Saturday, March 31, 2012

" အမေ့ထံသို့ပေးစာများ-၃၇..."




သို့
ချစ်တဲ့ အမေရေ..
သား သတိတရ စာရေးလိုက်ပြန်ပါပြီ။
ကျနော်တို့တော့ ဝေးဝေးက မရှောင်နိုင်တော့ဘူး။ တည့်တည့်ကို ဝင်တိုးနေပြီ။
ဒီမှာက ကားက မရှိရင် မဖြစ်ဘူးလေ။
ဒီတော့ ကားက မဝယ်ရင် မဖြစ်ဖူး။ ဒါကြောင့် ကားကိုဝယ်ဖို့သူငယ်ချင်းကို
အကူအညီတောင်းတော့ သူက ကားကိုလိုက်ရှာပေးတယ်။
သူက ကာရိုလိုင်းနားကနေပြီး အင်ဒီယားနားကိုလာပြီး ကူညီပေးတာပါ။
ကျနော်တို့အဖို့ ရွေ့ပြောင်းသွားလာလို့ရနိုင်တဲ့ကားတစ်စီးကိုရှာရင်းနဲ့
တိုယိုတာ၊ 4RUNNER ၊အမျိုးအစား၊မီးခိုးရောင်အဖျော့ ကားတစ်စီးကို
ကျနော်တို့လင်မယားနှစ်ယောက်က ကြိုက်တယ်။
သင့်တော်တဲ့ကားတစ်စီးဆိုတာလည်း သူငယ်ချင်းက သဘောတူတယ်။
ဒါပေမယ့်ရောက်ကာစဆိုတော့
ငွေကလက်လှမ်းမမှီဘူးဖြစ်နေတယ်။
ဒါနဲ့ပဲ Credit Card (ဘဏ်ချေးငွေ) ကိစ္စကို သူက စီစဉ်ပေးတယ်။
ပြီးတော့ သူက အားပေးပါတယ်။
“အမေရိကန်နိုင်ငံသားတိုင်းမှာ Credit Card (ဘဏ်ချေးငွေ) ရှိတယ်။
Credit Card (ဘဏ်ချေးငွေ) ရှိသူတိုင်းဟာ အကြွေးရှိတယ်။
အကြွေးရှိမှ အမေရိကန်နိုင်ငံသား ပီသတယ်”တဲ့။
သူပြောမှ ကျနော်တို့လည်း အမေရိကန်နိုင်ငံသား ပီသသွားပြီအမေရေ့။
ဟုတ်တယ်အမေရဲ့။ ကျနော် စာစောင်တစ်ခုမှာ ဖတ်ဖူးတယ်။
အမေရိကန်မှာ အကြွေးကင်းသူအရေအတွက်က ၁%လောက်ပဲ ရှိတယ်တဲ့။
၉၉%ကတော့ အကြွေးတွေနဲ့ပေါ့အမေ။
အိမ်ဝယ်တယ်။ အကြွေး။ နှစ်သုံးဆယ်အကြွေးပေါ့။
ကားဝယ်တယ်။အကြွေး။ အခုဆိုရင် သုံးနှစ်ဆပ်ရမယ်။
ဘာဘဲဝယ်ဝယ်၊ အကြွေးနဲ့ဝယ်လို့ ရတယ်။
အဲ…ဘဏ်က ယုံကြည်သူဖြစ်ရမယ်ပေါ့။
တစ်နည်းပြောရရင် Credit Card (ဘဏ်ချေးငွေ) ရှိရမယ်ပေါ့။
အမေရိကန်မှာနေပြီး Credit Card (ဘဏ်ချေးငွေ) မရှိရင် တော်တော် အထင်သေးခံရတာပဲ။
ကယ်လီဖိုးနီးယားမှာနေတုန်းက Credit Card (ဘဏ်ချေးငွေ) မရှိလို့
အိမ်ငှားလို့လည်း မရ။
ဖုန်းဝယ်လို့လည်းမရ။
တော်တော် ဒုက္ခရောက်ခဲ့ရတယ်။
Credit Card (ဘဏ်ချေးငွေ) ရှိသူကို မှားယွင်းပြီး အားကိုးမိလို့
အလျှော်အစားတွေ တော်တော်များခဲ့ရတယ်။
ဒါကြောင့် Credit Card (ဘဏ်ချေးငွေ)ဟာ အမေရိကန်နိုင်ငံသားတွေရဲ့
အမှတ်အသားတစ်ခုလို ဖြစ်နေတယ်။ မရှိလို့မဖြစ်ဘူး။
သူငယ်ချင်းပြောတာက “Credit Card (ဘဏ်ချေးငွေ) ကို ကြောက်ဖို့မလိုဘူး။
အကြွေးကို မှန်မှန်ဆပ်ဖို့ပဲ လိုတယ်” တဲ့။
သူပြောတာလည်း ဒီမှာတော့ ဟုတ်နေသလိုလိုပဲ။
လောလောဆယ်တော့ သူငယ်ချင်းနဲ့ပေါင်းနေရတာ။ သူက ကူညီနေသူဖြစ်တယ်။
သူငယ်ချင်းစကားကို နားထောင်ဖို့လိုတယ်။
ဝေါရန် ဘတ်ဖတ်တ် (Warren Buffett) ရဲ့စကားကို နားထောင်ဖို့ မလိုသေးဘူးလို့ ထင်တာပဲ။
ကျနော်မှားရင်လည်း ပြင်ပေးပေါ့ အမေ။
ကျနော်တို့ရဲ့ အလုပ်ရှင်က ပြောတယ်။
"နောက်လမှာ သူ့ရဲ့အခြားဆိုင်တစ်ဆိုင် ဖြစ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို
ကျနော်တို့လင်မယား ပြောင်းရမယ်။
အခု ဝယ်တဲ့ကားနဲ့ ဝန်ထမ်းတွေကို အကြိုအပို့တစ်ခါတည်း လုပ်ပေးပါ
ဓာတ်ဆီကုန်ကျစရိတ်အချို့ကို သူကျခံမယ်"တဲ့။
ဟော…ကားက ဝယ်ပြီးတာနဲ့ကို အလုပ်က ဖြစ်နေပြီ။
ဘဏ်ကြွေးကို ဆပ်ပြီးတာနဲ့ ကားလည်း ပိုင်ဆိုင်ပြီ။
ဘဏ်ရဲ့ယုံကြည်မှုလည်း ရပြီဆိုတော့
တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် တဲ့သဘောပါပဲ။
ရောက်စတုန်းက ရာသီဥတုက အရမ်းအေးပါတယ်။
အနွေးထည် မဝတ်ပဲ မနေနိုင်ပါဘူး။
အပြင်ထွက်လိုက်ရင်ကိုပဲ နေပူနေတာတောင် လေအေးတွေတိုက်တာကြောင့်
တော်တော်ကိုအေးပါတယ်။
အခုတော့ ရာသီဥတုက ပုံမှန်ဖြစ်နေပြီ။
အပူအအေးက မျှတသွားပေမယ့် မိုးကတော့ များနေတုန်းပဲ။
ကာလကတော့ နွေဦးရာသီဖြစ်နေပြီ။
ဘာမှတော့ မြဲတယ်လို့မရှိလှပါဘူး။
အရာရာကတော့ ပြောင်းလဲနေပါတယ်အမေ။
တိုးတက်တဲ့ပြောင်းလဲခြင်း ဖြစ်ဖို့သာလိုပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကလပ်ဗေးလ်မြို့(Clarksville)
အင်ဒီယားနားပြည်နယ် (Indiana)
အမေရိကန်ပြည်ထောင်စု (USA)
၃-၃၁-၂၀၁၂

Friday, March 30, 2012

"ဘိန်းစွဲသွားမှာ ကြောက်စရာမလိုပါ..."


တစ်ခါတုန်းက

ကျနော်ဟာ ဖါးကန့်မြို့မှာ ဆေးခန်းဖွင့်ခဲ့ဖူးပါတယ်။

ဖါးကန့်မြို့ဟာ ဘိန်းဖြူ၊ ဘိန်းမည်းအလွန်ပေါတဲ့မြို့နယ်ဖြစ်ပါတယ်။

လူများစုဟာ ဘိန်းအဖြူ၊အမည်းကို တစ်ခုမဟုတ်တစ်ခုကို

တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ သုံးဖူးတတ်ကြပါတယ်။

တစ်နေ့မှာတော့ ဆေးခန်းကို ဆေးလာကုတဲ့ မိတ်ဆွေ ကချင်ကြီးက

"ဒီရောက်လာတဲ့ဗမာတွေက ဘိန်းတစ်ခါ နှစ်ခါလောက်

ရှုလိုက်တာနဲ့ စွဲမှာ ကြောက်တယ်၊ ကြောက်တယ်နဲ့

ပြောကြတယ်။ အံသြတယ်။

ငါကတော့ ဘိန်းရှုလာတာ နှစ်လေးဆယ်တောင်ရှိပြီ။

တစ်ခါမှ မစွဲပါဘူး"လို့ပြောပါတယ်။

ဒီတော့ ကျနော်က မိတ်ဆွေ ကချင်ကြီးကို မေးလိုက်ပါတယ်။

"ကချင်ကြီး...ဘိန်းဖြတ်ဖူးလို့လား"

မိတ်ဆွေ ကချင်ကြီး ပြန်ပြောလိုက်တာက

"ဟင်အင်း…တစ်ခါမှ မဖြတ်ဖူးဖူး"


Thursday, March 29, 2012

"ငွေဆိုတာ ကျန်းမာရေးနဲ့တူနေပါလား...(၁၅)..."


ကိုယ်ကိုယ်တိုင် ဖတ်ဖို့(၁၅)


ဘယ်လိုလုပ်ရင် စိတ်ချမ်းသာမလဲ…မှအဆက်…

နောက်တစ်ယောက်ကတော့ သူနဲ့ဆန့်ကျင်ဖက် ပြောတယ်။

ကိုယ့်ဟာ ကိုယ် တစ်ယောက်ထဲ အေးအေးဆေးဆေးနေရရင် ပျော်မယ် တဲ့။

တရားအားထုတ်တာကို အလေ့အကျင့်ကောင်းကောင်း ရထားတဲ့ဟာ

တရားအားထုတ်နေတဲ့ အချိန်မှာ စိတ်အချမ်းသာဆုံးပဲ။

အဲဒါကြောင့် သူ့အတွက် တစ်ကိုယ်ထဲ တရားအားထုတ်တဲ့အချိန်ဟာ မရရင် မဖြစ်ဘူး။

တရားနဲ့ စိတ်ချမ်းသာအောင်နေတာဟာ အကောင်းဆုံး စိတ်ချမ်းသာနည်း

အဆင့်အမြင့်ဆုံး စိတ်ချမ်းသာနည်းပဲ။

ဒီနည်းကို မလုပ်နိုင်သေးတဲ့သူတွေ တခြားနည်းတွေကို လုပ်ပါ။

တရားနဲ့စိတ်ချမ်းသာအောင် နေတတ်ရင်တော့ ဒီစိတ်ချမ်းသာမှုကို

တခြား စိတ်ချမ်းသာမှုနဲ့ အစားထိုးလို့ မရဘူး ဆိုတာ သိမယ်။

+++++++++++++++++++++++++++

တစ်ကိုယ်ထဲလည်း ပျော်တတ်မှ ဖြစ်မယ်။

ဒါပေမယ့် အမြဲတမ်း တစ်ကိုယ်ထဲ နေလို့ မဖြစ်ဘူး။

ဒါကြောင့် တခြားအချိန်တွေ တခြားအခြေအနေတွေမှာလည်း

စိတ်ချမ်းသာအောင် ဘယ်လိုနေရမယ်ဆိုတာ လေ့လာပါ။

+++++++++++++++++++++++++++

ရောင့်ရဲတဲ့သူဟာ စိတ်ချမ်းသာတယ်လို့ သုတေသန ပညာရှင်တွေ တွေ့ရှိကြတယ်။

ဒါကို ရှေးပညာရှင်တွေလည်း ပြောခဲ့ကြပါတယ်။

"ရောင့်ရဲခြင်းဟာ အဆင့်အမြင့်ဆုံး ဥစ္စာဒါနဖြစ်တယ် (သန္တုဋ္ဌီ ပရမံ ဓနံ)"

လို့ ဘုရားရှင်ကဟောထားပါတယ်။

မရောင့်ရဲနိုင်တဲ့သူဟာ ဘယ်လောက်ရှိရှိ လိုသေးတယ်လို့ ထင်တတ်သေးတယ်။

ဒါကြောင့် မပြည့်စုံသေးဘူး။ မပြည့်စုံတာဟာ ချို့တဲ့နေတဲ့သဘော။

ချို့တဲ့နေတယ်ဆိုတာ ဆင်းရဲတဲ့သဘော ဖြစ်တယ်။

စဉ်းစားစရာကောင်းတာက ရောင့်ရဲရင် မတိုးတက်ဘူးလို့ပြောကြတာ ရှိပါတယ်။

အဲဒါ မှန်ပါသလား။

ရောင့်ရဲတဲ့သူဟာ တိုးတက်နိုင်သလား။

ရောင့်ရဲတဲ့သူဟာ စိတ်ချမ်းသာတယ်။ စိတ်ချမ်းချမ်းသာသာနဲ့နေပြီး

နောက်ထပ် ကိုယ်လိုချင်သေးတာကို လုပ်လို့ မဖြစ်နိုင်ဘူးလား။

ဘယ်လောက်ရှိရှိ မရောင့်ရဲနိုင်ရင် ဘယ်တော့မှ စိတ်မချမ်းသာနိုင်ဘူး။

အဲဒါကောင်းသလား။

+++++++++++++++++++++++++++

ရောင့်ရဲတဲ့သူဟာ နောက်ထပ်ရအောင် မလုပ်တော့ဘူး လို့ဆိုလိုတာလား။

ဒီမေးခွန်းကို မေးသင့်ပါတယ်။

နောက်ထပ် ရအောင်လုပ်သေးတယ်ဆိုရင် နောက်ထပ်လိုချင်သေးလို့ပေါ့။

လိုချင်သေးရင် ရောင့်ရဲတယ်လို့ ဆိုနိုင်သလား။

သန္တုဋ္ဌီ ဆိုတဲ့ ပါဋ္ဌိ စကားလုံးကို အဓိပ္ပာယ် သေသေချာချာ ဖော်ရင်

“ ကိုယ့်မှာရှိတာနဲ့ ဝမ်းသာတယ်။ စိတ်ချမ်းသာတယ်” လို့ အဓိပ္ပာယ် ပေါ်ပါတယ်။

နောက်ထပ် မလိုချင်တော့ဘူး။ နောက်ထပ်ရအောင် မလုပ်တော့ဘူး လို့ မဆိုလိုပါဘူး။

ရှိတာနဲ့ဝမ်းသာတယ်။ စိတ်ချမ်းသာတယ်။ နောက်ထပ်ရအောင်လုပ်သေးတယ်။

ဒါပေမယ့် စိတ်ချမ်းချမ်းသာသာနဲ့ပဲ လုပ်တယ်။

ဘုန်းကြီးကတော့ အဲဒီလို သဘောပေါက်တယ်။

အင်္ဂလိပ်လိုဘာသာပြန်ရရင် "သန္တုလဋ္ဌီ" ဆိုတာ

“Being happy with what you have” လို့ ဘာသာပြန်ရမယ်။

အဲဒါ ရှင်းတယ်။ ရှိတာနဲ့ ဝမ်းသာတယ် ဆိုတာ နောက်ထပ်ရအောင်

မလုပ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။

လုပ်သေးတယ်။ ဒါပေမယ့် စိတ်ချမ်းချမ်းသာသာ နဲ့ပဲ လုပ်နိုင်တယ်။

နောက်ထပ်မရလည်း စိတ်ချမ်းသာတာ ပျက်မသွားဘူး။

အဲဒါ အရေးအကြီးဆုံး အချက်ပဲ။

+++++++++++++++++++++++++++

ရက်ရောတဲ့သူဟာ စိတ်ချမ်းသာတယ် လို့ဆိုတယ်။

+++++++++++++++++++++++++++

ဘယ်ဘက်ခြေထောက် တစ်ဖက်ပဲရှိတဲ့ လူတစ်ယောက်ဟာ

“ ကျနော်က ကခုန်ရတာရဲ့ပျော်ရွှင်မှုကို မသိပေမယ့် ဘယ်ဘက်ခြေထောက်နဲ့

ပန်းချီဆွဲရတဲ့အရသာကိုတော့ သိပါတယ်။”တဲ့။

သူက ဘယ်ဘက်ခြေထောက် တစ်ဖက်ပဲ ရှိတယ်။

အဲဒီခြေထောက်နဲ့ ပန်းချီဆွဲတယ်- ကဲ ။

+++++++++++++++++++++++++++

ဝင်ငွေ ဆယ်ဆတိုးရင် ဆယ်ဆပျော်မယ်လို့ ပြောနိုင်သလား။

မပြောနိုင်ဘူး။ အဲဒါ မဖြစ်နိုင်ပါဘူး။

အရေးကြီးတာက ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်

စိတ်ချမ်းသာအောင် ကိုယ့်စိတ်ကို ကိုယ် လေ့ကျင့်ပေးထားရမယ်။

+++++++++++++++++++++++++++

Wealth is like health;

Its utter absence breeds misery, yet having it is no

Guarantee of happiness.

ငွေဆိုတာ ကျန်းမာရေးလိုပါပဲ။

ကျန်းမာနေတုန်း ကျန်းမာလို့ ပျော်လိုက်တာလို့ တွေးမိတဲ့သူ သိပ်နည်းတယ်။

မကျန်းမာတဲ့အခါ မကျန်းမာလို့ စိတ်ဆင်းရဲလိုက်တာလို့ ပြောကြတာပဲ ကြားရတယ်။

ငွေလည်း ဒီလိုပဲ။

ငွေမရှိလို့ စိတ်ဆင်းရဲလိုက်တာလို့ ပြောကြတာ ကြားရတယ်။

ရှိတော့လည်း သိပ် သတိမရတော့ဘူး။

သုံးလိုက်ရတုန်း ခဏတော့ ပျော်မယ်ထင်တယ်။

စိတ်ချမ်းသာမှုကို ငွေနဲ့ဝယ်လို့ ရမလား။

ငွေရှိရင် ဒုက္ခတော်တော်နည်းသွားတာ အမှန်ပဲ။

ငွေမရှိလို့ စား၊ဝတ်၊နေရေး အဆင်မပြေလို့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရတာ များပါတယ်။

ဒါပေမယ့် ပိုက်ဆံ အချမ်းသာဆုံးလူက စိတ်အချမ်းသာဆုံးလူလို့ ပြောလို့တော့ မရဘူး။

ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးရှိပါတယ်။

+++++++++++++++++++++++++++

“No happiness lasts for long.”

လောကီ စိတ်ချမ်းသာမှု ဆိုရင် ဘယ်လို စိတ်ချမ်းသာမှုမှ မမြဲပါဘူး။

+++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com