Monday, January 7, 2013

"အမေ့ထံသို့ ပေးစာများ ၆၇..."



သို့
ချစ်တဲ့အမေ
သားသတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
မစ်ချီဂန်ဆောင်းကတော့ အေးသထက်အေးလာတယ်။
နှင်းပွင့်လေးတွေ ကျလာတာကို ထိုင်ကြည့်လို့ကောင်းပါရဲ့။
ဒါပေမယ့် တမြို့လုံးကို ထုံးသုတ်ထားသလို ဖွေးဖွေးကိုဖြူလို့။
ခေါင်မိုးတွေပေါ်မှာ၊
လမ်းတွေပေါ်မှာ၊
သစ်ပင်တွေပေါ်မှာ။
အထပ်ထပ်ကျလာတော့လည်း ထူသထက်ထူလာတယ်။
နေရောင်လာလို့လည်း ပျော်ဝင်မသွားတော့ပဲ သိပ်သည်းလာတယ်။
စကိတ်စီးတတ်ရင် စီးလို့ရအောင် ဖြစ်လာတယ်။
ရိုးရိုးဖိနပ်နဲ့ ဆိုရင် ချော်လဲနိုင်တာမို့ တော်တော်သတိထားနေရတယ်။
အပြင်မှာဆိုရင် တော်တော်ကိုအေးတယ်။
လေတိုက်ရင် ပိုဆိုးသေးတယ်။
နေထွက်ချိန်က နောက်ကျလာတယ်။
နံနက် ၈း၀၀ ကျော်မှ နေထွက်တယ်။
နှင်းတွေကျလာရင် နေရောင်မမြင်ရတဲ့နေ့တွေတောင် ရှိတယ်။
နေဝင်ချိန်ကျပြန်တော့ စောနေတယ်။
ညနေ၅း၀၀နာရီဆိုရင် နေဝင်ပြီ။
နေ့တာတိုပြီး ညတာက ရှည်လာတယ်။
တစ်ချိန်လုံး အလုပ်ခွင်ထဲက လျှပ်စစ်မီးရောင်အောက်မှာ အလုပ်လုပ်နေတော့
နေထွက်တာလည်း မမြင်ရတာ ကြာပါပြီ။
နေဝင်တဲ့အလှကိုလည်း မမြင်ရတာ ကြာတော့ လွမ်းသလိုတောင် ဖြစ်လာတယ်။
အရာအားလုံးကို ငွေလည်း လဲလှယ်ရသလို ခံစားလာမိတယ်။
တန်သလားလို့ တွေးမိတိုင်း မတန်မှန်း သိလာတယ်။
ဒါပေမယ့် ရုန်းဖို့ကျပြန်တော့ လောလောဆယ် မရုန်းနိုင်ဘူးလေ။
ဒီမှာက ငွေက အရာရာ ဖြစ်နေတယ်။

ချမ်းလိုက်တာ ခိုက်ခိုက်ကို တုန်လို့...

ဒီနိုင်ငံမှာ ဆောင်းတွင်းမှာ အလုပ်များလှတယ်။
ဒီဇင်ဘာလတစ်လလောက်လုပ်ရင် တစ်နှစ်စာ လုံလောက်တယ်လို့ ပြောကြတယ်။
ဒါကလည်း အလုပ်ရှင်တွေ အတွက်ပါ။
ဝန်ထမ်းတွေအဖို့တော့ တစ်လကို တစ်နှစ်စာလောက်ကို အလုပ်လုပ်ရပါတယ်။
ပိုင်ရှင်က နားရက်မပေးပဲ ဝန်ထမ်းအားလုံးကို ရက်ပြည့် အလုပ်ဆင်းခိုင်းတယ်။
ငွေနဲ့မျှားတော့လည်း ငွေလိုတဲ့ဝန်ထမ်းတွေ မငြင်းနိုင်ကြဘူး။
တစ်ပတ် တစ်ရက် နားရက်လည်း ပျောက်သွားတယ်။
တစ်နေ့ကို ၁၂ နာရီအလုပ်ဆင်းရတယ်။
နံနက်၁၀း၀၀နာရီက ည၁၀း၀၀နာရီ။
အချို့ဝန်ထမ်းတွေက နံနက်၈း၀၀ နာရီကနေ ည ၈း၀၀နာရီ။
မောလ်ဖွင့်ချိန်က နံနက် ၈း၀၀ နာရီကနေ ည၁၀း၀၀နာရီဖြစ်သွားတယ်။
အခြားဆိုင်တွေကတော့ part time ဝန်ထမ်းတွေ ငှားကြတယ်။
ပုံမှန်ဝန်ထမ်းတွေက ပုံမှန်ပဲ အလုပ်ဆင်းကြတော့ ထူးထူးခြားခြား မပင်ပန်းတော့ဘူးပေါ့။
ကျနော်တို့ဝန်ထမ်းတွေ အလုပ်ကများလွန်းလို့ပင်ပန်းတဲ့ကြားထဲ
အချိန်ပိုပါဆင်းရတော့ စိတ်မရှည်ကြတော့ဘူး။
ရှေ့ပိုင်းဝန်ထမ်းတွေနဲ့နောက်ပိုင်းဝန်ထမ်းတွေ အပေးအယူ မမှန်တော့ဘူး။
ဒေါသတွေနဲ့ဆက်ဆံကြတော့ ရန်မဖြစ် တစ်ဖြစ် ဖြစ်လာကြတယ်။

ချမ်းချမ်းစီးစီးနဲ့ အလုပ်သွားရတာ ပျင်းစရာ...

ဒီနိုင်ငံမှာရှိတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့အလုပ်ချိန်၊
ဝန်ထမ်းရဲ့အခွင့်အရေးတွေလည်း ဘယ်ဆီပျောက်နေမှန်းမသိတော့ပါဘူး။
ခရစ်စမတ်ကတော့ တော်တော်ကို စည်းကားတယ်လို့ပြောရမယ်။
ဘာနဲ့တူသလဲဆိုတော့ မြန်မာများရဲ့ သင်္ကြန်ကာလနဲ့တူတယ်။
တစ်နှစ်လုံး ရှာထားတာကို တစ်လထဲနဲ့ကုန်အောင် သုံးဖြုန်းနေသလိုပဲ။
အမေ့ရဲ့ချွေးမ ယုံယုံကတော့ တော်ပါတယ်။
တစ်နေကုန် မမောနိုင် မပန်းနိုင် အလုပ်လုပ်နိုင်တယ်။
ပြောနိုင်တယ်။ ရောင်းနိုင်တယ်။
သူမကဈေးရောင်းတာတော့ ကျွမ်းကျင်တယ်။
သူမနဲ့တွေ့ရင် မဝယ်ချင်တာတောင် ဝယ်ချင်အောင်ကို ရောင်းနိုင်တယ်။
ထမင်းကျော် ဒါမှမဟုတ် ခေါက်ဆွဲကျော်နဲ့တွဲပြီး ဟင်းတစ်မျိုးကို ဒေါ်လာ ၄း၉၉နဲ့စတယ်။
ဟင်းအမျိုးပေါင်းက ၁၅မျိုးလောက် ရှိတယ်ဆိုတော့ 
တစ်မျိုးတိုးယူတိုင်း တစ်ဒေါ်လာတိုးသွားတယ်။
အချိုရည် အအေးပါတွဲပြီးသောက်ကြလေ့ရှိတယ်။
အစတုန်းက ဟင်းတစ်မျိုးပဲ ယူမယ်ဆိုတဲ့လူတွေဟာ 
ယုံယုံနဲ့တွေ့ရင်
အချိုရည် အအေးယူပြီးချိန်မှာ ဒေါ်လာ ၁၀ကျော်သွားပြီ။
သူမက အပြောလည်းချိုတယ်။
ဘာသာစကားလည်း ကျွမ်းကျင်တယ်။
စေတနာလည်း ပါတော့ ဝယ်သူတွေက စိတ်ချမ်းသာကြတယ်။

ပြီးတော့ သူမရဲ့ထူးခြားချက်က 
လာနေကျ ဧည့်သည်တွေရဲ့အထာကို သိနေတာ၊

စားနေကျ အစားအစာကို မှတ်မိနေတာပဲ။
ဘယ်လောက်ကြာကြာ သူမ မှတ်မိနေတာကို အံသြကြတယ်။

ဧည့်သည်တွေက သူတို့ကို မှတ်မိတယ်၊ ဂရုစိုက်တယ်ဆိုပြီး
 ကျေကျေနပ်နပ်နဲ့ဝယ်စားကြတယ်။
အမေရေ ကျနော်တို့လည်း အမေရိကားရောက်မှ
ဈေးသည်ကြီး ဆန်နီ၊
ဆန်နီကြီး ဈေးသည် ဖြစ်နေပြီ။

တစ်မြို့လုံး နှင်းတွေ ဖုံးလို့ပါလား...
ကျနော့်အဖို့ ကောင်းတဲ့အချက်တစ်ခုက လူပေါင်းစုံနဲ့တွေ့ပြီး စကားပြောဖြစ်တော့
ဘာသာစကားနဲ့ယဉ်ပါးလာတယ်။
အသံထွက် အမျိုးမျိုးကို နားယဉ်လာတယ်။
ဈေးရောင်းတဲ့အတတ်ပညာကတော့ အမေ သင်ပေးလို့ တော်တော်တတ်သိနားလည်နေပါပြီ။
ဈေးရောင်းတာ ပင်ပန်းလို့ အမေက ပညာတွေ တတ်အောင်သင်၊ 
ပညာနဲ့လုပ်စားတာအကောင်းဆုံးလို့ပြောခဲ့ပြီး 
ပညာတွေ တတ်အောင် သင်ပေးခဲ့တယ်။
ဒါပေမယ့် အဝေးက မြက်က ပိုစိမ်းတယ်လို့ထင်ခဲ့မိတဲ့အတွက်
အခုတော့ ဈေးသည်ကြီးပဲ ဖြစ်နေတာပဲ။
ဈေးသည်ဘဝကို ကျနော် အထင်မသေးပါဘူး။
အမေရဲ့ပြောဆိုဆုံးမမှုကြောင့် အထင်ကြီးမိတာလည်း အမှန်ပါ။
ဝန်ထမ်းဘဝကို အထင်မကြီးမိတာလည်း အမှန်ပါပဲ။
ငယ်ငယ်ကထဲက ဝန်ထမ်းဘဝနဲ့မယဉ်ပါးခဲ့တော့ ဝန်ထမ်းတွေရဲ့ဘဝကို
စာနာမိပေမယ့် အထင်မကြီးခဲ့ဘူး။
အခုလည်း အထင်မကြီးဘူး။
ကိုယ်တိုင် ဝန်ထမ်းလုပ်တော့ ခါးသီးတဲ့အတွေ့အကြုံတွေကြောင့်
အထင်တောင် သေးလာမိတယ်။
ဝန်ထမ်းဘဝက ရုန်းထွက်ဖို့ အခါအခွင့်သင့်တိုင်း ကြိုးစားနေမှာပါ။
အဲဒါကိုတော့ အမေ ယုံပါ။

အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
အရှေ့လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။
၁-၇-၂၀၁၃

မောလ်ထဲက မြင်းကွင်းတစ်ခု...
မစ်ချီဂန်ရဲ့ဆောင်းတွင်းရက်တစ်ရက်...

နေရာတိုင်းမှာ နှင်းတွေပါ၊ နေခြည်ထွေးလည်း မနွေးပါ...





Sunday, January 6, 2013

“ဘာဘွန်ကြက်သား (Bourbon Chicken) စားကြရအောင်…”





အဆင့် ၁။ အမေရိကန်မှာတော့ တော်တော်နာမည်ကြီးတဲ့ကြက်သားတစ်မျိုးပါပဲ။
အရိုးမပါတဲ့ကြက်သားဖြစ်ပါတယ်။
ဝယ်ကထဲကိုက အရိုးမပါတဲ့ကြက်ရဲ့ပေါင်သားကို အထူးမှာပြီး ဝယ်ရပါတယ်။
အဲဒီပေါင်သားတွေကို ပလတ်စတစ်ခွက်တွေထဲမှာ ကြက်သားပေါင်းရည် (Chicken mixed sauce)
တစ်မျိုးနဲ့ အနည်းဆုံး ၂၄-နာရီကြာအောင် စိမ်ထားရပါတယ်။
အဲဒီအရည်တွေ အသားထဲစိမ့်ဝင်တာမို့ ကြက်သားရဲ့အရသာဟာ အထူးကောင်းမွန်လာပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၂။ နောက်တစ်နေ့မှာ အဲဒီစိမ်ထားတဲ့ကြက်သားတွေကိုသတ္တုဗန်းတစ်ခုထဲမှာ ဖြန့်ထည့်ပြီး
နာရီဝက်နီးပါးလောက် ပေါင်းရပါတယ်။ အဲဒီကြက်သားကနေ ကြက်ပေါင်းရည်တွေ ထွက်လာ
ပါတယ်။ အဲဒီအချိန်မှာ ကြက်သားကလည်း မကျက်တကျက်ဖြစ်လာနေပါပြီ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၃။ အဲဒီကြက်သားမကျက်တကျက်တွေကို Grill လို့ခေါ်တဲ့ Gas နဲ့အပူပေးထားတဲ့သံတန်းတွေ
ပေါ်တင်ပြီး ကင်ရပါတယ်။ ကင်တဲ့အချိန်မှာ ကြက်သားရဲ့တစ်ဖက်တစ်ချက်ကို Bourbon Chicken Sauce
လို့ခေါ်တဲ့အရည်တစ်မျိုးနဲ့ သုတ်လိမ်းရပါတယ်။
အကြောင်းကတော့ ကြက်သားအရောင်လှလာအောင်နဲ့အရသာပိုကောင်းလာအောင် လုပ်တာဖြစ်ပါတယ်။
အဲဒီအချိန်မှာ ကြက်သားရဲ့အနံ့က မွှေးကြိုင်လာပါပြီ။
စားချင်စဖွယ်လည်း ဖြစ်လာပါတယ်။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၄။ ကြက်သားကို မူလအရောင်ထက် ပိုရင့်တဲ့အညိုရောင်ပြောင်းအောင်သာ ကင်ပါတယ်။
မဲတူးသွားတဲ့အထိ မကင်သင့်ပါဘူး။ မဲတူးသွားရင် ကြက်သားက မာသွားတဲ့အတွက်
စားလို့မကောင်းပါဘူး။ နောက်တစ်ကြောင်းကတော့ မဲတူးသွားတဲ့အသားတွေဟာ
ကာဘွန်အဖြစ် ပြောင်းသွားတာကြောင့် စားသုံးသူအတွက် ရေရှည်မှာ အန္တာရယ် ဖြစ်စေနိုင်ပါတယ်။
(အကင်စားတဲ့သူတွေ ကင်ဆာဖြစ်လာနိုင်တာမို့ အတော်သတိထားစားဖို့တော့လိုအပ်ပါတယ်)

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

အဆင့် ၅။ ပြီးတော့ အဲဒီကြက်သားတွေကို စားသုံးသူတွေ စားနိုင်လောက်တဲ့အတုံးလေးတွေ ဖြစ်အောင်
တုံးလိုက်ပါတယ်။ တုံးပြီးသားကြက်သားတုံးတွေကို Micro Wave ဆိုတဲ့အပူပေးခွက်ထဲထည့်ပြီး
ပူနွေးအောင် ၅-မိနစ်လောက် နွေးလိုက်ပြီးမှ Bourbon Chicken Sauce ကို ကြက်သားအပေါ်က နှံ့အောင်
လောင်းထည့်လိုက်ရပါတယ်။
ဒါဆိုရင် အလွန်အရသာရှိလှတဲ့ဘာဘွန်(Bourbon Chicken ) ဖြစ်သွားပါပြီ။
စားလို့အလွန်ကောင်းတဲ့ကြက်သားကင်တစ်မျိုးဖြစ်ပါတယ်။
ရောင်းအကောင်းဆုံး အသားတစ်မျိုးလည်းဖြစ်ပါတယ်။
အမေရိကန်တွေ အထူးကြိုက်နှစ်သက်ပြီး အားပေးခြင်းအခံရဆုံးကြက်သားကင်တစ်မျိုးကို
စားသုံးနိုင်ပါပြီ။

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ
  
Chicken Mixed…(sauce) လုပ်နည်း...
1.  Salt                                                      =1 Big Spoon………………
2.  Chicken Marinade Seasoning                   =3 Big Spoon………………
3.  Mushroom Soy Sauce                             =3 Big Spoon………………
4.  Soy Sauce                                             =3 ½ Cup…………………..

စားကြမယ်လေ ကောင်းကောင်း… စားကြမယ်လေ ကောင်းကောင်း…စားကြမယ်လေ

Bourbon Chicken………..(sauce)လုပ်နည်း...
1.    Oyster Flavored Sauce               =3 Cans……………………..
2.    White Cooking Wine                  =1 ½ Cans…………………..
3.    Sugar                                       =7 (big) Cups…………………





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com