Saturday, September 15, 2012

"ဓားဆိုတာ ကျောက်ပြားပေါ်မှာ သွေးနေမှ..."




စိတ်ချမ်းသာနေတဲ့သူမှာလည်း အခက်အခဲတွေ ရှိပါတယ်။
ဒါပေမယ့် သူတို့က အခက်အခဲတွေကို တွေးပြီး စိတ်ညစ်မနေကြဘူး။
အခက်အခဲမရှိလို့ စိတ်ချမ်းသာနေတာ မဟုတ်ဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းသာဖို့ အကြောင်းပြချက်ကို မရှာဘူး။
စိတ်ချမ်းသာနေပြီးမှ ပိုပြီး စိတ်ချမ်းသာမယ့် အလုပ်တွေကို လုပ်မယ်။
ဘာရမှ ဘာလုပ်မှ ဆိုတဲ့ အကြောင်းပြချက်တွေ မလိုဘူး။
အကြောင်းပြချက်တွေက စိတ်ကို အကြပ်ကိုင်တယ်။ သက်သာခွင့်မပေးဘူး။

++++++++++++++++++++++++++++++++++++

စိတ်ချမ်းချမ်းသာသာနဲ့ အဖြေရှာလို့ မရတဲ့ကိစ္စကို
စိတ်ဆင်းရဲခံပြီး အဖြေရှာလို့ ရမှာ မဟုတ်ဘူး။
အခက်အခဲတွေ၊ ပြဿနာတွေ ရှိနေလည်း စိတ်ချမ်းသာအောင်ပဲ နေမယ်။
အတတ်နိုင်ဆုံး ပစ္စုပ္ပန်မှာ စိတ်ကိုထားမယ်။
ကိုယ့်စိတ်ကို ကိုယ်သိနေမယ်။

++++++++++++++++++++++++++++++++++++


အရေးအကြီးဆုံးအချက်က စိတ်ချမ်းသာအောင် နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။
စိတ်ချမ်းသာအောင် အသေအလဲ မကြိုးစားဘူး။
အသေအလဲ ကြိုးစားရင် စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး။
စိတ်ချမ်းသာအောင်နေမယ်လို့ ဆုံးဖြတ်တာဟာ ကိုယ့်စိတ်ချမ်းသာမှုကို
ကိုယ်တာဝန်ယူလိုက်တာပါပဲ။
ကိုယ့်စိတ်ချမ်းသာမှုအတွက် ဘယ်သူ့မှာမှ တာဝန် မရှိဘူး။

++++++++++++++++++++++++++++++++++++

အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိနိုင်ပါဘူး။
အခု အကောင်းဆုံးကို လုပ်ပြီး စိတ်ချမ်းသာအောင် နေတာက
အမျော်အမြင် ရှိတဲ့နေနည်း ဖြစ်ပါတယ်။
စိတ်ချမ်းသာအောင်နေတာက စိတ်ချမ်းသာအောင် နေနည်းကို ပေးတာပဲ။
စိတ်ချမ်းသာအောင် တကယ်နေနိုင်ရင် ကျန်တာတွေ ပြည့်စုံပါတယ်။
စိတ်ချမ်းချမ်းသာသာနဲ့ကောင်းတာတွေကို လုပ်မယ်။

++++++++++++++++++++++++++++++++++++

ပြဿနာရှိတာက ပြဿနာ မဟုတ်ဘူး။
ပြဿနာရှိတာဟာ စိတ်ဆင်းရဲစရာလို့ ထင်တာကမှ ပြဿနာ။

++++++++++++++++++++++++++++++++++++

အခက်အခဲတွေ ပြဿနာတွေက အမြဲရှိနေမယ်။                                                                                       
အဲဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ကိုယ့်အရည်အချင်းတွေကို သုံးရတယ်။
အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာရတယ်။
အဲဒီလိုနဲ့ပဲ ကိုယ့်အရည်အချင်းတွေ မြင့်လာတယ်။
အဲဒါဟာ ဘဝရဲ့သဘာဝပဲ။
စိတ်ပျက်စရာ စိတ်ညစ်စရာ မဟုတ်ဘူး။

++++++++++++++++++++++++++++++++++++



ဓားဆိုတာ ကျောက်ပြားပေါ်မှာ သွေးနေမှ ထက်တယ်။
အခက်အခဲကို ရင်ဆိုင် ဖြေရှင်းနေမှ အရည်အချင်း ဥာဏ်ပညာ စိတ်ဓာတ် ရင့်ကျက်လာတယ်။
အရည်အချင်း ဥာဏ်ပညာ စိတ်ဓာတ် ရင့်ကျက်လာမှာ စိတ်လည်း တည်ငြိမ်ခိုင်ခန့်လာတယ်။
စိတ်မှာအားရှိလာတယ်။
စိတ်မှာ အားရှိဖို့ သိပ်အရေးကြီးပါတယ်။
စိတ်မှာအားရှိတဲ့သူဟာ စိတ်ဓာတ်မကျဘူး။

++++++++++++++++++++++++++++++++++++

အရည်အချင်းမရှိတဲ့သူဟာ မကြာမကြာ စိတ်ဓာတ်ကျတတ်တယ်။
စိတ်ဓာတ်ကျတာလောက် စိတ်ပင်ပန်းတာ မရှိတော့ဘူး။
စိတ်ဓာတ်ကျနေတဲ့သူအတွက် လောကကြီးဟာ မလှတော့ဘူး။
ပျော်စရာ မကောင်းတော့ဘူး။
အဓိပ္ပာယ် မရှိတော့ဘူး။

++++++++++++++++++++++++++++++++++++

ကိုယ့်ဘဝမှာ ဘာအခက်အခဲ ဘာပြဿနာမှ မရှိရင် ကောင်းမှာပဲလို့
မျှော်လင့်နေရင် ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်တော့ဘူး။
အရေးကြီးတာက ပြဿနာ မရှိဖို့ မဟုတ်ဘူး။
ပြဿနာကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းဖို့ပါ။

++++++++++++++++++++++++++++++++++++

ပြဿနာတစ်ခုအတွက် အဖြေမရှာခင်မှာ ပထမလိုအပ်ချက်က
ကိုယ့်စိတ်ကို ချမ်းသာအောင် အရင်ထားဖို့ပါ။
ချမ်းသာနေတဲ့စိတ်နဲ့ အဖြေရှာရင် အကောင်းဆုံးအဖြေကို ရမယ်။

++++++++++++++++++++++++++++++++++++



အောင်မြင်မှုဆိုတာ အခက်အခဲကိုကျော်လွှားပြီးမှ ရပါတယ်။
ဒါကြောင့်အောင်မြင်မှုရဖို့ အခက်အခဲရှိမှ ဖြစ်မယ်။
အခက်အခဲကို ရှောင်နေရင် အောင်မြင်မှုကို မရနိုင်ဘူး။

++++++++++++++++++++++++++++++++++++

ခက်တာကို လုပ်ရတဲ့အခါ စိတ်ညစ်ရင် ငြီးငြူရင် အဲဒီအခက်အခဲကို မကျော်လွှားနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ငြီးငြူတာဟာ မတတ်နိုင်ဘူးလို့ ပြောတာနဲ့ အတူတူပဲ။
ကိုယ့်စိတ်ကို ကိုယ်က မတတ်နိုင်ဘူးလို့ ပြောနေရင် ကိုယ့်စိတ်က ဖြစ်အောင် လုပ်မပေးဘူး။
ဖြစ်အောင်လုပ်ပေးနိုင်တာ ကိုယ့်စိတ်ပဲ။
ငြီးငြူနေရင် ကိုယ့်စိတ်က လုပ်မပေးတော့ဘူး။
ငြီးငြူတာဟာ ဖြစ်အောင်မလုပ်နဲ့လို့ပြောတာနဲ့ အတူတူပဲ။
ဒါဟာ စိတ်ပညာပဲ။
ဒီအချက်ကို မသိလို့ မအောင်မြင်ကြတာ များပါတယ်။

++++++++++++++++++++++++++++++++++++

ကြောက်တာဟာလည်း ဖြစ်မယ်လို့ မယုံကြည်လို့ပါ။
ဒါကြောင့် ကြောက်နေရင် မဖြစ်ဖို့ များတယ်။
ဖြစ်မယ်လို့ မယုံကြည်တာဟာ ကိုယ့်အရည်အချင်းကို ကိုယ်မယုံကြည်တာနဲ့ အတူတူပဲ။
လေ့လာနေတဲ့သူ လုပ်နေတဲ့သူဟာ အရည်အချင်း တိုးတက်နေတယ်။
အရည်အချင်း တိုးတက်နေရင် ယုံကြည်မှု တိုးတက်နေတယ်။

++++++++++++++++++++++++++++++++++++

အရေးပါတဲ့ကိစ္စ မှန်သမျှဟာ ရုန်းကန်မှုတွေ၊ ဆုံးရှုံးမှုတွေကို ကျော်လွှားပြီးမှ ရတယ်။
ဆုံးရှုံးမှုနဲ့တွေ့ရင် ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှု ကျတတ်တယ်။
အဲဒီအချိန်ဟာ အရေးကြီးတဲ့အချိန်ပဲ။
ဒီအချိန်မှာ စိတဓာတ်မကျအောင် ကိုယ့်စိတ်ကို ကိုယ် ထားနိုင်ရင် အောင်မြင်မယ်။

++++++++++++++++++++++++++++++++++++

ရုန်းကန်မှုတိုင်း၊ ဆုံးရှုံးမှုတိုင်းဟာ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်ရဲ့အင်အား၊
ကိုယ့်ရဲ့သတ္တိ၊ ကိုယ့်ခံနိုင်ရည်၊ ကိုယ့်ကိုကိုယ်ကိုယ် ယုံကြည်မှုတို့ကို အားကောင်းစေတယ်။
အခက်အခဲနဲ့တွေ့ရင် ရှေ့တိုးပါ။
ဆုံးရှုံးမှုနဲ့တွေ့ရင် ရှေ့တိုးပါ။
လဲကျရင် ပြန်ထပါ။
ပြန်ထနိုင်သေးသရွေ့ ပွဲမပြီးသေးဘူး။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။
++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁၀…

Friday, September 14, 2012

"အဖိုးပြောတဲ့ အဖြစ်အပျက်…"





ကျနော့်အဖိုးရဲ့နာမည်ဟာ ဦးကျော်ရှိန်းဖြစ်ပါတယ်။
ကျနော့်အဖွားရဲ့နာမည်ကတော့ ဒေါ်ငွေဇင် ဖြစ်ပါတယ်။
အဖိုးဟာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာမှာနေပါတယ်။
အဖိုး ဦးကျော်ရှိန်းဟာ အလွန်ရိုးသားသူဖြစ်တယ်။
လယ်လုပ်ငန်းကို လုပ်ကိုင်စားသောက်နေရသူလည်းဖြစ်တယ်။
ကျနော်တို့ နွေရာသီကျောင်းပိတ်လို့ ရွာကို ပြန်လည်တဲ့အခါ 
အဖိုးက မြေးတွေဆုံဆည်းချိန်မှာ သူ့ရဲ့အဖြစ်အပျက်ကို မကြာခဏပြောပြတတ်ပါတယ်။



လသာတဲ့ည တစ်ညမှာ
"တစ်ခါတုန်းကပေါ့" လို့ အဖိုးက အစချီလိုက်ပါတယ်။
အဲဒီအချိန်တုန်းက အဖိုးတို့ရဲ့အရပ်ဒေသဟာ အမည်းရောင်ဒေသလို့ပြောရမယ့်အချိန်ပေါ့။
တောက သူပုန်က အချိန်မှန် ဆပ်ကြေးတောင်းတယ်။
မပေးရင် တာဝန်ရှိသူတွေကို သတ်တယ်။ မထင်ရင် မထင်သလို လုပ်တတ်တာမို့
တောက သူပုန်ကိုလည်း ကြောက်ရတယ်။
မြန်မာစစ်သားတွေကတော့ ပေါ်တာဆွဲတတ်တာမို့
မြန်မာစစ်သားတွေကိုလည်းကြောက်ရတယ်။
တောသူတောင်သားတွေဟာ ယူနီဖောင်းဝတ်တွေအားလုံးကို
အလိုလို နေရင်းကြောက်လန့်နေရတယ်။
တစ်နေ့တော့ အဖိုး ဟာ မင်းတို့ရဲ့အဖွားက ခေါက်ဆွဲစားချင်တယ်ဆိုတာ
ကြောင့် ရွာလယ်ရှိ တရုပ်ခေါက်ဆွဲဆိုင်ကို ထွက်ခဲ့တယ်။
ခေါက်ဆွဲဝယ်ပြီး အပြန်မှာတော့ ပေါ်တာဆွဲတဲ့ မြန်မာစစ်တပ်နဲ့တိုးပါလေရော။
မပြေးသာတော့ ခေါက်ဆွဲထုပ် တန်းလန်းနဲ့ အဖိုးဟာ ပါသွားပါတယ်။
ဘာလုပ်ရမှန်းလည်း မသိပါဘူး။
ဘူတာရုံအနီးက စစ်တပ်ထဲကို ကြောက်ကြောက်နဲ့ပါသွားပါတယ်။
ရွာသားအများအပြားလည်း ပေါ်တာဆွဲတဲ့အထဲ ပါလာကြတယ်။
အဲဒီအထဲမှာတော့ အဖိုးက အသက်အကြီးဆုံးဖြစ်နေပါတယ်။
စစ်တပ်ထဲရောက်တော့ ဗိုလ်ကြီး တစ်ယောက်ထွက်လာပါတယ်။
အဖိုးက ဆောင့်ကြောင့်ထနေရာက ထပြီး
“ဗိုလ်ကြီး တစ်ခုလောက်မေးချင်ပါတယ်”လို့ အရဲစွန့်ပြီး မေးလိုက်တာပေါ့။
ဗိုလ်ကြီးက
“ဘာသိချင်လို့လဲအဖိုး မေးပါ” လို့ ပြန်ပြောပါတယ်။
အဖိုးက
 “ထွက်ပြေးတဲ့သူကို ဗိုလ်ကြီးတို့သေနတ်နဲ့ 
ထိအောင် တကယ်ပစ်သလား” လို့မေးလိုက်ပါတယ်။
ဗိုလ်ကြီးက
“ထိအောင်တော့ မပစ်ပါဘူးအဖိုးရယ်။
ခြောက်လန့်တဲ့အနေနဲ့ မိုးပေါ်ထောင်ပစ်တာပေါ့။
ဘာဖြစ်လို့လဲအဖိုး” လို့  ပြန်မေးပါတယ်။
အဖိုးက ဘာမပြော ညာမပြောနဲ့ ခေါက်ဆွဲထုပ်ကို ဗိုလ်ကြီးကို ကမ်းပေးလိုက်ပါတယ်။
ဗိုလ်ကြီးကလည်း ဘုမသိ ဘမသိနဲ့ ခေါက်ဆွဲထုပ်ကို ယူထားလိုက်ပါတယ်။
ပြီးတော့ အဖိုးက ကထောင်မြောင်အောင် ကျိုက်လိုက်ပါတယ်။
နောက်တော့ 
“ဗိုလ်ကြီးရေ…ကျနော်ပြေးပြီ” လို့ပြောကာ ထွက်ပြေးပါတော့တယ်။
“အဖိုးရေ…ခေါက်ဆွဲထုပ်ကို လာပြန်ယူအုန်းလေ” လို့ 
ဗိုလ်ကြီးရဲ့ အော်သံကို နောက်မှာ ကြားပေမယ့် 
အဖိုးက “ဘယ်ပြန်ယူရဲ့ပါ့မလဲ၊ အားကုန်ပြန်ပြေးခဲ့တာပေါ့” လို့ 
အဖိုးက ကျနော်တို့ကို ပြန်ပြောပြပါတယ်။
“အရေးထဲ မောမောနဲ့ပြန်လာတာကို မင်းတို့ရဲ့အဖွားက “ဘာဖြစ်သလဲ” လို့ မမေးပဲနဲ့
ခေါက်ဆွဲထုပ် ဘယ်မှာလဲ” လို့မေးတယ်။
ခေါက်ဆွဲပါမလာလို့ စိတ်ကောက်နေသေးတယ်။
မိန်းမတွေကတော့ကွာ။ မပြောချင်ဘူး။ 
ဖနောင့်နဲ့ပေါက်ဖို့ပဲကောင်းတယ်” လို့ပြောတော့
အဖိုးပြောတဲ့ဟန်ပန်ကို ကြည့်ကာ ကျနော်တို့မြေးတစ်စု ရီမောကြပါတယ်။
အဖိုး မိန်းမကြောက်တာ ကျနော်တို့ အသိဆုံး။


Thursday, September 13, 2012

"အနမ်း များစွာဖြင့်..."







မိန်းမတို့ရဲ့ပါစပ်ကို ပိတ်ဖို့အခြားနည်းလမ်းတွေ ရှာမတွေ့တဲ့ အတွက်
နှုတ်ခမ်းချင်းတေ့စုပ် နမ်းရှုတ်ခြင်းကို
ယောကျာ်းများ တီထွင်ခဲ့ခြင်း ဖြစ်ဟန်တူတယ်။
                                                                                         အမည်မသိ (Unknown)

++++++++++++++++++++++++++++++++++++



နမ်းရှုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးရလာဒ်…
နမ်းရှုပ်တာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစောကို လျော့နည်းစေပြီး
ကြင်နာမှုနဲ့သံယောဇဉ်တွေဖြစ်တည်စေတဲ့ အော်စီတိုဆင် ဟော်မုန်းကို ထွက်စေပါတယ်။
နမ်းရှုပ်တာက မျက်နှာပြင်မှာရှိတဲ့ ကြွက်သားတွေကိုပြေလျော့စေပါတယ်။
အဲဒါအပြင် နမ်းရှုပ်နေချိန်မှာ ဦးနှောက်အတွင်းကို သွေးပိုမို ရောက်ရှိပြီး
သွေးစီးဆင်းမှုကောင်းစေတာကြောင့် လန်းဆန်းကြည်နူးစေပါတယ်။

++++++++++++++++++++++++++++++++++++



နှုတ်ခမ်းသားလေးများ ဆွဲဆောင်မှု ပိုရှိစေဖို့…
ချစ်တဲ့သူကို ဆွဲဆောင်နိုင်တဲ့အချက်တွေထဲမှာ နှုတ်ခမ်းလေးလည်းပါဝင်ပါတယ်။
ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေကြောင့် ဆွဲဆောင်မှုတွေ
 လျော့နည်းစေတယ်ဆိုတာ သင်သိပါတယ်။
ဆွဲဆောင်မှုတွေ ရှိစေဖို့ နှုတ်ခမ်းသားတွေ စိုပြည်တင်းရင်းအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။
အဲဒီလိုမဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းအချို့ရှိပါတယ်။
တစ်နေ့ကို ရေ ရှစ်ခွက် သောက်ပေးပါ။
ရေဓာတ်နည်းရင် နှုတ်ခမ်းသားတွေ ခြောက်သွေ့ ကွဲအက်စေပါတယ်။
ညဘက်မှာ နှုတ်ခမ်းဆိုးဆေးအဆီကို လိမ်းပေးပါ။
သံလွင်ဆီကိုလည်း နှုတ်ခမ်းဆိုးဆေးအစား အသုံးပြုနိုင်ပါတယ်။
နေရောင်ခြည်ကို ကာကွယ်နိုင်စွမ်းရှိတဲ့ နှုတ်ခမ်းဆိုးဆေး(SPF)ကို အသုံးပြုပါ။
နှုတ်ခမ်းသား ခြောက်သွေ့လွန်းနေတယ်ဆိုရင်တော့ (Lip Balm) ကို
နှုတ်ခမ်းဆိုးဆေးအပေါ်မှ  ထပ်ဆိုးပေးပါ။
ရက်လွန်နှုတ်ခမ်းနီတွေကို အသုံးမပြုပါနဲ့။
နှုတ်ခမ်းသားကို လျှာနဲ့လျက်တာမျိုး၊ တံထွေးဆွတ်တာမျိုးတွေ မလုပ်ပါနဲ့။

အာရောဂျံ မဂ္ဂဇင်းမှ…


Wednesday, September 12, 2012

"ယောကျာ်းဆိုတဲ့ ယောကျာ်း…"




တစ်နေ့တွင်
သွားအထူးကုဆရာဝန် မောင်မောင်သော်တာ
 ထံဖုန်းဝင်လာတယ်။

++++++++++++++++++

ယောက်ျားတစ်ဦးရဲ့အသံ

“ဆရာ……ဆရာဆီမှာသွားနှုတ်ရင်
ဘယ်လောက်ကုန်မလဲ”

ဆရာဝန် မောင်မောင်သော်တာက ပြန်ဖြေတဲ့အသံ။

“အကောင်းဆုံးနှုတ်မယ်ဆိုရင်တော့ ဒေါ်လာ ၂၀၀ ပါ”

ဖုန်းဆက်သူက ဆက်မေးပါတယ်။

“ဒီထက်နည်းတာရှိသေးလားဆရာ”

သွားဆရာဝန် မောင်မောင်သော်တာက ဖြေပါတယ်။

“အင်းဒီထက်ဈေးနည်းတာဆို ထုံဆေးမထိုးဘူး။ 
 နည်းနည်းတော့နာမယ် 
 ဒေါ်လာ၁၅၀ ကျမယ်”
ဖုန်းဆက်သူ ယောကျာ်းက
“ဒီထက်နည်းတာရှိသေးလား” 
လို့ဆက်မေးပါတယ်။

ဆရာဝန် မောင်မောင်သော်တာက လူနာနည်းနေချိန်မို့
စိတ်ရှည်လက်ရှည်ဖြေပေးနေပါတယ်။

“ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ်။
စိတ်တော့ချရပါတယ်။
ဒေါ်လာ ၁၀၀ နဲ့ ရမယ်”

ဖုန်းဆက်သူ ယောကျာ်းက ဆက်မေးပြန်ပါတယ်။

“ဒီထက်နည်းတာရှိသေးလား”

သွားဆရာဝန် မောင်မောင်သော်တာ က စိတ်တိုချင်လာတယ်။
သွားနှုတ်သူဖောက်သည်လိုချင်တာကြောင့် 
စိတ်လျော့ပြီး ဟန်ဆောင်ဖြေနေပါတယ်။
“ဒီထက်နည်းချင်ရင်တော့ ဒရ၀မ်နဲ့နှုတ်မယ်။
တော်တော်တော့နာမယ်။
သွေးနည်းနည်းပိုထွက်မယ်။
လက်ရာလည်းမကောင်းဘူး။
                                                 ဒေါ်လာ ၅၀ နဲ့ရမယ်”                                                

ဖုန်းဆက်သူယောကျာ်းက အားနာသွားဟန်ဖြင့် ဆက်ပြောပါတယ်။

“ဒီထက်နည်းတာတော့ မရှိတော့ဘူးပေါ့နော်”

သွားဆရာဝန် မောင်မောင်သော်တာက 
စိတ်ဓာတ်ကျတဲ့လေသံနဲ့
“အင်း…”

ဖုန်းဆက်သူ ယောကျာ်းက အပီအပြင်ဆုံးဖြတ်ထားတဲ့လေသံနဲ့
“ဒါဆို အဲဒီ ဒရဝမ်နဲ့ပဲ နှုတ်မယ်ဆရာ
ခဏနေရင် ကျနော့်မိန်းမကိုလွှတ်လိုက်ပါ့မယ်”

ဆရာဝန် မောင်မောင်သော်တာက
 စိတ်မသက်မသာနဲ့
“အင်း………..”



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com