Saturday, September 8, 2012

"မုန်းတဲ့လူတွေကို ကိုက်ပစ်မယ်..."



တစ်ခါတုန်းက ခင်မောင်ထွန်းဆိုသူကို ခွေးရူးတစ်ကောင်က ကိုက်လိုက်တယ်။
ဒီတော့ ခင်မောင်ထွန်းက ဆေးရုံကို သွားပြပါတယ်။
ဆေးရုံက ခွေးရူးနဲ့ပတ်သက်တဲ့ဆေးတစ်လုံး ထိုးပေးလိုက်ပါတယ်။
သူဟာ အိမ်ပြန်ရောက်တဲ့အခါ စာရွက်အလွတ်တစ်ခုကို ယူပြီး တစ်ခုခုကို
ရေးနေပါတယ်။
ဒါကို ခင်မောင်ထွန်းရဲ့မိန်းမက မြင်တော့ စိတ်ပူပူနဲ့မေးလိုက်ပါတယ်။
“လူနာလို နားနားနေနေ နေတာ မဟုတ်ပဲနဲ့ ရှင် ဘာတွေ ရေးနေတာလဲတော်”
ခင်မောင်ထွန်းပြန်ပြောလိုက်တာက…
“ငါ အခုထိုးလာခဲ့တဲ့ခွေးရူးဆေးရဲ့အာနိသင် မပြခဲ့ရင်
လိုက်ကိုက်ရမယ့်လူတွေရဲ့နာမည်စာရင်းကို ပြုစုနေတာဟေ့”

"Thanks a lot..."





အတွေးတွေကို သတိထားပါ။
သူတို့ဟာ စကားလုံးဖြစ်လာတယ်။
စကားလုံးတွေကို သတိထားပါ။
သူတို့ဟာ အပြုအမူတွေ ဖြစ်လာတယ်။
အပြုအမူတွေကို သတိထားပါ။
သူတို့ဟာ အလေ့အကျင့်တွေ ဖြစ်လာတယ်။
အလေ့အကျင့်တွေကို သတိထားပါ။
သူတို့ဟာ စရိုက် ဖြစ်လာတယ်။
စရိုက်ကို သတိထားပါ။
သူတို့က ကံကြမ္မာ ဖြစ်လာတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်အတွေးတွေရဲ့ အရည်အသွေးပေါ်မှာ မူတည်ပါတယ်။
စိတ်ချမ်းသာအောင် တွေးတတ်တဲ့သူဟာ စိတ်ချမ်းသာတယ်။
ကောင်းတာတွေကို လုပ်နေတယ်။
နောက်လည်း ပိုကောင်းတာတွေကို လုပ်နိုင်သေးတယ်လို့ မြင်တဲ့သူဟာ
အလုပ်လုပ်ရတာ ပျော်တယ်။
နေရတာ ပျော်တယ်။
သူများငါ့ကို အထင်ကြီးသလား အထင်သေးသလား ဆိုတာကို
မတွေးပဲ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်တဲ့သူဟာ
အောင်မြင်တယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ့်ကို စားစရာတစ်ခု ကျွေးတဲ့အခါ
နှစ်နှစ်သက်သက် ပျော်ပျော်ရွှင်ရွှင် စားလိုက်ရင် နောက်တစ်ခါလည်း
ကျွေးချင်မှာပဲ။
မကောင်းဘူး မစားချင်ဘူးဆိုပြီး မစားပဲနေရင် နောက်တစ်ခါ ကျွေးချင်စိတ်
မရှိတော့ဘူး။ အားရဝမ်းသာ စားရင် ပိုကျွေးချင်တယ်။
အဲဒီလိုပဲ ကိုယ့်မှာ ရထားတာ ရှိနေတာကို ဝမ်းသာရင် နောက်ထပ်ရဖို့
အလားအလာ ပိုများတယ်။
တင်စားပြီးပြောရရင် သဘာဝတရားဟာ ကျေးဇူးသိတတ်သူကို ပိုပေးတယ်
ဘာရရ မကောင်းသေးဘူး ဆိုပြီး မကျေမနပ်ဖြစ်နေရင် ရဖို့ ပိုခက်လာတယ်။

++++++++++++++++++++++++++++++++++++


မျက်စိမြင်နေရတာ ကျေးဇူးတင်တယ်။
နားကြားနေရတာ ကျေးဇူးတင်တယ်။
လက်တွေ ခြေတွေ ကောင်းနေတာ ကျေးဇူးတင်တယ်။
စကားပြောနိုင်တာ ကျေးဇူးတင်တယ်။
သစ်ပင်တွေမှာ ရွက်နုတွေ ထွက်နေတာ ကျေးဇူးတင်တယ်။
မိဘတွေကို ကျေးဇူးတင်တယ်။
ဆရာ ဆရာမတွေကို ကျေးဇူးတင်တယ်။
မိတ်ဆွေတွေကို ကျေးဇူးတင်တယ်။
တစ်နေ့တာလုံး အဲဒီလို ကျေးဇူးတင်တယ်ဆိုတာကို စိတ်ထဲမှာ ပြောနေပါ။
စမ်းကြည့်စမ်းပါ။
ကိုယ့်ဘဝ ဘယ်လို ထူးခြားလာသလဲဆိုတာ တွေ့ရမယ်။
ပထမဆုံးရမယ့်အကျိုးက စိတ်ချမ်းသာမှုပဲ။

++++++++++++++++++++++++++++++++++++

သုတေသနပြုချက်အရ စိတ်အချမ်းသာဆုံးလူတွေဟာ များများရှိတဲ့သူတွေ မဟုတ်ဘူးတဲ့။
များများ ကျေးဇူးတင်တဲ့သူတွေတဲ့။
ကျေးဇူးတင်လို့ စိတ်ချမ်းသာတယ်။
ကျေးဇူးတင်လို့ နောက်ထပ်လည်း ရလာတယ်။
ကျေးဇူးတင်တယ်ဆိုတာ ရှိနေတာကို ဝမ်းသာတာလို့လည်း ပြောလို့ရတယ်။
ဝမ်းသာတတ်တဲ့သူက ပိုရတယ်။

++++++++++++++++++++++++++++++++++++


Saying thank you is more than good manners.
It is good spirituatity.
ကျေးဇူးတင်ပါတယ် လို့ ပြောတာဟာ ယဉ်ကျေးတဲ့အမူအရာ ဖြစ်ရုံမကပါဘူး။
အင်မတန်ကောင်းမွန်တဲ့ မြင့်မြတ်တဲ့ အကျင့်လည်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++

ရှိနေတာကို အသိအမှတ်ပြုနိုင်ရင် အသိအမှတ်ပြုစရာတွေ နောက်ထပ်ရလာမယ်။
ရှိတာကို ဝမ်းသာရင် ဝမ်းသာစရာတွေ နောက်ထပ်ရှိလာမယ်။
ကောင်းတာကို ရှာကြည့်ပါ။
ပြီးတော့ အသိအမှတ်ပြုပါ။ ချီးမွမ်းပါ။

++++++++++++++++++++++++++++++++++++


ကျေးဇူးတင်တတ်လာတဲ့အခါ ကျေးဇူးတင်စရာတွေကို ပိုမြင်လာတယ်။
ကိုယ်က ကျေးဇူးတင်တတ်လာတဲ့အခါ ကိုယ့်ကို လူတွေက အကူအညီပေးတာ
ပိုများလာတယ်လို့ ထင်တယ်။
လူတွေက ငါ့အပေါ် ဘာဖြစ်လို့ ဒါလောက်သဘောကောင်းကြတာလဲလို့ တွေးမိတယ်။
ကိုယ်က အခုမှ သတိထားမိလို့ ဖြစ်မှာပါ။
လူတွေက အရင်ကလည်း စေတနာကောင်းတာ ဖြစ်မယ်။
ကိုယ်က အခုမှ တန်ဖိုးထားတတ်လို့ မြင်တာ ဖြစ်မယ်။
ကိုယ့်တန်ဖိုးထားတာကို ပိုမြင်တတ်တာ သဘာဝပါပဲ။

++++++++++++++++++++++++++++++++++++
ကျေးဇူးသိတတ်တဲ့သူဟာ ကိုယ်ရလိုက်တာထက်ပိုပြီး ပြန်ပေးဖို့ ကြိုးစားတယ်။

++++++++++++++++++++++++++++++++++++
တရားအားထုတ်လို့ စိတ်ချမ်းသာတာဟာ တခြားနည်းနဲ့ စိတ်ချမ်းသာတာနဲ့မတူဘူး။
ပြောပြလို့ မရဘူး။
ကိုယ်တွေ့ကြုံရမှ သိမယ်။
ဒါကြောင့် လေးလေးစားစား စံနစ်တကျ လေ့လာမှ ဖြစ်မယ်။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာချင်ရင် ကျေးဇူးတင်တတ်တဲ့စိတ်၊ ရောင့်ရဲတဲ့စိတ် ရှိဖို့လိုတယ်။
ကိုယ့်အတွေးတွေက ကိုယ့်ကို စိတ်ချမ်းသာအောင်လုပ်သလို စိတ်ဆင်းရဲအောင်လည်း လုပ်တယ်။
ဒါကြောင့် ဘာတွေ တွေးနေသလဲဆိုတာ သိမှဖြစ်မယ်။

++++++++++++++++++++++++++++++++++++
ခွင့်လွှတ်နိုင်တဲ့စိတ်ကို လေ့ကျင့်မယ်။
သူ့နေရာကနေ တွေးကြည့်မယ်။
ဝေဖန်တာ အပြစ်တင်တာကို တတ်နိုင်သလောက် မလုပ်မိအောင် သတိထားမယ်။
တစ်ဖက်သတ် အထင်လွဲတတ်တဲ့အကျင့်ကို ဖျောက်မယ်။
သူ့အကြောင်း အတိအကျ မသိရင် သူ့အကြောင်း ကောင်းတာတွေကို တွေးမယ်။

++++++++++++++++++++++++++++++++++++


ငါ့သဘောထားဟာ ငါ့တာဝန်ပဲ။
ငါ မှန်တယ် သူမှားတယ် ဆိုတာထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်။

++++++++++++++++++++++++++++++++++++
သူ့စိတ်ကို ငါ လွှမ်းမိုးလို့ မရဘူး။
ငါ့စိတ်တိုင်းကျ သူနေမှ ငါ စိတ်ချမ်းသာမယ်ဆိုရင် ငါ့သဘောထားဟာ မှားနေပြီ။
ငါ မတတ်နိုင်တဲ့ကိစ္စကို စိတ်ပင်ပန်းခံပြီး ဆက်မတွေးတော့ဘူး။

++++++++++++++++++++++++++++++++++++
တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်း နေမယ်။
သဘာဝကျကျ အကြောင်းအကျိုး ကိုက်အောင် စဉ်းစားမယ်။
သဘာဝမကျတာတွေကို ယုံပြီးတော့ အလုပ်ပိုတွေ မလုပ်ဘူး။
စိတ်ဆင်းရဲမခံဘူး။

++++++++++++++++++++++++++++++++++++
ဖြစ်နိုင်တာကို လုပ်မယ်။
မဖြစ်နိုင်တာကို တွေးပြီး အချိန်ကုန်မခံဘူး။ စိတ်ပင်ပန်းမခံဘူး။
စိတ်ဆင်းရဲမှုဟာ နောက်ထပ် စိတ်ဆင်းရဲမှုကိုပဲ ဖြစ်စေတယ်။
ကြာကြာ စိတ်ဆင်းရဲခံရင် စိတ်ချမ်းသာလာမယ်လို့ မထင်ဘူး။
စိတ်ချမ်းသာမှုဟာ နောက်ထပ်စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။
ဒါကြောင့် ကြာကြာ စိတ်ချမ်းသာလေ ကောင်းလေပဲ။

++++++++++++++++++++++++++++++++++++
စိတ်ဆင်းရဲနေရင် အကောင်းဆုံးဥာဏ် မထွက်ဘူး။
အကောင်းဆုံးကို မရွေးနိုင်ဘူး။
စိတ်ဆင်းရဲနေတုန်းမှာ ပြဿနာကို ဖြေရှင်းရင် အကောင်းဆုံး မဖြစ်နိုင်ဘူး။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာနေတာဟာ နေလို့ကောင်းတယ်။
စိတ်ဆင်းရဲနေတာဟာ ပင်ပန်းတယ်။
စိတ်ပင်ပန်းဆင်းရဲနေရင် ငါ့စိတ်ဟာ နေရာမှားနေပြီ လို့ နားလည်ပါ။
သူမသွားသင့်တဲ့နေရာကို သွားနေပြီ။

++++++++++++++++++++++++++++++++++++
အခက်အခဲကိုတော့ အဆင်အပြေဆုံးဖြစ်အောင် လုပ်သင့်တာလုပ်ပြီး ဖြေရှင်းမယ်။
ဒါပေမယ့် ဒေါသနဲ့ မဖြေရှင်းဘူး။
စိတ်ညစ်နေတဲ့နည်းနဲ့ မဖြေရှင်းဘူး။
စိတ်ဓာတ်ကျနေတဲ့ နည်းနဲ့ မဖြေရှင်းဘူး။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက)စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၀၉…



Friday, September 7, 2012

"စိတ်ချမ်းသာချင်ရင် ဒါတွေကို သတိရပါ…"






၁-       ငါဟာ ငါ့ဘဝမှာ အရေးပါသူ ဖြစ်တယ်။
ငါ့မိသားစုဘဝမှာလည်း အရေးပါသူ ဖြစ်တယ်။
ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါသူ ဖြစ်တယ်။
ဘာတွေလုပ်ပေးလို့ အရေးပါတာလဲ။
ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။
သွားရင်း လာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
တစ်ခါတစ်လေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။
ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘဝမှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘဝမှာ
အရေးအပါဆုံး ဖြစ်မလဲ။
ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ကိုငါ သဘောထားရင်
ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။
ဘယ်လိုလုပ် စိတ်အားတက်မလဲ။

++++++++++++++++++++++++++++++++++++

၂-         ငါဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။
တစ်ယောက်ကို တစ်ယောက် ဒုက္ခပေးနေကြရင် ဒါလောက်လူတွေများတဲ့ လောကကြီးမှာ
ဘယ်နေလို့ ဖြစ်တော့မလဲ။
ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့
မပေးမိအောင် သတိထားပါတယ်။

++++++++++++++++++++++++++++++++++++

၃-         ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။
ဒီနေ့ကို တန်ဖိုးထားမှနေ့တိုင်း တန်ဖိုးရှိတဲ့ နေ့ဖြစ်မယ်။
နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘဝဟာ တန်ဖိုးရှိတဲ့ဘဝ ဖြစ်မယ်။
ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။
ပညာရှာမယ်။
မိတ်ဆွေကောင်း ရှာမယ်။
စိတ်ချမ်းသာအောင် နေမယ်။
မွေးနေ့မှာ Happy Birth-Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။
ပျော်လည်း ပျော်ကြတယ်။
နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။
မဖြစ်နိုင်စရာ ဘာရှိသလဲ။
နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။

++++++++++++++++++++++++++++++++++++


၎-     ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။
လူတွေကို အကောင်းဆုံးသဘောထားနဲ့ဆက်ဆံမယ်။
ငါ နဲ့တွေ့ရတဲ့လူတွေဟာ ငါ့လိုပဲ ဘဝကို ရုန်းကန်ပြီး နေသွားကြတယ်။

++++++++++++++++++++++++++++++++++++

-          ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊
ရိုးရိုးသားသား စေတနာနဲ့ လုပ်မယ်။
မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။
အဲဒီလို မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။

++++++++++++++++++++++++++++++++++++

၆-           ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။
လူ့ဘဝမှာ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။
ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

++++++++++++++++++++++++++++++++++++

၇-                                          ငါခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ်မတင်ဘူး။
သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

++++++++++++++++++++++++++++++++++++

 

၈-             အပ္ပမာဒေန သမ္မာဒေထ” လို့ ဘုရား နေ့တိုင်း ဟောကြား သတိပေးတာကို မမေ့ဘူး။
အရေးအကြီးဆုံး သတိပေး ဟောကြား မှာထားခဲ့တာကို
နေ့တိုင်း အားထုတ်မယ်။
နေရာမရွေး အချိန်မရွေး သတိနဲ့နေမယ်။
ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်။

++++++++++++++++++++++++++++++++++++

၉-                 ဒီနေ့ဟာ  ငါတကယ်နေရတဲ့နေ့ပဲ။
ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။
အတိတ်မှာ မရှိဘူး။
အနာဂတ်မှာ မရှိဘူး။
အခုပစ္စုပ္ပန်မှာပဲ ရှိတယ်။
ငါ့ကိုယ်ကို ငါ့ ကျေနပ်နေတယ်။
ငါ့ဘဝကိုငါ ကျေနပ်နေတယ်။
စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါ သိတယ်။
ငါ စိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့ သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။
အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

++++++++++++++++++++++++++++++++++++

၁၀-              ငါဟာ ငါ့ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။
သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

++++++++++++++++++++++++++++++++++++

၁၁-              ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။
ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။
ဘာလုပ်ရင် စိတ်ချမ်းသာမယ်။
ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်။
ဘယ်စာအုပ်ဖတ်ရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာနေမယ်။
စိတ်ချမ်းသာနေတဲ့သူတွေကို လေ့လာမယ်။
အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

++++++++++++++++++++++++++++++++++++


၁၂-              ကိုယ့်ဘဝ ကိုယ့်နေရာ ကိုယ့်အခြေအနေတွေကို  ဘယ်သူနဲ့မှ မလဲချင်ဘူး။
လဲချင်နေရင် စိတ်ဆင်းရဲနေမယ်။
ငါ့ဘဝကို ငါ ကျေနပ်တယ်။
ဘယ်သူ့ဘဝနဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

++++++++++++++++++++++++++++++++++++

၁၃-              ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။
ဒါပေမယ့် အဲဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။
ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။
ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။
ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

++++++++++++++++++++++++++++++++++++

၁၄-              ငွေဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။
ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။
ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

++++++++++++++++++++++++++++++++++++

၁၅-              ကိုယ့်စိတ်မှာ ဖြစ်တဲ့ ခံစားမှုနဲ့ပတ်သက်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
ငါ့စိတ်ကို ငါ ချမ်းသာအောင် ထားနိုင်တယ်။
ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့မရဘူး။
ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။

++++++++++++++++++++++++++++++++++++

ငါ ဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။
အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။
စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။
 ငါ့စိတ်မှာ ဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။
 ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ မလိုဘူး။
အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။
ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။
ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၀၈…


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com