Sunday, September 2, 2012

"စိတ်ချမ်းသာမယ်ဆိုရင်..."




လူတွေဟာ လွတ်လပ်မှုကို လိုချင်ကြတယ်။
ကိုယ့်လွတ်လပ်မှုဟာ ပြင်ပအကြောင်းတွေနဲ့လူတွေပေါ်မှာ တည်တယ်ဆိုရင်
ကိုယ့်မှာ ဘာလွတ်လပ်မှုရှိမလဲ။
မှီခိုမှု နည်းလေ လွတ်လပ်လေ။
ဒါကြောင့် ကိုယ့်စိတ်ချမ်းသာမှုဟာ အကြောင်းပြချက် မရှိလေ
လွတ်လပ်တဲ့စိတ်ချမ်းသာမှု ဖြစ်လေပဲ။
လွတ်လပ်တဲ့စိတ်ရှိတဲ့သူဟာ စိတ်ချမ်းသာတယ်။ ပျော်တယ်။

++++++++++++++++++++++++++++++++++++

ငါ့စိတ်ချမ်းသာမှုဟာ ပြင်ပအကြောင်းပေါ်မှာ မှီခိုမှုနည်းရမယ်လို့ရည်ရွယ်ချက်ထားပါ။
လွတ်လပ်တဲ့ ပျော်ရွှင်မှု၊ လွတ်လပ်တဲ့ စိတ်ချမ်းသာမှုကို ရှာပါ။
လွတ်လပ်တဲ့စိတ်ကို ရရင် လွတ်လပ်တဲ့ စိတ်ချမ်းသာမှုကို ရမယ်။               
မှီခိုမှု ဆိုတဲ့ ကြိုးကိုဖြတ်ပါ။
စိတ်ချမ်းသာမှုကို ရမယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ကို ကိုယ် ချမ်းသာအောင် ထားနိုင်တဲ့သူဟာ ကိုယ့်ကံကြမ္မာကို
ကိုယ်ဖန်တီးနိုင်တယ်။
ကိုယ့်စိတ်ကို ကိုယ် ချမ်းသာအောင်ထားနိုင်တဲ့သူဟာ
 စိတ်ဓာတ်အင်အား ကြီးမားတဲ့သူ ဖြစ်တယ်။
ကိုယ့်စိတ်ကို ကိုယ် ချမ်းသာအောင် ထားနိုင်ရင် ကိုယ့်ဘဝကို 
ကိုယ်လိုသလို ပုံဖော်လို့ရတယ်။ 
 စိတ်ချမ်းသာမှုက ဘဝကို ပုံကောင်းကောင်း ဖော်ပေးနိုင်တယ်။
စိတ်ဆင်းရဲမှုက ဘဝကို ပုံပျက်အောင်လုပ်တယ်။
ဒါကြောင့် စိတ်ဆင်းရဲနေတာကို တာရှည်လက်မခံပါနဲ့။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းချမ်းသာသာနဲ့ ခရီးသွားတဲ့သူဟာ ခရီးတွင်တယ်။
အောင်မြင်ချင်ရင် စိတ်ချမ်းသာအောင် နေတတ်မှ ဖြစ်မယ်။
စိတ်ချမ်းသာအောင် အရင်နေပါ။
နောက်တော့ အောင်မြင်မှုက လိုက်  လာပါလိမ့်မယ်။

++++++++++++++++++++++++++++++++++++


အောင်မြင်မှုရရင် စိတ်ချမ်းသာမယ်လို့ ဆိုတဲ့သူဟာ အောင်မြင်မှု ရတဲ့အခါ ခဏပဲ ပျော်တယ်။
မကြာခင် အရင်တုန်းကလိုပဲ စိတ်ဆင်းရဲပြန်တယ်။
ပြင်ပအောင်မြင်မှုဟာ ရေရှည် စိတ်ချမ်းသာမှုကို မပေးနိုင်ဘူး။
ပြင်ပအောင်မြင်မှုပေါ်မှာ အခြေခံတဲ့ ပျော်ရွှင်မှုဟာ စိတ်မအေးရတဲ့ ပျော်ရွှင်မှုပါ။

++++++++++++++++++++++++++++++++++++

ပြင်ပအကြောင်းတရားပေါ်မှာ မှီခိုမှု မရှိတဲ့ စိတ်ချမ်းသာမှု ဖြစ်မှသာ 
ကိုယ့်လက်ထဲမှာ ရှိတဲ့ စိတ်ချမ်းသာမှု ဖြစ်တယ်။
ကိုယ်ပိုင် စိတ်ချမ်းသာမှု ဖြစ်တယ်။

++++++++++++++++++++++++++++++++++++

ပြင်ပအကြောင်းကြောင့် ဖြစ်တဲ့ ပျော်ရွှင်မှုကို အားမကိုးပါနဲ့။
တကယ်လွတ်လပ်တဲ့သူ ဖြစ်ချင်ရင် ဘာကိုမှ မမှီခိုတဲ့ စိတ်ချမ်းသာမှုကို ရအောင်လုပ်ပါ။
ကိုယ့်လွတ်လပ်မှုကို ကြေငြာလိုက်ပါ။
ငါ့လွတ်လပ်မှုဟာ ဘယ်အရာကိုမှ မမှီခိုဘူး။
ငါ့ပျော်ရွှင်မှုဟာ ဘယ်အရာကိုမှ မမှီခိုဘူး။

++++++++++++++++++++++++++++++++++++

ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပဲ။
စိတ်ချမ်းသာနေရင် ကိုယ် ဖြစ်ချင်တာ ဖြစ်လာဖို့ အလားအလာ ပိုများပါတယ်။
စိတ်ဆင်းရဲနေလေလေ ကိုယ် ဖြစ်ချင်တာ ဖြစ်ဖို့ အလားအလာ နည်းသွာလေလေပဲ။
တစ်သက်လုံး စိတ်ဆင်းရဲခံပြီး လုပ်သင့်တဲ့ကိစ္စ မရှိပါဘူး။
ဘဝဆိုတာ စိတ်ချမ်းချမ်းသာသာနေရမှ နေရကျိုး နပ်ပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ကိုပဲ ကိုယ်ပြင်နိုင်ပါတယ်။
ပြင်ပကိစ္စတွေဟာ ပြင်လို့ရတာ ရှိမယ်။ မရတာလည်း ရှိမယ်။
ကိုယ့်ဘဝမှာ တွေ့သမျှလူတွေကို ကိုယ့်အလိုကျ ဖြစ်အောင် မလုပ်နိုင်ပါဘူး။
တွေ့ရတဲ့အခြေအနေအားလုံးကို ကိုယ်လိုသလို ဖြစ်အောင် မလုပ်နိုင်ပါဘူး။
ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပါပဲ။
ဒါကြောင့် အရင်ဆုံး စိတ်ကို ပြင်ပါ။
လောကဓံနဲ့တွေ့တဲ့အခါ မတုန်လှုပ် မချောက်ခြားပဲ နေနိုင်ရင် နေပျော်ပြီ။

++++++++++++++++++++++++++++++++++++


အခုခဏလေး စိတ်ချမ်းသာအောင် နေပါ။
နောက်တစ်ခဏမှာလည်း စိတ်ချမ်းသာအောင် နေပါ။
စိတ်ချမ်းသာနေတာကို လေ့ကျင့်ပါ။
တစ်ခုခု လုပ်စရာရှိလာရင် စိတ်ချမ်းချမ်းသာသာနဲ့လုပ်မယ်လို့ 
ကိုယ့်ကိုယ်ကို ကိုယ် သတိပေးပါ။
စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရင် အကောင်းဆုံးကို ရမယ်။
စိတ်ချမ်းချမ်းသာသာနဲ့ ပြောပါ။
စိတ်ချမ်းချမ်းသာသာနဲ့ ပြောရင် အကောင်းဆုံးကို ပြောနိုင်မယ်။
စိတ်ချမ်းသာအောင် နေတာဟာ လူတွေကို အကောင်းဆုံးနည်းနဲ့ အကျိုးပြုတာပါပဲ။

++++++++++++++++++++++++++++++++++++

ကိုယ့်ကိုယ်ကိုကိုယ် အကောင်းဆုံးမိတ်ဆွေဖြစ်အောင် လုပ်ရမယ်။
ကိုယ့်စိတ်ကိုကိုယ် ချမ်းသာအောင် ထားနိုင်ရင် မိတ်ဆွေဖြစ်ပြီ။
တစ်သက်လုံးကိုယ်နဲ့ အတူနေမယ့်သူဟာ ကိုယ့်စိတ်ပဲ။
ဒါကြောင့် တစ်ယောက်ထဲ တည့်အောင် နေမှ ဖြစ်မယ်။
ဒါမှ တစ်သက်လုံး စိတ်ချမ်းသာမယ်။

++++++++++++++++++++++++++++++++++++


ကိုယ့်စိတ်ကိုယ် စိတ်ချမ်းသာအောင် နေနိုင်မှ သူများနဲ့တွေ့တဲ့အခါ 
အဆင်ပြေအောင် နေနိုင်မယ်။
တစ်ယောက်ထဲတောင် တည့်အောင် မနေနိုင်ရင် 
သူများနဲ့တည့်အောင် ဘယ်လိုနေမလဲ။
အများနဲ့အဆင်မပြေတဲ့သူတွေကို သတိထားကြည့်ပါ။
သူတို့ဟာ တစ်ကိုယ်တည်း စိတ်ချမ်းသာအောင် မနေတတ်သေးတဲ့ သူတွေ
ဆိုတာ တွေ့ရမယ်။

++++++++++++++++++++++++++++++++++++

ဒီနေ့ အားလုံး ကိုယ်မျှော်လင့်သလို ဖြစ်မယ်လို့ မပြောနိုင်ဘူး။
ဒါပေမယ့် ဒီနေ့ ဘာပဲဖြစ်လာ ဖြစ်လာ အကောင်းဆုံးဖြစ်အောင် လုပ်ပြီး
စိတ်ချမ်းသာအောင် နေမယ်လို့တော့ ပြောချင်ရင် ရတယ်။

++++++++++++++++++++++++++++++++++++

လူတွေကို သဘောထား မှန်မှန်နဲ့ ဆက်ဆံနိုင်ရင် စိတ်ချမ်းသာမယ်။
လောကကြီးကို အမြင်မှန်ရင် စိတ်ချမ်းသာမယ်။        
နှစ်ခုစလုံးဟာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်။
အဲဒီလိုဆိုတော့ စိတ်ချမ်းသာမှုဟာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်လို့
ဆိုရာ ရောက်တယ်။

++++++++++++++++++++++++++++++++++++

အဆိုးတစ်ခုကို တွေးလိုက်တဲ့အခါမှာ ကိုယ့်မှတ်ဥာဏ်က သဘောချင်းတူတဲ့
နောက်ထပ် အဆိုးတွေကိုပါ ပြန်ဖော်ပေးတယ်။
အကောင်းတစ်ခုကို တွေးလိုက်တဲ့အခါမှာလည်း နောက်ထပ်အကောင်းတွေကို
ပြန်ဖော်ပေးတယ်။
အဆိုးတွေကို များများတွေးလေလေ အဆိုးတွေက ပွားလေလေပဲ။
အကောင်းကို များများတွေးလေလေ အကောင်းတွေက ပွားလာလေလေပဲ။
ဘယ်ဟာ တွက်ခြေကိုက်သလဲ။

++++++++++++++++++++++++++++++++++++

အဆိုးတစ်ခုကို တွေးမိရင် အကောင်းတစ်ခုကို 
အမြန်ဆုံးတွေးမိအောင် သတိထားပါ။
 လေ့ကျင့်ပါ။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက)စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၀၇…


Friday, August 31, 2012

"အမေ့ထံသို့ ပေးစားများ-၅၂..."




သို့
ချစ်တဲ့အမေ
သား သတိရစွာဖြင့် စာရေးလိုက်ပါတယ်။
အမေ နေကောင်းလား။
ကျန်းမာရေးကို ဂရုစိုက်ပါအမေ။
ကျန်းမာခြင်းဟာ လာဒ်တစ်ပါးလို့ ဘုရားဟောခဲ့တယ်။
ငယ်ငယ်တုန်းကတော့ အဲဒီစကားရဲ့တန်ဖိုးကို နားမလည်ခဲ့ပါဘူး။
ငွေဟာ လာဒ်တစ်ပါးလို့ထင်ခဲ့တယ်။
ငွေနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့ ကျန်းမာခြင်းတွေ ဆုံးရှုံးလာတယ်။
ဆေးကျောင်းတက်တုန်းက သူငယ်ချင်းတွေက မျက်မှန်အထူကြီးတွေတပ်တော့
မင်းတို့တွေ ငယ်ငယ်နဲ့ ကန်းကြတယ်လို့ပြောခဲ့ဖူးတယ်။
ကျနော့် မျက်လုံးတွေ ကောင်းလိုက်တာလို့တွေးခဲ့တယ်။
ဆရာဝန်ဖြစ်တဲ့အထိ မျက်မှန်မတပ်ခဲ့ရတာကို ဂုဏ်ယူလို့မဆုံးခဲ့ဘူး။
အသက်လေးဆယ်ရောက်တော့ စာဖတ်တဲ့အခါ မှုန်သလိုလိုဖြစ်လာတော့
မျက်စိအထူးကုနဲ့သွားပြဖြစ်တယ်။
အဲဒီကတည်းက မျက်မှန်တပ်ခဲ့တာ အခုထိပါပဲ။
ညအိပ်တဲ့အခါမှပဲ မျက်မှန်ချွတ်ရတော့တယ်။
မှုန်တဲ့အခါ အဝေးရော အနီးရော မှုန်တော့တာပဲ။
ဆရာဝန်ဘဝတစ်လျှောက်လုံး နေ့စဉ် အားကစားမှန်မှန်လုပ်တော့
ကျန်းမာသလိုလို ဖြစ်နေတာကို ကိုယ့်ကိုယ်ကို ကျန်းမာလိုက်တာလို့ ယူဆခဲ့တယ်။
ဒီရောက်တော့ အချိန်မရှိတာနဲ့အားကစားလည်း မှန်မှန်မလုပ်ဖြစ်တော့ဘူး။
အချိန်တိုင်းနီးပါးကို အလုပ်လုပ်နေရတော့ အားကစားလုပ်ချိန်ကို မရှိတော့တာပါ။
ခန္ဓာကိုယ်ကလည်းဟိုကဖောက်ပြန်၊ ဒီကဖောက်ပြန်နဲ့။
ငွေရှာလို့ကောင်းချိန်ရောက်တော့မှ မကျန်းမာတော့ ကျန်းမာရေးတန်ဖိုးကို နားလည်လာတယ်။
ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါလို့အမေကို ထပ်ခါတလဲလဲ ပြောနေမိတာပါ။

+++++++++++++++++++++++++++


ကျနော်နဲ့သိတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးကပြောဖူးတယ်။
အလုပ်ကြိုးစားတာ ကောင်းပါတယ်။
အလုပ်အလွန်ကြိုးစားသူကို အလုပ်ရှင်က ကြိုက်တယ်။
ဒါပေမယ့် အလုပ်သမားအချင်းချင်းက မကြိုက်ကြဘူး။
ဘာကြောင့်လဲလို့မေးကြည့်တဲ့အခါ
“ကိုယ်လုပ်သလိုမျိုး သူတို့မလုပ်နိုင်ဘူးလို့ထင်တာပဲ။
ဒီက ဝန်ထမ်းတွေက အလုပ်ကို လျှော့လုပ်လို့မရကြတော့ ပိုလည်း မလုပ်ကြဘူး။
တစ်သက်လုံး လုပ်ရမယ့်အလုပ်ဖြစ်တော့ ကိုယ်ခန္ဓာကို ညှာလုပ်တာလည်း ဖြစ်နိုင်ပါတယ်။
အကြောင်းတစ်ခုက မကျန်းမာလာရင် ကျန်းမာရေးစရိတ်က ကြောက်ခမန်းလိလိ ကြီးတာကို
ကြောက်တာလည်း ဖြစ်နိုင်ပါတယ်။
ဝန်ထမ်းအသစ်ဆိုတာ တံမြက်စည်း အသစ်နဲ့တူတယ်။
တံမြက်စည်းအသစ်က အရမ်းလှည်းလို့ကောင်းတယ်။
ဟောင်းလာရင် လှည်းလို့မကောင်းတော့ဘူး။
အမှိုက်လည်း မပြောင်တော့ဘူး။
ဝန်ထမ်းအဟောင်းဆိုတာ ဒီလိုများ ဖြစ်နေမလား။
ကျမက ဝန်ထမ်းအသစ်လေ”တဲ့။

+++++++++++++++++++++++++++++++++++++



မစ်ချီဂန်တက္ကသိုလ်ကတော့ ပြန်ဖွင့်ပြီ။
တရုပ်ကျောင်းသားတွေတော်တော် တွေ့ရတယ်။
ဒီမှာ ကျောင်းလာတက်တဲ့ တရုပ်တက္ကသိုလ်ကျောင်းသားတွေတွေ့တော့
ပြန်ငယ်ချင်လိုက်တာ။
အမေရိကန်တက္ကသိုလ်ကိုတော့ တက်ရရင်ကောင်းမှာပဲလို့ ခဏခဏတွေးဖြစ်တယ်။
တရုပ်ကျောင်းသား ကျောင်းသူတွေကတော့ တရုပ်အစားအစာကို ကြိုက်ကြတယ်။
ဆိုင်မှာ လာအားပေးကြတယ်။
ရောက်ကာစ ကျောင်းသားကျောင်းသူတွေဆိုတာ သိပ်သိသာတယ်။
အချို့က စားပြီးသား အစားအစာကို ဘာလုပ်ရမှန်းမသိလို့ လာမေးတယ်။
အမှိုက်ပုံးကို လက်ညှိုးထိုးပြီး ပစ်ဖို့ပြောလိုက်တော့ ဆိုင်က ပေးထားတဲ့ဘန်းကိုတောင်
အမှိုက်ပုံထဲကို ပစ်တာကိုတွေ့ရတယ်။
သန့်ရှင်းရေးလုပ်သားတွေကိုပြောပြီး ပြန်ကောက်ရတယ်။
သူတို့ကြည့်ရတာ မအူမလည်နဲ့။
ရောက်ခါစဆိုရင် လူတိုင်းဒီလိုချည်းပါပဲ။
လူမျိုးမတူဘူး။ အစားအစာမတူဘူး။ ဘာသာစကားမတူဘူး။
ယဉ်ကျေးမှုမတူဘူးဆိုတော့ အားလုံးလိုလို အူကြောင်ကြောင်ကို ဖြစ်နေတော့တာပဲ။
ဒီနိုင်ငံမှာက အစားအစာဝယ်တဲ့အခါ တန်းစီတာ အကျင့်ဖြစ်နေပြီ။
ကြားဖြတ်တာ မရှိဘူး။
အတင်းတိုးဝှေ့တာ မရှိဘူး။
V.I.P (အခွင့်ထူးခံလူတန်းစား) ရောဂါ မရှိဘူး။
စည်းကမ်းရှိကြတယ်။
အကြောင်းကြောင်းကြောင့် နောက်လူကို ကျော်ပြီးလုပ်ပေးတာမျိုးကိုလည်း လက်မခံဘူး။ မကြိုက်ဘူး။
သူတို့က မကြိုက်ရင် အားမနာတတ်ဘူး။ ပြောတယ်။
ပြီးတော့မဝယ်ပဲ ထွက်သွားရော။
အချို့က မပြောဘူး။ မဝယ်ပဲ ထွက်သွားပါရော။
နောက်ဘယ်တော့မှ မလာတတ်ကြဘူး။
ဈေးရောင်းရင် အရမ်းသတိထားရတဲ့ကိစ္စ။

+++++++++++++++++++



စားသုံးသူတွေရဲ့တောင်းဆိုမှုကြောင့် အလုပ်က မနားမနေလုပ်ရတယ်။
မောလ်ထဲမှာလုပ်တော့ တစ်နေ့ကို အနည်းဆုံး (၁၁) နာရီလုပ်ရတယ်။
ပြောရရင် တစ်နေ့လုံးလိုလိုပါပဲ။ နံက် (၉)နာရီကျော်မှာ အိမ်ကထွက်ရတယ်။
ည (၉)နာရီကျော်မှ ပြန်ရောက်တော့ တစ်နေ့ (၁၂)နာရီ သုံးနေရတဲ့သဘောဖြစ်နေတယ်။
အလုပ်ချိန်ကလည်းများ။ နားရတဲ့အချိန်ကလည်း ရှားပါးလှတယ်။
ကြာလာတော့ လူကခံနိုင်ရည် နည်းလာတယ်။
သက်သက်သာသာနဲ့နေရတဲ့ ကိုယ့်တိုင်းပြည်ကိုလွမ်းလာတယ်။
အမေရိကန်မှာ အနေကြာတဲ့သူငယ်ချင်းတစ်ယောက်ကိုပြောပြတော့
သူကပြောတယ်။
“အမေရိကန်နိုင်ငံသားကဒ်ရပြီဆိုရင် နိုင်ငံအတော်များများကို ဗီဇာမလိုပဲ
သွားလို့ရတယ်။ တစ်ခါတုန်းက ထိုင်းနိုင်ငံကို ငါသွားလည်တယ်။
နယ်စပ်ကို သွားတဲ့ခရီးတစ်ခုမှာ နှစ်ထပ်ဘတ်စ်ကားကြီး စီးသွားတယ်။
ငါ့ဘေးနားမှာ မြန်မာတစ်ယောက်။
မြန်မာအချင်းချင်းတွေ့တော့ မြန်မာစကားကို ပြောဖြစ်ကြတာပေါ့လေ။
တစ်နေရာရောက်တော့ ကားရပ်သွားတယ်။
စစ်ဆေးရေးရဲတွေ တက်လာတယ်။
ငါ့နားက မြန်မာကိုစစ်တော့ မြန်မာမှန်းသိတော့ ခေါ်ချသွားတယ်။
အကြာကြီးမေးတယ်။ပြန်တက်လာတော့ သူ့မှာပါလာတဲ့ငွေတွေကို
အကုန်ယူလိုက်တယ်လို့ပြောတယ်။
မပေးရင်လည်း ဆက်သွားခွင့်မပေးဘူးဆိုတော့ သူလည်း မသွားမဖြစ်တော့ ပေးလိုက်ရတယ်။
ငါ့ကိုစစ်ဆေးတော့ အမေရိကန်နိုင်ငံသားကဒ်ထုတ်ပေးလိုက်တော့
အဲဒီအကောင်တွေက အလေးတွေပြုလို့။ ငါ့ရဲ့ပစ္စည်းတွေဆိုရင်
ဘာတစ်ခုမှ ထိတောင်မထိဘူး။
လူချင်းကတော့ အတူတူပါပဲ။
ခြားနားချက်ကတော့ နိုင်ငံသားပဲ။
မင်း နိုင်ငံတကာကို လွတ်လွတ်လပ်လပ် သွားလည်ချင်စိတ်ရှိရင်တော့
စဉ်းစားပေါ့” တဲ့။
သူ့စကားက စဉ်းစားစရာဖြစ်လာတယ်။
ကျနော်က ခရီးသွားရတာကို ဝါသနာပါတယ်လေ။
ဘယ်နေရာမှာဖြစ်ဖြစ် အကောင်းအဆိုးက ဒွန်တွဲနေတတ်ပါတယ်။
အကောင်းချည်း မရှိသလို အဆိုးချည်းလည်း မရှိပါဘူး။
အကောင်းကို လက်ခံချင်ရင် ဒွန်တွဲပါလာတဲ့ အဆိုးကိုလည်း လက်ခံရမှာပဲ။
ကဲ..အမေ စာလည်းရှည်သွားပြီ။
ကျနော်လည်း နားလိုက်ဦးမယ်။

အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်းမြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။





Thursday, August 30, 2012

"တစ်ယောက်ထဲ ရှိတယ်..."




ဘယ်လို ဖြစ်ရင်တော့ စိတ်ချမ်းသာမှာပဲလို့ စိတ်ချမ်းသာစေမယ့်
အကြောင်းကို တွေးရင်းနဲ့ ဘယ်လိုကြောင့် စိတ်မချမ်းသာနိုင်သေးဘူး ဆိုတဲ့
အကြောင်းပြချက်တွေက များလာတယ်။
စိတ်ချမ်းသာဖို့ အကြောင်းပြချက် များများ လိုအပ်နေရင် စိတ်ချမ်းသာမှာ
မဟုတ်တော့ဘူး။စိတ်မချမ်းသာဖို့ အကြောင်းပြချက်တွေပဲ များများတွေ့နေမယ်။

++++++++++++++++++++++++++++++++++++

ဘာဖြစ်လို့လဲဆိုတော့ ဘဝဆိုတာ ဘယ်တော့မှ အလိုကျ မဖြစ်နိုင်လို့ပဲ။
ဘာဘဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေတတ်တဲ့သူပဲ စိတ်ချမ်းသာနိုင်မယ်။
ကိုယ်မျှော်လင့်သလို ဖြစ်နေလို့ စိတ်ချမ်းသာနေတဲ့သူဟာ ခဏလေးပဲ
စောင့်လိုက်ပါ။ မကြာခင် အခြေအနေကပြောင်းလဲသွားမယ်။
ကိုယ်မကြိုက်တဲ့အခြေအနေ ရောက်လာမယ်။
အဲဒီအခါ သူ စိတ်မချမ်းသာတော့ဘူး။

++++++++++++++++++++++++++++++++++++

လိုချင်တာ ရတဲ့အခါ ဆုံးရှုံးမှာ ကြောက်နေရလို့ စိတ်မချမ်းသာပြန်ဘူး။
အော်… လိုချင်တာ ရလည်း စိတ်လွတ်ကိုယ်လွတ် စိတ်မချမ်းသာနိုင်သေးပါလား။

++++++++++++++++++++++++++++++++++++

ဘယ်လိုအကြောင်းကြောင့် စိတ်ချမ်းသာပါတယ်လို့ အကြောင်းပြစရာ
ရှိတဲ့သူဟာ သူတို့ကတိကို ယုံပြီး ပျော်နေတဲ့သူလိုပဲ။
ကြုံဖူးပေါင်းလည်း များလှပြီ။
ယုံတုန်းပဲလား။

++++++++++++++++++++++++++++++++++++


ကိုယ်ပြောင်းလဲနိုင်တာကို ပြောင်းလဲလိုက်ပါ။
ဒါပေမယ့် ကိုယ်မပြောင်းနိုင်တဲ့ကိစ္စက ကိုယ့်ကို စိတ်ဆင်းရဲအောင်
လုပ်ခွင့်ကိုတော့ မပေးလိုက်ပါနဲ့။

++++++++++++++++++++++++++++++++++++

ကြုံတွေ့ရတဲ့အခြေအနေက ကိုယ့်ကို အဆုံးအဖြတ်ပေးနိုင်အောင်
ကိုယ်က ခွင့်ပြုထားရင် စိတ်ချမ်းသာမှုကို ဆုံးရှုံးရလိမ့်မယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်နိုင်တဲ့သူဟာ ကိုယ့်ကို နိုင်လို့ရတဲ့သူ
ဖြစ်နေပြီ။ အဲဒါကို ခွင့်မပြုပါနဲ့။ အနိုင်ယူခွင့် မပေးပါနဲ့။
ဒါလောက်ကြီးမားတဲ့ အာဏာကို မပေးလိုက်ပါနဲ့။

++++++++++++++++++++++++++++++++++++

လောကကြီးမှာ ကိုယ့်စကားကို တကယ် နားထောင်မယ့်သူတစ်ယောက်ပဲ
ရှိတယ်။ အဲဒီလူကတော့ ကိုယ်ပဲ။
အဲဒီတစ်ယောက်ကိုပဲ သေသေချာချာ နားလည်အောင် ပြောပါ။
အဲဒီတစ်ယောက်ကိုပဲ စိတ်ချမ်းသာအောင် နေတတ်ဖို့ သင်ပါ။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာအောင်နေဖို့ အခွင့်အရေးရှိသလို တာဝန်လည်း ရှိပါတယ်။
အဲဒီအခွင့်အရေးနဲ့တာဝန်ကို လျှော့မတွက်လိုက်ပါနဲ့။
ကိုယ့်ကို တစ်ယောက်ယောက်က စိတ်ချမ်းသာအောင်လုပ်ပေးရမယ်လို့
မျှော်လင့်နေတာဟာ အကြီးမားဆုံးအမှားပဲ။
ကိုယ့်စိတ်ကိုတောင် ကိုယ် ချမ်းသာအောင် မထားနိုင်တဲ့သူတွေက
သူများကို စိတ်ချမ်းသာမှုပေးနိုင်မယ် ဆိုတာ ယုံသလား။

++++++++++++++++++++++++++++++++++++

သူများက ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးရမယ်လို့ မျှော်လင့်တာ
တောင်းဆိုတာဟာ ကိုယ့်တာဝန်ကို ကိုယ် မယူချင်တဲ့သူတွေရဲ့ မျှော်လင့်ချက်နဲ့တောင်းဆိုမှုပဲ။
ဘယ်လောက်ပဲ မျှော်လင့် မျှော်လင့်၊
ဘယ်လောက်ပဲ တောင်းဆို တောင်းဆို၊ ရမှာ မဟုတ်လို့ စိတ်ပျက်ရတာနဲ့ပဲ
ပွဲသိမ်းရလိမ့်မယ်။
ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တာ တစ်ယောက်ပဲ ရှိတယ်။
ဘယ်သူလဲ။
ကိုယ်ပဲ။
ကိုယ်မှ မလုပ်နိုင်ရင် ရမှာမဟုတ်ဘူး။
မပေးနိုင်တဲ့သူဆီက မမျှော်လင့်ပါနဲ့တော့။

++++++++++++++++++++++++++++++++++++


ငါ ကံဆိုးတယ်လို့ တွေးရင် ဝမ်းနည်းမယ်။
ငါ့ကို ဂရုမစိုက်ကြဘူးလို့ တွေးရင် စိတ်ဆိုးမယ်။ ဝမ်းနည်းမယ်။
ငါ့ကို မပေးဘူးလို့တွေးရင်လည်း ဝမ်းနည်းမယ်။ နာကြည်းမယ်။
ဒီခံစားချက်တွေ ဒီလို ဝမ်းနည်းတာတွေ၊ စိတ်ဆိုးတာတွေ နာကြည်းတာတွေကိ သေသေချာချာ
ကြည့်ရင် ကိုယ့်အကြောင်းကို ကိုယ် တွေးတာ များလို့ ဖြစ်ရတာကို တွေ့ရမယ်။
ကိုယ်က လိုချင်တာနဲ့ ကိုယ်ရတာနဲ့ကွာနေလို့၊ ကိုယ်ရတာ နည်းနေတယ်လို့ ထင်လို့၊
ဝမ်းနည်းတာ စိတ်ဆိုးတာ၊ နာကြည်းတာပါ။
ငါ ရသင့်သလောက်မရဘူးလို့ ထင်နေလို့ မကျေနပ်တာ။

++++++++++++++++++++++++++++++++++++

ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ရင် မကျေမနပ်ဖြစ်စရာ မလိုတော့ဘူး။
စိတ်ချမ်းသာချင်ရင် သူများဆီက ရဖို့ မျှော်လင့်တာကို လျှော့ပါ။
ကိုယ်တတ်နိုင်တာကို လုပ်ပါ။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ အကြောင်းပြချက်တွေ များလေလေ စိတ်ချမ်းသာဖို့ ခက်လေလေပဲ။
ဘာအကြောင်းပြချက်မှမရှိပဲ စိတ်ချမ်းသာအောင် နေနိုင်ရင် အမြဲ စိတ်ချမ်းသာမယ်။
စိတ်ချမ်းသာမှုအစစ်ဟာ အကြောင်းပြချက်မရှိဘူးဆိုတာ ကို နားလည်ဖို့ သိပ်အရေးကြီးပါတယ်။
လိုချင်တာ ရရင် စိတ်ချမ်းသာမယ်လို့ ထင်ကြတယ်။
ရှာရင်းနဲ့မောနေပြီ။
လိုချင်တာက များများလာတယ်။
လိုချင်တာရလေ လိုချင်တာ ပိုများလေ ဖြစ်လာတယ်။

++++++++++++++++++++++++++++++++++++

ဘာအကြောင်ပြချက်မှ မရှိပဲ စိတ်ချမ်းသာနေတဲ့သူဟာ စိတ်ဓာတ်အင်အားကြီးတဲ့သူပဲ။
သူ့ကို ဘယ်သူကမှ စိတ်ဆင်းရဲအောင် လုပ်လို့မရရင်
သူ့ကို ဘယ်သူကမှ လွှမ်းမိုးလို့ မရတော့ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာချင်ရင် လိုချင် ဘယ်လိုကိစ္စပေါ်မှာမှ မမှီပါနဲ့။
ကိုယ် မှီထားတဲ့အရာက လှုပ်ရင် ကိုယ်ပါ လှုပ်နေမယ်။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၀၆…


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com