရ ရိုက်ထည့်လိုက်ပါတယ်။
ကျွဲကြီးလည်း နာလွန်းတာကြောင့်
နောက်ပြန်လှည့်ပြေးပါတော့တယ်။
ဒီတော့ ဆရာတော်က
" ဖိုးသူတော်ကြီးရယ်...
ငါ့မေတ္တာထက် နင့်တောင်ဝှေးက ပိုပြီးအစွမ်းထက်နေပါလား "လို့
ပြန်ပြောလိုက်ပါတယ်။

မေတ္တာမှာ ပွားမေတ္တာ နဲ့ထားမေတ္တာဆိုပြီး နှစ်မျိုးရှိပါတယ်။
နှစ်မျိုးစလုံးရှိပါမှ လည်း အကျိုးများပါတယ်။
မနောကံအနေနဲ့ ပွားမေတ္တာရုံနဲ့ မလုံလောက်ပါဘူး။
ကာယကံနဲ့ ဝစီကံမြောက် ထားမေတ္တာနဲ့ပေါင်းလိုက်မှသာ
အစွမ်းထက်တဲ့မေတ္တာဖြစ်ကြောင်းကို ပြောချင်တာပါ။
ပေါင်းစပ်တတ်ရင် လှပလာတတ်ပါတယ်။

တစ်ရံတစ်ခါမှာတော့ ပုံပြင်တစ်ခုက ပြောချင်တဲ့အကြောင်းအရာကို
ပိုပြီးထင်ရှားစေတာမို့ ပေါင်းစပ်ပြောလိုက်မိတာပါ။
ပေါင်းစပ်တတ်ရင် လှပလာတတ်စမြဲပါ။



Thursday, March 31, 2011

“ တစ်ကိုယ်ထဲလည်း ပျော်မှ ဖြစ်မယ်…”


အလေးနက်ဆုံး အလုပ်ကို တစ်ယောက်ထဲ

နေပြီး လုပ်မှ ရတယ်။


အလေးနက်ဆုံး အသိဉာဏ်ကို

တစ်ယောက်ထဲနေတဲ့အချိန်မှာမှ ရတယ်။


ဉာဏ်ရှိရင် အဆိုးထဲက

အကောင်းဖြစ်လာမယ်။


ဒုက္ခကို ဉာဏ်နဲ့သတိနဲ့

ကြည့်တဲ့အတွက်ကြောင့် ပိုပြီး

ရင့်ကျက်လာတယ်။


စိတ်ဆင်းရဲချိန်မှာ အကျိုးရှိတာ

တစ်ခုခုလုပ်နေပါ။

နောက်မှ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားပါ။

အကျိုးရှိတဲ့အလုပ်တစ်ခုခုကို လုပ်နေတာဟာ

စိတ်ဆင်းရဲမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းပဲ။

တရားအားထုတ်တာ စိတ်ချမ်းသာမှုကို ရဖို့ အကောင်းဆုံးနည်းပဲ။

ဒါကြောင့်ဘာဘဲဖြစ်ဖြစ်

တရားမှန်မှန် အားထုတ်ပါ။


မိတ်ဆွေကောင်းရှိအောင်

ကိုယ့်ကိုယ်တိုင်က မိတ်ဆွေကောင်း ပီသတဲ့သူ

ဖြစ်ရမယ်။



ကြုံတွေ့လာမဲ့ဒုက္ခကို ခံနိုင်ရည်ရှိအောင်တော့

ကြိုကြိုတင်တင် ပြင်ဆင်ထားပါ။


နောက်ဆုံးတော့လည်း သေတဲ့အခါမှာ

တစ်ယောက်ထဲပါဘဲ။

အဖော်မရှိပါဘူး။

အဲဒီအတွက်ပါ ကြိုတင် ပြင်ဆင်ထားပါ။


အတ္တာဟိ အတ္တနော နာထော

မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာ အားထားရာ ဖြစ်၏။

ကောဟိ နာထော ပရောသိယာ

သူတစ်ပါးသည် မိမိအတွက်

ကိုးကွယ်ရာ၊ အားထားရာ

အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

ဗုဒ္ဓ



တည်တည်ငြိမ်ငြိမ် နေပြီးတော့

တည်တည်ငြိမ်ငြိမ် သေသွားချင်တယ်။


စိတ်ကို တုန်လှုပ်မှုနည်းအောင်

လေ့ကျင့်ထားပါ။


အကောင်းအဆိုးတွေ တွေ့ကြုံရတဲ့အခါ

သတိရှိဖို့၊

ဉာဏ်ရှိဖို့

အရေးကြီးတယ်။


သတိပဋ္ဌာန်တရားဆိုတာ သတ္တဝါတွေရဲ့

စိတ်ထား၊

အသိဉာဏ် စင်ကြယ်ဖို့အတွက်

တစ်လမ်းတည်းသော လမ်းပါပဲ။

သောက ပရိဒေဝတွေ လွန်မြောက်ဖို့အတွက်

တစ်လမ်းထဲပဲတဲ့။

(မြတ်စွာဘုရား)


ဒီနည်းလမ်းဟာ ဒီဒုက္ခတွေ လွန်မြောက်ဖို့

ဘုရားကပေးတဲ့ နည်းလမ်းပဲ။


ဒုက္ခကနေ လွတ်ချင်ရင်တော့ လွတ်အောင်

လုပ်ပေးနိုင်တဲ့ အသိဉာဏ်ကို

ရမှ ဖြစ်မယ်။


(ဆရာတော် ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com