Friday, September 28, 2012

" လှိုက်လှိုက်လှဲလှဲ ရီလိုက်ပါ..."




ဖီလော်ဆိုဖီ တစ်မျိုး ကြားဖူးတယ်။
As If Philosophy လို့ ခေါ်တယ်။
မြန်မာလိုတော့ ဘိသကဲ့သို့ လို့ခေါ်တာ ကြားဖူးတယ်။
ပျော်နေတဲ့အမူအရာနဲ့ နေပါ။ ပျော်လာမယ်။
ပျော်ဟန်ဆောင်ပါ။ ကြာရင် တကယ် ပျော်လာမယ် လို့ ဆိုလိုတယ်။
ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူး ဆိုတာကို အငြင်းမပွားလိုပါဘူး။
လက်တွေ့ စမ်းကြည့်လိုက်ပါ။
ပြုံးပါ။ 
စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။
ဒေါသထွက်နေတဲ့မျက်နှာလုပ်ပါ။
စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။

+++++++++++++++++++++++++++++++++++++

ဒီနေ့တစ်နေ့လုံး ပျော်ဟန်ဆောင်ပါ။
ပျော်စရာကို တွေးပြီး ပျော်စရာကို ပြောပါ။
ပျော်စရာ သီချင်းတွေကို ဆိုပါ။
ဘာမှ အရှုံးမရှိနိုင်ပါဘူး။
တစ်နေ့ကုန်သွားတဲ့အခါ ကိုယ် ဒီနေ့နေရတာ ပိုပျော်လာသလား ဆိုတာ
စမ်းစစ်ပါ။
ပိုပျော်တာပဲ တွေ့ရမယ်။ စမ်းကြည့်လိုက်ပါ။
အရှုံး မရှိပါဘူး။

+++++++++++++++++++++++++++++++++++++


ကိုယ့်စိတ်က ကိုယ်အမူအရာကို လွှမ်းမိုးတာ ရှိသလို
ကိုယ့်အမူအရာက ကိုယ့်စိတ်ကို လွှမ်းမိုးတာလည်း ရှိပါတယ်။
တစ်ခါတစ်လေ စိတ်ကနေ စတယ်။
တစ်ခါတစ်လေ အမူအရာကနေ စတယ်။
ရတဲ့နေရာက စလိုက်ပါ။

+++++++++++++++++++++++++++++++++++++

လူသားတွေမှာ အစွမ်းထက်တဲ့ လက်နက်တစ်ခု ရှိပါတယ်။
အဲဒါက လှိုက်လှိုက်လှဲလှဲ ရီတာပဲ။
သူတို့အကြောင်း ကြားရတဲ့အခါ ဟားတိုက်ပြီး ရီလိုက်ပါ။

+++++++++++++++++++++++++++++++++++++

စိတ်ချမ်းချမ်းသာသာ နေတတ်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူတွေနဲ့ မိတ်ဆွေဖြစ်ဖို့
အလားအလာ ပိုများတယ်။ ဓာတ်တူချင်း စုတတ်တယ်။
ဓာတ်မတူရင် ရေရှည် မပေါင်းနိုင်ဘူး။

+++++++++++++++++++++++++++++++++++++

ချစ်ချစ်ခင်ခင် နေချင်ရင် စိတ်ချမ်းချမ်းသာသာ နေပါ။
ကိုယ့်ကိုယ်ကိုကိုယ် ပိုကောင်းတဲ့သူ ဖြစ်ချင်ရင်
အရင်ဆုံး စိတ်ချမ်းချမ်းသာသာ နေတတ်အောင် လေ့ကျင့်ပါ။

+++++++++++++++++++++++++++++++++++++



ဘာဘဲလုပ်လုပ် စိတ်ချမ်းသာချင်လို့ လုပ်တာပဲ။                
အဲဒီတော့ ဘာမှမလုပ်ခင်ကတည်းက စိတ်ချမ်းသာနေရင် ပိုမကောင်းဘူးလား။
ဘာမှမလုပ်ရပဲ စိတ်ချမ်းသာနေတယ်ဆိုရင် ပိုကောင်းပါတယ်။
တရားအားထုတ်တာကို အလေ့အကျင့် ကောင်းကောင်း ရထားတဲ့သူဟာ                       
သတိဝင်လာတာနဲ့ စိတ်ချမ်းသာလာတယ်။
သတိဝင်လာဖို့ပဲ လိုတယ်။
ဘာမှ နောက်ထပ်လုပ်ဖို့ မလိုဘူး။
အဲဒီနည်း ဟာစိတ်ချမ်းသာဖို့ အသေချာဆုံးနည်းပဲ။
ပြင်ပကို မှီခိုမှု မရှိတဲ့ စိတ်ချမ်းသာနည်းဟာ စိတ်ချမ်းသာဖို့ သေချာတဲ့နည်းပဲ။

+++++++++++++++++++++++++++++++++++++

ဘယ်သူတွေ ဘာဘဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေမယ်လို့ ပြောရင်
ကြားရတဲ့ ကိုယ့်မိသားစု၊ကိုယ့်ချစ်သူ၊ ကိုယ့်မိတ်ဆွေတွေက ဘာပြောကြမလဲ။
သိပ်တစ်ကိုယ်ကောင်းဆန်တဲ့သူလို့ ပြောကြမယ်ထင်တယ်။
သူများအတွက် စိတ်ဆင်းရဲနေရပါတယ် ဆိုမှ သိပ်မေတ္တာ ဂရုဏာ ကြီးတယ်
သိပ်ချစ်တတ်တယ် လို့ပြောမယ်။

+++++++++++++++++++++++++++++++++++++

ချစ်တယ်ဆိုတာ အကျိုးရှိတာကို လုပ်ပေးတာလို့ အဓိပ္ပာယ်ကောက်ရင်
ကိုယ်က စိတ်ချမ်းသာနေမှ အကောင်းဆုံးကို လုပ်ပေးနိုင်မှာ ဖြစ်လို့
သူများ စိတ်ဆင်းရဲနေတဲ့အချိန်မှာ ကိုယ်က စိတ်မဆင်းရဲဖို့ ပို အရေးမကြီးဘူးလား။
ဆရာဝန်က လူနာကို ကြည့်ပြီး ဘာမှ မလုပ်တတ်အောင် စိတ်ဆင်းရဲနေရင်
အဲဒီဆရာဝန်ကို အားကိုးမှာလား။

+++++++++++++++++++++++++++++++++++++

ဘယ်သူဘာဖြစ်ဖြစ် ဂရုစိုက်ဖို့ မလိုဘူးလို့ မဆိုလိုပါဘူး။
ဒါဖြစ်ရင် ဘာကို ဆိုလိုတာလဲ။
ဘာကို ဆိုလိုသလဲဆိုတော့  ကိုယ့်မှာ ရှိမှ ပေးလို့ရတယ်လို့ဆိုလိုတာပါ။
ကိုယ်က စိတ်ချမ်းသာနေမှ သူများကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။
အဲဒီအချက်ကို လက်ခံသလား။
လက်ခံတယ်ဆိုရင် သူများ စိတ်ဆင်းရဲနေတဲ့အချိန်မှာ ကိုယ်က စိတ်ချမ်းသာနေမှ ဖြစ်မယ်။
သူစိတ်ဆင်းရဲနေလို့ ငါ စိတ်ဆင်းရဲတယ်ဆိုရင်
ဘယ်သူက ဘယ်သူ့ကို စိတ်ချမ်းသာမှု ပေးနိုင်မလဲ။

+++++++++++++++++++++++++++++++++++++

ငါ စိတ်ဆင်းရဲနေရင် ငါနဲ့အတူလိုက်ပြီး စိတ်ဆင်းရဲမှ ငါ့ကိုချစ်တာလို့ ပြောမှာလား။
အဲဒီလို ပြောကြတာ များမယ်ထင်တယ်။
ကိုယ်က စိတ်ချမ်းသာအောင် လုပ်ပေးချင်တိုင်းလည်း ရတာ မဟုတ်ပါဘူး။

+++++++++++++++++++++++++++++++++++++


ကိုယ့်စိတ်ဓာတ် ရင့်ကျက်မှု ဘယ်လောက်ရှိတယ်ဆိုတာ ဘာနဲ့တိုင်းတာမလဲ။
ကိုယ့်စိတ်ကိုကိုယ် ဘယ်လောက် ချမ်းသာအောင် ထားနိုင်သလဲ ဆိုတာနဲ့ တိုင်းတာမယ်။
ကိုယ့်စိတ်ချမ်းသာမှုအတွက် သူတစ်ပါးပေါ် မှီခိုမှု ဘယ်လောက်နည်းသလဲ
ဆိုတာနဲ့ တိုင်းတာမယ်။

+++++++++++++++++++++++++++++++++++++

ကိုယ် စိတ်ချမ်းသာဖို့ သူများက လုပ်ပေးရမယ်ဆိုရင် ရင့်ကျက်မှုနည်းသေးတယ်။
သူများက ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်လို့ရတယ်ဆိုရင်
စိတ်ဓာတ်ရင့်ကျက်မှု နည်းသေးတယ်။

+++++++++++++++++++++++++++++++++++++

စိတ်ဆင်းရဲနေတဲ့သူဟာ ကိုယ့်အတွေးထဲမှာ ကိုယ် နစ်နေတယ်။
သူများအတွက် ပေးစရာ မရှိဘူး။ သူ စိတ်မချမ်းသာတာကိုပဲ ပြောနေမယ်။
စိတ်ဆင်းရဲနေတဲ့သူဟာ ဘာမှ ပေးစရာမရှိဘူး။
ဒါကြောင့် သူများအကျိုးကို လိုလားရင် စိတ်ချမ်းသာအောင် အရင်နေပါ။

+++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာနေတဲ့သူဟာ လွတ်လပ်မှု ရှိတယ်။
အဲဒီလွတ်လပ်မှုက သူများအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင်
အခွင့်အရေး ပေးတယ်။
ကိုယ်က အဲဒီလို လွတ်လပ်ပြီး စိတ်ချမ်းသာမှ သူများကိုလည်း လွတ်လပ်ပြီး စိတ်ချမ်းသာအောင်
အထောက်အကူ ပေးနိုင်တယ်။
မလွတ်လပ်တဲ့သူဟာ အချင်းချင်း စိတ်မချမ်းသာတဲ့သူ အချင်းချင်း စုပြီး စိတ်မချမ်းသာကြောင်း
ပြောနေရုံနဲ့ ဘာမှ မဖြစ်လာဘူး။

+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၃…


Saturday, September 22, 2012

“ ကောင်းသွားမှာပါ အဖွားရယ်..."

 


တစ်ခါတုန်းက တာချီလိတ်က ဟိန်းဆေးခန်းကို
 အသက်ကြီးကြီးလူနာအဖွားကြီး တစ်ဦးရောက်လာပါတယ်။
လူနာ အဖွားကြီးက ပြောတယ်။
ဒေါက်တာ
အဖွား လက်ဖက်ရည် သောက်တဲ့အခါမှာ 
ညာဖက်မျက်လုံး သိပ်နာတာပဲကွယ်

ဒေါက်တာ အောင်ဝင်းမြင့် ပြန်ပြောလိုက်တာက
အဖွား နောက်ကို ဇွန်းကို ဖယ်ပြီး သောက်ပါ 
မျက်လုံးနာတာ ကောင်းသွားမှာပါ ”



Friday, September 21, 2012

"ချိန်ပြီး ပစ်လိုက်တဲ့ ပစ်မှတ်..."






“In the long run men hit only what they aim at.”              
(Henry David  )
ရေရှည်မှာ ကိုယ် မှန်းပြီး ပစ်လိုက်တဲ့ ပစ်မှတ်ကိုပဲ ထိတာများပါတယ်။

ကိုယ်က ဘယ်ပစ်မှတ်ကို မှန်းသလဲဆိုတာ အရေးကြီးတယ်။
ပစ်မှတ်ကို သေသေချာချာ ရွေးပါ။
ပစ်မှတ်မရှိပဲ ပစ်နေတာ အဓိပ္ပာယ်မရှိဘူး။
သူများရွေးပေးတဲ့ပစ်မှတ်ကို ပစ်မလား။
ကိုယ်ကြိုက်တဲ့ပစ်မှတ်ကို ကိုယ်ရွေးမလား။
ကိုယ် ဘယ်လမ်းကို လျှောက်မယ်ဆိုတာ သေသေချာချာ ရွေးပါ။
သူများနောက်ကိုလိုက်ပြီး သူများခိုင်းတာကိုလုပ်ရင်း နှစ်တွေကြာ၊ အသက်တွေကြီးမှ
ငါ ဘယ်လိုလူ ဖြစ်လာမလဲ။
ငါ ဖြစ်ချင်တာ ဒီလိုလူ မဟုတ်ပါဘူး လို့သိရရင် အသိနောက်ကျနေမယ်။
လူတော်တော်များများဟာ ကိုယ်ဘယ်လိုလူ ဖြစ်လာနေသလဲ ဆိုတာ သတိမထားမိကြဘူး။

+++++++++++++++++++++++++++++++++++++



စိတ်ချမ်းသာနေရင် လုပ်စရာတွေကို ပိုပြီးမြင်တယ်။
ချမ်းသာတဲ့စိတ်ဟာ အားရှိတယ်။ သတ္တိရှိတယ်။ ရင်ဆိုင်ရဲတယ်။
အမြင်ရှင်းတယ်။ အဲဒါကြောင့် ပြဿနာတွေ အခက်အခဲတွေကို ကိုယ်တွယ်နိုင်တယ်။

+++++++++++++++++++++++++++++++++++++

ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် သတ္တိရှိရှိ ပြတ်ပြတ်သားသား လုပ်ပါ။
ဆုံးဖြတ်ချက်မှန်ရင် ကိုယ်လုပ်တာ အောင်မြင်မယ်။
အခြေအနေတိုင်းမှာ အမျှတဆုံး ဖြစ်ဖို့ ဆုံးဖြတ်နိုင်ရင် အဆင်ပြေတဲ့ဘဝကို ရမယ်။
တစ်ကိုယ်ကောင်းဆန်ရင် ခဏပဲ အဆင်ပြေမယ်။

+++++++++++++++++++++++++++++++++++++

ကိုယ့်ဘဝကိုကိုယ် စိတ်ချမ်းချမ်းသာသာ နေနိုင်ဖို့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။
အကောင်းဆုံး သဘောထားနဲ့ အမျှတဆုံးကို ရွေးပါ။
အဆိုးနဲ့ကြုံရရင် အကောင်းကို ဆက်လုပ်ပါ။
အကြောင်းကောင်းရင် အကျိုးကောင်းမယ်။
အဲဒီအကြောင်းတွေထဲမှာ ကိုယ်က အရေးအကြီးဆုံးအကြောင်းဆိုတာကို မမေ့ပါနဲ့။

+++++++++++++++++++++++++++++++++++++


ကိုယ့်ကို သူက စိတ်ချမ်းသာအောင် လုပ်ပေးမယ်လို့ မျှော်လင့်တာဟာ
ကိုယ့်စိတ်ချမ်းသာမှုကို သူ့လက်ထဲမှာ အပ်ထားလိုက်တာ။
အဲဒီတော့ မကြာခဏ ငါ့ကို စိတ်ချမ်းသာအောင် လုပ်မပေးဘူး။
စိတ်ဆင်းရဲအောင် လုပ်တယ်လို့ တွေးပြီး ဒေါသ ဖြစ်ရတယ်။
စိတ်ဆိုးရတယ်။
ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူဟာ ကိုယ့်ဘဝကို
လွှမ်းမိုးနိုင်တဲ့သူ ဖြစ်နေပြီ။

+++++++++++++++++++++++++++++++++++++

ချစ်တာကောင်းပါတယ်။
ကိုယ့်စိတ်ချမ်းသာမှုကို သူ့လက်ထဲမှာ အပ်ထားတာ မကောင်းပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ့်လက်ထဲမှာပဲ ထားပါ။
အဲဒါမှ ကိုယ့်မှာ ပါဝါ (power) ရှိမယ်။
ကိုယ့်စိတ်ချမ်းသာမှုဟာ ပြင်ပမှာ ရောက်နေရင် powerless ဖြစ်မယ်။
အားငယ်မယ်။
ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ power ရှိတယ်။
အဲဒီ power ကို ရအောင် ယူထားပါ။
အဲဒီပါဝါကို ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့။
ဘယ်သူမှ ငါ့ကို စိတ်ချမ်းသာအောင် လုပ်ပေးနေဖို့ မလိုဘူး။
မမျှော်လင့်ဘူး ဆိုမှ လူအများနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ်။

+++++++++++++++++++++++++++++++++++++


Happy is power.
စိတ်ချမ်းသာမှုဟာ ပါဝါ။
အဲဒါကို နားလည်ပါ။
လူတွေနဲ့ ဆက်ဆံတဲ့အခါ အဲဒီစိတ်ချမ်းသာမှု ပါဝါနဲ့ဆက်ဆံ
ပါ။ အဲဒါမှ ဘဝမှာ အောင်မြင်တဲ့သူ ဖြစ်မယ်။

+++++++++++++++++++++++++++++++++++++

ကိုယ့် စိတ်ချမ်းသာမှုကို ကိုယ်တာဝန်ယူ။
သူ့စိတ်ချမ်းသာမှုကို သူတာဝန်ယူတဲ့သူတွေ များတဲ့အသိုင်းအဝိုင်းဟာ
အင်အားကြီးတဲ့ အသိုင်းအဝိုင်း ဖြစ်တယ်။

+++++++++++++++++++++++++++++++++++++

ဒီခေတ်မှာ အတွေးအခေါ်တွေကို မြှင့်ဖို့လိုပါတယ်။
အားငယ်တတ်တဲ့သူတွေ များပြီး ကိုယ့်ကို ဘယ်သူကများ စိတ်ချမ်းသာအောင်
လုပ်ပေးမလဲ ဆိုတာကို မျှော်နေတဲ့သူ များရင် အားလုံးမှာ ဝန်ထုတ်ဝန်ပိုး ကြီးလာမယ်။

+++++++++++++++++++++++++++++++++++++

ကိုယ့်တာဝန်ကို ကိုယ်ယူရင် ချစ်ခင်မှု နည်းမသွားဘူးလား။
မေးစရာပဲ။
ကိုယ့်အပေါ်မှာ မှီခိုပြီး အားငယ်နေတတ်တဲ့သူကိုမှ ချစ်တယ်ဆိုရင်
အဲဒီလူရဲ့အချစ်ဟာ ဘယ်လိုအချစ်လဲ။                                     
အဲဒီလူဟာ ဘယ်လိုလူလဲ။
သူကိုယ်တိုင်က အားငယ်တတ်လို့သူထက် အားငယ်တဲ့သူက
သူ့ကို အားကိုးမှ အားရှိတဲ့သူပဲ ဖြစ်မယ်။
အားငယ်တဲ့ သူကိုမှ ချစ်တာ တကယ်စစ်မှန်တဲ့ အချစ်မဟုတ်ဘူး။
အားကိုးရလို့ ချစ်တာဟာလည်း တကယ် ချစ်တာ မဟုတ်ဘူး။

+++++++++++++++++++++++++++++++++++++


ကိုယ် စိတ်မချမ်းသာရခြင်းရဲ့ အကြောင်းဟာ တခြားလူတစ်ယောက်
ဖြစ်နေရင် သူ့ကို ကိုယ်က လွှမ်းမိုးထားနိုင်မှ ကိုယ် စိတ်ချမ်းသာတော့မယ်။
အဲဒါ မသေချာတဲ့ နည်းပဲ။
တကယ်လို့ အဲဒီတခြားလူဟာ ကိုယ့်ကို လွှမ်းမိုးနိုင်တဲ့သူ
ဖြစ်နေရင် ကိုယ်က (Powerless) ဖြစ်သွားပြီး။

+++++++++++++++++++++++++++++++++++++

အဲဒီတော့ အရေးကြီးတာက Powerless မဖြစ်ဖို့။
Powerless မဖြစ်ချင်ရင် ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်လက်ထဲမှာ ရှိရမယ်။
 “ငါ စိတ်ချမ်းသာဖို့ ဘယ်သူမှ ပြောင်းလဲစရာ မလိုဘူး။
ငါ့စိတ်ကိုငါ ထားတတ်ရင် စိတ်ချမ်းသာမယ်” လို့ နားလည်ပါ။
ဒါဟာ စိတ်ချမ်းသာဖို့ သေချာတဲ့နည်းပဲ။

+++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
+++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၂…

 

"တံတား ထိုးခြင်း…"



လမ်းမထီးထီး
ခရီးရှည်လျား၊ ခရီးသွားလည်း၊
ခွန်အားလည်းဖေး၊ ဆံဖြူဖွေးလျက်၊
ညနေဘက်တွင်၊ ကျယ်နက် မတ်ဆောက်၊
ဒီရေချောင်းသို့၊ ရောက်သတည်း။

ချောင်းပြင်ကျယ်စေ၊ စိတ်ဝယ် မတွန့်၊
မရွံ့မကြောက်၊ ဆည်ဆာအောက်ဝယ်၊
ကူးမြောက်သူကျော်၊ ဖြတ်စွမ်း၏။

ဟိုမှာဘက်ကမ်း၊ ရောက်ပြီးလျက်မှ၊
နှစ်ဘက်ကမ်းပါး၊ ချောင်းကိုလွှား၍၊
တံတားထိုးပြန်လေတော့၏။

ခရီးသွားဖော်၊ တစ်ဦးသော်လျှင်၊
ထုတ်ဖော် ဤသို့ မေးသတည်း။

အို… အဘိုးအို၊
နေလည်း ညိုပြီ၊
ချောင်းကို လွန်မြောက်၊
သည်ဘက်ကမ်း ရောက်လျက်၊
နောက်သို့တစ်ဖန် သင်မပြန်ဘဲ၊
အားသန်ကြိုးစား၊
ဤတံတားကို၊
သင်ကား အဘယ်ကြောင့် ဆောက်သနည်း။

အို …အဆွေ၊
သည်နေ့ဆိုလျှင်၊ဆံပင်နုနယ်၊
လူငယ်တစ်ယောက်၊ ငါ့နောက်လိုက်ချက်၊
ခရီးထွက်ခဲ့ပြီ။

ချောင်းနက် မတ်ဆောက်၊
ငါ မကြောက်လည်း၊
နောက်ကလိုက်လာ၊
သူ့ခမျာမှာ၊
သူတရာ ဘေးဆိုး၊ ဖြစ်အံ့စိုး၍၊
ကြိုးပမ်း ငါလျှင် ဆောက်သတည်း။

{ဆရာ ဦးအောင်သင်း၏ အမွေစာအုပ်မှ….}

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com