Tuesday, December 29, 2009

“ နီးတိုင်းသာ သိရမယ်ဆိုရင်...”



“ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရားမကဲ့ရဲ့ အောင်နေ”

(ဆရာတော် ဦးဗုဓ်)


တစ်နေ့မှာပေါ့…အမတ်ကြီးဦးပေါ်ဦးဟာ ဆရာတော် ဦးဗုဓ်ကို ဖူးမြော်ကန်တော့ဖို့

ဆရာတော်ကျောင်းကိုရောက်လာပါတယ်။

အမတ်ကြီးဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးဖြစ်ပါတယ်။

အမတ်ကြီးဦးပေါ်ဦးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။

အဲဒီတော့အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်။

ဦးချပြီးတော့ ဆရာတော်နဲ့အမတ်ကြီး အပြန်အလှန် စကားပြောကြတယ်။


ဦးပေါ်ဦး -ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။

ဆရာတော် -အေး … ကောင်းတယ်။

ဦးပေါ်ဦး -ရေကလည်း အလွန်ကြည်ပါတယ်ဘုရား။

ဆရာတော် -အေး … ကြည်တယ်။

ဦးပေါ်ဦး -ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။

ဆရာတော် -ငါမသိဘူး။

ဦးပေါ်ဦး -ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာ ဖြစ်လို့

နီးတဲ့အတွက်သိလိမ့်မယ်ထင်မှတ်ပြီး လျှောက်ထားမိပါတယ် ဘုရား။

ဆရာတော် -နီးတိုင်းသာသိရမယ်ဆိုရင် သင့်ရဲ့နူတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ?

ဦးပေါ်ဦး -သတိမထားမိလို့ ဘယ်နှစ်ပင်ရှိကြောင်းမသိပါဘုရား။


ဆရာတော် -သင့်နူတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ

ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော

ငါ သိနိုင်မှာလား?


ဆရာတော်ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီး ဦးပေါ်ဦး

လည်း ရှေ့ကိုစကားမဆက်နိုင်တော့ပါဘူး။

ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ပြန်သွားရပါတော့တယ်။


ရဝေနွယ်(အင်းမ)............................

“ ရွှေစကားတို့ရဲ့မြစ်ဖျား” စာအုပ်မှ…..

“ မိတ်ဆွေကောင်း ဇနီးမယား...”



“ နသန်နီယယ်ဟော်သွန်း” ဟာ မူလက အကောက်ခွန်ရုံးမှာ အမှုထမ်းသူဖြစ်တယ်။

တစ်နေ့မှာတော့ အလုပ်ဖြုတ်ခံလိုက်ရတယ်။ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့တယ်။

ဇနီးဖြစ်သူ ဆိုဖီယာက

“အခုမှပဲ ဟန်ကျတော့တယ်…မောင်၊

မောင်ရေးချင်တဲ့ စာတွေ၊ဝတ္တုတွေ အခုမှပဲ ရေးနိုင်ပြီ။

မောင်…စာရေးပါလား?”လို့ပြောပါတယ်။

နသန်နီယယ်ဟော်သွန်းစာရေး ဝါသနာပါတယ်။ စာရေးချင်တယ်။

အသက်မွေးဝမ်းကြောင်းအလုပ်တစ်ဖက်ကြောင့် စာမရေးဖြစ်၊

အခုတော့ အလုပ်ပြုတ်သွားပြီဆိုတော့ ဝါသနာပါလုပ်ငန်း အတွက်လမ်းပွင့်ခဲ့လေပြီ။

လင်မယားမိတ်ဆွေကောင်း မို့ ယခုလို အားပေးနိုင်တာဖြစ်တယ်။

“အေးကွာ…မင်းပြောတာတော့ ဟုတ်ပါရဲ့။ကိုယ်စာရေးနေတုန်း ဘယ်ကငွေနဲ့စားကြမလဲ?

နသန်နီယယ်ဟော်သွန်းက စား၊ဝတ်၊နေရေးအတွက်သောကဖြစ်နေတယ်။

ကိုယ့်ဝမ်းနာကိုယ်သာသိပါတယ်။ ကိုယ့်မှာကစုဆောင်းထားတဲ့ငွေပိုငွေလျှံကမရှိ။

“တစ်နေ့ကျရင်ဂန္တဝင် တွင်မယ့်ဝတ္တုတွေ မောင်ရေးဖြစ်မယ်လို့ကျမယုံကြည်ထားတယ်၊

ဒါကြောင့် မောင်ပေးထားတဲ့ အသုံးစရိတ်တွေထဲက ခြိုးခြံချွေတာပြီး စုထားခဲ့တာလေ။

ဒီငွေတွေက တစ်နှစ်လောက်တော့ စားလို့ရပါတယ်။ ကဲ…မောင် စာရေးပေတော့၊

စိတ်အေးလက်အေးနဲ့စာရေးပေတော့”

လို့ပြောပြီးဇနီးဖြစ်သူဆိုဖီယာက သူမချွေတာစုဆောင်းထားတဲ့ ငွေတွေကိုထုတ်ပြလိုက်တယ်။

နသန်နီယယ်ကစိတ်အားတက်လာတယ်။

သူ့ရဲ့ဇနီးဟာမယားကောင်းဖြစ်သလို မိတ်ဆွေကောင်း၊မိတ်ဆွေစစ်လည်းဖြစ်တယ်။

ဇနီးမယားဆိုဖီယာရဲ့အားပေးမှုကြောင့် သူဟာစာရေးဖြစ်ခဲ့တယ်။

ပါရမီဖြည့်ဘက် ဆိုဖီယာဆိုတဲ့ မယားမိတ်ဆွေကောင်းကြောင့် အမေရိကန်စာပေသမိုင်းမှာ

“နသန်နီယယ်ဟော်သွန်း”ဆိုတဲ့ ဂန္တဝင်စာရေးဆရာတစ်ဦးပေါ်ထွန်းလာခဲ့ရပါတယ်။


မိတ်ဆွေကောင်းရှိဖို့လိုတယ်။

မိတ်ဆွေကောင်းကိုရှာရမယ်။

မိတ်ဆွေကောင်းရှာရာတွင် မှန်ကန်တဲ့နည်းလမ်းတစ်ရပ်မှာ

ကိုယ်တိုင်က မိတ်ဆွေကောင်းအရည်အချင်းများရှိအောင် အရင်လုပ်ဖို့ဖြစ်ပါတယ်။


ရေးအင်မန်းက

“အတူစားပါ၊

အတူ ပြောဆိုရယ်မောပါ၊

ဘဝကို အားရပါးရ အတူခံစားပါ၊

ဒါပေမယ့် အတူတကွ မငိုနိုင်မချင်း မိတ်ဆွေကောင်း လို့ မခေါ်ပါနဲ့အုန်း” တဲ့။

" I am ............"



၁၇-ရာစုတုန်းက အင်္ဂလန်နိုင်ငံကအဖြစ်အပျက်ဖြစ်ပါတယ်။

လေးမြားပစ်ပြိုင်ပွဲ။

ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ၊

အပျံစားဘောင်းဘီ ဝတ်ထားတဲ့ လူချောတစ်ယောက် ထွက်လာပြီး ပစ်တယ်။

မြားဟာ ဘုရင့်အပါးတော်မြဲရဲ့ခေါင်းထိပ်မှာ တင်ထားတဲ့ ပန်းသီးကို မှန်တယ်။

ပရိသတ်များ တစ်ခဲနက် သြဘာပေးကြတယ်။

လူချောကပြောတယ်။

“I am Robin Hood”

ပရိသတ်ရဲ့အော်ဟစ်သံများ ဆူညံသွားတယ်။


နောက်လူငယ်တစ်ယောက် ထွက်လာတယ်။

သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ဝတ်ထားတယ်။

သူက ပန်းသီးကိုချိန်ပြီးမြားကိုလွှတ်လိုက်တယ်။ ပန်းသီးထက်ခြမ်းကွဲသွားတယ်။

ပရိသတ်များ သောင်းသောင်းဖြဖြ အားပေးကြတယ်။

လူငယ်ကပြောတယ်။

“I am Willghelm Telle”

ပရိသတ်ရဲ့လက်ခုပ်သံများ အရပ်လေးမျက်နှာကို ပျံ့နှံ့သွားတယ်။


နောက်တစ်ယောက်က ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက်ဖြစ်တယ်။

သူက တင်းကျပ်နေတဲ့ ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ထားတယ်။

ကြီးမားလှတဲ့ လေးကို ယူလိုက်ပြီး ချွန်ထက်တဲ့ စို့ချောင်းနဲ့ပစ်တယ်။

စို့ချောင်းဟာ ဘုရင့်အပါးတော်မြဲရဲ့ ခေါင်းကို ဖြတ်ဖောက်ထွက်သွားတယ်။

သွေးသံရဲရဲကိုမြင်လိုက်ရတယ်။

ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြပါတယ်။

တော်တော်ကြာကြာ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတယ်။

ကိုဗလကပြောတယ်။

“I am sorry.”

Sunday, December 27, 2009

“ သေးငယ်ပေမယ့် အကျိုးပေးကြီးမားတာ ကုသိုလ်....”


-->
တစ်ခါတုန်းက တရားဘာဝနာ ကျင့်ကြံအားထုတ်ပြီး
တရားအမြင်ပေါက်နေတဲ့ ရဟန်းကြီးတစ်ပါးရှိတယ်။
အဲဒီရဟန်းအနားမှာ သူ့ရဲ့တူတော်တဲ့ အသက်(၉)နှစ်အရွယ်ကိုရင်လေးတစ်ပါးလည်းရှိတယ်။
အဲဒီကိုရင်လေးက ဦးဇင်းရဟန်းရဲ့ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ပေးနေတယ်။
တစ်နေ့မှာတော့ ရဟန်းကြီးက ကိုရင်လေးရဲ့မျက်နှာကိုကြည့်တဲ့အခါ
မကြာခင်မှာ ကိုရင်လေး သေဆုံးတော့မယ်ဆိုတာကို မြင်မိတယ်။
ဒါကြောင့် မိဘရပ်ထံပြန်ပြီးသေဆုံးစေချင်တယ်။
ဒါနဲ့ပဲ ကိုရင်လေးကို မိဘဆီပြန်ဖို့ ခွင့် နှစ်လပေးလိုက်မယ်။
မိဘဆီပြန်လိုက်အုန်းလို့ဆိုပြီး လွှတ်လိုက်တယ်။
ကိုရင်လေးလည်း မလွန်ဆန်နိုင်တာမို့ ရွာကိုပြန်ခဲ့ရပါတယ်။
ရွာကိုပြန်ပြီး (၂)လကြာတဲ့အခါ ကိုရင်လေး
ကိုတောင်ပေါ်ကျောင်းကိုပြန်တက်လာတာကိုတွေ့တော့
ရဟန်းကြီးဟာ တအံ့တသြဖြစ်နေတယ်။
ကိုရင်လေးရဲ့မျက်နှာကိုပြန်ကြည့်တော့ ကိုရင်လေးဟာ
အသက်(၈၀)နှစ်အရွယ်ဆရာတော်၊ သမားတော်ကြီးဖြစ်ပြီးမှ ပျံတော်မူမယ့်
အနာဂတ်အရေးကိုမြင်တော့ ဘယ်လိုဖြစ်၊ပျက်ခဲ့တာကို သိချင်တာနဲ့မေးမြန်းမိတယ်။
ကိုရင်လေးပြောပြတာကတော့
“အိမ်ပြန်တဲ့ တပည့်တော်ခရီးမှာလမ်းတစ်လျှောက်လုံး ရွာတွေ၊မြို့တွေကိုဖြတ်ရသလို
မြစ်တွေ၊ချောင်းတွေကိုလည်းဖြတ်ခဲ့ရတယ်။
တောတွေ၊တောင်တွေလည်းဖြတ်ကျော်ရပါတယ်။
တစ်နေ့တော့ မြစ်တစ်စင်းကိုဖြတ်ကူးမယ့်အလုပ်မှာ မိုးသည်းထန်စွာရွာတဲ့အတွက်
အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေစီးကြောင်းကိုတွေ့မြင်ရတယ်။
အဲဒီအချိန်မှာ ကျွန်းကလေးတစ်ကျွန်းပေါ် မှာ မကြာခင်အတွင်း ရေပြည့်လာရင်
ရေနစ်ပြီးသေတော့မယ့် ပုရွက်ဆိတ်အုံကြီးကိုတွေ့မြင်မိတယ်။
ပုရွက်ဆိတ်တွေဟာ ကျွန်းဘေးကစီးသွားတဲ့ရေစီးကြောင်းကို ဖြတ်ကူးပြီး ကမ်းပါးပေါ်သွားဖို့
ကြိုးစားနေတာကိုတွေ့ရတယ်။
အဲဒီအတိုင်းကြည့်နေမယ်ဆိုရင် မကြာခင်အတောအတွင်း ရေစီးကြောင်းထဲမျောပါသွားမယ့်
ပုရွက်ဆိတ်ကောင်ရေ အသင်္ချေအနန္တကို ကယ်ဖို့အတွက်
တပည့်တော် သစ်ကိုင်းတစ်ကိုင်းရှာပြီး ကျွန်းကလေးနဲ့ ကမ်းပါးအကြား
တံတားသဏ္ဍန်လုပ်ပေးလိုက်တယ်။
တပည့်တော်ချပေးလိုက်တဲ့ တံတားအပေါ် ပုရွက်ဆိတ်တွေ ကူးသွားကြတဲ့အခါ
တပည့်တော် ပုရွက်ဆိတ် တစ်ကောင် မကျန်ကူးသွားနိုင်တဲ့ အချိန်အထိ
သစ်ကိုင်းကို မျောပါ မသွားအောင် မြဲမြဲကိုင်ပေးထားတယ်။
ပုရွက်ဆိတ်တွေ တစ်ကောင် မကျန် အသက်ချမ်းသာရမယ့် ကုန်းမြေပေါ် ရောက်သွားပြီးတဲ့အခါမှ
တပည့်တော်လည်း မိမိသွားရမယ့်လမ်းကို ဆက်သွားခဲ့ပါတယ်။”

ကိုရင်လေးရဲ့ပြောပြတာကိုကြားရပြီးတော့ ရဟန်းကြီးက
“လူကိုမဆိုထားနဲ့ ပုရွက်ဆိတ်ကလေးတွေရဲ့ အသက်ပေါင်းများစွာကို
ကယ်ဆယ်သူရဲ့အသက်ကိုပင်
မသေစေဘဲရှည်ကြာအောင်လုပ်နိုင်ပါကလား? ပြီးတော့ ...
ကရုဏာအပြည့်ရှိတဲ့ကုသိုလ်ကောင်းမှုဟာ
တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ရဲ့ကံကြမ္မာကို
အလှည့်အပြောင်းဖြစ်စေပါလား”
လို့တွေးတောမိပါတယ်
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com