Sunday, September 9, 2012

"အမေ့ထံသို့ ပေးစာများ-၅၄..."


သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
မနေ့က ကျနော်တို့နေတဲ့ မစ်ချီဂန်မှာ မိုးရွာတယ်။
မိုးက သည်းသည်းမဲမဲ ရွာတာ။
တစ်နေကုန်နီးပါးလောက်ကို ရွာတာ။
မိုးရွာပြီ ဆိုတာနဲ့ရာသီဥတုက ချက်ချင်းဆိုသလို အေးစိမ့်လာတယ်။
ရာသီဥတု ပြောင်းနေပြီလား။
ဟိုတုန်းက ဆိုရင် ည ၉း၃၀-နာရီလောက်မှ မိုးချုပ်တယ်။
အခုဆိုရင် ည ၈း၃၀-နာရီဆိုရင် မိုးချုပ်နေပြီ။
နေ့တာက တဖြည်းဖြည်း တိုလာတယ်။
ညတာ ရှည်လာတဲ့သဘော။
ဒီလိုဆိုရင် မသိမသာ ဆောင်းရာသီကို ဝင်လာတယ်လို့
ဆိုရမလိုလို။
ဘာမှမတည်မြဲဘူးဆိုတာကို သိပါတယ်။
နွေပြီးရင်ဆောင်း၊
ဆောင်းပြီးရင်….
ရာသီတွေ ပြောင်းသလို အရာရာလည်းပြောင်းနေတာပါပဲ။
ပြောင်းလဲမှုကို လက်ခံနိုင်အောင် ကြိုးစားဖို့သာလိုပါတယ်။

++++++++++++++++++++++++++++++++++++++


အမေရိကန်မှာတော့ အသားတွေစွတ်စွတ်ဖြူနေတဲ့ အဖြူနဲ့
သပိတ်ရောင် မည်းတူးနေတဲ့ အမည်းဆိုတဲ့လူမျိုးနှစ်မျိုးကို အဓိကတွေ့ရတယ်။
ကျနော်တို့နေတဲ့နေရာမှာတော့ ဆန့်ကျင်ဖက်အသားအရောင်ဖြစ်တဲ့အဖြူနဲ့အမည်း
တွေ သွေးနှောမှု အလွန်များလှတယ်။
အဖြူယောကျာ်းက အမည်းမိန်းမကို ယူတာတွေ့ရသလို
အဖြူမိန်းမက အမည်းယောက်ျားနဲ့အိမ်ထောင်ပြုကြတာလည်း တွေ့ရတယ်။
အများစုကတော့ အဖြူရောင်မိန်းမလေးတွေက အမည်းရောင်ယောက်ျားကို အိမ်ထောင်ပြုတာ
ပိုတွေ့ရတယ်။ ဘာကြောင့်လဲလို့ တိတိကျကျ မပြောနိုင်ပေမယ့် ဖြစ်နိုင်ချေကတော့
ငွေကြေးကြောင့်လို့ပြောရမယ်ထင်တယ်။
အောင်မြင်တဲ့အားကစားသမားတွေ အများစုက အမည်းယောက်ျားတွေဖြစ်နေတယ်။
သူတို့ရဲ့ဝင်ငွေက တစ်နှစ်ကို သန်းနဲ့ချီပြီးဝင်နေတယ်။
သူတို့က သန်းကြွယ်သူဋ္ဌေးတွေ။
ကွမ်းထောင်ကိုင် အလှပဂေးတွေဖြစ်တဲ့ ပန်းဖွားအက ကောင်မလေးတွေကို
စိတ်ကြိုက်ရွေးပြီယူထားလေသလားလို့တောင် တွေးမိတယ်။
အချို့အတွဲတွေဆိုရင် တော်တော်ကို ကြည့်မကောင်းတာ။
မလိုက်ဖက်တာကိုပြောတာပါ။
အမျိုးသမီးကအဖြူ။ အသားရောင်က ဖြူဖွေးနုနေတယ်။
လှလိုက်တာလည်း ပြောစရာမရှိဘူး။
မယ်ဘွဲ့ရထားသလားတောင် အောင်းမေ့ရတယ်။
အမျိုးသားက အမည်း။ ဘောင်ဘီပွပွကို ဖင်မပေါ့်တစ်ပေါ်ဝတ်ထားလိုက်သေးတယ်။
လမ်းလျှောက်တာက ကွတတ။
ဥမ္မာဒန္နီ နဲ့ မြောက်ဝံ ညားနေသလိုပဲ။
ကလေးတွန်းလှည်းနဲ့ လာတယ်ဆိုတော့ သားသမီးတွေ တောင်ရနေကြပြီ။
အဲဒါက မကြာခဏတွေ့နေရတဲ့မြင်ကွင်းဖြစ်နေပါပြီ။
ကျနော့်အဖို့တော့ မကြာခဏတွေ့ရပေမယ့် ရိုးမသွားဘူး။
ထူးဆန်းနေတုန်းပဲ။
ယောကျာ်းဖက်က ကြည့်တော့ တော်တော် ကံကောင်းတဲ့အကောင်။
ဖိုးကံကောင်းပေါ့လေ။
မိန်းမဖက်က ကြည့်တော့ ယူစရာ တော်တော်ရှားသလား။
အပျိုကြီးလုပ်ပါတော့လားလို့တောင်တွေးဖြစ်တယ်။
ဘာဘဲပြောပြော
ကောင်းတာတွေလည်း ရှိပါတယ်။
မျိုးရိုးဗီဇ သဘောတရားအရ ပြောရင် သွေးနှောတဲ့ အဲဒီကလေးတွေက ပိုထက်မြက်တယ်။
ဥာဏ်ပိုကောင်းတယ်။ ပိုပြီးထူးချွန်တယ်။
ဥပမာပြောရရင် သမ္မတ အိုဘားမားကိုကြည့်။
သူ့အမေက အသားအရောင် စွတ်စွတ်ဖြူနေတဲ့ အဖြူအမျိုးသမီး။
သူ့အဖေက အသားအရောင် စွတ်စွတ်မည်းနေတဲ့ အမည်းအမျိုးသား။
အဲဒီ ဆန့်ကျင်ဖက် အဖြူနဲ့အမည်း အိမ်ထောင်ကျကြတော့ အိုဘားမားလေး မွေးတယ်။
အဲဒီအိုဘားမားဟာ အမေရိကန်ရဲ့ပထမဆုံး လူမည်း သမ္မတ ဖြစ်လာတယ်။
အခု လက်ရှိသမ္မတပေါ့။
သားသမီးတွေ ကောင်းစားရေးအတွက်
အဖြူအမျိုးသမီးတွေက အနစ်နာခံတယ်လို့တွေးရမလိုလို။

++++++++++++++++++++++++++++++++++++++


ကျနော် လုပ်နေတဲ့ စားသောက်ဆိုင်တစ်ခုဟာ
တစ်နေ့ထက်တစ်နေ့ ရောင်းကောင်းသထက် ရောင်းကောင်းလာပါတယ်။
ကျနော်က ရှေ့ဖက်ဆိုဒ်မှာ တစ်ပတ် သုံးရက်။
ရှေ့ဖက်ဆိုဒ်က အဓိကအလုပ်ကတော့ အရောင်းပေါ့။
နောက်ဖက်ဆိုဒ်မှာ တစ်ပတ် သုံးရက်။
နောက်ဖက်ဆိုဒ်ကတော့ အချက်အပြုတ်ပေါ့။
စားဖိုမှူးအလုပ်ဆိုပါတော့လေ။
အမေပြောခဲ့ဖူးတဲ့စကားကို သားမှတ်မိသေးတယ်။
“စားသုံးသူ ပထမဆုံးစားဖို့ဆိုတာ ဝန်ဆောင်မှုကောင်းမှ။
နောက်တစ်ကြိမ်လာစားတာဟာ အစားအသောက်ကောင်းမှ။
ဆိုင်တစ်ဆိုင် တိုးတက်လာတာဟာ နှစ်ခုစလုံးကောင်းမှ။
ဝန်ဆောင်မှုကောင်းရင် မိတ်ဆွေသစ်တွေ တိုးစေတယ်။
အစားအသောက်ကောင်းရင် မိတ်ဆွေဟောင်းတွေ တိုးစေတယ်။
မိတ်ဆွေသစ်၊မိတ်ဆွေဟောင်း နှစ်မျိုးစလုံးတိုးတက်နေမှ ဆိုင်တစ်ဆိုင်
တိုးတက်လာတယ်လို့ပြောနိုင်မယ်။
အဲ…ခိုင်မြဲတဲ့ တိုးတက်မှုလိုချင်ရင်တော့ တည်ငြိမ်တဲ့ စီမံခန့်ခွဲမှု ရှိဖို့လိုတယ်” တဲ့။
အမေ့စကားဟာ မှန်တယ်။
အဲဒါအကြောင်းနှစ်ချက်ကြောင့် ကျနော်တို့ဆိုင် တစ်နေ့တခြား ရောင်းကောင်းလာတယ်။
ဒါပေမယ့် ဒီမှာ အရောက်ကြာနေပြီဖြစ်တဲ့လူတွေက
ဆိုင်တစ်ဆိုင်ရောင်းကောင်းတာဟာ အစားအသောက်ကောင်းတာ
အဓိကလို့ မှတ်ယူထားတာကို အံ့သြမိပါတယ်။
ဝန်ဆောင်မှုကို နားမလည်တာလား။ မသိတာလား။
အချို့ဆိုရင် ကြားဖူးမယ်တောင် မထင်ဘူး။
အမေပြောတဲ့ တည်ငြိမ်တဲ့ စီမံခန့်ခွဲမှုကတော့ ကျနော်တို့ဆီမှာ  မရှိသေးတာကို
သတိထားမိတယ်။
ဘာဘဲဖြစ်ဖြစ် ကိုယ်ပါဝင်တဲ့အခန်းဂဏ္ဍမှာ သိသိသာသာ တိုးတက်လာတာကို
ကျေနပ်မိပါတယ်။
အမေ ဆုံးမခဲ့တဲ့အတိုင်းပါပဲ။
“ကိုယ်လုပ်နိုင်တဲ့အလုပ်ကို အကောင်းဆုံးလုပ်ဖို့နဲ့
ရိုးရိုးသားသား လုပ်ဖို့ ဘယ်တော့မှ မမေ့နဲ့”ဆိုတဲ့အတိုင်း
ကျနော်တို့လင်မယားတွေ ကြိုးစားပြီးလုပ်နေကြပါတယ်။

++++++++++++++++++++++++++++++++++++++


အမေရေ…
အလုပ်ပင်ပန်းတာကြောင့် အိမ်ရောက်ရင် အိပ်ချင်တာက များနေတယ်။
ဒါကြောင့် တရားမထိုင်ဖြစ်တာတောင်တော်တော်ကြာသွားပြီ။
တရားမထိုင်ဖြစ်တော့ တရားထိုင်လို့ ရတဲ့ငြိမ်းချမ်းမှုကိုလည်း
မရတာ ကြာလှပါပြီ။
မဖြစ်သင့်မှန်းသိပေမယ့် လက်ရှိကတော့ ဖြစ်နေတယ်။
မြန်မာပြည်မှာဆိုရင် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်တော့
ဘယ်လောက် အလုပ်များများ တရားထိုင်ဖြစ်တယ်။
တရားထိုင်ဖြစ်တော့ တရားထိုင်လို့ရတဲ့ငြိမ်းချမ်းမှုကို ရသလို
အလုပ်မှာ ဖြစ်ပေါ်လာတဲ့ပြဿနာတွေ၊အခက်အခဲတွေကို
ဖြေရှင်းတဲ့အခါမှာလည်း တည်ငြိမ်တဲ့၊ငြိမ်းချမ်းတဲ့စိတ်နဲ့
ဖြေရှင်းနိုင်တယ်။
စိတ်အေးချမ်းတဲ့အခါ နည်းလမ်းကောင်းတွေလည်း ရှာဖွေနိုင်တာပေါ့။
အခုတော့…အဲဒီလို မဟုတ်ဘူး။
လူနဲ့မတူတော့ဘူး။ စက်ရုပ်နဲ့တူနေသလားမသိပါဘူး။
ငွေကြေးအတွက် အကုပ်ကုပ် အလုပ်လုပ်နေတဲ့စက်ရုပ်။
အမေက ဘာဘဲဖြစ်ဖြစ် အမှန်အတိုင်းသာပြောပါဆိုလို့
ပြောလိုက်တာပါ။
ဒီနေ့အဖို့တော့ ဒီလောက်ပါပဲအမေရယ်။
အမေ့ကိုချစ်တဲ့သား
အောင်ဝင်းဟိန်း
လန်စင်းမြို့၊(Great Lansing)
မစ်ချီဂန်ပြည်နယ်၊ (Michigan)
အမေရိကန်နိုင်ငံ၊(America)

++++++++++++++++++++++++++++++++++++++


Saturday, September 8, 2012

"မုန်းတဲ့လူတွေကို ကိုက်ပစ်မယ်..."



တစ်ခါတုန်းက ခင်မောင်ထွန်းဆိုသူကို ခွေးရူးတစ်ကောင်က ကိုက်လိုက်တယ်။
ဒီတော့ ခင်မောင်ထွန်းက ဆေးရုံကို သွားပြပါတယ်။
ဆေးရုံက ခွေးရူးနဲ့ပတ်သက်တဲ့ဆေးတစ်လုံး ထိုးပေးလိုက်ပါတယ်။
သူဟာ အိမ်ပြန်ရောက်တဲ့အခါ စာရွက်အလွတ်တစ်ခုကို ယူပြီး တစ်ခုခုကို
ရေးနေပါတယ်။
ဒါကို ခင်မောင်ထွန်းရဲ့မိန်းမက မြင်တော့ စိတ်ပူပူနဲ့မေးလိုက်ပါတယ်။
“လူနာလို နားနားနေနေ နေတာ မဟုတ်ပဲနဲ့ ရှင် ဘာတွေ ရေးနေတာလဲတော်”
ခင်မောင်ထွန်းပြန်ပြောလိုက်တာက…
“ငါ အခုထိုးလာခဲ့တဲ့ခွေးရူးဆေးရဲ့အာနိသင် မပြခဲ့ရင်
လိုက်ကိုက်ရမယ့်လူတွေရဲ့နာမည်စာရင်းကို ပြုစုနေတာဟေ့”

"Thanks a lot..."





အတွေးတွေကို သတိထားပါ။
သူတို့ဟာ စကားလုံးဖြစ်လာတယ်။
စကားလုံးတွေကို သတိထားပါ။
သူတို့ဟာ အပြုအမူတွေ ဖြစ်လာတယ်။
အပြုအမူတွေကို သတိထားပါ။
သူတို့ဟာ အလေ့အကျင့်တွေ ဖြစ်လာတယ်။
အလေ့အကျင့်တွေကို သတိထားပါ။
သူတို့ဟာ စရိုက် ဖြစ်လာတယ်။
စရိုက်ကို သတိထားပါ။
သူတို့က ကံကြမ္မာ ဖြစ်လာတယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ့်အတွေးတွေရဲ့ အရည်အသွေးပေါ်မှာ မူတည်ပါတယ်။
စိတ်ချမ်းသာအောင် တွေးတတ်တဲ့သူဟာ စိတ်ချမ်းသာတယ်။
ကောင်းတာတွေကို လုပ်နေတယ်။
နောက်လည်း ပိုကောင်းတာတွေကို လုပ်နိုင်သေးတယ်လို့ မြင်တဲ့သူဟာ
အလုပ်လုပ်ရတာ ပျော်တယ်။
နေရတာ ပျော်တယ်။
သူများငါ့ကို အထင်ကြီးသလား အထင်သေးသလား ဆိုတာကို
မတွေးပဲ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်တဲ့သူဟာ
အောင်မြင်တယ်။

++++++++++++++++++++++++++++++++++++

ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ့်ကို စားစရာတစ်ခု ကျွေးတဲ့အခါ
နှစ်နှစ်သက်သက် ပျော်ပျော်ရွှင်ရွှင် စားလိုက်ရင် နောက်တစ်ခါလည်း
ကျွေးချင်မှာပဲ။
မကောင်းဘူး မစားချင်ဘူးဆိုပြီး မစားပဲနေရင် နောက်တစ်ခါ ကျွေးချင်စိတ်
မရှိတော့ဘူး။ အားရဝမ်းသာ စားရင် ပိုကျွေးချင်တယ်။
အဲဒီလိုပဲ ကိုယ့်မှာ ရထားတာ ရှိနေတာကို ဝမ်းသာရင် နောက်ထပ်ရဖို့
အလားအလာ ပိုများတယ်။
တင်စားပြီးပြောရရင် သဘာဝတရားဟာ ကျေးဇူးသိတတ်သူကို ပိုပေးတယ်
ဘာရရ မကောင်းသေးဘူး ဆိုပြီး မကျေမနပ်ဖြစ်နေရင် ရဖို့ ပိုခက်လာတယ်။

++++++++++++++++++++++++++++++++++++


မျက်စိမြင်နေရတာ ကျေးဇူးတင်တယ်။
နားကြားနေရတာ ကျေးဇူးတင်တယ်။
လက်တွေ ခြေတွေ ကောင်းနေတာ ကျေးဇူးတင်တယ်။
စကားပြောနိုင်တာ ကျေးဇူးတင်တယ်။
သစ်ပင်တွေမှာ ရွက်နုတွေ ထွက်နေတာ ကျေးဇူးတင်တယ်။
မိဘတွေကို ကျေးဇူးတင်တယ်။
ဆရာ ဆရာမတွေကို ကျေးဇူးတင်တယ်။
မိတ်ဆွေတွေကို ကျေးဇူးတင်တယ်။
တစ်နေ့တာလုံး အဲဒီလို ကျေးဇူးတင်တယ်ဆိုတာကို စိတ်ထဲမှာ ပြောနေပါ။
စမ်းကြည့်စမ်းပါ။
ကိုယ့်ဘဝ ဘယ်လို ထူးခြားလာသလဲဆိုတာ တွေ့ရမယ်။
ပထမဆုံးရမယ့်အကျိုးက စိတ်ချမ်းသာမှုပဲ။

++++++++++++++++++++++++++++++++++++

သုတေသနပြုချက်အရ စိတ်အချမ်းသာဆုံးလူတွေဟာ များများရှိတဲ့သူတွေ မဟုတ်ဘူးတဲ့။
များများ ကျေးဇူးတင်တဲ့သူတွေတဲ့။
ကျေးဇူးတင်လို့ စိတ်ချမ်းသာတယ်။
ကျေးဇူးတင်လို့ နောက်ထပ်လည်း ရလာတယ်။
ကျေးဇူးတင်တယ်ဆိုတာ ရှိနေတာကို ဝမ်းသာတာလို့လည်း ပြောလို့ရတယ်။
ဝမ်းသာတတ်တဲ့သူက ပိုရတယ်။

++++++++++++++++++++++++++++++++++++


Saying thank you is more than good manners.
It is good spirituatity.
ကျေးဇူးတင်ပါတယ် လို့ ပြောတာဟာ ယဉ်ကျေးတဲ့အမူအရာ ဖြစ်ရုံမကပါဘူး။
အင်မတန်ကောင်းမွန်တဲ့ မြင့်မြတ်တဲ့ အကျင့်လည်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++

ရှိနေတာကို အသိအမှတ်ပြုနိုင်ရင် အသိအမှတ်ပြုစရာတွေ နောက်ထပ်ရလာမယ်။
ရှိတာကို ဝမ်းသာရင် ဝမ်းသာစရာတွေ နောက်ထပ်ရှိလာမယ်။
ကောင်းတာကို ရှာကြည့်ပါ။
ပြီးတော့ အသိအမှတ်ပြုပါ။ ချီးမွမ်းပါ။

++++++++++++++++++++++++++++++++++++


ကျေးဇူးတင်တတ်လာတဲ့အခါ ကျေးဇူးတင်စရာတွေကို ပိုမြင်လာတယ်။
ကိုယ်က ကျေးဇူးတင်တတ်လာတဲ့အခါ ကိုယ့်ကို လူတွေက အကူအညီပေးတာ
ပိုများလာတယ်လို့ ထင်တယ်။
လူတွေက ငါ့အပေါ် ဘာဖြစ်လို့ ဒါလောက်သဘောကောင်းကြတာလဲလို့ တွေးမိတယ်။
ကိုယ်က အခုမှ သတိထားမိလို့ ဖြစ်မှာပါ။
လူတွေက အရင်ကလည်း စေတနာကောင်းတာ ဖြစ်မယ်။
ကိုယ်က အခုမှ တန်ဖိုးထားတတ်လို့ မြင်တာ ဖြစ်မယ်။
ကိုယ့်တန်ဖိုးထားတာကို ပိုမြင်တတ်တာ သဘာဝပါပဲ။

++++++++++++++++++++++++++++++++++++
ကျေးဇူးသိတတ်တဲ့သူဟာ ကိုယ်ရလိုက်တာထက်ပိုပြီး ပြန်ပေးဖို့ ကြိုးစားတယ်။

++++++++++++++++++++++++++++++++++++
တရားအားထုတ်လို့ စိတ်ချမ်းသာတာဟာ တခြားနည်းနဲ့ စိတ်ချမ်းသာတာနဲ့မတူဘူး။
ပြောပြလို့ မရဘူး။
ကိုယ်တွေ့ကြုံရမှ သိမယ်။
ဒါကြောင့် လေးလေးစားစား စံနစ်တကျ လေ့လာမှ ဖြစ်မယ်။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာချင်ရင် ကျေးဇူးတင်တတ်တဲ့စိတ်၊ ရောင့်ရဲတဲ့စိတ် ရှိဖို့လိုတယ်။
ကိုယ့်အတွေးတွေက ကိုယ့်ကို စိတ်ချမ်းသာအောင်လုပ်သလို စိတ်ဆင်းရဲအောင်လည်း လုပ်တယ်။
ဒါကြောင့် ဘာတွေ တွေးနေသလဲဆိုတာ သိမှဖြစ်မယ်။

++++++++++++++++++++++++++++++++++++
ခွင့်လွှတ်နိုင်တဲ့စိတ်ကို လေ့ကျင့်မယ်။
သူ့နေရာကနေ တွေးကြည့်မယ်။
ဝေဖန်တာ အပြစ်တင်တာကို တတ်နိုင်သလောက် မလုပ်မိအောင် သတိထားမယ်။
တစ်ဖက်သတ် အထင်လွဲတတ်တဲ့အကျင့်ကို ဖျောက်မယ်။
သူ့အကြောင်း အတိအကျ မသိရင် သူ့အကြောင်း ကောင်းတာတွေကို တွေးမယ်။

++++++++++++++++++++++++++++++++++++


ငါ့သဘောထားဟာ ငါ့တာဝန်ပဲ။
ငါ မှန်တယ် သူမှားတယ် ဆိုတာထက် စိတ်ချမ်းသာမှုက ပိုအရေးကြီးပါတယ်။

++++++++++++++++++++++++++++++++++++
သူ့စိတ်ကို ငါ လွှမ်းမိုးလို့ မရဘူး။
ငါ့စိတ်တိုင်းကျ သူနေမှ ငါ စိတ်ချမ်းသာမယ်ဆိုရင် ငါ့သဘောထားဟာ မှားနေပြီ။
ငါ မတတ်နိုင်တဲ့ကိစ္စကို စိတ်ပင်ပန်းခံပြီး ဆက်မတွေးတော့ဘူး။

++++++++++++++++++++++++++++++++++++
တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်း နေမယ်။
သဘာဝကျကျ အကြောင်းအကျိုး ကိုက်အောင် စဉ်းစားမယ်။
သဘာဝမကျတာတွေကို ယုံပြီးတော့ အလုပ်ပိုတွေ မလုပ်ဘူး။
စိတ်ဆင်းရဲမခံဘူး။

++++++++++++++++++++++++++++++++++++
ဖြစ်နိုင်တာကို လုပ်မယ်။
မဖြစ်နိုင်တာကို တွေးပြီး အချိန်ကုန်မခံဘူး။ စိတ်ပင်ပန်းမခံဘူး။
စိတ်ဆင်းရဲမှုဟာ နောက်ထပ် စိတ်ဆင်းရဲမှုကိုပဲ ဖြစ်စေတယ်။
ကြာကြာ စိတ်ဆင်းရဲခံရင် စိတ်ချမ်းသာလာမယ်လို့ မထင်ဘူး။
စိတ်ချမ်းသာမှုဟာ နောက်ထပ်စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။
ဒါကြောင့် ကြာကြာ စိတ်ချမ်းသာလေ ကောင်းလေပဲ။

++++++++++++++++++++++++++++++++++++
စိတ်ဆင်းရဲနေရင် အကောင်းဆုံးဥာဏ် မထွက်ဘူး။
အကောင်းဆုံးကို မရွေးနိုင်ဘူး။
စိတ်ဆင်းရဲနေတုန်းမှာ ပြဿနာကို ဖြေရှင်းရင် အကောင်းဆုံး မဖြစ်နိုင်ဘူး။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာနေတာဟာ နေလို့ကောင်းတယ်။
စိတ်ဆင်းရဲနေတာဟာ ပင်ပန်းတယ်။
စိတ်ပင်ပန်းဆင်းရဲနေရင် ငါ့စိတ်ဟာ နေရာမှားနေပြီ လို့ နားလည်ပါ။
သူမသွားသင့်တဲ့နေရာကို သွားနေပြီ။

++++++++++++++++++++++++++++++++++++
အခက်အခဲကိုတော့ အဆင်အပြေဆုံးဖြစ်အောင် လုပ်သင့်တာလုပ်ပြီး ဖြေရှင်းမယ်။
ဒါပေမယ့် ဒေါသနဲ့ မဖြေရှင်းဘူး။
စိတ်ညစ်နေတဲ့နည်းနဲ့ မဖြေရှင်းဘူး။
စိတ်ဓာတ်ကျနေတဲ့ နည်းနဲ့ မဖြေရှင်းဘူး။

++++++++++++++++++++++++++++++++++++
စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက)စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

++++++++++++++++++++++++++++++++++++
ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၀၉…



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com