Sunday, August 26, 2012

"အမေ့ထံသို့ ပေးစာများ-၅၁..."



သို့
ချစ်တဲ့အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
အမေဆီကို သားစာမရေးဖြစ်တာတောင် အတော်ကြာသွားပြီ။
အမေဆီကို စာရေးချင်စိတ်က ဖြစ်နေတာ ခဏခဏပါပဲ။
ဒါပေမယ့် အလုပ်က တစ်နေ့လုံးလိုလို ဖြစ်နေတာမို့ မရေးဖြစ်ဘူး။
အိမ်ပြန်ရောက်တော့လည်း ပင်ပန်းတာကြောင့် စိတ်ကူးတွေကို ပြန်ဖမ်းမရတာကြောင့်
မရေးဖြစ်ပြန်ဘူး။
တစ်ပတ်တစ်ရက် ပိတ်ရက်ရပြန်တော့လည်း တစ်ပတ်လုံးလုံး ပင်ပန်းမှုကြောင့်
မရေးဖြစ်ပြန်ပါဘူး။
အခု မရေးရင် နောင်ဘယ်တော့မှ ရေးနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အတွေး
ပေါ်လာတော့မှ ရေးဖြစ်အောင် ကြိုးစားပြီးရေးလိုက်ပါတယ်။
ဟုတ်တယ်အမေ။
ခံစားချက်ဆိုတာ ပေါ်လာတုန်း ဖမ်းဆုပ်နိုင်ရင် ဖမ်း။
မဖမ်းဆုပ်နိုင်ရင် ပျောက်ကွယ်သွားတဲ့အရာပဲလေ။
ဘာမြဲတာ ရှိလို့လဲဆိုတဲ့ အမေရဲ့စကားအတိုင်းပါပဲ။
နောင်တွေးပြီး ရေးဦးတော့ အကြောင်းကိုသာ ဖမ်းဆုပ်နိုင်မယ်။
ခံစားချက်ကိုတော့ ဖမ်းနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။
အမေ့ကို ရင်ဖွင့်ရဦးမယ်။
အခုလုပ်နေတဲ့ စားသောက်ဆိုင်လုပ်ငန်းကိုလုပ်နေတာ (၆)တောင် ကျော်ပြီ။
လုပ်ငန်းကိုတော့ ကျွမ်းကျင်လာပါတယ်။
စားသုံးသူ တွေရဲ့သဘောလည်း သိလာပါတယ်။
တတ်သိနားလည်မှုတွေလည်း သိသိသာသာ တိုးလာပါတယ်။
ဒါပေမယ့် ကျန်းမာရေးကတော့ ကျ ကျလာတယ်။
အရင်ဆုံးဖြစ်တာက နှာခေါင်းထဲကသွေးစသွေးနတွေ မကြာမကြာ ထွက်တယ်။
ဆရာဝန်ဖြစ်ခဲ့ဖူးတော့ အတွေးက အဆုံးအစမရှိ တွေးဖြစ်တယ်။
အသိက အဆိုးဆုံးတွေကို သိနေတော့ ကြောက်တဲ့စိတ် ဖြစ်လာတယ်။
မီးဖိုချောင်မှာ လုပ်ရတော့ အနံ့အသက်ပေါင်းစုံနဲ့တွေ့ထိနေရတယ်။
အဆိုးဆုံးက ဓာတုဆေးတွေပဲ။
အဲဒီအနံ့အသက်ရရင် အသက်ရှုရကြတ်လာတယ်။
အအေးခန်းထဲဝင်ပြီး အသက်ကို ဝဝလင်လင်ရှုရတာလည်း ခဏခဏပါပဲ။
နောက်တစ်ခုက အဆစ်အမြစ်တွေ ကိုက်ခဲလာတာပါပဲ။
အခုလောလောဆယ်ဖြစ်နေတာကတော့ ဘယ်ဖက်လက်ကောက်အဆစ်ကိုက်ခဲနေတာပဲ။
သုံးပတ်လောက်ရှိတော့မယ်။
လူစားမရှိတော့ နားလို့လဲ မရဘူး။
အလေးအပင်တွေကလည်း အများကြီးမ, နေရတယ်။
နာနာနဲ့ လုပ်နေရတာပေါ့။
ဆိုင်ကလည်း တစ်နေ့ထက် တစ်နေ့ ရောင်းကောင်းလာတော့ အလုပ်ကလည်း များများလာတယ်။
စားသုံးသူတွေရဲ့တောင်းဆိုချက်ကြောင့် အလုပ်ကို လျော့လုပ်လို့မရဘူး။
ညှာလုပ်လို့မရဘူး။
နားလုပ်လို့ မရဘူး။
အလေးအပင်တွေကလည်း မမ, လို့မရဘူး။
အလေးအပင်တွေ မ တဲ့အခါ နှလုံးက မောလာတယ်။
အသက်အရွယ်ကြောင့် နှလုံးက မခံနိုင်တော့တဲ့ သဘောလားလို့တွေးဖြစ်တယ်။
မကြာခဏလည်း မူးလာတယ်။
ဖြစ်သမျှတွေကို အားလုံးပြောရင် အမေစိတ်ရှုတ်တော့မယ်။
အမေထက်တောင် ရောဂါတွေ များနေပြီးလားတောင် မသိပါဘူးအမေရယ်။
ဒီလိုဆိုရင် ဒီအလုပ်ကို "မလုပ်နဲ့တော့" လို့ အမေပြောလာမယ်ဆိုတာ သိပါတယ်။
ငွေနဲ့ကျန်းမာရေးလဲလှယ်ရတာ မတန်မှန်းလည်း သား သိပါတယ်။
ဒါပေမယ့် အခုလောလောဆယ် အမေရိကန်မှာက အလုပ်တွေ ရှားပါးနေတယ်။
အလုပ်တစ်ခုက ထွက်သွားပြီး နောက်အလုပ်တစ်ခု ရဖို့ဆိုတာ ခက်ခဲမှန်း
ကာလီဖိုးနီးယားမှာ ကတည်းက အတွေ့အကြုံအရ သိနေပါပြီ။
မိန်းမကတော့ သူ လုပ်ကျွေးမယ်။ အလုပ်က ထွက်ဖို့ပြောရှာပါတယ်။
ကျနော်တို့မှာလည်း ရည်မှန်းချက်က ရှိနေတယ်။
ငွေစုပြီး လုပ်ငန်းတစ်ခုလုပ်ဖို့။
ဒီတော့ တစ်ယောက်အားနဲ့လုပ်တာထက် နှစ်ယောက်အားနဲ့လုပ်တာက
ပိုမြန်နိုင်တာမို့ အလုပ်ကို ကြိတ်မှိတ်လုပ်နေရတာပါ။
ဒီမှာက အလုပ်ရှိမှ ငွေရှိတယ်။
အလုပ်က ငွေဖြစ်နေတဲ့နေရာ။
ငွေဟာ အရာရာကို အဆုံးအဖြတ်ပေးနေတဲ့နေရာဖြစ်နေတာမို့
ရွေးချယ်လမ်းက များများစားစားမရှိလှဘူး။
မလုပ်ချင်လည်း လုပ်။
မလုပ်နိုင်လည်း လုပ်။
ငွေလိုချင်ရင် လုပ်ဆိုသလို ဖြစ်နေတယ်။
ကဲ…အမှန်အတိုင်းပြောလို့ အမေ စိတ်ညစ်နေမှာ စိုးလို့မပြောခဲ့တာတောင်
လပေါင်းများစွာ ကြာခဲ့ပြီ။
သိအောင် ပြောပြတာပါ။ ခံစားရအောင် ပြောတာမဟုတ်ပါဘူး။
ဒီရောက်ရင် ဒီလိုဖြစ်တာ ကျနော်တစ်ယောက်ထဲမဟုတ်ပါဘူး။
ပညာနဲ့လုပ်စားခွင့်မရရင် ကျနော်လိုပဲ ကြုံနိုင်ပါတယ်။
ငယ်ရွယ်ရင်တော့ ခံနိုင်တာပေါ့။
ကျနော့်အသိမိတ်ဆွေထဲမှာ ဒီနိုင်ငံက ဒေါက်တာဘွဲ့(PhD) ရပြီးတော့ သင့်တော်တဲ့အလုပ်
မရလို့ အလုပ်လက်မဲ့ဖြစ်နေသူတောင် ရှိတယ်။
သူ့မိသားစုက ကြောထောက်နောက်ခံလုပ်ပေးနိုင်တော့ ခံသာတာပေါ့။
အဲဒါတွေကိုတွေ့ထားတော့ အလုပ်ထွက်ဖို့ တော်တော်ခက်သွားတယ်။


အမေ မစ်ချီဂန်က ရာသီတွေ ပြောင်းစ ပြုနေပြီ။
နွေရာသီကုန်တော့မယ် ထင်တယ်။
မိုးတွေ မကြာမကြာ ရွာနေတယ်။
မိုးရွာပြီးရင် အေးလာတယ်။
မိုးရွာတော့ သစ်ပင်တွေလည်း စိမ်းလန်းစိုပြေနေတာပေါ့။
အခုချိန်ထိတော့ နေလို့ကောင်းတုန်းပါပဲ။
ဆောင်းကာလကတော့ တဖြည်းဖြည်း နီးလာပြီ။
ကျနော်တို့နေတဲ့နေရာဆိုရင် ဆီးနှင်းကျချိန်ဆိုရင် (၃၀)လက္မ အထိ ကျတတ်တယ်ဆိုပါလား။
ကြားရုံနဲ့တောင် ကျောချမ်းလာတယ်။
ကျနော်တို့က မစ်ချီဂန်ရဲ့မြိုတော် လင်စင်းမှာ နေနေတာပါ။
အဲဒါက တောင်ပိုင်းအခြမ်းထဲမှာပါတယ်။
မြောက်ပိုင်းမှာဆိုရင် ဆောင်းတွင်းမှာ ဆီးနှင်းတွေ ကျလာပြီဆိုရင်
(၁၆၀)လက္မ အထိ ကျတယ်လို့ မစ်ချီဂန်ဆိုတဲ့စာအုပ်မှာ ဖတ်လိုက်ရတယ်။
ငှက်တွေဆိုရင်တော့ ဆောင်းခိုတဲ့အနေနဲ့ သင့်တော်တဲ့နေရာကို
ပျံသန်းသွားကြပေမယ့် တောင်ပံမပါတဲ့ကျနော်တို့အဖို့
သင့်တော်တဲ့နေရာကို ဘယ်မှာသွား
 ဆောင်းခိုနိုင်ပါ့မလဲ။
ဘာဘဲဖြစ်ဖြစ် အတွေ့အကြုံသစ်တွေတော့ ရနိုင်တယ်လို့
အကောင်းဖက်က တွေးရတော့မှာပဲ။
ဒီမှာတော့ ဘာသာစကားက အရမ်းကို အရေးကြီးတယ်ဆိုတာ ထပ်ပြောလိုက်ဦးမယ်။
အမေ့ရဲ့မြေးတွေကို ဘာသာစကားတွေ သင်ကြားဖို့နဲ့ လေ့ကျင့်ဖို့
ထပ်ပြောလိုက်ပါအုန်း။
ဒီမှာက ဘာသာစကားကျွမ်းကျင်ရင် ပညာများများစားစားမတတ်ရင်တောင်
အလုပ်က လွယ်သေးတယ်။
ပညာဆိုတာလည်း အခြားနိုင်ငံက တတ်တဲ့ပညာကို သူတို့က 
အသိအမှတ်ပြုတာ မဟုတ်ပါဘူး။

ဒီနိုင်ငံက ရတဲ့ပညာမှ သူတို့က အသိအမှတ်ပြုတော့ ပညာသင်ကာလမှာ
ဒီနိုင်ငံရောက်တဲ့လူငယ်တွေအဖို့တော့ သိပ်ကံကောင်းတယ်လို့ ဆိုရမယ်။
ဘာကြောင့်ဆိုတော့ ဒီနိုင်ငံမှာ ကောင်းကောင်းစားရတယ်။
စားသောက်စရိတ်တွေက ဈေးပေါတယ်လေ။
ပြားစေ့(Cent) တွေနဲ့ ဈေးဝယ်လို့ရတုန်းပဲလေ။
တန်ဖိုးလည်း ရှိတယ်။
ကောင်းကောင်းဝတ်ရတယ်။
အဝတ်အစားတွေလည်း ဈေးပေါတာပဲ။
တစ်ရာသီလောက်နောက်ကျသွားတဲ့အဝတ်အစားဆိုရင်
အလကားနီးပါးလောက်ဈေးနဲ့ဝယ်လို့ရတယ်။
ကောင်းကောင်းနေရတယ်။
ဒါလည်း လူတိုင်းလူတန်းစေ့အောင် နေဖို့စီမံထားတဲ့စီမံကိန်းကြောင့်လား
မပြောတတ်ပါဘူး။
အကြွေးနဲ့ဝယ်ခွင့်ရရင် အိမ်ဝယ်စရိတ်နဲ့ အိမ်ငှားစရိတ်က
သိပ်မကွာတော့ဘူး။ အကြွေးသာ မှန်မှန်ဆပ်သွားရင် တစ်ချိန်ကျရင် အိမ်ပိုင်ဖြစ်ရော။
အိမ်တိုင်းလိုလိုကလည်း ဟော်တယ်လိုပါပဲ။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်လာတဲ့လူငယ်တွေအတွက်
လောကနိဗ္ဗာန်ပါပဲ။
ရောက်လာတဲ့ ဘယ်လူငယ်မှ မပြန်ချင်ကြဘူး။
ဒါပေမယ့် လူကြီးတိုင်းက ပြန်ချင်ကြတယ်။
အဲဒါ အမေရိကန်နိုင်ငံလို့ခေါ်ပါတယ်။
အမေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေနဲ့မိသားစုတွေအားလုံးနဲ့
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို
သတိရနေတယ်။
ချစ်တဲ့အမေရဲ့သား
အောင်ဝင်းဟိန်း
လန်ဆင်းမြို့(Lansing)
မစ်ချီဂန်ပြည်နယ်(Michigan)
အမေရိကန်ပြည်ထောင်စု(USA)။
၈-၂၆-၂၀၁၂

Friday, August 24, 2012

"မိန်းမ မဖြစ်နိုင်ဘူး…"




တစ်ခါတုန်းက ကိုအောင်သိန်းဟာ အိမ်ခန်းထဲက လှမ်းအော်ပြောလိုက်တယ်။
“ခင်ဥမ္မာရေ… မောင့် အိတ်ထောင်ထဲက ပိုက်ဆံကို သားငယ်ယူသွားပြီထင်တယ်”
ကိုအောင်သိန်းရဲ့မိန်းမဖြစ်သူ ခင်ဥမ္မာက
“ရှင်ကလည်း ဘာဖြစ်လို့ ကလေးကို စွပ်စွဲရတာလဲ။
စွပ်စွဲမယ့် စွပ်စွဲရင် ကျမကို စွပ်စွဲရောပေါ့တော်”
ကိုအောင်သိန်း ပြန်ပြောလိုက်တာက…
“အခုကိစ္စက မင်း မဖြစ်နိုင်ဘူးကွ၊
ပိုက်ဆံက တစ်ဝက်ကျော်ကျော် ကျန်သေးတယ်”

Monday, August 20, 2012

“ စိတ်ချမ်းသာဖို့ ဘာအကြောင်းပြချက်မှ မလိုဘူး...”





စိတ်ချမ်းသာမှုဟာ အကျိုးတရားလား၊ အကြောင်းတရားလားလို့ မေးရင်
လူများစုက အကျိုးတရားလို့ ပြောကြလိမ့်မယ်။
လိုချင်တာ ရလို့ စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာတာဟာ အကျိုးတရား။
သူက ကိုယ့်ကိုချစ်လို့ စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာတာဟာ အကျိုးတရား။
ချီးမွမ်းတာ ခံရလို့ စိတ်ချမ်းသာတယ်။
စိတ်ချမ်းသာတာဟာ အကျိုးတရား။

+++++++++++++++++++++++++++

ဒါပေမယ့် တကယ် စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာမှုကို
အကြောင်းတရားဖြစ်အောင် လုပ်ရမယ်။
စိတ်ချမ်းသာမှုဟာ အကျိုးတရားဖြစ်နေရင် စိတ်ချမ်းသာစရာ တွေ
ဘယ်လောက်များများ စိတ်ချမ်းသာစရာလေးတစ်ခု ရှိနေရင်
စိတ်ချမ်းသာနိုင်တော့ဘူး။

+++++++++++++++++++++++++++

လူများစု စိတ်မချမ်းသာတာဟာ စိတ်ချမ်းသာစရာအကြောင်းကို ရှာနေကြလို့ပါ။
အကြောင်းမရှိပဲ စိတ်ချမ်းသာနိုင်မှ တကယ့်စိတ်ချမ်းသာမှု။
အကြောင်းရှိလို့ စိတ်ချမ်းသာတာဟာ ဘယ်သူမဆို ရနိုင်တယ်။
အကြောင်းမရှိပဲ စိတ်ချမ်းသာတာဟာ စိတ်အကြောင်းကို ကောင်းကောင်းသိတဲ့သူမှ ရတယ်။

+++++++++++++++++++++++++++

“ငါ စိတ်ချမ်းသာဖို့ ဘာအကြောင်းပြချက်မှ မလိုဘူး” ဆိုရင် အာဂလူလို့ဆိုရမယ်။
ဒီနေ့ကစပြီးတော့ ဘာအကြောင်းပြချက်မှ မရှိပဲ စိတ်ချမ်းသာအောင် နေမယ်လို့ 
ဆုံးဖြတ်နိုင်ရင် စိတ်ဓာတ်အင်အား တကယ်ကြီးတဲ့သူ ဖြစ်ပြီး။

+++++++++++++++++++++++++++


ကိုယ့်ကို ဘယ်သူမှ စိတ်ဆင်းရဲအောင်လုပ်လို့ မရတော့ဘူးဆိုရင်
ကိုယ့်ကို ဘယ်သူမှ manipulate လုပ်လို့ မရတော့ဘူး။
တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ချမ်းသာအောင် လုပ်ပေးမလားလို့
မျှော်လင့်နေရတာ မလွတ်လပ်ဘူး။

+++++++++++++++++++++++++++

တစ်ယောက်ယောက်က တစ်ခုခုပြောလိုက်ရင် ကိုယ့်စိတ်ချမ်းသာမှု
ချက်ချင်း ပျောက်သွားမယ်။ ဘာဖြစ်လို့လဲ။
ကိုယ့်စိတ်ချမ်းသာမှုဟာ သူများလက်ထဲမှာ ရှိနေလို့ပဲ။
ကိုယ့်စိတ်ချမ်းသာမှုဟာ သူများလက်ထဲမှာ ရှိနေရင်
ကိုယ့်ဘဝဟာ သူများလက်ထဲမှာ ရောက်နေလို့ပေါ့။
အဲဒါကောင်းသလား။
တကယ်ဥာဏ်ရှိတဲ့သူဟာ အဲဒါကို လက်မခံပါဘူး။
ကိုယ့်စိတ်ချမ်းသာမှုကို ဘယ်သူမှ မဖျက်ဆီးနိုင်မှ စိတ်ချမ်းသာမှု အစစ်လို့
ပြောလို့ရမယ်။
အဲဒါမှ ကိုယ့်စိတ်ချမ်းသာမှုလို့ ပြောလို့ရမယ်။

+++++++++++++++++++++++++++

No one can change your attitude without your permission.
ကိုယ်က ခွင့်မပြုပဲ ကိုယ့်သဘောထားကို ဘယ်သူကမှ ပြောင်းလို့ မရဘူး။

+++++++++++++++++++++++++++

Sometimes things go your way and sometimes they don’t.
တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာ ဖြစ်လာတယ်။ တစ်ခါတစ်လေ မဖြစ်ဘူး။

+++++++++++++++++++++++++++

You may not always get to choose what happens.
You always get to decide how you feel about what happens.
ကိုယ်ဖြစ်ချင်သလို အမြဲမဖြစ်ဘူး။
ဒါပေမယ့် ဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ထားကိုတော့ ကိုယ်ထားတတ်ရင် ရပါတယ်။

+++++++++++++++++++++++++++

ဒီနေ့ ဘာတွေ တွေ့ကြုံရမယ်ဆိုတာ ကိုယ့်စိတ်ကြိုက်ရွေးလို့ မရပါဘူး။
ဒါပေမယ့် အဲဒီအတွေ့အကြုံတွေကို ဘယ်လို သဘောထားမယ်ဆိုတာကတော့
ကိုယ့်အပေါ်မှ မူတည်ပါတယ်။
အခြေအနေတွေက လုပ်သမျှ ခံရတဲ့သူ  ဖြစ်မလား။
အခြေအနေကို ကိုယ်က နိုင်နင်းတဲ့သူ ဖြစ်မလား။

+++++++++++++++++++++++++++

You have a right to be unhappy. I cannot talk you out of it.
စိတ်ဆင်းရဲချင်တယ် ဆိုရင် အဲဒါ ကိုယ့်အခွင့်အရေးပါပဲ။

+++++++++++++++++++++++++++

Most people have allowed unhappiness to be their strategy to living their life.
လူတော်တော်များများဟာ စိတ်ဆင်းရဲနေတဲ့နည်းနဲ့ ဘဝကို နေကြတယ်။
စိတ်ဆင်းရဲနေတာဟာ သူတို့အတွက် လုပ်နည်းလုပ်ဟန် တစ်မျိုးဖြစ်နေတယ်။
အဲဒီလို နေရတာ တွက်ချေကိုက်ရဲ့လား။
သဘောထားကို ပြောင်းပါလို့တော့ မပြောလိုပါဘူး။
ဒါပေမယ့် စိတ်ချမ်းသာတာဟာ တွက်ချေကိုက်တယ်လို့တော့ ပြောချင်တယ်။

+++++++++++++++++++++++++++

စိတ်ဆင်းရဲနေတဲ့အချိန်မှာ ကိုယ့်စိတ်ကို ကိုယ် သေသေချာချာ ကြည့်ပါ။
အဲဒီလို ခံစားနေရတာကို ကြိုက်သလား။
ဘာအကျိုးရှိသလဲ။
စိတ်ဆင်းရဲနေရုံနဲ့ ကိုယ်ဖြစ်ချင်တာ ဖြစ်လာမှာလား။

+++++++++++++++++++++++++++

စိတ်ချမ်းသာတဲ့သူမှာ အခက်အခဲတွေ၊ ပြဿနာတွေ မရှိတာ မဟုတ်ပါဘူး။
သူတို့ဟာ အခက်အခဲတွေကို၊ ပြဿနာတွေကို စိတ်ဆင်းရဲနေတဲ့နည်းနဲ့
မဖြေရှင်းကြဘူး။

+++++++++++++++++++++++++++


ရီတာဟာ အကောင်းဆုံးဆေးလို့ ဆိုကြတယ်။
ဆေးဆိုတာ မကျန်းမာတဲ့ ခန္ဓာကိုယ်ကို ကျန်းမာအောင် လုပ်ပေးတယ်။
အားရှိအောင် လုပ်ပေးတယ်။
ဒါကြောင့် အဆင်မပြေတာ တစ်ခုခုရှိနေတဲ့အခါမှာ ရီနိုင်ဖို့ လိုတယ်။
အဆင်မပြေတာတစ်ခုခု ရှိနေတဲ့အခါမှာ ရီနိုင်တာဟာ စိတ်ဓာတ်အင်အားကြီးတဲ့
လက္ခဏာဖြစ်ပါတယ်။
စိတ်ဓာတ် အားနည်းတဲ့သူဟာ နည်းနည်းလေး အဆင်မပြေတာ တစ်ခုခု ရှိနေရင်
မရီနိုင် မပြုံးနိုင်တော့ဘူး။

+++++++++++++++++++++++++++

စိတ်ချမ်းသာအောင်နေတတ်တဲ့သူဟာ ပိုပြီး အောင်မြင်တယ်။
လိုချင်တာရဖို့ အလားအလာ ပိုများတယ်။
သံလိုက်ဟာ သံကို ဆွဲငင်နိုင်သလို စိတ်ချမ်းသာမှုဟာ အောင်မြင်မှုကို ဆွဲငင်နိုင်တယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ကိုယ့်အင်အား ကိုယ့်စွမ်းအား ။
စိတ်ချမ်းသာနေမှ အင်အားကြီးတဲ့သူ။
စိတ်ချမ်းသာနေတဲ့အချိန်မှာ စိတ်ဓာတ်အင်အား အကြီးဆုံးပဲ။
စိတ်ချမ်းသာနေတဲ့အချိန်မှာ ဥာဏ်ပညာ ထက်မြက်တယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ စိတ်အတွင်းအခြေအနေ ဖြစ်တယ်။
စိတ်ချမ်းသာနေတာဟာ အကောင်းဆုံး စိတ်အခြေအနေဖြစ်တယ်။
အဲဒီစိတ်အခြေအနေမှာ ဥာဏ်အကောင်းဆုံး။
အဲဒီအခြေအနေမှာ အကောင်းဆုံးစိတ်ကူးတွေ ထွက်တယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ သတိကောင်းတယ်။ စိတ်ဟာ ပစ္စုပ္ပန်မှာ ရှိတယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ ကျန်းမာရေးကောင်းတယ်။
စိတ်ချမ်းသာနေတာဟာ ကျန်းမာရေးကို ပိုကောင်းစေတယ်။
စိတ်ချမ်းသာအချိန်မှာ ဘာဘဲလုပ်လုပ် ပိုပြီး အဆင်ပြေတယ်။
စိတ်ချမ်းသာနေတဲ့အချိန်မှာ စိတ်ကောင်းရှိတယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာနေတာဟာ ကိုယ့်ရဲ့ပင်ကိုယ်စိတ်အခြေအနေ။
မနက် နိုးလာတာနဲ့ ဘာအကြောင်းပြစရာမှ မလိုပဲ စိတ်ချမ်းသာနေတဲ့သူ ဖြစ်ရမယ်။
အဲဒီစိတ်ချမ်းသာမှုကိုလည်း ဘယ်လို အကြောင်းကိစ္စကမှ မဖျက်ဆီးနိုင်ရဘူး။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၀၅…

Sunday, August 19, 2012

“အကောင်းဆုံး လက်ဆောင်ပေးလိုက်ပါ…”





To place to be happy is here. The time to be happy is now.
စိတ်ချမ်းသာအောင် နေရမယ့် နေရာဟာ ဒီနေရာပဲ။
စိတ်ချမ်းသာအောင် နေရမယ့်အချိန်ဟာ ဒီအချိန်ပဲ။
ကိုယ့်အတွက် တကယ်အကျိုးရှိတာကို ဒီနေ့လုပ်လိုက်ပါ။
ကိုယ့်အတွက် တကယ်အကျိုးရှိတာက ဘာလဲ။
စိတ်ချမ်းသာအောင် နေတာပါပဲ။
ကိုယ့်စိတ်ကြိုက်လုပ်လို့ရတာကို ဒီနေ့လုပ်လိုက်ပါ။
ဘာလုပ်ရမလဲ။
စိတ်ချမ်းသာအောင်နေတာဟာ ကိုယ့်စိတ်ကြိုက်လုပ်လို့ရတာပဲ။
ဘယ့်သူ့ခွင့်ပြုချက်မှ တောင်းဖို့မလိုဘူး။

+++++++++++++++++++++++++++

ကိုယ့်ကိုယ်ကိုကိုယ် အကောင်းဆုံးလက်ဆောင် ပေးလိုက်ပါ။
အကောင်းဆုံးလက်ဆောင်ဟာ ဘာလဲ။
စိတ်ချမ်းသာမှုပါပဲ။
ကိုယ့်စိတ်ကို အင်အားကြီးအောင် လုပ်ပါ။
ဘယ်လိုလုပ်မလဲ။
စိတ်ချမ်းသာအောင် နေတာဟာ စိတ်အင်အားကြီးအောင် လုပ်တာပဲ။

+++++++++++++++++++++++++++

ကျန်းမာရေး ပိုကောင်းအောင်၊ အား ပိုရှိအောင် လုပ်ပါ။
ဘာလုပ်ရမလဲ။
စိတ်ချမ်းသာ နေပါ။
သဘောထားမှန်အောင် ထားပါ။ ဘယ်လိုထားမလဲ။
စိတ်ချမ်းသာမှုဟာ အရေးအကြီးဆုံးလို့ သဘောထားပါ။
စိတ်ချမ်းသာနေတဲ့သူဟာ ကောင်းတာကို လုပ်တယ်။
ဒါကြောင့် စိတ်ချမ်းသာနေရင် သဘောထားမှန်နေတယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာအောင် နေဖို့ ခက်သလား။
မခက်ပါဘူး။
တခြားဘယ်ကိစ္စမှ စိတ်ချမ်းသာမှုလောက် အရေးမကြီးဘူးလို့ လက်ခံနိုင်ရင် ရပါတယ်။
တခြားကိစ္စတွေကို ပိုအရေးကြီးတယ်လို့ ထင်နေရင်တော့ စိတ်ချမ်းသာဖို့ သိပ်ခက်ပါတယ်။

+++++++++++++++++++++++++++

အလုပ်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ အခက်အခဲတွေနဲ့ တွေ့ကြုံရတဲ့အခါ
စိတ်ကို တည်ငြိမ်အောင် သတိနဲ့ကပ်ထားပါ။
စိတ်တည်ငြိမ်နေရင် အကောင်းဆုံးကို လုပ်နိုင်မယ်။

+++++++++++++++++++++++++++


စိတ်ချမ်းသာမှုနဲ့ ကိုယ်ကျင့်တရားဟာ ဆက်စပ်မှု ရှိတယ်။
စိတ်အချမ်းသာဆုံးလူဟာ ကိုယ်ကျင့်တရားလည်း အကောင်းဆုံးလူ ဖြစ်တယ်။
ကိုယ်ကျင့်တရား အကောင်းဆုံးလူဟာ စိတ်အချမ်းသာဆုံး ဖြစ်တယ်လို့လည်း ပြောလို့ရတယ်။

+++++++++++++++++++++++++++

တစ်နေ့မှာ အနည်းဆုံးလူတစ်ယောက်ကို အားပေးစကားပြောလိုက်ပါ။
အဆိုးဘက်က တွေးနေတာကို အကောင်းဘက်က တွေးပြလိုက်ပါ။

+++++++++++++++++++++++++++

ကိုယ်ဖြစ်ချင်တာကို မမေ့ပါနဲ့။
ဖြစ်ချင်တာကို တွေးပါ။
လုပ်နိုင်သလောက် လုပ်နေပါ။

+++++++++++++++++++++++++++

မိတ်ဆွေတစ်ယောက်ဆီကို စာရေးပါ။
ဖုန်းဆက်ပါ။
စိတ်ချမ်းသာစရာတစ်ခုခု ပြောပါ။
စိတ်ချမ်းသာစရာတွေကို ပေးနေရင် စိတ်ချမ်းသာမှု တိုးနေမယ်။

+++++++++++++++++++++++++++

အမြဲတန်း စိတ်ချမ်းသာနေတယ်ဆိုတာ ဖြစ်နိုင်သလား။
အမြဲတန်း စိတ်ချမ်းသာနေတာ ဘယ်လိုဖြစ်နိုင်မလဲ။
အဆိုးတွေက ဖြစ်နေမှာပဲ။
ဒါပေမယ့် ကိုယ်က အဲဒီအဆိုးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ ဖြစ်လာတဲ့ကိစ္စက ကိုယ့်စိတ်ကို မလွှမ်းမိုးနိုင်ဘူး။ စိတ်ဓာတ်မကျဘူးဆိုရင် စိတ်မဆင်းရဲပါဘူး။
တကယ်ဥာဏ်ရှိတယ်ဆိုရင် စိတ်ချမ်းချမ်းသာသာ နေလိုက်ပါ။
ဒါမှ ဥာဏ်ရှိတဲ့လူလို့ ဆိုနိုင်မယ်။

+++++++++++++++++++++++++++


စိတ်နေသဘောထား မြင့်တဲ့သူတွေဟာ စိတ် ပိုချမ်းသာတာ တွေ့ရတယ်။
ကိုယ့်စိတ်ထားကို ဘယ်လို မြှင့်မလဲ။
အဲဒါကို အမြဲ လေ့လာ လေ့ကျင့်နေပါ။
စိတ်ထားမြင့်လေ စိတ်ချမ်းသာလေ ဖြစ်မယ်။
Living Standard မြင့်ရုံနဲ့ စိတ်မချမ်းသာသေးဘူး။
Level of Being မြင့်မှ စိတ်ချမ်းသာမယ်။
အချိန်ရတိုင်း ခဏ တရားထိုင်ပါ။
ငါးမိနစ်ရရ တရားထိုင်ပါ။
စိတ်ထားကောင်းတဲ့သူ အသိအမြင်မှန်တဲ့သူနဲ့ စကားပြောပါ။ ဆွေးနွေးပါ။
စိတ်ချမ်းသာနေတဲ့သူတွေနဲ့ ပေါင်းပါ။

+++++++++++++++++++++++++++

လုပ်သင့်တာကို လုပ်ချင်အောင် ကိုယ့်စိတ်ကို ကိုယ် လေ့ကျင့်ပါ။
လုပ်သင့်တာကို မလုပ်ချင်ရင် စိတ်ဆင်းရဲမယ်။
မလုပ်ချင်ပဲနဲ့ လုပ်ရင်လည်း စိတ်ဆင်းရဲမယ်။
လုပ်သင့်တာ မလုပ်ပဲနေရင် အဆင်မပြေမှုတွေ များလာမယ်။
အဆင်မပြေမှုတွေများလာရင် စိတ်ဆင်းရဲမယ်။
လူ့ဘဝဆိုတာ လုပ်ချင်တာပဲ လုပ်လို့မရဘူး။
လုပ်သင့်တာလည်း လုပ်ရတယ်။
လုပ်ချင်တာနဲ့ လုပ်သင့်တာ အတူတူ ဖြစ်သွားရင် စိတ်ချမ်းသာတယ်။

+++++++++++++++++++++++++++

စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ
ကောက်နှုတ်ဖော်ပြပါတယ်။

+++++++++++++++++++++++++++

ကိုယ်ကိုယ်တိုင် ဖတ်ဖို့- (၁၀၄)… 





လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com