Tuesday, December 14, 2010

“ ကြောက်တတ်ရင် ရှေ့တိုး…”



ဒီရေတက်တော့မယ်ဆိုရင်

တံငါလှေတွေဟာ ကမ်းနဲ့ဝေးရာ

ပင်လယ်အတွင်းပိုင်းကို

ရောက်နိုင်သမျှရောက်အောင်

တိုးဝင်ရတယ်။

နောက်ဆုတ်ဖို့တော့ မကြိုးစားနဲ့။


ကမ်းဖက်ကို ဦးလှည့်လို့ကမ်းပေါ်မရောက်ခင်

ဒီလှိုင်းက မီလာလို့ကတော့

ကမ်းနဲ့လှိုင်းကြားမှာ တစ်စစီဖြစ်သွားမယ်။


သာသနာတော်မှာလည်း

ကိုယ်စွမ်းနိုင်သမျှ

ဒါန၊ သီလ၊ ဘာဝနာတို့ကို

အားထုတ်တဲ့နေရာမှာ

ဆင်းရဲတစ်ခုခုကြုံလာလို့

ဒီဆင်းရဲကို ကြောက်တယ်ဆိုရင်

နောက်မဆုတ်လိုက်နဲ့။

ရှေ့တိုးနိုင်သမျှတိုးကျင့်ရမယ်။

( ဒေးဒရဲ ကွင်းကျောင်းဆရာတော် )

“ အလေးချိန်အမှန်…”



ကြောင်တွေကို မုန်းတီးတဲ့ လူတစ်ဦးရှိတယ်။

အဲဒီလူဟာ

သူ့ဇနီးချစ်စနိုးမွေးထားတဲ့ ကြောင်ဝကြီးကို အမုန်းဆုံးဖြစ်တယ်။

တစ်နေ့မှာတော့ ညစာအတွက် အသားတွေ ဝယ်လာပါသည်။

ဝယ်လာတဲ့ အသားတွေကို မီးဖိုထဲရှိ စားပွဲတွင် တင်ထားလိုက်ပါတယ်။

နောက်ပိုင်းမှာ သူဝယ်လာတဲ့ အသားတွေ အားလုံး ပျောက်ဆုံးသွားပါတယ်။

အဲဒါ ဒီကြောင်စုတ်ကြောင့်ပေါ့

လို့ ခင်ပွန်းဖြစ်သူက စိတ်ဆိုးဆိုးနဲ့ အော်ပြောပါတယ်။

ဇနီးက

မဟုတ်နိုင်ပါဘူးရှင်၊

ဒီကြောင်က သုံးပေါင်လောက်ရှိတဲ့ အသားတွေ

အားလုံးကို မစားနိုင်ပါဘူး

လို့သူမရဲ့ကြောင်ကို ကာကွယ်ပြောဆိုပါတယ်။


ခင်ပွန်းဖြစ်သူက

အေးစားနိုင်သလား၊ မစားနိုင်ဘူးလားဆိုတာ

သက်သေပြမယ်၊

ကဲချိန်ခွင်ယူခဲ့၊

အခုချိန်ကြည့်မယ်

လို့ ဒေါသနဲ့ သူရဲ့ဇနီးကို ချိန်ခွင်ယူခိုင်းလိုက်ပါတယ်။

ချိန်ကြည့်လိုက်တဲ့အခါမှာတော့ ကံမကောင်း၊အကြောင်းမလှတဲ့

ကြောင်ဝကြီးမှာ သုံးပေါင်တိတိဖြစ်နေတာကို တွေ့ရပါတယ်။

ခင်ပွန်းဖြစ်သူက

အဲဒါကြောင့် ပြောတာပေါ့၊

အဲဒါ ငါဝယ်ခဲ့တဲ့အသားတွေရဲ့ အလေးချိန် အတိအကျပဲ

လို့ ခင်ပွန်းက သူထင်မြင်ချက်မှန်ကန်ကြောင်း

လက်တွေ့တွေ့နေရတဲ့အတွက်

အားရဝမ်းသာ ပြောလိုက်ပါတယ်။


အဲဒီအခါ ဇနီးသည်က လေအေးလေးနဲ့

အဲဒါ အားလုံး ရှင်ဝယ်လာတဲ့အသားဆိုရင်

ကြောင်က ဘယ်ရောက်သွားသလဲ၊

ကြောင်ရဲ့အလေးချိန်က ဘယ်ရောက်သွားသလဲ

လို့ ပြန်မေးလိုက်ပါတော့တယ်။


အမုန်းဓာတ်ခံရှိရင် အမှန်ကို မြင်နိုင်ဖို့ခက်ခဲတတ်ပါတယ်။

မုန်းတဲ့အရာကိုပဲ ပျက်စီးစေချင်တာ ဓမ္မတာပါပဲ။

အမုန်းဟာ အမြင်ကို ဆိုးစေပြီး၊

အဆိုးကို မြင်စေပါတယ်။


ဒါကြောင့်

မေတ္တာစိတ်မွေးပြီး

အကောင်းမြင်ကြည့်လိုက်ပါလား

အရာရာဟာ လှပလာပါလိမ့်မယ်။

“ အကောင်းဆုံး ပျံသန်းနိုင်သူ…”



ကျနော် အခန်းထဲထိုင်နေတုန်းက

ယင်ကောင်တစ်ကောင်ဝင်လာပါတယ်။

တဝီဝီအသံကိုလည်း ပေးလာပါတယ်။

တမဟုတ်ချင်း ထပျံတတ်သလို နေရာမရွေးနားနိုင်ပါတယ်။

အချိန်မရွေး နားနိုင်၊ ပျံသန်းနိုင်ပါတယ်။

ပျံသန်းနေရာက အောက်ကို စိုက်ဆင်းလာပြီး

စားကြွင်းစားကျန်များကို လာနားတတ်ပါတယ်။

သူ့ကြည့်ရတာ ကြိုက်တဲ့အရာကို အချိန်မရွေး လုပ်နိုင်ပါတယ်။

အိမ်များမှာ တွေ့ရတဲ့ ယင်ကောင်တစ်ကောင်ဟာ အံ့မခန်းစွမ်းပါတယ်။

ကမ္ဘာပေါ်ရှိ လေယာဉ်အားလုံးထက် ပျံသန်းနိုင်မှု စွမ်းရည်တွင်

ယင်ကောင်က သာပါတယ်။

ပျံတက်ဖို့အတွက် ပြေးလမ်းမလိုပါ။

ဟယ်လီကော်ပတာတစ်စင်းလို နေရာက ထပျံနိုင်ပါတယ်။

ဘယ်တော့မှ ဝင်တိုက်ခြင်းမရှိပါ။

ပျက်ကျတာမျိုးလည်း မရှိပါ။

မမျှော်လင့်တဲ့ ချွတ်ယွင်းမှုကြောင့် ပျံသန်းရင်း

ပျက်ကျတာမျိုးလည်း မရှိပါ။

သူရဲ့ ပိုင်းလော့ဟာ အမောင်းသင်ရခြင်း၊

ပျံသန်းတတ်ဖို့ သင်ပေးရခြင်း မရှိပါ။

ဘယ်သင်တန်း ဘယ်စစ်ဆေးမှု မှ အောင်မြင်စရာမလိုပါ။

စက်ပျက်ခြင်းလည်းမရှိ။

လောင်စာဆီကုန်သွားခြင်းမျိုးလည်း မရှိပါ။


ကဲလူကြီးမင်ခင်ဗျား၊

ပတ်ဝန်ကျင်မှာ တွေ့နေကျ သတ္တဝါတစ်ကောင်ရဲ့

စွမ်းဆောင်နိုင်စွမ်းရည်တွေကို

သေသေချာချာ လေ့လာကြည့်ဖူးပါသလား…?

သေသေချာချာ လေ့လာကြည့်ရင်

အရာရာဟာ စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတာကို

သိလာပါလိမ့်မယ်။

“ အို…မိခင်…”



ဘဝတွင် မရှိရင် မဖြစ်သူကို ပြပါဆိုရင်

အဲဒီလူကတော့ မိခင်သာဖြစ်ပါတယ်။

ဖေဖေက မေမေ့ကိုချစ်ပါတယ်။


သမီးတွေက မိခင်ကို အတုယူပါတယ်။

သားတွေက မိခင်ကို မေ့မေ့လျော့လျော့ ထားတတ်ပါတယ်။


ဈေးသည်တွေက မေမေ့ကို အကြောင်းပြုပြီး ကြီးပွားလာကြပါတယ်။

ဆိုင်ကယ်စီးသူတွေက မေမေ ပတ်လည်မှာရေးကြီးသုတ်ပြာဖြစ်ကြပါတယ်။

ဆရာတွေက မေမေနှင့် တယ်လီဖုန်းပြောကြပါတယ်။

အိမ်နီးချင်း အမျိုးသမီးတွေက မေမေ့ထံလာပြီး ရင်ဖွင့်ကြပါတယ်။


မေမေဟာ သကာပျားထက် ချိုနိုင်သလို သံပုရာထက်လည်း ချဉ်တူးနိုင်ပါတယ်။

အပြုံးတွေ ဝေနိုင်သလို နှလုံးကွဲအောင်လည်း ငိုတတ်ပါတယ်။

အဲဒီလို လုပ်ရပ်များကို တခဏအတွင်းမှာပင် လုပ်နိုင်ပါတယ်။


မေမေဟာ စက်ချုပ်ဝါသနာပါတယ်။

လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းပုံပြင်တွေကို မေမေသဘောကျပါတယ်။

သူ့မွေးနေ့ကို မမေ့ရင် မေမေသဘောကျပါတယ်။


ဘုရား၊တရားလည်း မေမေ စိတ်ဝင်စားသလို အဝတ်အစားသစ်သစ်လွင်လွင်ကိုလည်း

မေမေ မြတ်နိုးတတ်ပါတယ်။

တစ်အိမ်လုံး သန့်ရှင်းလုပ်သူမှာလည်း မေမေပင်ဖြစ်ပါတယ်။

ဖေဖေချီးကျူးသူမှာလည်း မေမေပင်ဖြစ်ပါတယ်။

နှုတ်ခမ်းနီတောင့် သေးသေးလေးကို မြတ်နိုးတာလည်း မေမေပင်ဖြစ်ပါတယ်။


မေမေဟာ ပန်းပွင့်တွေ၊ သစ်ပင်တွေကို ချစ်သလို

တနင်္ဂနွေအားရက်တွေမှာ အပြင်ထွက်ထမင်းစားတာကိုလည်း

မေမေက သဘောကျပါတယ်။

အိမ်မှာ အရာရာကို စောင့်ကြည့်တဲ့အလုပ်ကို မေမေလုပ်ပါတယ်။


မေမေက ပုဂံခွက်ယောက်တွေ ဆေးရတာကို မကြိုက်ပါ။

ဖေဖေရဲ့ အထက်လူကြီးတွေကိုလည်း မေမေ မကြိုက်ပါ။

မေမေရဲ့ မွေးနေ့ကို မေ့နေရင်လည်း မေမေ မကြိုက်ပါ။

သားသမီးတို့ရဲ့ ပညာရည်မှတ်တမ်းမှာ အမှတ်နည်းရင်လည်း

မေမေ မကြိုက်ပါ။

အိမ်နီးချင်းအိမ်က ခွေးကိုလည်း မေမေ မကြိုက်ပါ။

လှေခါးတက်ရတာကိုလည်း မေမေ မကြိုက်ပါ။


များသောအားဖြင့် မေမေ ထိုင်နေတာကို တွေ့ရခဲပါတယ်။

များသောအားဖြင့် တစ်နေရာရာမှာ ရပ်လျက်လည်းကောင်း၊

ကုန်းကွလျက်လည်းကောင်း၊ ဒူးထောက်လျက်လည်းကောင်း၊

လက်ကိုဆန်းတန်းလျက်လည်းကောင်း၊

တစ်မျိုးမျိုးလုပ်နေတာကိုသာ တွေ့ရများပါတယ်။


မေမေ့တွင် ဆောင်းဦးပေါက် နေ့တစ်နေ့ရဲ့အလှမျိုးရှိပါတယ်။

သူတော်စင်တစ်ဦးမှာရှိတဲ့ သည်းခံခွင်လွှတ်စိတ်ရှိပါတယ်။

ငှက်ငယ်လေးတစ်ကောင် လို စားတတ်တဲ့အကျင့် နဲ့

ဆင်ကြီးတစ်ကောင်လို မှတ်နိုင်စွမ်းရှိပါတယ်။


မေမေဟာ အနည်းဆုံး ဈေးတွေကို သိသလို၊ လူတိုင်းရဲ့မွေးနေ့ကို သတိရပါတယ်။

ကလေးတွေ ဘာလုပ်သင့်တယ်၊

ကလေးတွေ ဘာစဉ်းစားနေတယ်ဆိုတာကို သိသူမှာ မေမေပင်ဖြစ်ပါတယ်။

မေမေဟာ အားလုံးကို အမြဲသတိပေးတတ်ပါတယ်။

အမြဲပြုစုစောင့်ရှောက်တတ်ပါတယ်။


မှန်ပါတယ်။

မေမေ မရှိရင် ဘယ်သူမှ မနေနိုင်ကြပါ။

မေမေစိတ်ဆင်းရအောင်၊

စိတ်ညစ်အောင်၊

ဒေါသထွက်အောင်၊

ပင်ပန်းအောင်လုပ်မိတဲ့အခါ

ကမ္ဘာပျက်မတတ်အခြေအနေမျိုးကို

ကြုံရတတ်ပါတယ်။

ဒါပေမယ့် မိခင်များ စိတ်ဆိုးတာဟာ

တခဏသာ ကြာပါတယ်။


မေမေ-

မေမေ ကိုသားကသိပ်ချစ်တာ

မေမေကို သမီးကသိပ်ချစ်ပါတယ်

လို့ပြောလိုက်ရင် ဖြစ်ခဲ့တာတွေအားလုံးကို

မေမေက မေ့သွားပြီး

မေမေ့မျက်နှာမှာ မိုးဆန်းပန်းလို လန်းလာပါတော့တယ်။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com