Friday, March 16, 2012

"တန်ဖိုးရှိတဲ့နေ့တစ်နေ့…"



တစ်ခါတုန်းကပေါ့။

ကျနော်က ဖါးကန့်မှာ တာဝန်ထမ်းဆောင်တုန်းက

တာဝန်တစ်ခုနဲ့ရန်ကုန် ကိုဆင်းလာခဲ့တယ်။

ရန်ကုန်ကိုရောက်တော့ လုပ်စရာရှိတာကိုလုပ်ပြီး အချိန်ပိုနေတာနဲ့

သင်တန်းတစ်ခုကို သွားရောက်တက်ဖြစ်ခဲ့ပါတယ်။

သင်တန်းဆိုတာထက် ဝပ်ရှော့ (Workshop) တစ်ခုလို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

သင်တန်းခန်းထဲရောက်တော့ စားပွဲပေါ်မှာ

ကျောက်ခဲတွေ၊ကျောက်စရစ်ခဲတွေ၊ သဲတွေကို

ပုံးတွေနဲ့ထည့်ထားတာကို တွေ့ရတယ်။

ဆရာဦးဝင်းသိန်းက သင်တန်းကိုလာကြတဲ့လူတွေကို

လေးလေးစားစားဖိတ်ခေါ်ပါတယ်။

ပုံးတစ်ခုထဲကို ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ၊ သဲတွေကို

ဆန့်အောင်ထည့်ပေးဖို့ပြောပါတယ်။

သင်တန်းလာရောက်တက်သူတွေကလည်း တစ်ယောက်ပြီးတစ်ယောက်

သွားပြီးထည့်ကြပါတယ်။

ပုံးနဲ့မဆန့်ပါဘူး။

ကျနော်လည်း သွားရောက်ထည့်ကြည့်ပါတယ်။

အရင်ဆုံး ပုံးထဲကို သဲတွေ လောင်းထည့်လိုက်ပါတယ်။

ပြီးတော့ ကျောက်စရစ်ခဲတွေထည့်လိုက်ပါတယ်။

နောက်ဆုံးမှ ကျောက်ခဲအကြီးတွေကိုထည့်တော့

ကျောက်ခဲအကြီးတွေအများကြီး စားပွဲပေါ်မှာ ကျန်နေခဲ့ပါတယ်။

ဆရာပြောတာက အဲဒီပုံးထဲကို အားလုံးဝင်ဆန့်အောင် ထည့်ကြည့်ဖို့ပြောထားတော့

ကျနော်ရဲ့လုပ်ရပ်ကလည်း မမှန်သေးတဲ့သဘော ဖြစ်နေပါတယ်။

သင်တန်းတက်ရောက်လာသူတွေ အားလုံးနီးပါး လုပ်ကြည့်ပြီးတော့မှ

ဆရာဦးဝင်းသိန်းက

“စံနစ်တကျ ထည့်ရင်ဝင်ပါတယ်” လို့ပြောပြီး ပုံးထဲကို ထည့်ပြပါတယ်။

ဆရာက အရင်ဆုံး ကျောက်ခဲအကြီးတွေကို ပုံးထဲကို စံနစ်တကျထည့်လိုက်ပါတယ်။

နောက်တော့ ကျောက်စရစ်ခဲတွေကို ကျောက်ခဲအကြီးတွေ ကြားထဲကို ထည့်လိုက်ပါတယ်။

ကျောက်စရစ်ခဲတွေ အားလုံးဝင်သွားတော့မှ

သဲတွေကို တဖြည်းဖြည်းချင်းလောင်းထည့်ပါတယ်။

သဲတွေကို လောင်းထည့်လိုက်၊ ပုံးကိုလှုပ်ခါလိုက်နဲ့လုပ်ရင်းနဲ့ပင်

နောက်ဆုံးမှာ ဝင်မဆန့်ဘူးလို့ထင်တဲ့ ကျောက်ခဲကြီးတွေ၊ ကျောက်စရစ်ခဲတွေ၊

သဲတွေဟာ အဲဒီပုံးသေးသေးထဲကို အားလုံးဝင်သွားပါတယ်။

ဒီတော့မှ ဆရာကပြောပါတယ်။

“ကျနော်ပြောချင်တာက

ဒီပုံးလေးဟာ ကျနော်တို့လူတိုင်းပိုင်ဆိုင်တဲ့ တစ်နေ့တာ ၂၄-နာရီနဲ့တူပါတယ်။

ကျောက်ခဲအကြီးတွေက ကျနော်တို့အတွက် အလွန်အရေးကြီးတဲ့ အလုပ်တွေနဲ့တူပါတယ်။

ကျောက်စရစ်ခဲလေးတွေက ကျနော်တို့အတွက်

အသင့်တင့်အရေးကြီးတဲ့ အလုပ်တွေနဲ့တူပါတယ်။

သဲတွေကတော့ အရေးမကြီးတဲ့အလုပ်တွေနဲ့တူပါတယ်။

မရေးမကြီးပေမယ့် မလုပ်မဖြစ်လုပ်နေရတဲ့အလုပ်တွေနဲ့တူပါတယ်။

အဲဒီအလုပ်တွေကတော့ ကျနော်တို့ စိတ်အလိုလိုက်ပြီး လုပ်ချင်တဲ့အလုပ်တွေပါပဲ။

တစ်နေ့တာအတွက် အလုပ်ပြီးမြောက်ချင်တယ်ဆိုရင် ကျနော်တို့ဟာ

အရေးအကြီးဆုံးအလုပ်ကိုအရင်ဆုံးလုပ်ဖို့လိုအပ်ပါတယ်။

ပြီးမှ အသင့်အတင့်အရေးကြီးတဲ့အလုပ်ကို လုပ်ရပါမယ်။

နောက်ဆုံးမှ ကျနော်တို့ လုပ်ချင်တဲ့အလုပ်တွေကိုလုပ်ရင်

တစ်နေ့တာဟာ တန်ဖိုးရှိရှိ ပြီးဆုံးသွားနိုင်ပါတယ်။

ဒါကြောင့်

“အရေးကြီးတဲ့အလုပ်ကို အရင်လုပ်ပါ”

လို့ပြောချင်ပါတယ်။


Thursday, March 15, 2012

" အမေ့ထံသို့ပေးစာများ-၃၄..."



သို့
ချစ်တဲ့အမေ
သားစာရေးလိုက်ပြန်ပါပြီ။
နယ်သစ်ကိုရောက်တော့ စိတ်သစ်ဖြစ်သွားရပါတယ်။
နယ်ဟောင်းက စိတ်ညစ်ခဲ့ရတဲ့အကြောင်းကို မေ့သွားတယ်လို့ပြောရမယ်ထင်ပါတယ်။
ရောက်ပြီးနောက်တစ်နေ့မှာပဲ အလုပ်ဆင်းရပါတယ်။
ဟုတ်ကဲ့….ကျနော်တို့လင်မယားနှစ်ယောက်စလုံး အလုပ်ဆင်းရတယ်။
ဒီမှာက လင်မယားနှစ်ယောက်စလုံးအလုပ်တစ်ခုထဲမှာ ရဖို့ဆိုတာ
မလွယ်လှပါဘူး။
ဘာကြောင့်မှန်းမသိပါဘူး။
လင်မယားနှစ်ယောက်စလုံးကို အလုပ်တစ်ခုထဲမှာ အလုပ်ခန့်လေ့မရှိကြပါဘူး။
သူငယ်ချင်းကတော့ပြောတယ်။
လင်မယားနှစ်ယောက်စလုံးအလုပ်တစ်ခုမှာ အလုပ်လုပ်ချင်ရင်တော့
ကိုယ်ပိုင်အလုပ်ကို လုပ်မှရမယ်လို့ပြောပါတယ်။
ကယ်လီဖိုးနီးယားမှာတော့ အလုပ်တစ်ခုစီမှာ လုပ်ခဲ့ရတာပါ။
ကျနော့်ရဲ့အမျိုးသမီးကတော့ ရောက်ကထဲက အလုပ်ရပါတယ်။
အကြောင်းကြောင်းကြောင့် ဒီနယ်ကိုပြောင်းလာတဲ့အထိ
အဲဒီအလုပ်တစ်ခုတည်းမှာပဲ လုပ်ဖြစ်ခဲ့ပါတယ်။
သူမက အလုပ်ကြိုးစားသူ၊ရိုးသားသူဖြစ်တော့
အလုပ်ရှင်က နှစ်သက်ခြင်းကိုခံရပါတယ်။
အဲဒီလို နှစ်သက်ခြင်းခံရလို့ နယ်ပြောင်းဖို့ဖြစ်လာတော့ မပြောင်းနိုင်အောင်
နည်းမျိုးစုံ တားဆီး၊ နှောက်ယှက်ခြင်းကို ခံရပါတယ်။
အဲဒီအတွက် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ရိုးသားသူဖြစ်တော့ အလုပ်ရှင်က ပေးသလောက်ကိုနည်းမှန်းသိခဲ့ပေမယ့်
ကျေကျေနပ်နပ်အလုပ်လုပ်ပေးနေလေတော့ အလုပ်ရှင်က ကြိုက်တာပေါ့လေ။
အလုပ်ရှင်အတွက် အကျိုးအမြတ်အများကြီးရှိနေတာကိုး။
နှစ်ဦးနှစ်ဖက်အကျိုးအမြတ် ရှိနေတယ်ဆိုရင်တော့ ဒါမှန်တာပေါ့။
ဒါပေမယ့် အလုပ်ရှင်သာ အကျိုးရှိပြီး
ကိုယ့်အတွက် အကျိုးမရှိတဲ့အလုပ်မျိုးကတော့ ရေရှည်လုပ်နိုင်ဖို့ ခက်လှပါတယ်။
ဒီအကြောင်းကို မိတ်ဆွေတွေကိုပြောပြတော့
"ဒီအလုပ်ရှင်ရဲ့စိတ်ဓာတ်က အလုပ်သမားကောင်းနဲ့မတန်ဘူး"လို့ပြောကြပါတယ်။
"တော်တော်စိတ်ဓာတ် ဆိုးတဲ့အလုပ်ရှင်"လို့လည်း ပြောကြသလို
"သူနဲ့တန်တာကို သူရမှာပဲလေ"လို့လည်း သြဘာပေးကြတယ်။
အလုပ်ရှင်က မြန်မာအမျိုးသမီးတစ်ယောက်ပါ။
ဒီရောက်နေတာတော့ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ။
အိမ်ဝယ်ထားတော့ သိပ်မကြာသေးဘူး။
ကျနော့်ရဲ့အမျိုးသမီးအလုပ်ရပြီးမှပါ။
အိမ်ဝယ်ထားတယ်ဆိုတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ်သုံးဆယ်ကျခံထားရသူလို့ပြောရမှာပဲ။
ထောင်ဒဏ်ဆိုလို့ ထောင်ထဲမှာနေရတာတော့ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံထဲမှာတော့ အကျယ်ချုပ်နေခွင့်တော့ ရနေတာပေါ့လေ။
ဒီအမေရိကန်မှာ အိမ်ဝယ်ကြသူတွေဟာ ဘဏ်ချေးငွေနဲ့ဝယ်သူတွေ ချည်းပါပဲ။
ဘဏ်ကလည်း နှစ်သုံးဆယ် ချေးငွေနဲ့ဘဏ်တိုးယူပြီးချေးတာပါ။
တကယ်လို့ ဘဏ်တိုးရင်းပေါင်းကို သုံးလေးလလောက်များမပေးနိုင်တော့ဘူးဆိုရင်
ဘဏ်ကဥပဒေအရ အိမ်ကိုပြန်သိမ်းနိုင်ပါတယ်။
ဒီလိုမျိုးအဖြစ်မခံနိုင်ဘူးဆိုရင်တော့ ရုန်းပေတော့။
ငွေကို ရတဲ့နည်းနဲ့ရှာပေတော့။
မရှာနိုင်လို့တော့ သေပြီသာမှတ်။
အဲဒီလိုမျိုးအလုပ်ရှင်ပါ။
သူတို့ဘဝက အားကျစရာတော့ သိပ်မရှိလှပါဘူး။
ကျနော်ကတော့ အလုပ်သုံးလေးမျိုးလောက်ကို ပြောင်းနေရသူပါ။
"မဟုတ်တာလည်း မလုပ်ဘူး။ မဟုတ်ရင်လည်း မခံဘူး"ဆိုတော့
ဘယ်သူနဲ့မှလည်း မတည့်ဘူး။
ပြောရရင်တော့ ခေါင်းမှာလည်း ဘုတွေတက်လို့။
တစ်ခါ တစ်ဘုတက်ရင်တောင် ဒူးရင်းသီးဖြစ်လောက်ပြီ။
မှန်ကန်တဲ့သဘောအတိုင်းပါပဲ။
မှန်တာပြောတော့၊လုပ်တော့ အကန်ခံရတာပေါ့။
အဲဒါက မြန်မာနိုင်ငံမှာသာ မှန်ကန်တာမဟုတ်ပါဘူး။
အမေရိကန်မှာလည်း မှန်ကန်နေပါတယ်။
ကျနော့်ရဲ့ဆရာကမေးဖူးတယ်။
“မောင်အေးက တစ်ရွာလုံးနဲ့မတည့်ဘူး။
အဲဒါ မောင်အေးက ဆိုးတာလား၊
တစ်ရွာလုံးက ဆိုးတာလား” တဲ့။
သူများတွေက အမျိုးမျိုးဖြေတာပေါ့လေ။
ကျနော်ကတော့
“မောင်အေးတစ်ယောက်ကို တစ်ရွာလုံးက တည့်အောင်မပေါင်းနိုင်ဘူးဆိုကတည်းက
တစ်ရွာလုံးက ဆိုးတာ” လို့ပြန်ဖြေခဲ့ဖူးတယ်။
အခုတော့ ကျနော်က မောင်အေးဖြစ်နေပြီအမေရေ့။
အမေရိကန်ရောက်စိတ်ဓာတ်ဆိုးတဲ့မြန်မာတွေအားလုံးနဲ့ကို
ရန်ဖြစ်နေတော့တာပဲ။
မြန်မာနိုင်ငံမှာ သည်းခံခဲ့ရပေါင်းများတော့ ဒီရောက်တော့ ဒီလိုမျိုးအဖြစ်မျိုးတွေ
မရှိတော့ဘူးလို့ထင်ခဲ့မိတယ်။
မြန်မာနိုင်ငံနဲ့စံနစ်မတူတော့တဲ့အမေရိကန်လိုမျိုးနိုင်ငံမှာတော့
တရားမမျှတမှုတွေ မရှိတန်ကောင်းဘူးလို့ထင်ထားခဲ့တယ်။
တက်တက်စင်အောင် လွဲသွားခဲ့တယ်။
စိတ်ဓာတ်ကို မပြင်ဘူးဆိုရင် ဘယ်နေရာရောက်ရောက်၊
ဘာတွေပဲလုပ်လုပ် လောဘသမားဟာ လောဘအခြေခံနဲ့အလုပ်လုပ်တာပါပဲ။
ဒီတော့ တူညီတဲ့အမှားမျိုးတွေ မှားမြဲမှားပြန်တာပဲ။
လူဟာ လူပဲ။ မြန်မာဟာ မြန်မာပဲ။
အမေရိကန်ရောက်လို့ မြန်မာဟာ အမေရိကန်ဖြစ်သွားတာမှ မဟုတ်တာ။
ဒေါင်းယောင်ဆောင်လိုက်တဲ့အတွက် ကျီးကန်းဟာ ဒေါင်းဖြစ်သွားတာမှ
မဟုတ်တာပဲလေ။
အင်ဒီယားနားရောက်တော့ ကယ်လီဖိုးနီးယားထက် အအေးပိုလာတယ်။
လေအေးတွေ တိုက်တာကြောင့် သိသိသာသာ ချမ်းအေးတယ်။
တစ်နေ့ အိမ်ပြင်ထွက်တော့ ဖြူဖွေးနေတဲ့ဆီးနှင်းခဲတွေ လမ်းမတွေမှာ ပြည့်လို့ပါလား။
သစ်ပင်တွေလည်း ဖြူဖွေးနေတယ်။
ကားတွေလည်း ဖြူဖွေးနေတယ်။
တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးတွေ့ကြုံရတဲ့အတွေ့အကြုံတစ်ခုမို့
ပျော်သလိုတောင်ဖြစ်လာတယ်။
ငယ်ငယ်တုန်းက စားခဲ့ရတဲ့ရေခဲခြစ်နဲ့တူတယ်။
လက်နဲ့ဆုပ်လိုက်တော့ စနှိုးဘောလုံး(Snowball) ဖြစ်သွားတယ်။
အမျိုးသမီးကို ပစ်ပေါက်ကြည့်လိုက်တယ်။
သူကလည်း ပြန်ပေါက်တယ်။
ပျော်စရာကောင်းတဲ့နံနက်ခင်းလေးဖြစ်သွားတယ်။
အမေရေ…ကျနော်တို့လင်မယားနှစ်ယောက်စလုံးအလုပ်ရတော့
ဒီမှာ ငွေတွေစုဆောင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။
အမေဆီကိုလည်း ငွေတွေပို့ပေးလိုက်ပါ့မယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါ။
အမေကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
ကလပ်ဗေးလ်မြို့(Clarksville)
အင်ဒီယားနားပြည်နယ် (Indiana)
အမေရိကန်ပြည်ထောင်စု (USA)
၃-၁၅-၂၀၁၂

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com