Thursday, October 4, 2012

"ခိုင်မြဲတဲ့ အချစ်..."





ချစ်တဲ့စိတ်ဟာ စိတ်ချမ်းသာမှုမှာ အခြေခံတယ်။
စိတ်ဆင်းရဲနေရင် မိဘတောင် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ မပြောနိုင်ဘူး။
အော်မယ်။ ငေါက်မယ်။ ဆူမယ်။ ရိုက်မယ်။
စိတ်ငြိမ်းချမ်းနေ၊ လွတ်လပ်နေ၊ စိတ်ချမ်းသာနေမှ
မေတ္တာဟာ အလိုလိုဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

တစ်ယောက်ယောက်က ကိုယ့်ကို ချစ်တယ်ဆိုရင် အားရှိသလို ခံစားရတယ်။
ဘာကြောင့်လဲ။
အားငယ်နေလို့ပေါ့။
အားငယ်နေတဲ့သူဟာ အဲဒီအားငယ်စိတ် မပျောက်သရွေ့ တစ်ယောက်ယောက်က
သူ့ကို ချစ်တယ်ဆိုတာကိုမရမက လိုချင်နေတယ်။
သိပ်လိုချင်နေရင် မလွတ်လပ်ဘူး။
လွတ်လပ်မှုမရှိတဲ့အချစ်ဟာ တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့ဖို့
ကြိုးစားမယ့်အချစ်ပဲ။
ကြာရင်နှစ်ဦးလုံး မလွတ်လပ်ဘူးလို့ ခံစားရလိမ့်မယ်။
မပျော်တဲ့အချစ် ဖြစ်လာမယ်။
မလွတ်လပ်ဘူးလို့ ခံစားရရင် သူ့ဘဝကို ကိုယ်က လွှမ်းမိုးပြီး
သူ့ကို ကိုယ်လိုသလို ဖြစ်အောင် လုပ်နေတယ်။
ကိုယ့်ကိုလည်း သူက သူလိုသလို ဖြစ်အောင် လုပ်နေတယ်။
ကိုယ့်ကိုယ်ကိုကိုယ် လိုသလို ဖြစ်အောင်လုပ်နိုင်ဖို့ပဲ ကြိုးစားပါ။
သူများကို လွှမ်းမိုးဖို့ မကြိုးစားပါနဲ့။
စိတ်ဆင်းရဲရလိမ့်မယ်။
ကိုယ့်လွတ်လပ်မှုလည်း ဆုံးရှုံးသွားမယ်။

+++++++++++++++++++++++++++++++++++++

အချစ်ခံချင်လွန်းတဲ့သူကို ဘယ်သူမှ တာရှည် မချစ်နိုင်ဘူး။
ကိုယ်စိတ်ချမ်းသာသလို သူများကိုလည်း စိတ်ချမ်းသာစေချင်တဲ့သူကို
လူအများ ချစ်ကြတယ်။

+++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာတဲ့သူနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုရင်
အဲဒီအချစ်ဟာ ခိုင်မြဲတယ်။

+++++++++++++++++++++++++++++++++++++



ကိုယ်က အဆင်ပြေနေရင် သူများအဆင်ပြေဖို့ကို စဉ်းစားပေးနိုင်တယ်။
ကိုယ်က အဆင်မပြေရင် ကိုယ်အဆင်ပြေဖို့ပဲ စဉ်းစားနိုင်မယ်။
ကိုယ်မှ အဆင်မပြေပဲနဲ့ သူများ အဆင်ပြေဖို့ ဘယ်လိုအကူအညီပေးနိုင်မလဲ။
ကိုယ်မှ လဲနေရာကနေ မထနိုင်ရင် နောက်တစ်ယောက် လဲနေတာကို ဘယ်လိုကူပြီး
ထူမလဲ။

+++++++++++++++++++++++++++++++++++++

ကိုယ်က စိတ်ချမ်းသာနေရင် သူများကို စိတ်ချမ်းသာအောင် အကူအညီပေးနိုင်တယ်။
ကိုယ်က သောကတွေများနေရင် နောက်တစ်ယောက်ရဲ့သောကကို နားတောင်မထောင်ချင်ဘူး။
ဒါကြောင့် ကိုယ်က စိတ်ချမ်းသာအောင်နေတာဟာ သူများအကျိုးကို နည်းအမျိုးမျိုးနဲ့
ဆောင်ရွက်နိုင်ဖို့ ပထမ လိုအပ်ချက်ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++



A happy heart is a loving heart!
ရွှင်လန်းတဲ့စိတ်ဟာ ချစ်တတ်တဲ့စိတ် ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

You cannot feel love toward another unless you are happy.
စိတ်မချမ်းသာတဲ့သူဟာ မချစ်နိုင်ဘူးး။
တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ သူများက သူ့ကို ချစ်တာကို
သိပ်လိုချင်တယ်။  ဒါပေမယ့်…
သူကတော့ ဘယ်သူ့ကိုမှ တကယ် မချစ်ဘူး။

+++++++++++++++++++++++++++++++++++++

အကြောင်းပြချက်မလိုပဲ စိတ်ချမ်းသာအောင်နေတတ်တဲ့သူဟာ
အကြောင်းပြချက်မလိုပဲ ချစ်တတ်တယ်။
ချစ်တယ်ဆိုတဲ့သဘာဝဟာ စိတ်ချမ်းသာမှုဆိုတဲ့မြေမှာ ရှင်သန်တယ်။

+++++++++++++++++++++++++++++++++++++



သူ့ဆီက ဘာမှ မျှော်လင့်စရာ မရှိဘူး။
သူက ကိုယ့်ကို ဘာမှ ပြန်မပေးနိုင်ဘူး။
အဲဒီလိုလူကို ကိုယ်က ဘယ်လိုဆက်ဆံသလဲ။
အဲဒါကိုကြည့်ရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် နေနိုင်တယ်။
မနေနိုင်ဘူးဆိုတာ ပေါ်လွင်တယ်။
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့အခါမှာ
သူ့ဆီက ငါ ဘာရမလဲ ဆိုတာကို တွက်တယ်။
သူ့ဆက်ဆံရေးဟာ ရဖို့ကို အဓိကထားတယ်။
ရဖို့အဓိကထားရင် စိတ်ဓာတ် တကယ်မရင့်ကျက်သေးဘူး။
တကယ် မလွတ်လပ်သေးဘူး။

+++++++++++++++++++++++++++++++++++++

ဥာဏ်ပညာ ရှိတဲ့သူဟာ ကြင်နာတတ်တယ်။
စာနာတတ်တယ်။ ခွင့်လွှတ်တတ်တယ်။
ကြင်နာတတ်တဲ့ နှလုံးသားမရှိရင် လူသားလို့ ဘယ်လို ပြောနိုင်မလဲ။
ကြင်နာတတ်တာ ဥာဏ်ပညာရင့်ကျက်တဲ့သဘော
 စိတ်နေသဘောထားကြီးတဲ့သဘော ဖြစ်တယ်။
ကြင်နာတတ်တဲ့ နှလုံးသားဟာ စစ်မှန်တဲ့ ဥာဏ်ပညာနဲ့ ပြည့်စုံတယ်။
 မကြင်နာတတ်တဲ့သူဟာ ဥာဏ်ပညာရှိတယ်လို့ မဆိုနိုင်ဘူး။           
တခြားအကြောင်းတွေကို ဘယ်လောက်ပဲနားလည် နားလည်
လူကို နားမလည်ရင် ပညာတတ်လို့ မဆိုနိုင်ဘူး။
လူလူချင်း သဘောထားမှန်မှန်နဲ့ ဆက်ဆံနိုင်မှ ပညာတတ်လို့ ဆိုနိုင်မယ်။

+++++++++++++++++++++++++++++++++++++

ဆက်ဆံရေးမရှိရင် ဘဝမရှိနိုင်ဘူး။
ဒါကြောင့် ကောင်းတဲ့ဘဝကို လိုချင်ရင် သဘောထားမှန်မှန်နဲ့
ကောင်းတဲ့ဆက်ဆံရေးကို ပြုစုပါ။
ပန်းပင်တွေကို ပြုစုမှ အပွင့်လှသလို ဆက်ဆံရေးကို ပြုစုမှ
စိတ်ချမ်းသာစရာကောင်းတဲ့ လှပတဲ့ ဆက်ဆံရေး ဖြစ်လာနိုင်တယ်။

+++++++++++++++++++++++++++++++++++++



ကူညီတတ်တာ၊ ကြင်နာတတ်တာ၊ ကိုယ်ချင်းစာတတ်တာဟာ
စိတ်ထားမြင့်မြတ်တဲ့ လက္ခဏာ ဖြစ်တယ်။
စိတ်ချမ်းသာအောင် နေတတ်တာ ပညာရှိတဲ့လက္ခဏာ ဖြစ်တယ်။
ကိုယ်ချင်းမစာတတ်သေးရင် စိတ်ထားမြင့်မြတ်မှု မရှိသေးဘူး။
စိတ်ချမ်းသာအောင်မှ မနေတတ်သေးရင် ဘာပညာမှ မရှိသေးဘူး။

+++++++++++++++++++++++++++++++++++++

ခင်မင်မှုကို ပေးလည်းပေးတတ်တယ်။
ယူလည်းယူတတ်တဲ့သူဟာ မိတ်ဆွေကောင်း ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

သင့်မှာရှိတဲ့ ရွှေငွေတွေက သင့်ကို စိတ်ချမ်းသာမှု မပေးနိုင်တော့တဲ့အခါ
သင့်ကျန်းမာရေးကလည်း မကောင်းတော့တဲ့အခါ
မေတ္တာရဲ့တန်ဖိုးကို သင်သိလာမယ်။
မေတ္တာကို တန်ဖိုးထားပါ။
ဘယ်ဟာကမှ သင့်ကို စိတ်ချမ်းသာမှု မပေးနိုင်တော့တဲ့အခါ
မေတ္တာက သင့်ကို စိတ်ချမ်းသာမှု ပေးလိမ့်မယ်။

+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၄…


 

Tuesday, October 2, 2012

“ ဟေ့..ဒီမှာလာကြည့်ကြပါအုန်း...”




ကျနော်တို့ရွာဟာ ထင်းရူးကျေးရွာ ဖြစ်ပါတယ်။
မီးရထားသံလမ်းဘေးတွင် တည်ရှိတဲ့ ရွာကလေးဖြစ်ပါတယ်။
တစ်ချိန်တုန်းက ကားမရောက်ပါ။
မှောင်ခိုခေတ်က သူဋ္ဌေးတစ်ဦးဖြစ်တဲ့ ဦးမတ်ဟာ သူ့ရဲ့ချမ်းသာမှုကိုပြချင်တာနဲ့
စက်လှေနဲ့ ကားတစ်စီးတင်လာပါတယ်။
ကားကို တစ်ရွာလုံး အသေအချာကြည့်ကြပါတယ်။
မမြင်ဖူးတဲ့အတွက်ကြောင့် ထူးဆန်းနေပါတယ်။
လူကြီးရော၊ကလေးပါ ဝိုင်းကြည့်ကြပါတယ်။
လူကြီးတစ်ဦးက
ကြည့်ပြီးသဘောထားမှတ်ချက်ပေးကြပါတယ်။

အင်း အနက်ရောင်ပဲ

အားလုံးက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြပါတယ်။
နောက်တစ်ယောက်က ကားကို လက်နှင့်ကိုင်ကြည့်ပါတယ်။

အင်း သံနဲ့လုပ်ထားတာပဲ

အားလုံးက ခေါင်းညိတ်ကြပြန်တယ်။

နောက်တစ်ယောက်က အိတ်ဇောပိုက်(exhaust pipe)ကို
လက်နှင့် စမ်းကိုင်ပြီး အော်ပြောလိုက်တာက

ဟေ့..ဒီမှာလာကြည့်ကြပါအုန်း၊
ဒီကောင်က အထီးကြီးကွ

Friday, September 28, 2012

"အမေ့ထံသို့ ပေးစာများ-၅၅..."





သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
မစ်ချီဂန်မှာ ရာသီတွေ ပြောင်းစပြုနေပြီထင်တယ်။
နေ့တာ တိုလာတယ်။
ဟိုတုန်းက ည ၉း၃၀ နာရီမှ မိုးချုပ်တယ်။
အခုဆိုရင် ည၇း၃၀နာရီလောက် မိုးချုပ်နေပြီ။
လွန်ခဲ့တဲ့ရက်တွေက မိုးတွေ အဆက်မပြတ်ရွာတယ်။
နောက်ပိုင်းမှာ သိသိသာသာ အအေးပိုလာတယ်။
အပြင်ထွက်ရင် အနွေးထည် ဝတ်မှဖြစ်မယ့်အခြေအနေ။
ညဆိုရင်လည်း စောင်ထူထူ ခြုံမှ လုံခြုံနွေးထွေးတော့တယ်။
မေမြို့ဆောင်းနဲ့တူနေတယ်။
နေပူနေပေမယ့်လည်း အအေးက ကဲတာကြောင့် အပူဓာတ်ကို သိပ်မရတော့ဘူး။
လေအေးတစ်ချက်တိုက်လိုက်ရင် အသည်းထဲက စိမ့်အေးသွားတယ်။
နှင်းဖွေးဖွေးတွေကိုတော့ မမြင်ရသေးပါဘူး။
နွေရက်တွေ ကုန်ဆုံးသွားပြီထင်တယ်။
ဆောင်းရက်တွေက အစပြုနေပြီ။
ဒေသခံတွေကတော့ ဆောင်းရက်တွေရဲ့အအေးပြင်းထန်ပုံကို
တဖွဲ့တနွဲ့ပြောနေလေရဲ့။
ခြိမ်းခြောက်နေတယ်လို့တောင် ထင်မိတယ်။
ဒီမှာနေတဲ့လူတွေလည်း ထူးထူးခြားခြား လူတွေမှ မဟုတ်တာ။
သူတို့ ခံနိုင်ရင် သားမခံနိုင်စရာ မရှိပါဘူး။
အမေ ပြောတဲ့စကားတစ်ခုကို သား သတိရမိတယ်။
“သတ္တိ ဆိုတာ မကြောက်တတ်တာ မဟုတ်ပါဘူး။
ရှေ့တိုးသင့်တယ်ထင်ရင် ကြောက်ရက်နဲ့ရှေ့တိုးတာပါ။
လုပ်သင့်တယ်လို့ ထင်ရင် ကြောက်ကြောက်နဲ့ ရှေ့ကိုတိုးသွားတာပါ။
အဲဒါကို သတ္တိလို့ခေါ်ပါတယ်”
အခုလည်း ဘာဘဲဖြစ်ဖြစ် သားရှေ့တိုးမှာပါ။
မကြုံဖူးတော့ ကြောက်သလိုလိုတော့ ဖြစ်မိပါတယ်။
ဒါပေမယ့် ရှေ့ကို တိုးသွားမှာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



အမေရိကန်ရဲ့နိုင်ငံရေးရာသီဥတုကလည်း ပြင်းထန်တာပါပဲ။
အိုဘားမား သမ္မတဖြစ်တာ လေးနှစ်ပြည့်တော့မယ်လေ။
                           ဒီနှစ်ထဲမှာပဲ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပဖို့ ရှိတယ်။            
လက်ရှိသမ္မတ အိုဘားမားနဲ့ အခြားပါတီဖြစ်တဲ့ ရီဗက်ပလက်ကင်(Repuplican Party)
 သမ္မတကိုယ်စလှယ်လောင်း မစ်တ်ရော်နီ (Mitt Romney)
တို့ယှဉ်ပြိုင် ရွေးကြလိမ့်မယ်။
အိုဘားမားဟာ လွန်ခဲ့တဲ့လေးနှစ်က CHANGE (ပြောင်းလဲခြင်း) ဆိုတဲ့ဆောင်ပုဒ်နဲ့
သမ္မတဖြစ်လာခဲ့တယ်။
အဲဒီအချိန်တုန်းက တကယ့်ကို ပြောင်းလဲမှုကို ပြည်သူတွေတောင်းတနေတဲ့အချိန်။
သမ္မတ သက်တမ်းလေးနှစ်မှာတော့ ထူးထူးခြားခြား ပြောင်းလဲခြင်းတွေကို
မတွေ့ရဘူး။
ပြောတဲ့အတိုင်း မလုပ်နိုင်တဲ့သဘောဖြစ်နေတယ်။
အထူးသဖြင့် စီးပွားရေးမှာ မပြောင်းလဲဘူး။
အလုပ်လက်မဲ့ပြဿနာကို ကောင်းကောင်းမဖြေရှင်းနိုင်ဘူး။
နီးစပ်သူတွေကို မေးကြည့်တဲ့အခါ သမ္မတ အိုဘားမားကို မကြိုက်သူတွေ များတယ်။
ဒါပေမယ့်လည်း ဒီမှာက အမည်းတွေက များတာမို့
အမည်းဖြစ်တဲ့ အိုဘားမား မရနိုင်ဘူးလို့တော့ မပြောနိုင်ဘူး။
သမ္မတ အိုဘားမားရဲ့ဒီတစ်ခါဆောင်ပုဒ်ကတော့
Forward (ရှေ့သို့) ဖြစ်နေတယ်။
ကြောက်ရွံ့ရက်နဲ့ ရှေ့သို့တိုးနေတဲ့သဘောများလား လို့တွေးမိသေးတယ်။
ဒါဆိုရင် အိုဘားမားလည်း သတ္တိရှိသူ လို့ပြောနိုင်တာပေါ့။
ရီဗက်ပလက်ကင်(Repuplican Party)
 သမ္မတကိုယ်စလှယ်လောင်း မစ်တ်ရော်နီ (Mitt Romney)ရဲ့ဆောင်ပုဒ်ကတော့
တည်ဆောက်ကြစို့(Build It!)
လို့ သိရတယ်။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



ဒီမှာအလုပ်လုပ်ဖေါ်ဖြစ်တဲ့ မြန်မာတိုင်းရင်းသားတစ်ယောက်က ပြောဖူးတယ်။
“ဒီအမေရိကန်ရောက်ပြီးနောက် ပျော်စရာကောင်းတဲ့ရက်ဆိုလို့ တစ်ရက်ပဲ ရှိတယ်” တဲ့။
“ဘယ်ရက်လဲ” လို့ မေးလိုက်တော့
“လခထုတ်တဲ့ရက်” တဲ့အမေရယ်။
“ဘာကြောင့်လဲ” လို့ မေးလိုက်မိတာပေါ့။
“အလုပ်က ပင်ပန်းတယ်။
အလုပ်ချိန်က များတယ်။
တစ်နေကုန်အလုပ်လုပ်ရတာ ပျော်စရာ မကောင်းဘူး တဲ့။
ဒီမှာက ငွေက အရေးကြီးတော့ငွေရတော့ ပျော်စရာကောင်းတာပေါ့” လို့
သူကပြောတယ်။
သူက မလေးရှားနိုင်ငံက ရောက်လာတာ။ မလေးရှားမှာတော့ ငါးနှစ်လောက်နေခဲ့တယ်။
ပြီးတော့ ဒုက္ခသည်အဖြစ်နဲ့အမေရိကန်ကိုရောက်လာတာ။
ဒုက္ခသည်ဆိုတာ နာမည်သာ ဆိုးတာ။
အခွင့်အရေးတော့ တော်တော်ရပါတယ်။
သူက အိမ်က မိဘတွေဆီ ငွေပို့ချင်တော့ အပြင်မှာ အလုပ်လုပ်နေတာ။

အခု ကျနော်နဲ့အတူတူ အလုပ်လုပ်နေတဲ့မက်စီကန်တစ်ယောက်ကို
အဲဒီစကားကို အကြောင်းဆုံတော့ ပြန်ပြောပြဖြစ်တယ်။
သူကတော့ တစ်မျိုးပြောတယ်။
“ငါက လခငွေရရင် မပျော်ဘူး” တဲ့။
“ဘာကြောင့်လဲ” လို့ မေးမိတော့
“ငါက ငွေရတာနဲ့ မက်စီကန်မှာ ရှိတဲ့မိသားစုကို ပြန်ပို့ပေးရတယ်။
အဲဒီငွေကို ငါမသုံးရဘူး” တဲ့။
သူ့မှာက မိန်းမနဲ့သားသမီး နှစ်ယောက်ရှိတယ်။
အဲဒီမိသားစုကိုလခထုတ်ပြီးတာနဲ့နောက်ရက်မှာ
သူ့မိသားစုတွေဆီကို ပြန်ပို့လိုက်တယ်။
ငွေပို့တာချင်းတော့ အတူတူပါပဲ။
ဒါပေမယ့် သဘောထားတွေ မတူတော့ ခံစားချက်တွေလည်း
ကွဲပြားသွားတာကို သတိပြုမိလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



တစ်နေ့တာပဲ တွေးတာကောင်းတယ်။
ည ၉-နာရီထိုးလို့ အလုပ်သိမ်းပြီးတဲ့အခါ
“အော်…တစ်နေ့တာတော့ ပြီးသွားပြန်ပြီ” လို့တွေးဖြစ်တယ်။
 တစ်နေ့တာထက် ပိုမတွေးချင်တော့ဘူး။
တွေးမိတိုင်းလည်း မအီမလည်ဖြစ်ရတယ်။
နောက်ကြောင်းပြန်လှည့်ပြေးချင်စိတ် ပေါ်လာတယ်။
နောက်ကြောင်းကို ပြန်လှည့်စောင်းကြည့်တော့ အဝေးကြီးမှာ ကျန်ခဲ့သလိုပဲ။
အဲဒီခံစားချက်ကို မကြိုက်တာကြောင့် တစ်နေ့တာထက် ပိုမတွေးချင်ဘူး။
ပိုမနေချင်ဘူး။
သတိထားရင်းနဲ့ သတိရှိလာတယ်။
တရားသဘောနဲ့ကြည့်ရင်
အမေရိကန်မှာနေတော့မှ ပစ္စုပ္ပန်တည့်တည့် နေဖြစ်တော့တယ်။
ပစ္စုပ္ပန်တည့်တည့် နေဖြစ်တော့ ပိုပြီးငြိမ်းချမ်းလာသလိုပဲ။
ဒီခံစားချက်ကိုတော့ ကြိုက်နှစ်သက်မိတယ်။

အမေရေ …
ကျန်းမာရေးကို ဂရုစိုက်ပါ။
ကျနော့်တို့အတွက်မပူပါနဲ့။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
လင်စင်မြို့၊
မစ်ချီဂန်ပြည်နယ်၊
အမေရိကန်နိုင်ငံ။


 



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com