Monday, August 29, 2011

" အလွန်ခေတ်စားတဲ့ စတိုင်လ်တစ်မျိုး..."


တာချီလိတ်မြို့မှာနေတုန်းက

ဆေးခန်းရဲ့ဘေးနားအခန်းက နှစ်ကောင်ခွေးမွေးထားတယ်။

တစ်ကောင်က တုတ်ကြီး၊

နောက်တစ်ကောင်က ဗိုလ်နီ၊

ဘာကြောင့်ဒီနာမည်ကိုပေးထားတဲ့အကြောင်းကိုတော့ မမေးမိပါ။

အကြီးကောင်က တုတ်ကြီးဖြစ်ပြီး၊

အနီရောင်ရှိတဲ့အကောင်ကို ဗိုလ်နီလို့ပေးထားမယ်လို့ယူဆရတယ်။

ကံဆိုးချင်တော့ သူတို့ကို မွေးထားတဲ့ပိုင်ရှင် အမျိုးသမီးဟာ

ဒီအိမ်ရောက်ပြီးမကြာခင်မှာပင် လေဖြတ်ပါတော့တယ်။

သွေးတိုးရောဂါရှိနေတယ်။

ဝက်သားဟင်းကို မစားရမနေနိုင်လို့လေဖြတ်တာလို့ပြောတယ်။

ဝက်သားကြောင့် တိုက်ရိုက်လေဖြတ်တာလို့တော့ မထင်ပါဘူး။

အစားအသောက်မဆင်ချဉ်လို့လေဖြတ်တာလို့ထင်မိပါတယ်။

သူမလေဖြတ်တော့ ဟိုနှစ်ကောင်ကို ထမင်းကျွေးမယ့်သူမရှိတော့ပါ။

အိမ်က မိန်းမကလည်း သဒ္ဓါကောင်းတော့

သူတို့ကို ထမင်းကျွေးသူပေါ်လာပါတော့တယ်။

စောစောပိုင်းကတော့ နေ့လည်စာစားတိုင်း ထမင်းတစ်ဝက်ကိုစားပြီး၊

ကျန်တစ်ဝက်ကို သူတို့အတွက်အမြဲချန်ထားဖြစ်တယ်။

နှစ်ယောက်က တစ်ဝက်စီသာစားတော့ နှစ်ကောင်အတွက် လုံလောက်နေပါတော့တယ်။

ကျနော်တို့က တစ်နေ့ကို ပုံမှန်တစ်နပ်သာစားဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အစားအသောက်ကိုဆင်ချဉ်တဲ့သဘောဖြစ်ပါတယ်။

ဆရာတစ်ဦးကပြောပါတယ်။

ရောဂါတွေအားလုံးရဲ့ ၉၀%ဟာ အစားအသောက်ကြောင့်ဖြစ်လာတာလို့ပြောဖူးတယ်။

နောက်ပိုင်း လူကတစ်နေ့တစ်ကြိမ်စားလို့လုံလောက်နိုင်ပေမယ့်

ခွေးအတွက်တော့ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ထင်တာကြောင့်

သူတို့အတွက်ညစာစားနိုင်အောင် စီစဉ်ပေးရပါတော့တယ်။

နောက်ပိုင်းမှာ ဒီခွေးနှစ်ကောင်အပြင် ကျန်တဲ့ခွေးများကိုလည်း ကျွေးဖြစ်ခဲ့ပါတယ်။

ခွေးဆိုတာမျိုးက ဗိုက်ဝအောင်စားနေရပေမယ့်

ကျန်တဲ့ခွေးများကို အစားကျွေးရင် မကြိုက်တတ်ပါ။

ကျန်တဲ့ခွေးတွေကို ဝင်ကိုက်ပါတော့တယ်။

အစားအတွက် တစ်ကောင်နဲ့တစ်ကောင် ကိုက်တတ်တဲ့သတ္တဝါကို

ခွေးလို့ခေါ်ပါတယ်။

ဒီလိုနဲ့ ခွေးတွေကျွေးတဲ့ကုသိုလ်ကိုတန်ဖိုးထားရင်းနဲ့

နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။

သံယောဇဉ်လည်းဖြစ်လာပါတယ်။

အမေရိကားကို လာဖို့အကြောင်းဖြစ်ပေါ်လာတော့

ခွေးတွေကျွေးတဲ့သံယောဇဉ်ကို မဖြတ်ချင်ပဲဖြတ်ခဲ့ရပါတယ်။

သတ္တဝါတစ်ခု ကံတစ်ခုပဲလေဆိုပြီးထားခဲ့ရတယ်။

ကိုယ်မကျွေးလည်း ကိုယ့်လို

ကုသိုလ်စိတ်နဲ့ကျွေးမယ့်သူပေါ်လာလိမ့်မယ်လို့ထင်ပါတယ်။

အမေရိကားရောက်လာတော့

နေ့တိုင်း ထမင်းကို စားတဲ့အခွင့်အရေးရလို့နေပါတယ်။

မြန်မာဘာသာစကားပြောတဲ့အခွင့်အရေးလည်းနေ့တိုင်းရနေပါတယ်။

ခွေးကိုထမင်းကျွေးတဲ့အခွင့်အရေးတော့မရတော့ပါ။

အမေရိကားမှာ ပိုင်ရှင်မဲ့ခွေးမရှိပါ။

ခွေးမွေးချင်ရင် မှတ်ပုံတင်ရတယ်။

ကာကွယ်ဆေးထိုးပေးရတယ်။

ခွေးတစ်ကောင်ရဲ့ကုန်ကျစရိတ်က ကြီးမားလွန်းလှပါတယ်။

ခွေးမမွေးနိုင်ပါ။

ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် အရင်ဆုံးရုန်းကန်ရပေဦးမယ်။

လမ်းပေါ်က ခွေးမရှိတော့ ခွေးကျွေးရတဲ့ကုသိုလ်လည်းမရနိုင်ပါ။

ဒီကခွေးကလည်း ကိုယ်စားတဲ့အကျန်ထမင်း၊ဟင်းကိုလည်း မစားတတ်ကြပါ။

သူတို့အတွက် ခွေးအစားအစာကိုငယ်ငယ်ကထဲက စားလာတဲ့အတွက်

ကျန်တဲ့အစားအစာကို မစားတတ်တော့ပါ။

လူက ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးအစဉ်ပြေအောင်

အစားအစာကိုပြောင်းလဲစားနိုင်ပေမယ့်

အမေရိကန်က ခွေးတွေကတော့ ဖြစ်သလိုမစားနိုင်ကြတော့ပါ။

ကျနော်ငယ်ငယ်က Cowboy (ကောင်းဘွိုင်း)ဇာတ်ကားများနဲ့ရင်းနှီးနေခဲ့ရတဲ့အတွက်

အမေရိကားကိုရောက်ရင်ကောင်းဘွိုင်းတွေအတော်များများနဲ့တွေ့ရမှာပဲလို့

မျှော်လင့်ခဲ့ပေမယ့် အခုထိတော့တစ်ယောက်မှ အပြင်မှာ မတွေ့ဖူးသေးပါ။

ဒါပေမယ့် ဒေါ့ဘွိုင်း (Dogboy)၊ဒေါ့ဂဲလ် (Doggirl) တွေကိုတော့နေ့တိုင်းတွေ့နေရပါတယ်။

အလွန်ခေတ်စားတဲ့ စတိုင်လ်တစ်မျိုးလည်းဖြစ်ဟန်တူပါတယ်။

အချို့က ခွေးတစ်ကောင်၊

အချို့က ခွေးနှစ်ကောင်၊

အချို့က ခွေးသုံးလေးကောင်ကို လည်ပတ်ကိုယ်စီနဲ့

ဆွဲပြီးလမ်းလျှောက်လာသူတွေ အများအပြားကိုတွေ့ရတတ်ခြင်းဖြစ်ပါတယ်။

ခွေးနဲ့အတူ လမ်းလျှောက်ခြင်းဖြစ်ပါတယ်။

ခွေးပန်းခြံဆိုပြီး သီးခြားရှိပါတယ်။

ခွေးပိုင်ရှင်က ကိုယ့်ခွေးကို လည်ပတ်နဲ့ဆွဲပြီး အဲဒီပန်းခြံရောက်တော့မှ

လည်ပတ်ကိုဖြုတ်ပေးခွင့်ရှိပါတယ်။

အဲဒီတော့မှ ခွေးက လွတ်လွတ်လပ်လပ် လျှောက်ပြေးခွင့်ရပါတယ်။

အခြားခွေးတွေနဲ့မိတ်ဆက်ခွင့်ရပါတယ်။

ရောက်စမို့ထင်ပါ့။

ဒီလိုမျိုးခွေးပန်းခြံကိုရောက်တော့ တအံ့တသြဖြစ်ရပါတယ်။

ဆရာဝန်ကတော်တစ်ယောက် အိမ်လာလည်တော့ စကားပြောဖြစ်ပါတယ်။

“ အမေရိကန်ရောက်တာ တစ်ခုတော့ကောင်းတာပေါ့။

အကုသိုလ်တွေနည်းသွားတယ်လေ။”

“ ဘာကြောင့်လဲ”

လို့ကျနော်က စပ်စပ်စုစုမေးဖြစ်ပါတယ်။

“ ဘာကြောင့်ဆိုတော့ ဒီမှာက ခြင်တွေ၊ယင်တွေ၊မရှိဘူးလေ။

ဒီတော့ ခြင်တွေရိုက်စရာမလိုဘူးပေါ့။

ယင်တွေ သတ်စရာမလိုဘူးလေ။

အဲဒါကြောင့် သူ့အသက်သတ်ခြင်းဆိုတဲ့အကုသိုလ်တွေမဖြစ်တော့ဘူးပေါ့”

သူမပြောတော့ ဟုတ်သလိုလိုပါပဲ။

“ဒါပေမယ့်လည်း ကိုယ့်ဝေစုစားစရာထဲက ခွေးကျွေးတဲ့ကုသိုလ်လည်းမရပါဘူးဗျာ…”

လို့ပြောလိုက်ချင်ပေပါတယ်။

စိတ်ထဲကပြောလိုက်ပေမယ့်

အသံတော့မထွက်ဖြစ်လိုက်ပါ။

တော်ကြာ

"ခွေးမွေးပါလား"လို့

ပြောနေမှ အခက်တွေ့နေအုန်းမယ်။



Sunday, August 28, 2011

" အခုအသစ်ကပြန်စကြရအောင်..."


၁။

ဓန ဥပဒေသ ငါးရပ်

၁။ ဝင်ငွေရဲ့ ၁၀%ကို စုပါ။

၂။ ငွေဆိုတာ ခိုင်းရင်ပွား၏။

၃။ အကြံဉာဏ်ကောင်းကိုယူပါ။

၎။ မသိတဲ့အလုပ်ကို မလုပ်ပါနဲ့။

၅။ လောဘမကြီးပါနဲ့။


၂။


မျိုးဆက်တွေ ဘယ်လောက်ပဲပြောင်းပြောင်း

သာတဲ့နေကတော့ အတူတူပါပဲ။

…………………………………………………………

ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသည်

ငါ့အတွက် ကိုယ်ပိုင်ဥစ္စာဖြစ်စေရမယ်။

……………………………………………………………..

ဓနဥစ္စာဆိုတာ သစ်ပင်နဲ့တူတယ်။

မျိုးစေ့သေးသေးလေးကနေ ကြီးထွားလာတာ၊

မျိုးစေ့စောစောချရင် သစ်ပင်စောစော ပေါက်တယ်။

သစ်ပင်ကို ယုံယုံကြည်ကြည်၊

ထက်ထင်သန်သန်နဲ့ မြေသြဇာကျွေးမယ်၊

ရေလောင်းပေးမယ်၊

ဆိုရင် မြန်မြန်ဆန်ဆန်

အရိပ်ခိုရမှာပဲ။

၃။


ကျောက်မျက်ရတနာအကြောင်းသိချင်ရင်

ကျောက်ကုန်သည်ဆီသွားမေးပါ။

…………………………………………………………

Will Power ဆိုတာ အဓိဋ္ဌာန်ခိုင်မာတာကို ပြောတာပါ။

ဘယ်အလုပ်တစ်ခုကိုတော့ဖြင့် ငါလုပ်မယ်လို့ ဆုံးဖြတ်ထားရင်

အဲဒါကိုပြီးမြောက်တဲ့အထိလုပ်တာ Will Power ပါပဲ။

…………………………………………………………………………

ကိုယ်စုဆောင်းခဲ့တဲ့ ရတနာဥစ္စာဟာ

ကိုယ့်အတွက် ကျေးကျွန်ပဲ။

…………………………………………………………..

ကျွမ်းကျင်လိမ်မာတဲ့ ပုဂ္ဂိုလ်များနဲ့ တိုင်ပင်နှီးနှောမှုပြုပါ။

၎။


ပိန်နေတဲ့ ငွေအိတ်ပြည့်တင်းလာစေမည့်နည်းလမ်း ()သွယ်…”


၁။ အိတ်ထဲထည့်လိုက်တဲ့ငွေ ဆယ်ပြားမှာ ကိုးပြားကိုပဲ သုံးတယ်ဆိုတဲ့ လေ့ကျင့်ခန်းပဲ

( ၁၀%ကိုစုဆောင်းပါ )

၂။ ငွေကြေးသုံးစွဲမှုနှင့် စပ်လျဉ်းတဲ့ အရေးကြီးသောနည်းလမ်းတစ်ရပ်မှာ

ငွေကြေးကို စံနစ်တကျစီမံခန့်ခွဲသုံးစွဲခြင်းဖြစ်တယ်

ဘတ်ဂျက်ဆိုတာ မှောင်နေတဲ့ ဂူထဲကို ထိုးပြလိုက်တဲ့ အလင်းရောင်တစ်ခုပါပဲ။

ဘတ်ဂျက်ကို စီစဉ်ရေးဆွဲပါ။


၃။ သင်ဓနဥစ္စာကို ဆတိုးပွားအောင် ဆောင်ရွက်ပါ။

ကိုယ်စုဆောင်းမိတဲ့ ငွေတိုင်းကို ကျွဲ နွားများသဖွယ် ထိန်းကျောင်းခိုင်းစေဖို့

သူတို့ရဲ့အမျိုးအနွယ်တွေ ထပ်ဆင့်ပေါက်ပွားပေးစေဖို့၊

ဒီလိုနည်းအားဖြင့် သင့်ရဲ့ငွေအိတ်ထဲကို ဓနငွေကြေးတွေ

တသွင်သွင်စီးဝင်စေဖို့ စီမံဖန်တီးရေးပဲ။


၎။ သင့်ဓနဥစ္စာများမဆုံးပါးရအောင် ထိန်းသိမ်းကာကွယ်ပါ

ငွေရင်းကို စိတ်ချရတဲ့ဋ္ဌာနမျိုး၊

အလိုရှိတဲ့အခါ ပြန်လည်ရယူနိုင်မယ့်နေရာမျိုး၊

သင့်တင့်တဲ့အကျိုးအမြတ် မုချရရှိနိုင်မယ့်နေရာမျိုးမှာသာ

မြှုပ်နှံဖို့ နှင့်လုပ်ငန်းအတွေ့အကြုံရှိသူများကိုတိုင်ပင်နှီးနှောပြီး

သူတို့ထဲက အကြံကောင်း၊ဉာဏ်ကောင်းများကို ရယူအသုံးချဖို့ပဲ ဖြစ်တယ်။


၅။ ကိုယ်ပိုင်အိမ်တည်ဆောက်ခြင်းကို

အကျိုးအမြတ်ရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ဆောင်ရွက်ပါ

ကိုယ်ပိုင်အိမ်ရှိတဲ့လူတစ်ယောက်ရရှိနိုင်တဲ့ ချမ်းသာသုခတွေ အမြောက်အများပါ။

အဲဒီအထဲမှာ အရေးအကြီးဆုံးအချက်က အိမ်လခမပေးရတဲ့အတွက် ကိုယ့်ဝင်ငွေတွေ

အများကြီးအဖတ်တင်တာပေါ့။

ကိုယ်ပိုင်အိမ်ယာတစ်ခုရအောင်ဆောင်ရွက်ပါ။


၆။ အနာဂတ်အတွက် ဝင်ငွေသေချာအောင် ဆောင်ရွက်ရေး

အို၊နာ၊သေ၊ဘေး အရေးကိစ္စများအတွက် ကြိုကြိုတင်တင်ပြင်ဆင်ထားပါ။


၇။ ဝင်ငွေရှာဖွေနိုင်စွမ်း တိုးတက်အောင်လုပ်ပါ

လုပ်ငန်းကျွမ်းကျင်လာတာနဲ့အမျှ ဝင်ငွေကလည်း လိုက်ပြီးတိုးလာတာ

သဘာဝပါပဲ။

သူများအတွေ့အကြုံတွေက ပညာယူပါ။

ကိုယ့်လုပ်ငန်းမှာ ကျွမ်းကျင်နေ၊ တတ်မြောက်နေအောင် အမြဲအားထုတ်ပါ။

ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ။

*************************************************************************

၅။


စိတ်အားတက်ကြွစေတဲ့ စကားလုံးတွေကို လူတွေကိုသင်ပေးမယ်။

အဲဒီစကားလုံးတွေကို လက်တွေ့အသုံးပြုရင်း

လူတွေဟာ ပိုမိုအစွမ်းထင်မြက်လာမှာဖြစ်တယ်။

( ကွန်ဖြူရှပ် )

၆။


လူတစ်ယောက် ကံကောင်းလာပြီဆိုရင်

ဘယ်မျှအထိကံကောင်းမည်ကို ခန့်မှန်း၍ မရနိုင်။

ကိုင်းသွားပေရော့လို့ ဆိုပြီး မြစ်ထဲပစ်ချသည့်တိုင်အောင်

အသက်မသေဆုံးပါပဲ လက်ထဲ

ပုလဲတစ်လုံးကိုင်ပြီး ပြန်တက်လာနိုင်တယ်။

………………………………………………………….

ပြဿနာတိုင်းကို ရှုထောင်စုံမှ ဝေဖန်သုံးသပ်ပါ။

…………………………………………………………………….

ထကြွနိုးကြားမှု၊

အခွင့်အရေးကို မပြတ်ရှုမြင်ပြီး အလျင်အမြန်ရယူတတ်မှု၊

အားဖြင့်သာ ကံကြမ္မာကောင်းတွေ

အဆက်မပြတ် ကြုံကြိုက်နိုင်တယ်။

အောင်မြင်ကြီးပွားသူတစ်ဦးဖြစ်လာနိုင်တယ်။

၇။


ဉာဏ်ပညာအမြော်အမြင်ဆိုတာ ရွှေနဲ့တိုင်းတာချိန်စက်လို့ မရပါဘူး။

လူတွေရဲ့ အမြော်အမြင်ရှိတဲ့လုပ်ရပ်တွေဟာ တစ်သက်တာပတ်လုံး သူ့နောက်

တစ်ကောက်ကောက်လိုက်လာပြီး ဖေမ ကူညီတယ်။

စိတ်ချမ်းသာမှုပေးတယ်။

…………………………………………………………

အရေးအကြီးဆုံးက အောင်မြင်ကြီးပွားချင်တဲ့ဆန္ဒရှိဖို့ပဲ။

ထက်သန်ပြင်းပြတဲ့အလိုဆန္ဒ ဟာ

သင်တို့ဘဝကို ပြောင်းလဲပစ်မယ့် တန်ခိုးစွမ်းအားတစ်ခုဖြစ်လိမ့်မယ်။


၈။


ဓနဥစ္စာဆိုတာ သူ့ကို ပိုင်ဆိုင်မယ့် လူအတွက်

တာဝန်တွေ ယူလာတတ်တယ်။

…………………………………………..

ဖြစ်မြောက်အောင်မြင်အောင်ဆောင်ရွက်ရန်

အဓိဋ္ဌာန်ပြတ်သားခိုင်မာပြီဆိုက ယင်းအား

အကောင်အထည်ဖော်ရန် နည်းလမ်းမှန်ကို

ရှာတွေ့မြဲဖြစ်သည်။

……………………………………………..

ဘဝမှာရင်ဆိုင်ရတဲ့ ကျရှုံးမှုတွေတော်တော်များများမှာ

လက်မြှောက်အရှုံးပေးလိုက်တဲ့အချိန်မှာ

သူတို့ဟာအောင်မြင်ဖို့သီသီလေးပဲ

လိုတော့တယ်ဆိုတာ ကို သတိမထားမိကြဘူး။

( သောမတ်စ်အက်ဒီဆင် )

…………………………………………………….

တို့အမှားတွေ အကုန်လုံးတော့

မီးထဲပါသွားပြီဟေ့….

တို့အခုအသစ်ပြန်စနိုင်တာပေါ့။

( အက်ဒီဆင် )

++++++++++++++++++++++++++++++

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်

( ဖေမြင့် ) စာအုပ်မှ......

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com