Friday, September 21, 2012

"ချိန်ပြီး ပစ်လိုက်တဲ့ ပစ်မှတ်..."






“In the long run men hit only what they aim at.”              
(Henry David  )
ရေရှည်မှာ ကိုယ် မှန်းပြီး ပစ်လိုက်တဲ့ ပစ်မှတ်ကိုပဲ ထိတာများပါတယ်။

ကိုယ်က ဘယ်ပစ်မှတ်ကို မှန်းသလဲဆိုတာ အရေးကြီးတယ်။
ပစ်မှတ်ကို သေသေချာချာ ရွေးပါ။
ပစ်မှတ်မရှိပဲ ပစ်နေတာ အဓိပ္ပာယ်မရှိဘူး။
သူများရွေးပေးတဲ့ပစ်မှတ်ကို ပစ်မလား။
ကိုယ်ကြိုက်တဲ့ပစ်မှတ်ကို ကိုယ်ရွေးမလား။
ကိုယ် ဘယ်လမ်းကို လျှောက်မယ်ဆိုတာ သေသေချာချာ ရွေးပါ။
သူများနောက်ကိုလိုက်ပြီး သူများခိုင်းတာကိုလုပ်ရင်း နှစ်တွေကြာ၊ အသက်တွေကြီးမှ
ငါ ဘယ်လိုလူ ဖြစ်လာမလဲ။
ငါ ဖြစ်ချင်တာ ဒီလိုလူ မဟုတ်ပါဘူး လို့သိရရင် အသိနောက်ကျနေမယ်။
လူတော်တော်များများဟာ ကိုယ်ဘယ်လိုလူ ဖြစ်လာနေသလဲ ဆိုတာ သတိမထားမိကြဘူး။

+++++++++++++++++++++++++++++++++++++



စိတ်ချမ်းသာနေရင် လုပ်စရာတွေကို ပိုပြီးမြင်တယ်။
ချမ်းသာတဲ့စိတ်ဟာ အားရှိတယ်။ သတ္တိရှိတယ်။ ရင်ဆိုင်ရဲတယ်။
အမြင်ရှင်းတယ်။ အဲဒါကြောင့် ပြဿနာတွေ အခက်အခဲတွေကို ကိုယ်တွယ်နိုင်တယ်။

+++++++++++++++++++++++++++++++++++++

ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် သတ္တိရှိရှိ ပြတ်ပြတ်သားသား လုပ်ပါ။
ဆုံးဖြတ်ချက်မှန်ရင် ကိုယ်လုပ်တာ အောင်မြင်မယ်။
အခြေအနေတိုင်းမှာ အမျှတဆုံး ဖြစ်ဖို့ ဆုံးဖြတ်နိုင်ရင် အဆင်ပြေတဲ့ဘဝကို ရမယ်။
တစ်ကိုယ်ကောင်းဆန်ရင် ခဏပဲ အဆင်ပြေမယ်။

+++++++++++++++++++++++++++++++++++++

ကိုယ့်ဘဝကိုကိုယ် စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။
အကောင်းဆုံး သဘောထားနဲ့ အမျှတဆုံးကို ရွေးပါ။
အဆိုးနဲ့ကြုံရရင် အကောင်းကို ဆက်လုပ်ပါ။
အကြောင်းကောင်းရင် အကျိုးကောင်းမယ်။
အဲဒီအကြောင်းတွေထဲမှာ ကိုယ်က အရေးအကြီးဆုံးအကြောင်းဆိုတာကို မမေ့ပါနဲ့။

+++++++++++++++++++++++++++++++++++++


ကိုယ့်ကို သူက စိတ်ချမ်းသာအောင် လုပ်ပေးမယ်လို့ မျှော်လင့်တာဟာ
ကိုယ့်စိတ်ချမ်းသာမှုကို သူ့လက်ထဲမှာ အပ်ထားလိုက်တာ။
အဲဒီတော့ မကြာခဏ ငါ့ကို စိတ်ချမ်းသာအောင် လုပ်မပေးဘူး။
စိတ်ဆင်းရဲအောင် လုပ်တယ်လို့ တွေးပြီး ဒေါသ ဖြစ်ရတယ်။
စိတ်ဆိုးရတယ်။
ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူဟာ ကိုယ့်ဘဝကို
လွှမ်းမိုးနိုင်တဲ့သူ ဖြစ်နေပြီ။

+++++++++++++++++++++++++++++++++++++

ချစ်တာကောင်းပါတယ်။
ကိုယ့်စိတ်ချမ်းသာမှုကို သူ့လက်ထဲမှာ အပ်ထားတာ မကောင်းပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ့်လက်ထဲမှာပဲ ထားပါ။
အဲဒါမှ ကိုယ့်မှာ ပါဝါ (power) ရှိမယ်။
ကိုယ့်စိတ်ချမ်းသာမှုဟာ ပြင်ပမှာ ရောက်နေရင် powerless ဖြစ်မယ်။
အားငယ်မယ်။
ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ power ရှိတယ်။
အဲဒီ power ကို ရအောင် ယူထားပါ။
အဲဒီပါဝါကို ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့။
ဘယ်သူမှ ငါ့ကို စိတ်ချမ်းသာအောင် လုပ်ပေးနေဖို့ မလိုဘူး။
မမျှော်လင့်ဘူး ဆိုမှ လူအများနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်။

+++++++++++++++++++++++++++++++++++++


Happy is power.
စိတ်ချမ်းသာမှုဟာ ပါဝါ။
အဲဒါကို နားလည်ပါ။
လူတွေနဲ့ ဆက်ဆံတဲ့အခါ အဲဒီစိတ်ချမ်းသာမှု ပါဝါနဲ့ဆက်ဆံ
ပါ။ အဲဒါမှ ဘဝမှာ အောင်မြင်တဲ့သူ ဖြစ်မယ်။

+++++++++++++++++++++++++++++++++++++

ကိုယ့် စိတ်ချမ်းသာမှုကို ကိုယ်တာဝန်ယူ။
သူ့စိတ်ချမ်းသာမှုကို သူတာဝန်ယူတဲ့သူတွေ များတဲ့အသိုင်းအဝိုင်းဟာ
အင်အားကြီးတဲ့ အသိုင်းအဝိုင်း ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

ဒီခေတ်မှာ အတွေးအခေါ်တွေကို မြှင့်ဖို့လိုပါတယ်။
အားငယ်တတ်တဲ့သူတွေ များပြီး ကိုယ့်ကို ဘယ်သူကများ စိတ်ချမ်းသာအောင်
လုပ်ပေးမလဲ ဆိုတာကို မျှော်နေတဲ့သူ များရင် အားလုံးမှာ ဝန်ထုတ်ဝန်ပိုး ကြီးလာမယ်။

+++++++++++++++++++++++++++++++++++++

ကိုယ့်တာဝန်ကို ကိုယ်ယူရင် ချစ်ခင်မှု နည်းမသွားဘူးလား။
မေးစရာပဲ။
ကိုယ့်အပေါ်မှာ မှီခိုပြီး အားငယ်နေတတ်တဲ့သူကိုမှ ချစ်တယ်ဆိုရင်
အဲဒီလူရဲ့အချစ်ဟာ ဘယ်လိုအချစ်လဲ။                                     
အဲဒီလူဟာ ဘယ်လိုလူလဲ။
သူကိုယ်တိုင်က အားငယ်တတ်လို့သူထက် အားငယ်တဲ့သူက
သူ့ကို အားကိုးမှ အားရှိတဲ့သူပဲ ဖြစ်မယ်။
အားငယ်တဲ့ သူကိုမှ ချစ်တာ တကယ်စစ်မှန်တဲ့ အချစ်မဟုတ်ဘူး။
အားကိုးရလို့ ချစ်တာဟာလည်း တကယ် ချစ်တာ မဟုတ်ဘူး။

+++++++++++++++++++++++++++++++++++++


ကိုယ် စိတ်မချမ်းသာရခြင်းရဲ့ အကြောင်းဟာ တခြားလူတစ်ယောက်
ဖြစ်နေရင် သူ့ကို ကိုယ်က လွှမ်းမိုးထားနိုင်မှ ကိုယ် စိတ်ချမ်းသာတော့မယ်။
အဲဒါ မသေချာတဲ့ နည်းပဲ။
တကယ်လို့ အဲဒီတခြားလူဟာ ကိုယ့်ကို လွှမ်းမိုးနိုင်တဲ့သူ
ဖြစ်နေရင် ကိုယ်က (Powerless) ဖြစ်သွားပြီး။

+++++++++++++++++++++++++++++++++++++

အဲဒီတော့ အရေးကြီးတာက Powerless မဖြစ်ဖို့။
Powerless မဖြစ်ချင်ရင် ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ ရှိရမယ်။
 “ငါ စိတ်ချမ်းသာဖို့ ဘယ်သူမှ ပြောင်းလဲစရာ မလိုဘူး။
ငါ့စိတ်ကိုငါ ထားတတ်ရင် စိတ်ချမ်းသာမယ်” လို့ နားလည်ပါ။
ဒါဟာ စိတ်ချမ်းသာဖို့ သေချာတဲ့နည်းပဲ။

+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၂…

 

"တံတား ထိုးခြင်း…"



လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီးသွားလည်း၊
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်၊
ညနေဘက်တွင်၊ ကျယ်နက် မတ်ဆောက်၊
ဒီရေချောင်းသို့၊ ရောက်သတည်း။

ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ် မတွန့်၊
မရွံ့မကြောက်၊ ဆည်ဆာအောက်ဝယ်၊
ကူးမြောက်သူကျော်၊ ဖြတ်စွမ်း၏။

ဟိုမှာဘက်ကမ်း၊ ရောက်ပြီးလျက်မှ၊
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍၊
တံတားထိုးပြန်လေတော့၏။

ခရီးသွားဖော်၊ တစ်ဦးသော်လျှင်၊
ထုတ်ဖော် ဤသို့ မေးသတည်း။

အို… အဘိုးအို၊
နေလည်း ညိုပြီ၊
ချောင်းကို လွန်မြောက်၊
သည်ဘက်ကမ်း ရောက်လျက်၊
နောက်သို့တစ်ဖန် သင်မပြန်ဘဲ၊
အားသန်ကြိုးစား၊
ဤတံတားကို၊
သင်ကား အဘယ်ကြောင့် ဆောက်သနည်း။

အို …အဆွေ၊
သည်နေ့ဆိုလျှင်၊ဆံပင်နုနယ်၊
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်ချက်၊
ခရီးထွက်ခဲ့ပြီ။

ချောင်းနက် မတ်ဆောက်၊
ငါ မကြောက်လည်း၊
နောက်ကလိုက်လာ၊
သူ့ခမျာမှာ၊
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍၊
ကြိုးပမ်း ငါလျှင် ဆောက်သတည်း။

{ဆရာ ဦးအောင်သင်း၏ အမွေစာအုပ်မှ….}

Wednesday, September 19, 2012

"စိတ်ကူးရုံနဲ့ အကျိုးများလှပြီ..."




အခက်အခဲတွေက အမြဲရှိနေမှာပဲ။
ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိဖို့ပဲ လိုတယ်။
အခက်အခဲများများ ဖြေရှင်းနိုင်တဲ့သူက တိုးတက်တယ်။ အောင်မြင်တယ်။

+++++++++++++++++++++++++++++++++++++

လူတိုင်းမှာ ရွေးချယ်နိုင်စွမ်းရှိပါတယ်။
အဲဒါ အင်မတန် အားတက်စရာကောင်းပါတယ်။
ရွေးချယ်မှုတစ်ခုကို လုပ်လိုက်တိုင်း ကိုယ့်ဘဝကို ကိုယ်ဖန်တီးလိုက်တယ်။

+++++++++++++++++++++++++++++++++++++

သဘာဝလောကကြီးမှာ နေတာပါ။
သူ့အကြောင်းနဲ့သူ့အကျိုး စည်းကမ်းရှိရှိ ဖြစ်နေတယ်။
စည်းမဲ့ကမ်းမဲ့ ဖြစ်နေတယ်ဆိုရင် တော်တော် ကြောက်စရာ အားငယ်စရာပဲ။
စည်းနဲ့ကမ်းနဲ့ ဖြစ်နေတော့ ကြောက်စရာ မလိုဘူး။
အကြောင်းကောင်းရင် အကျိုးကောင်းမယ်။
အကြောင်းကောင်းအောင် လုပ်ဖို့ပဲ လိုတယ်။
ဘယ်လိုအကြောင်းကြောင့် ဘယ်လိုအကျိုးဖြစ်တယ်ဆိုတာ သိအောင်လုပ်ဖို့ပဲလိုတယ်။
အကြောင်းကောင်းအောင် လုပ်ထားပြီဆိုရင် ပူစရာ သိပ်မရှိဘူး။

+++++++++++++++++++++++++++++++++++++



ဖြစ်သမျှ ခံနေဖို့ မလိုဘူး။
ဖြစ်အောင် လုပ်နိုင်တယ်။
ကံစီမံရာ ခံရတယ်လို့ ပြောတယ်။
ကံကို ဘယ်သူ ဖန်တီးသလဲ။
ကံရဲ့အကျိုးပေးမှုဟာ ပုံသေရှိသလား။ မရှိပါဘူး။
ကံရဲ့အကျိုးပေးမှုဟာ မီးရထားသံလမ်းပေါ်မှာ သွားနေတဲ့ မီးရထားလို မဟုတ်ဘူး။
မီးရထားဟာ သံလမ်းပေါ်မှာပဲ သွားလို့ရတယ်။
သံလမ်းပေါ်ကလွဲပြီး သွားစရာ မရှိဘူး။
ကံဆိုတာက သံလမ်းလို ပုံသေချမှတ်ထားတာ မဟုတ်ဘူး။
အခုခေတ်စကားနဲ့ပြောရရင် ဂလိုက်တာ(glider ) ကိုစီးရသလိုပါပဲ။
ကိုယ်က ထိန်းပြီး လိုရာကို သွားလို့ရပါတယ်။

+++++++++++++++++++++++++++++++++++++

ပစ္စုပ္ပန်ကံက အတိတ်ကံကို နည်းနည်းတော့ လွှမ်းမိုးနိုင်တယ်။
စိတ်တည်ငြိမ်ရင် ပိုပြီးလွှမ်းမိုးနိုင်တယ်။
တည်ငြိမ်အေးချမ်းတဲ့စိတ်ရဲ့ တန်ခိုးဟာ အံ့သြစရာ ကောင်းတယ်။
အတ္တရဲ့အလိုအတိုင်း ဖြစ်တယ်လို့တော့ မဆိုလိုပါဘူး။
ဒါပေမယ့် အေးချမ်းတဲ့ စိတ်နဲ့ အာရုံပြုတာတွေဟာ လွယ်လွယ်ကူကူ ဖြစ်လာတာ များပါတယ်။

+++++++++++++++++++++++++++++++++++++

ပစ္စုပ္ပန်က အနာဂတ်ကို လွှမ်းမိုးပါတယ်။
ဒီအချက်ကို လေးလေးနက်နက် စဉ်းစားပါ။
အနာဂတ်ကောင်းချင်ရင် ပစ္စုပ္ပန်ကို ကောင်းအောင် လုပ်ရမယ်။

+++++++++++++++++++++++++++++++++++++

အနီးဆုံး အကြောင်းတရားကို အားကိုးပါ။
အနီးဆုံး အကြောင်းတရားက ကိုယ့်စိတ်ပဲ။
အခု ကိုယ့်စိတ်ထားကို ပြောင်းနိုင်ရင် အခု ကိုယ့်လောက ပြောင်းသွားမယ်။
စိတ္တေန နီယတိလောကော 
စိတ်က လောကကို ဦဆောင်တယ် လို့ ဘုရားဟောတာကို
တကယ်သဘောပေါက်ပြီး စိတ်ကို ပြုပြင်ပါ။

+++++++++++++++++++++++++++++++++++++

အကြောင်းအကျိုး ကွင်းဆက်တွေ ဆက်ခါဆက်ခါ ဖြစ်နေတယ်။
အကြောင်းတရားတွေထဲမှာ ကိုယ်က အရေးပါတဲ့အကြောင်း ဖြစ်တယ်။
ကိုယ့်ဘဝမှာ ဖြစ်သမျှဟာ ကိုယ်ဘာမှ မတတ်နိုင်တဲ့ကံရဲ့ အကျိုးပေးမှုတွေပဲလို့
ထင်ကြတယ်။
ကိုယ်တတ်နိုင်တာတွေ အများကြီး ရှိပါတယ်။
ကိုယ်က အရေးပါတဲ့ အကြောင်းတရားဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
ကောင်းတာတွေကို လုပ်ဖို့ ရွေးချယ်လိုက်တာနဲ့ ကိုယ့်ဘဝဟာ လမ်းကြောင်း ပြောင်းသွားပြီ။

+++++++++++++++++++++++++++++++++++++


စိတ္တုပ္ပာဒ မတ္တမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟုပကာရာ ဝဒါမိ။
ကုသိုလ်ကောင်းမှုကို လုပ်မယ်လို့ စိတ်ကူးရုံနဲ့ အကျိုးများလှပြီ လို့
ဘုရားဟောပါတယ်။
စိတ်ကူးတယ်ဆိုတာ ဘယ်လောက်ခက်လို့လဲ။

+++++++++++++++++++++++++++++++++++++

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်သဘောထားကို ကိုယ် ရွေးချယ်လို့ ရပါတယ်။
များသောအားဖြင့်တော့ အကျင့်ပါတဲ့အတိုင်း လုပ်ကြတယ်။
အကျင့်ပါနေတဲ့ သဘောထားတွေ ရှိပါတယ်။
ဒါကြောင့် ကိုယ့်သဘောထားကို ကိုယ် သတိထားပါ။
အကျင့်ပါနေတဲ့အတိုင်း လုပ်တာဟာ လွတ်လပ်မှုမရှိဘူး။
ဥာဏ်မပါဘူး။

+++++++++++++++++++++++++++++++++++++

Old habits die hard.  အသက်ရင့်နေတဲ့ အကျင့်ဟာ သေခဲတယ်။
အရိုးစွဲနေတဲ့အကျင့်ဟာ ဖျောက်ရမလွယ်ဘူးလို့ ဆိုလိုတယ်။
ဖျောက်ရမလွယ်ဘူးလို့ ဆိုပေမယ့် သတိဆိုတဲ့မီးမောင်းနဲ့ ထိုးကြည့်လိုက်ရင်
ဖျောက်ရလွယ်ပါတယ်။
မသိရင် ဖျောက်လို့ မရဘူး။
သိရင် ဖျောက်လို့ ရတယ်။

+++++++++++++++++++++++++++++++++++++


အခြေအနေတိုင်းမှာ သတိနဲ့ဥာဏ်နဲ့ သိပြီးတော့ အကောင်းဆုံးကို ရွေးချယ်ရင်
လွတ်လပ်တဲ့သူ စိတ်ချမ်းသာတဲ့သူ အားကြီးတဲ့သူ ဖြစ်မယ်။
ရွေးချယ်မှုဆိုတာ မလုပ်လို့ မရပါဘူး။
မရွေးချယ်ဘူးဆိုရင်တောင် အဲဒီ မရွေးချယ်ဘူးဆိုတာကို ရွေးချယ်တာပါပဲ။

+++++++++++++++++++++++++++++++++++++

သူများပြောတာကို နားထောင်ပြီး လိုက်လုပ်ရင် ကိုယ့်ဘဝကို သူ့လက်ထဲမှာ
အပ်ထားလိုက်သလို ဖြစ်သွားပြီ။
ကိုယ်က ရွေးချယ်ရမယ့်တာဝန်ကို မယူချင်လို့ သူ့ကို ရွေးချယ်ခိုင်းတာ။

+++++++++++++++++++++++++++++++++++++

ကိုယ် ဘာကို ရွေးချယ်တယ်ဆိုတာပေါ်မှာ မူတည်ပြီး ကိုယ့်ဘဝ အရည်အသွေး
ကောင်းတယ် မကောင်းဘူး ဆိုတာ ဖြစ်လာမယ်။
အခြေအနေကို ကိုယ်က ဘယ်လိုမှ ပြောင်းလို့မရရင်တောင် အခြေအနေက
ကိုယ့်ဘဝကို အဆုံးအဖြတ်မပေးအောင် ကိုယ့်သဘောထားကို ကိုယ် မှန်အောင်ထားရမယ်။

+++++++++++++++++++++++++++++++++++++

ကိုယ်လုပ်နိုင်သလောက် လုပ်ပြီးရင် ကျန်တာကို ဖြစ်လာသမျှ အေးအေးဆေးဆေး
လက်ခံနိုင်တဲ့သူဟာ လွတ်လပ်တဲ့သူ အင်အားကြီးတဲ့သူ ဖြစ်တယ်။
ငြီးငြူနေတဲ့သူဟာ အားနည်းတဲ့သူ မလွတ်လပ်တဲ့သူ ဖြစ်တယ်။
လက်ခံလိုက်တယ်ဆိုတာလည်း အမြဲတန်းအတွက် မဆိုလိုပါဘူး။
ခေတ္တ လက်ခံတာပါ။
စိတ်ကို တည်ငြိမ်အောင်ထားနိုင်ဖို့ လက်ခံတာ။
ကိုယ်မကြိုက်တဲ့ အခြေအနေက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်ခွင့်မရအောင်
ကိုယ့်စိတ်ကို ကိုယ် ကာကွယ်တာ။
ဘာမှ လုပ်လို့မရတဲ့အခြေအနေမှာ မှန်ကန်တဲ့သဘောထားကို ရွေးချယ်တာ။
ဘာကိုမှ ရွေးလို့မရတဲ့သူ မဖြစ်ဖို့လိုတယ်။
ပြင်ပအခြေအနေကို ရွေးလို့မရရင် ကိုယ့်သဘောထားကို ကိုယ် ရွေးတယ်။

+++++++++++++++++++++++++++++++++++++

ငါ လုပ်နိုင်တာ ရှိတယ်။
ငါ့မှာ ရွေးစရာရှိတယ် လို့ သိရတာ အားတက်စရာဖြစ်တယ်။
ဘာတွေလုပ်နိုင်သလဲ ဆိုတာ မေးပါ။
လုပ်နိုင်တာတွေ များအောင် လေ့လာပါ။
လုပ်နိုင်တာတွေ အများကြီးထဲက အကောင်းဆုံးကို ရွေးပါ။

+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၁…


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com