Thursday, March 8, 2012

"စိတ်ချမ်းသာလို့ အဆင်ပြေတာ..."


" ကိုယ်ကိုယ်တိုင် ဖတ်ဖို့-၁၁... "


စိတ်ချမ်းသာလို့ အဆင်ပြေတာ…

“How to gain,

how to keep,

how to recover happiness is

in fact for men at all times the secret motive for all they do.”

(William James)

စိတ်ပညာရှင် ဝီလျှံဂျိမ်းကပြောတယ်။

“စိတ်ချမ်းသာမှုကိုရအောင် ဘယ်လို လုပ်ရမလဲ၊

ရထားတဲ့စိတ်ချမ်းသာမှု မပျောက်အောင် မပျက်အောင် ဘယ်လိုလုပ်ရမလဲ၊

ပျောက်၊ပျက်သွားတဲ့ စိတ်ချမ်းသာမှုကို ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ

လူများစု လုပ်သမျှကိစ္စမှာ အမြဲတန်း ကျိတ်ပြီးတော့ ပါနေတဲ့ ဆန္ဒပဲ”

++++++++++++++++++++++++



ကိုယ့်ရဲ့စိတ်ချမ်းသာမှု စိတ်ဆင်းရဲမှုဟာ အရာရာတိုင်းကို အရောင်းဆိုးတယ်။

စိတ်ချမ်းသာနေရင် ရေသောက်ရတာတောင် အရသာရှိတယ်။

စိတ်ချမ်းသာနေရင် စားရတာ မြိန်တယ်။ အစာကျေတယ်။

စိတ်မချမ်းသာရင် အစာမကျေရောဂါ ဖြစ်တယ်။ ရင်တုန်တယ်။ မောတယ်။ မူးတယ်။

အားနည်းတယ်။ခေါင်းကိုက်တယ်။ ဇာက်ကြောတက်တယ်။ ညောင်းတယ်။ အအေးမိတယ်။

စိတ်ချမ်းသာနေရင် အိပ်ရတာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်တယ်။

စားသမျှ အစာကျေတယ်။ အားရှိတယ်။

စိတ်ချမ်းသာနေတဲ့သူဟာ လောကကြီးကို အန္တရာယ် ပိုကင်းတယ်လို့ မြင်တယ်။

စိတ်ဆင်းရဲနေတဲ့သူဟာ လောကကြီးဟာ ကြောက်စရာကောင်းတဲ့နေရာလို့ မြင်တယ်။

နေရာတိုင်းကို အန္တရာယ်များတဲ့နေရာတဲ့နေရာလို့ မြင်တယ်။

စိတ်ချမ်းသာနေတဲ့သူဟာ ဆုံးဖြတ်စရာရှိတဲ့အခါ မှန်မှန်ကန်ကန်

လွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်တယ်။

စိတ်ဆင်းရဲနေတဲ့သူဟာ သူ့ကိုယ်သူ ယုံကြည်မှု နည်းတယ်။ မဆုံးဖြတ်ရဲဘူး။

မှားမှာကို ပိုကြောက်တယ်။

ဒါကြောင့် အရေးကြီးတဲ့ကိစ္စ ဆုံးဖြတ်ရမယ်ဆိုရင် စိတ်ဆင်းရဲနေတဲ့သူကို

မဆုံးဖြတ်ခိုင်းပါနဲ့။

++++++++++++++++++++++++++++++++++++++++++



စိတ်ချမ်းသာနေတဲ့သူဟာ အလုပ်လျှောက်တဲ့သူကို အကဲဖြတ်တဲ့အခါ

ညှာညှာတာတာ အကဲဖြတ်တတ်တယ်။

အဲဒီတော့ ကိုယ်က အလုပ်လျှောက်ရရင် ကိုယ့်ကို အကဲဖြတ်တဲ့သူဟာ

စိတ်ချမ်းသာနေပါစေလို့ မေတ္တာပို့ပေတော့။

သူစိတ်ချမ်းသာနေရင် ကိုယ့်ကို အကောင်းမြင်မယ်။

ကိုယ့်အရည်အချင်းကို ယုံကြည်မယ်။

စိတ်ချမ်းသာတဲ့သူဟာ အကောင်းမြင်တတ်တဲ့ သဘောရှိလို့

ဘယ်သူ့ကိုမဆို ကောင်းတယ် တော်တယ်လို့ မြင်တတ်တယ်။

စိတ်မချမ်းသာတဲ့သူဟာ လူတွေကို အကောင်းမမြင်တတ်ဘူး။

အထင်သေးတယ်။ မယုံဘူး။

စိတ်ဆင်းရဲနေတဲ့သူဟာ သူများကို အနိုင်ကျင့်ချင်တယ်။ သူများကို နိုင်လိုက်ရရင်

သူ နည်းနည်း နေသာထိုင်သာ ရှိသွားတယ်လို့ထင်တယ်။

စိတ်ချမ်းသာနေတဲ့သူဟာ သူများကို မနှိမ်ချင်ဘူး။ ဒါကြောင့် ညှာတာတယ်။

စိတ်ချမ်းသာနေတဲ့သူဟာ သူ့ဘဝတစ်ခုလုံးကိုသူ

ကျေနပ်မှုပိုရတယ်လို့ ပြောတယ်။

စိတ်ချမ်းသာလို့ ဘဝကို ကျေနပ်မှု ပိုရတာလား၊

ဘဝကို ကျေနပ်မှု ပိုရလို့ စိတ်ချမ်းသာတာလား။

တရားအားထုတ်လို့ စိတ်ချမ်းသာလာတဲ့သူဟာ ဘဝကို

ပိုပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။

ဘဝမှာ ကြုံတွေ့ရတဲ့ အကောင်းအဆိုး အတွေ့အကြုံတွေကို

အဓိပ္ပာယ်ရှိတယ်လိုက မြင်တယ်။

ကိုယ့်စိတ်ကို ကိုယ်သိပြီး အေးချမ်းအောင် နေတတ်ရင်

နေ့စဉ် ကြုံတွေ့နေရတဲ့အခြေအနေတွေက

ကိုယ့်စိတ်ကို လွှမ်းမိုးမှုနည်းသွားလို့ အဲဒီကိစ္စတွေဟာ

ကိုယ့်စိတ်ချမ်းသာမှုအတွက် သိပ်အရေးမပါတော့ဘူး။

ဒါကြောင့် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြင်းထန်တဲ့ တုန့်ပြန်မှုသိပ်မဖြစ်တော့ဘူး။

လုပ်သင့်တာကို အေးအေးဆေးဆေး လုပ်နိုင်တယ်။

ဖြစ်လာရင် ဝမ်းသာတယ်။

မဖြစ်ရင် သိပ်ဝမ်းမနည်းတော့ဘူး။

+++++++++++++++++++++++++++++++++++++++++



When your mood is gloomy, life as a whole seems depressing.

စိတ်မချမ်းသာတဲ့သူဟာ ဘဝတစ်ခုလုံးကို ခြုံပြီးတော့ စိတ်ဓာတ်ကျစရာလို့ မြင်တယ်။

အဆင်ပြေလို့ စိတ်ချမ်းသာတယ်ဆိုရင် စိတ်ချမ်းသာဖို့ အစစအရာရာ

အဆင်ပြေတဲ့အထိ စောင့်ရမယ်။

အဲဒါ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီအယူအဆကို ပြောင်းပြန် လှန်သင့်တယ်။

အဆင်ပြေလို့ စိတ်ချမ်းသာတာ မဟုတ်ဘူး။

စိတ်ချမ်းသာလို့ အဆင်ပြေတာ။

အဲဒီလို ပြောတော့ သဘာဝမကျဘူးလို့ ထင်မယ်။

လက်တွေ့စမ်းသပ်ကြည့်ပါ။

စိတ်ချမ်းသာအောင် အရင်လုပ်လိုက်ပါ။

ကျန်တာတွေဟာ အဆင်ပြေလာတာ တွေ့ရမယ်။


စိတ်ချမ်းသာဖို့ လိုရင်းပါ (ဆရာတော်ဦးဇောတိက) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါတယ်။


Wednesday, March 7, 2012

"ဇွဲနဲ့ စွဲစွဲမြဲမြဲလုပ်ပါ..."



တစ်ခါတုန်းက
တိုင်းပြည်တစ်ခုမှာရှိတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ဒိသာပါမောက္ခဆီမှာ
ပညာရပ်တွေ ကိုသင်ကြားကြတယ်။
လူငယ်တစ်ယောက်က အလွန်ဥာဏ်ကောင်းတယ်။
ဒီတော့ သင်ကြားပေးလိုက်တဲ့ပညာရပ်တွေ အားလုံးကို သင်ကြားတတ်မြောက်သွားပါတယ်။
ကျန်တဲ့လူငယ်တစ်ယောက်ကတော့ အလွန်ဥာဏ်ထုံပါတယ်။
ဘာပဲသင်ပေး၊သင်ပေး လွယ်လွယ်နဲ့ မတတ်မြောက်နိုင်ပါဘူး။
ဒါကြောင့် ဒုတိယလူငယ်ကို ဒိသာပါမော​က္ခက ပညာရပ်တစ်ခုကိုသာ
တတ်မြောက်အောင် သင်ကြားဖို့တိုက်တွန်းတယ်။
သေသေချာချာ သင်ပေးလိုက်တယ်။
ဒုတိယ လူငယ်ကလည်း တစ်ခုတည်းသော ပညာကိုသာ ဂရုတစိုက်သင်ယူပါတယ်။
သင်ကြားမှု ကာလကုန်ဆုံးသွားတော့ သူငယ်ချင်းနှစ်ယောက်ဟာ
ကိုယ့်တိုင်းပြည်ကို ပြန်သွားကြပါတယ်။
ပထမလူငယ်က ဘာပဲလုပ်လုပ် အစဉ်မပြေပါဘူး။
အစဉ်မပြေတိုင်းလည်း အလုပ်တစ်ခုပြီးတစ်ခုပြောင်းလုပ်ပါတယ်။
ဒါလည်း အစဉ်မပြေပါဘူး။
ဒုတိယလူငယ်က အလုပ်တစ်ခုမှာပဲ အောင်မြင်ပြီးချမ်းသာလာပါတယ်။
တိုင်းပြည်မှာ အချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာပါတယ်။
ဒီတော့ ပထမလူငယ်ကတွေးပါတယ်။
"ဆရာက ငါ့ကိုတော့ ပညာစုံအောင် သင်မပေးလိုက်ဘူးထင်တယ်။
ဟိုကောင်ကိုတော့ ပညာကုန်အောင်သင်ပေးလိုက်လို့သာ ဒီကောင်ချမ်းသာလာတာပဲ။
ဆရာ မမျှတဘူး"လို့ တွေးပြီး ဒိသာပါမောက္ခဆီကို သွားပါတယ်။
သူတွေးတဲ့အတိုင်းလည်း ဆရာကိုပြောပြပါတယ်။
ဆရာက ဘာမှမပြောပဲ ပထမလူငယ်ကို ဝါးရုံတောထဲခေါ်လာခဲ့ပါတယ်။
ပြီးတော့ ဝါးပင်ပေါ်တက်ခိုင်းလိုက်ပါတယ်။
ပြီးတော့ ဆရာက အောက်နေ၊ ဝါးပင်တွေကိုလှုပ်ခါပါတယ်။
လှုပ်ခါလိုက်တိုင်း ပထမလူငယ်က နောက်ဝါးပင်ဆီကို ကူးပြောင်းသွားပါတယ်။
နောက်ဝါးပင်ကို လှုပ်ခါပြန်ပါတယ်။
ဒီလိုနဲ့အကြိမ်ကြိမ် ကူးပြောင်းနေရတော့ လက်၊ခြေတွေ ညောင်းလာပါတယ်။
ပြုတ်မကျအောင်လည်း ကြိုးစားနေရပါတယ်။
နောက်ဆုံးတော့ ဘယ်ဝါးပင်မှ မကူးတော့ပဲ ဝါးပင်တစ်ပင်ကိုပဲ
ခိုင်ခိုင်မြဲမြဲ ဖက်တွယ်ထားတော့ ဘယ်လိုပဲ လှုပ်လှုပ်
ပြုတ်မကျတော့ပါဘူး။
ဒီတော့မှ ဆရာက တပည့်ကို အောက်ကို ဆင်းလာဖို့ပြောပါတယ်။
ပြီတော့ ဆရာက...
"မင်းက ဥာဏ်ကောင်းတော့ ပညာတွေအများကြီးသင်ဖြစ်သွားတယ်။
ပညာတွေ အများကြီးတတ်တော့ အလုပ်တွေလုပ်ဖို့အခွင့်အရေးရတာပေါ့။
ဒါပေမယ့် ဘယ်အလုပ်ကိုမှ ဇွဲနဲ့လုပ်တာ မရှိတော့ဘူး။
အလုပ်မှာ မစွဲတော့ ဘယ်အလုပ်မှ ထိပ်တန်းရောက်အောင်
မအောင်မြင်တော့ဘူး။
မင်းရဲ့သူငယ်ချင်းကျတော့ ဥာဏ်မကောင်းတော့ ပညာတစ်ခုကိုသာ
သင်ဖြစ်တယ်။
သူ့အတွက် အားကိုးစရာကလည်း ဒီတစ်ခုပဲဆိုတော့ စွဲစွဲမြဲမြဲ လုပ်ဖြစ်တယ်။
ဇွဲနဲ့လုပ်တော့ ထိပ်တန်းရောက်လာတာ ဘာမှ မဆန်းပါဘူး။
မင်းကို ဆရာမှာ လိုတာက အောင်မြင်ချင်ရင် ဇွဲနဲ့စွဲစွဲမြဲမြဲလုပ်ပါ"လို့
ပြောလိုက်ပါတယ်။



+++++++++++++++++++++++++++++

ကျနော်နေတဲ့အိမ်မှာ အထက်တန်းကျောင်းသားတစ်ယောက်ရှိတယ်။
အဖိုးအဖွားတွေကလည်း အလွန်ချစ်ကြတယ်။
တစ်ဦးတည်းသော မြေးဆိုတော့ အလွန်အလိုလိုက်ကြပါတယ်။
မိဘကလည်း တစ်ဦးတည်းသားဖြစ်တဲ့အတွက် အလွန်ချစ်ကြပါတယ်။
လူငယ်ဆိုတော့ လုပ်ချင်ရာ အားလုံးလုပ်ခွင့်ရနေပါတယ်။
စန္ဒယားလည်း တီးလိုက်တာပါပဲ။
ဂေါက်ဆိုလည်း ရိုက်လိုက်တာပဲ။
ရေကူးလည်း သင်လိုက်တာပဲ။
ဘောလုံးလည်း ကန်လိုက်တာပဲ။
ဂိမ်းဆိုလည်း ဆော့လိုက်တာပဲ။
သူလုပ်နေတဲ့ခေါင်းစဉ်က များလွန်းလှတယ်။
လေးလေးနက်နက်လုပ်တာ တစ်ခုမှတော့ မတွေ့မိဘူး။
အဖိုးအဖွားရဲ့ဖြစ်စေချင်တဲ့ဆန္ဒကိုလိုက်လျောရတာနဲ့
မိဘရဲ့ဆန္ဒ္ဒကိုလိုက်လျောရတာနဲ့
လူငယ်လေးရဲ့အချိန်တွေကုန်ပြီး ဘာမှမဖြစ်မြောက်တော့မှာကို မြင်မိတဲ့အတွက်
ဒီပုံပြင်ကို ပြောပြလိုက်မိပါတယ်။



Tuesday, March 6, 2012

"အနားကို ကပ်လာစမ်းပါ…"



တစ်နေ့တော့ ကျနော်နဲ့မိတ်ဆွေဖြစ်သူ

ကိုသိန်းအောင်တို့ဟာ ခြေလျင်တောင်တက်ကြပါတယ်။

အဲဒီတောင်တက်လမ်းကြောမှာ ကျနော်တို့လိုအားလပ်ရက်မှာလာပြီး

လမ်းလျှောက်ကြတဲ့ နိုင်ငံခြားသားများစွာကိုတွေ့ရပါတယ်။

အချို့ကတော့ တစ်ယောက်ထည်း၊

အချို့က လင်မယားနှစ်ယောက်၊

အချို့ကတော့ မိသားစုလိုက်လာပြီး ခြေလျင်တောင်တက်ကြပါတယ်။

အချို့ကတော့ အိမ်ကခွေးတွေနဲ့လမ်းလျောက်ကြပါတယ်။

သူတို့ရဲ့ခွေးတွေတိုင်းမှာတော့ ခွေးလည်ပတ်တွေနဲ့ကြိုးတွေနဲ့။

ဒီအမေရိကန်မှာက လိုင်စင်မရှိပဲ ခွေးမွေးခွင့်မရှိပါ။

ခွေးမွေးခွင့် လိုင်စင်ရှိကြသလို ခွေးတိုင်းလိုလို ကာကွယ်ဆေးထိုးရပါတယ်။

တစ်နေရာရောက်တော့ အလွန်လှပြီးထွားကြိုင်တဲ့ခွေးတစ်ကောင်ကိုတွေ့ရပါတယ်။

ကိုသိန်းအောင်က ခွေးပိုင်ရှင်ကို မေးခွန်းတစ်ခုမေးလိုက်ပါတယ်။

“ခင်ဗျားခွေးဟာ သူ့အနားကို အကပ်ခံသလားဗျ”

ခွေးပိုင်ရှင်ပြန်ဖြေလိုက်တာကတော့...

“အကပ်ခံတာပေါ့၊

နို့မဟုတ်ရင်

ခင်ဗျားကို သူ ဘယ်လိုလုပ်ပြီး ကိုက်နိုင်မှာလဲဗျ”




Monday, March 5, 2012

"ကောင်းလိုက်တဲ့သတင်း..."



တစ်ခါတုန်းကပေါ့။

ခွဲစိတ်ဆရာဝန်ဒေါက်တာခင်မောင်ဝင်းက

ခွဲစိတ်ကုသခံထားရတဲ့ လူနာကိုအေးသန်းဆီကိုလာကြည့်ပါတယ်။

ခွဲစိတ်ဆရာဝန်က

“ခင်ဗျားကို သတင်းသုံးခုပြောစရာရှိပါတယ်။

တစ်ခုက မကောင်းတဲ့သတင်း၊

နောက်တစ်ခုက ကောင်းတဲ့သတင်း၊

နောက်ဆုံးသတင်းကတော့ အကောင်းဆုံးပါပဲ။

မကောင်းတဲ့သတင်းက စပြောရရင်တော့

မဖြတ်ရမယ့် ခင်ဗျားရဲ့ခြေထောက်ကို ကျနော်တို့ မှားဖြတ်မိတယ်။

ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျနော်တို့ ထပ်ဖြတ်ပေးမယ်။

အဲ…အကောင်းဆုံးသတင်းကတော့

ဘေးအခန်းက လူနာဖြစ်တဲ့ကိုသိန်းရွှေက ခင်ဗျားရဲ့ ရှူးဖိနပ်ကို

သူဝယ်မယ်တဲ့”


Sunday, March 4, 2012

"လိပ်စာရှင် ဘယ်မှာလဲ..."


တစ်ခါတုန်းက

ကိုရွှေအေးပို့လိုက်တဲ့စာကို စာတိုက်ကနေ ပြန်ရောက်လာပါတယ်။

ကိုရွှေအေးက ဘာများဖြစ်ပါလိမ့်လို့တွေးပါတယ်။

တွေးလို့မရခဲ့ပါ။ နောက်မှ

စာအိတ်နဲ့အတူ စာတိုက်ရဲ့သဘောထားမှတ်ချက် ပါလာပါတယ်။

ကိုရွှေအေးက ဖတ်ကြည့်တယ်။

သဘောထားမှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

“လိပ်စာရှင်မှာ ကွယ်လွန်သွားပြီးဖြစ်တယ်။

သူရဲ့လိပ်စာအသစ်ကို မသိပါ”

Saturday, March 3, 2012

"အတူတူပဲ ဥစ္စာ…"



တစ်ခါတုန်းကပေါ့။

အလွန်ရှက်ကြောက်တတ်တဲ့ အမျိုးသမီးဖြစ်သူ နှင်းနှင်းရီက

သူမရဲ့သူငယ်ချင်းဖြစ်တဲ့ ဥမ္မာခင်ကို တိုင်ပင်တယ်။

“ဆရာဝန်ဆီသွားရမှာ ငါ ရှက်နေတယ်။

သူက ယောက်ျားဆရာဝန်၊

ငါ ကသူရဲ့ရှေ့မှာ အဝတ်အစား ချွတ်ပြရမှာ၊

ဘာလုပ်ရမလဲ မသိပါဘူးသူငယ်ချင်းရယ်။

အကြံပေးပါဦး”

ဥမ္မာခင်က အတွေ့အကြုံရှိဟန်အပြည့်နဲ့ပြန်ပြောလိုက်တာက...

“ဘာရှက်စရာလိုလဲသူငယ်ချင်းရယ်၊

ယောက်ျားဆရာဝန်ဟာ တခြားယောက်ျားတွေနဲ့

ဘာမှ မထူးပါဘူး”


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com