တာချီလိတ်မြို့မှာနေတုန်းက
ဆေးခန်းရဲ့ဘေးနားအခန်းက နှစ်ကောင်ခွေးမွေးထားတယ်။
တစ်ကောင်က တုတ်ကြီး၊
နောက်တစ်ကောင်က ဗိုလ်နီ၊
ဘာကြောင့်ဒီနာမည်ကိုပေးထားတဲ့အကြောင်းကိုတော့ မမေးမိပါ။
အကြီးကောင်က တုတ်ကြီးဖြစ်ပြီး၊
အနီရောင်ရှိတဲ့အကောင်ကို ဗိုလ်နီလို့ပေးထားမယ်လို့ယူဆရတယ်။
ကံဆိုးချင်တော့ သူတို့ကို မွေးထားတဲ့ပိုင်ရှင် အမျိုးသမီးဟာ
ဒီအိမ်ရောက်ပြီးမကြာခင်မှာပင် လေဖြတ်ပါတော့တယ်။
သွေးတိုးရောဂါရှိနေတယ်။
ဝက်သားဟင်းကို မစားရမနေနိုင်လို့လေဖြတ်တာလို့ပြောတယ်။
ဝက်သားကြောင့် တိုက်ရိုက်လေဖြတ်တာလို့တော့ မထင်ပါဘူး။
အစားအသောက်မဆင်ချဉ်လို့လေဖြတ်တာလို့ထင်မိပါတယ်။
သူမလေဖြတ်တော့ ဟိုနှစ်ကောင်ကို ထမင်းကျွေးမယ့်သူမရှိတော့ပါ။
အိမ်က မိန်းမကလည်း သဒ္ဓါကောင်းတော့
သူတို့ကို ထမင်းကျွေးသူပေါ်လာပါတော့တယ်။
စောစောပိုင်းကတော့ နေ့လည်စာစားတိုင်း ထမင်းတစ်ဝက်ကိုစားပြီး၊
ကျန်တစ်ဝက်ကို သူတို့အတွက်အမြဲချန်ထားဖြစ်တယ်။
နှစ်ယောက်က တစ်ဝက်စီသာစားတော့ နှစ်ကောင်အတွက် လုံလောက်နေပါတော့တယ်။
ကျနော်တို့က တစ်နေ့ကို ပုံမှန်တစ်နပ်သာစားဖြစ်ပါတယ်။
ကျန်းမာရေးအတွက် အစားအသောက်ကိုဆင်ချဉ်တဲ့သဘောဖြစ်ပါတယ်။
ဆရာတစ်ဦးကပြောပါတယ်။
ရောဂါတွေအားလုံးရဲ့ ၉၀%ဟာ အစားအသောက်ကြောင့်ဖြစ်လာတာလို့ပြောဖူးတယ်။
နောက်ပိုင်း လူကတစ်နေ့တစ်ကြိမ်စားလို့လုံလောက်နိုင်ပေမယ့်
ခွေးအတွက်တော့ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ထင်တာကြောင့်
သူတို့အတွက်ညစာစားနိုင်အောင် စီစဉ်ပေးရပါတော့တယ်။
နောက်ပိုင်းမှာ ဒီခွေးနှစ်ကောင်အပြင် ကျန်တဲ့ခွေးများကိုလည်း ကျွေးဖြစ်ခဲ့ပါတယ်။
ခွေးဆိုတာမျိုးက ဗိုက်ဝအောင်စားနေရပေမယ့်
ကျန်တဲ့ခွေးများကို အစားကျွေးရင် မကြိုက်တတ်ပါ။
ကျန်တဲ့ခွေးတွေကို ဝင်ကိုက်ပါတော့တယ်။
အစားအတွက် တစ်ကောင်နဲ့တစ်ကောင် ကိုက်တတ်တဲ့သတ္တဝါကို
ခွေးလို့ခေါ်ပါတယ်။
ဒီလိုနဲ့ ခွေးတွေကျွေးတဲ့ကုသိုလ်ကိုတန်ဖိုးထားရင်းနဲ့
နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။
သံယောဇဉ်လည်းဖြစ်လာပါတယ်။
အမေရိကားကို လာဖို့အကြောင်းဖြစ်ပေါ်လာတော့
ခွေးတွေကျွေးတဲ့သံယောဇဉ်ကို မဖြတ်ချင်ပဲဖြတ်ခဲ့ရပါတယ်။
သတ္တဝါတစ်ခု ကံတစ်ခုပဲလေဆိုပြီးထားခဲ့ရတယ်။
ကိုယ်မကျွေးလည်း ကိုယ့်လို
ကုသိုလ်စိတ်နဲ့ကျွေးမယ့်သူပေါ်လာလိမ့်မယ်လို့ထင်ပါတယ်။
အမေရိကားရောက်လာတော့
နေ့တိုင်း ထမင်းကို စားတဲ့အခွင့်အရေးရလို့နေပါတယ်။
မြန်မာဘာသာစကားပြောတဲ့အခွင့်အရေးလည်းနေ့တိုင်းရနေပါတယ်။
ခွေးကိုထမင်းကျွေးတဲ့အခွင့်အရေးတော့မရတော့ပါ။
အမေရိကားမှာ ပိုင်ရှင်မဲ့ခွေးမရှိပါ။
ခွေးမွေးချင်ရင် မှတ်ပုံတင်ရတယ်။
ကာကွယ်ဆေးထိုးပေးရတယ်။
ခွေးတစ်ကောင်ရဲ့ကုန်ကျစရိတ်က ကြီးမားလွန်းလှပါတယ်။
ခွေးမမွေးနိုင်ပါ။
ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်အောင် အရင်ဆုံးရုန်းကန်ရပေဦးမယ်။
လမ်းပေါ်က ခွေးမရှိတော့ ခွေးကျွေးရတဲ့ကုသိုလ်လည်းမရနိုင်ပါ။
ဒီကခွေးကလည်း ကိုယ်စားတဲ့အကျန်ထမင်း၊ဟင်းကိုလည်း မစားတတ်ကြပါ။
သူတို့အတွက် ခွေးအစားအစာကိုငယ်ငယ်ကထဲက စားလာတဲ့အတွက်
ကျန်တဲ့အစားအစာကို မစားတတ်တော့ပါ။
လူက ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးအစဉ်ပြေအောင်
အစားအစာကိုပြောင်းလဲစားနိုင်ပေမယ့်
အမေရိကန်က ခွေးတွေကတော့ ဖြစ်သလိုမစားနိုင်ကြတော့ပါ။
ကျနော်ငယ်ငယ်က Cowboy (ကောင်းဘွိုင်း)ဇာတ်ကားများနဲ့ရင်းနှီးနေခဲ့ရတဲ့အတွက်
အမေရိကားကိုရောက်ရင်ကောင်းဘွိုင်းတွေအတော်များများနဲ့တွေ့ရမှာပဲလို့
မျှော်လင့်ခဲ့ပေမယ့် အခုထိတော့တစ်ယောက်မှ အပြင်မှာ မတွေ့ဖူးသေးပါ။
ဒါပေမယ့် ဒေါ့ဘွိုင်း (Dogboy)၊ဒေါ့ဂဲလ် (Doggirl) တွေကိုတော့နေ့တိုင်းတွေ့နေရပါတယ်။
အလွန်ခေတ်စားတဲ့ စတိုင်လ်တစ်မျိုးလည်းဖြစ်ဟန်တူပါတယ်။
အချို့က ခွေးတစ်ကောင်၊
အချို့က ခွေးနှစ်ကောင်၊
အချို့က ခွေးသုံးလေးကောင်ကို လည်ပတ်ကိုယ်စီနဲ့
ဆွဲပြီးလမ်းလျှောက်လာသူတွေ အများအပြားကိုတွေ့ရတတ်ခြင်းဖြစ်ပါတယ်။
ခွေးနဲ့အတူ လမ်းလျှောက်ခြင်းဖြစ်ပါတယ်။
ခွေးပန်းခြံဆိုပြီး သီးခြားရှိပါတယ်။
ခွေးပိုင်ရှင်က ကိုယ့်ခွေးကို လည်ပတ်နဲ့ဆွဲပြီး အဲဒီပန်းခြံရောက်တော့မှ
လည်ပတ်ကိုဖြုတ်ပေးခွင့်ရှိပါတယ်။
အဲဒီတော့မှ ခွေးက လွတ်လွတ်လပ်လပ် လျှောက်ပြေးခွင့်ရပါတယ်။
အခြားခွေးတွေနဲ့မိတ်ဆက်ခွင့်ရပါတယ်။
ရောက်စမို့ထင်ပါ့။
ဒီလိုမျိုးခွေးပန်းခြံကိုရောက်တော့ တအံ့တသြဖြစ်ရပါတယ်။
ဆရာဝန်ကတော်တစ်ယောက် အိမ်လာလည်တော့ စကားပြောဖြစ်ပါတယ်။
“ အမေရိကန်ရောက်တာ တစ်ခုတော့ကောင်းတာပေါ့။
အကုသိုလ်တွေနည်းသွားတယ်လေ။”
“ ဘာကြောင့်လဲ”
လို့ကျနော်က စပ်စပ်စုစုမေးဖြစ်ပါတယ်။
“ ဘာကြောင့်ဆိုတော့ ဒီမှာက ခြင်တွေ၊ယင်တွေ၊မရှိဘူးလေ။
ဒီတော့ ခြင်တွေရိုက်စရာမလိုဘူးပေါ့။
ယင်တွေ သတ်စရာမလိုဘူးလေ။
အဲဒါကြောင့် သူ့အသက်သတ်ခြင်းဆိုတဲ့အကုသိုလ်တွေမဖြစ်တော့ဘူးပေါ့”
သူမပြောတော့ ဟုတ်သလိုလိုပါပဲ။
“ဒါပေမယ့်လည်း ကိုယ့်ဝေစုစားစရာထဲက ခွေးကျွေးတဲ့ကုသိုလ်လည်းမရပါဘူးဗျာ…”
လို့ပြောလိုက်ချင်ပေပါတယ်။
စိတ်ထဲကပြောလိုက်ပေမယ့်
အသံတော့မထွက်ဖြစ်လိုက်ပါ။
တော်ကြာ
"ခွေးမွေးပါလား"လို့
ပြောနေမှ အခက်တွေ့နေအုန်းမယ်။
No comments:
Post a Comment