Friday, February 24, 2012

" အမေ့ထံသို့ပေးစာများ-၃၁..."




သို့
ချစ်တဲ့အမေ
သတိရစွာဖြင့်စာရေးလိုက်ပြန်ပါပြီ။
ဘာလိုလိုနဲ့ အမေရိကန်ကိုရောက်တာ တစ်နှစ်ပြည့်တော့မယ်အမေ။
တကယ့်ကို ဘာလိုလိုပါပဲ။
ဘာကိုလိုနေမှန်းကို မသိအောင်ဖြစ်ရပါတယ်။
ကုသိုလ်၊ ပညာ၊ ငွေကြေးဥစ္စာနဲ့ချိန်ကြည့်မိတယ်။
ကုသိုလ်၊ပညာကတော့ နေ့တိုင်းရပါတယ်။
အလုပ်မရှိတော့ ကုသိုလ်အလုပ်၊ ပညာရနိုင်တဲ့အလုပ်ကို သေသေချာချာလုပ်နိုင်ခဲ့တယ်။
ဒါပေမယ့် ငွေကြေးဥစ္စာကတော့ အနူတ်လက္ခဏာပြပါတယ်။
တစ်နှစ်မှာ ကျနော်အလုပ်လုပ်ဖြစ်တဲ့ကာလက သုံးလလောက်ပဲရှိတယ်။
ကျန်တဲ့ကိုးလကတော့ အလုပ်လက်မဲ့ဘဝနဲ့အမေရိကန်နိုင်ငံမှာ နေဖြစ်သွားတယ်။
တွက်ခြေမကိုက်ခဲ့ဘူးအမေ။
အမေရိကန်မှာက အလုပ်ရှိမှ ဝင်ငွေရှိတယ်။
အလုပ်ကတော့ ဘာလုပ်လုပ်ပါ။ သမ္မာအာဇီဝအလုပ်ဆိုရင် ဂုဏ်ရှိတာပါပဲ။
ဂုဏ်ငယ်တဲ့အလုပ်ရယ်လို့ မရှိပါဘူး။
အလုပ်မရှိမှသာ ဂုဏ်ငယ်ရပါတယ်။
အလုပ်ရှိမှ ငွေရှိတယ်။
အမေရိကန်မှာက ငွေမရှိရင် တော်တော် အစဉ်မပြေတဲ့နေရာတစ်ခုပါ။
ကျနော်အလုပ်မရှိပေမယ့် ကျနော့်မိန်းမက အလုပ်ရှိတော့တော်သေးတာပေါ့။
မိန်းမလုပ်စာကို ထိုင်စားခွင့်ရတာကိုက ကံကောင်းခြင်းတစ်မျိုးလို့ပြောရမလိုဖြစ်နေတယ်။
သူကတော့ ရောက်ပြီးမကြာပါဘူး။
အလုပ်ရသွားတယ်။ ဆူရှီးအလုပ်ပါ။
ရောက်ရောက်ချင်းအလုပ်ရတော့ ဝမ်းသာရတာပေါ့။
အလုပ်ရှားပါးချိန်ဆိုတော့ ဘာမှမေးမနေတော့ပါဘူး။
ဝမ်းသာအားရဝင်လုပ်တော့တာပဲ။
အလုပ်ရှင်ကလည်း ကျန်းမာရေးမကောင်းတော့ သူမရဲ့အလုပ်ကို သူမကိုယ်တိုင်မလုပ်နိုင်ဘူး။
အပြင်းအထန်ခါးနာတဲ့ရောဂါတစ်မျိုးဖြစ်နေတယ်။
သူမကလည်း လူရလို့ဝမ်းသာတယ်။
စစချင်းကတော့ အစဉ်ကိုပြေလို့။
အမေရိကန်မှာ လူ့အခွင့်အရေးအပြည့်အဝရှိတယ်လို့ဆိုပေမယ့်
မြန်မာအလုပ်ရှင်တွေရဲ့လက်အောက်မှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေအနေနဲ့
လူ့အခွင့်အရေးမရပါဘူး။
ရောက်စဆိုတော့ မလည်မဝယ်ဆိုပြီး လူလယ်ကျတာလည်းပါမှာပေါ့လေ။
မြန်မာအချင်းချင်း ပါးပါးလှီးတာမျိုးပေါ့။
တစ်နေ့အလုပ်ချိန်က တရားဝင် ရှစ်နာရီသတ်မှတ်ထားပေမယ့်
ဆူရှီးအလုပ်ဆိုတာ အလုပ်ချိန်သတ်မှတ်လို့မရဘူးဆိုပြီး
တစ်နေ့ကို ၁၄-နာရီလောက်အလုပ်လုပ်ခိုင်းတာမျိုး။
နံနက်၆-နာရီဆိုရင် အလုပ်ခွင်ကိုရောက်အောင်သွားရတယ်။
နံနက် ကိုးနာရီ-၁၀-နာရီဆိုရင် စားသုံးသူတွေရောက်တော့မှာမို့ ကောင်တာထဲမှာ
ဘူးအပြည့်ရှိရမယ်ဆိုပြီး ဖိအားပေးတော့ စောစောသွားရတာပေါ့။
လူကြီးတွေလာမယ့်ရက်ဆိုရင် ဒီထက်တောင်စောစောသွားရတဲ့ရက်တွေရှိသေးတယ်။
ဘယ်လောက်စောစောသွားသွား၊ အပြန်ကတော့ ည ၈-နာရီပတ်ဝန်ကျင်ပါပဲ။
ဘာဖြစ်လို့ဆိုတော့ သူတို့ဝေါဟာရအရပြောရရင် ဆိုက်ဂျော့ဘ် (Side Job) ဆိုတဲ့
ဘေးထွက်အလုပ်တွေကို နောက်တစ်နေ့အတွက် အားလုံးလုပ်ပေးရတယ်။
ဘာနဲ့တူသလဲဆိုရင် ထမင်းစားချိန်က ခဏလေးဆိုပေမယ့်
အဲဒီထမင်းကိုစားဖို့အတွက် ပြင်ဆင်ရတဲ့အလုပ်က အကြာကြီးလိုမျိုးပေါ့။
နောက်ပြဿာနာတစ်ခုက နေ့လည်ထမင်းစားချိန် နောက်ကျလွန်းတာပဲ။
သူများတွေက နေ့လည်စာကို ၁၂-နာရီနဲ့ ၁-နာရီဝန်ကျင်မှာစားကြတယ်ဆိုပေမယ့်
ဆူရှီးအလုပ်က ထမင်းစားချိန်မမှန်တတ်ဘူးဆိုပြီး
သူတို့တွေရဲ့ထမင်းစားချိန်က ညနေ ၅-နာရီပတ်ဝန်ကျင်ဖြစ်နေတတ်တယ်။
အလုပ်ရှင်က ဥပုသ်စောင့်တယ်ဆိုပြီး ၁၂-နာရီမတိုင်မီထမင်းစားတတ်ပေမယ့်
ဝန်ထမ်းတွေရဲ့ထမင်းချိန်ကိုတော့ နောက်ကျအောင်နည်းအမျိုးမျိုးသုံးပြီး
အချိန်ဆွဲတတ်တာကို တွေ့ရပါတယ်။
ကြာတော့လည်း ဝန်ထမ်းတွေရဲ့ပုံမှန်ထမင်းစားချိန်ဟာ ညနေ၅-နာရီဖြစ်သွားပါတော့တယ်။
အမေရိကန်နိုင်ငံမှာ ကျွန်စံနစ်မရှိတော့ပေမယ့် ရောက်ကာစမြန်မာတွေကို
ကျွန်တွေလိုခိုင်းတတ်တဲ့ မြန်မာအလုပ်ရှင်တွေကတော့ ရှိနေဆဲပါပဲအမေ။
အမေရိကန်ကို အထင်ကြီးစိတ်နဲ့ရောက်လာမယ့် မြန်မာတွေအတွက်
သတိထားရမယ့်အချက်တွေထဲမှာ ဒီအချက်လည်း အရေးတကြီးပါဝင်ကြောင်းကို
သိစေချင်လို့ သတိပေးလိုက်တာပါ။
အလုပ်ဝင်ကထဲက အလုပ်ချိန်၊ ဝင်ငွေ၊ အလုပ်နဲ့ပတ်သက်တဲ့ရပိုင်ခွင့်တွေကို
အားမနာတမ်း ကြိုတင်ညှိနှိုင်းထားရင် ပိုကောင်းတယ်။
အလုပ်ချိန်များလွန်းတာရယ်၊
နေ့လည်ထမင်းစားချိန်နောက်ကျလွန်းတာရယ် ဆိုတဲ့ကိစ္စက
ကျန်းမာရေးနဲ့လုံးဝကိုက်ညီတဲ့အလုပ်တော့မဟုတ်ဘူး။
ဒီမှာက မကျန်းမာရင် ကျန်းမာရေးစရိတ်က ကြီးမြင့်လွန်းလှတယ်။
တော်တော်ဒုက္ခရောက်မယ့် အခြေအနေမျိုးဆိုတာကို သတိပြုလာတယ်။
ဒေါ်လာတစ်သောင်းဆိုတာ စုဆောင်းဖို့သာခက်ခဲပေမယ့်
မတော်တဆ ဆေးရုံသာ တက်လို့ကတော့ ခဏလေးနဲ့ကုန်သွားနိုင်တယ်။
နောက်တစ်ခုက မကျွမ်းကျင်တုန်းက ပေးတဲ့လစာနဲ့
ကျွမ်းကျင်လာတဲ့အခါ ပေးတဲ့လစာဟာ တူနေတာလည်း
နည်းလမ်းကျတဲ့ကိစ္စတော့မဟုတ်ဘူး။
ကျွမ်းကျင်လာရင် လခတိုးပေးမယ်လို့အလုပ်ဝင်စတုန်းကပြောခဲ့ဖူးတယ်။
တကယ်ကျွမ်းကျင်လာတော့ သူမစကားကို သူမမေ့နေတယ်။
သတိပေးတော့လည်း မသိယောင်ဆောင်နေတယ်။
ကျွမ်းကျင်တဲ့နှုန်းထားဟာ ဘယ်လောက်လဲလို့မေးကြည့်တော့လည်း
မဖြေဘူး။ မသိတာလား၊ ဒါမှမဟုတ် မသိယောင်ဆောင်တာလား။
ရောက်ခါစဆိုတော့ ကျနော်တို့ဖက်က မသိတာများတယ်။
အဲဒီမသိတာကို အခွင့်ကောင်းယူပြီး အလုပ်ရှင်က အမြတ်ထုတ်နေတယ်ဆိုတာ
ကို တဖြည်းဖြည်းသိလာတယ်။
ဒါကလည်း ဒီကမိုင်ပေါင်း သုံထောင်နီးပါးဝေးတဲ့ကာရိုးလိုင်းနားက သူငယ်ချင်းကို
ပြောပြလို့အဖြစ်မှန်ကို သိရတာပါ။
ကောင်းတဲ့အချက်တစ်ခုကတော့ သူငယ်ချင်းက ကျနော်တို့ဖက်က
မခံနိုင်ဖြစ်ပြီး ကောင်းတဲ့အလုပ်ကို ရှာပေးတာပဲ။
ဒီတော့ မိုင်ပေါင်းသုံးထောင်ဝန်ကျင်လောက်ဝေးတဲ့နေရာတစ်ခုဖြစ်တဲ့အင်ဒီယားနားပြည်နယ်မှာ
ကျနော်တို့အလုပ်ရဖို့ဖြစ်လာပါတယ်။
ဒါကြောင့် အဆိုးတွေဟာ အမြဲတမ်းဖြစ်နေတာတော့ မဟုတ်ပါဘူး။
အဆိုး၊အကောင်းဆိုတာ ဒွန်တွဲနေတဲ့အရာပါ။
အဆိုးပြီးရင် အကောင်းဖြစ်လာမယ် ဆိုတာကိုယုံကြည်ပါတယ်အမေ။
သန်းခေါင်ယံပြီးရင် အာရုဏ်ဦးရောက်လာစမြဲပဲမဟုတ်လား။
ကျနော်တို့အတွက် အာရုဏ်ဦးနီးနေပါပြီအမေ။
အမေကျန်းမာရေးကို ဂရုစိုက်ပါနော်။
အမေ့ကို ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေး(San Jose)
ကယ်လီဖိုးနီးယား(California)
အမေရိကန်ပြည်ထောင်စု(USA)
၂-၂၄-၂၀၁၂

Thursday, February 23, 2012

“ သဘောထားကို ပြောင်းလိုက်ပါ... ”



“ နံက်တိုင်း တွေးသင့်တဲ့အတွေး…”

ဒီနေ့ အကောင်းဆုံးစိတ်ထားနဲ့ လုပ်သင့်တာတွေကို လုပ်မယ်။
ငါအတွက်၊ အများအတွက် အကျိုးရှိတာတွေ ကိုလုပ်မယ်။
ငါဟာ စိတ်ကောင်းရှိတဲ့သူ ဖြစ်တယ်။
ငါဟာ ဉာဏ်ရှိတဲ့သူဖြစ်တယ်။
ငါဟာ သဘာဝကျကျ တွေးတတ်တဲ့သူ ဖြစ်တယ်။
ငါဟာ မျှတတဲ့ သဘောထားရှိသူ ဖြစ်တယ်။
ငါဟာ အများအကျိုးကို ဆောင်ရွက်ချင်တဲ့သူ ဖြစ်တယ်။
ငါ ဟာ ညီညွတ်မျှတမှုကို မြတ်နိုးသူဖြစ်တယ်။
ငါဟာ ကျန်းမာရေးကောင်းသူဖြစ်တယ်။
ငါဟာကောင်းတာတွေကို များများလုပ်နိုင်သူဖြစ်တယ်။

++++++++++++++++++++++++

လူတစ်ယောက်ကို အကောင်းဆုံးစေတနာနဲ့
သူ့ကိုအရိုးသားဆုံးဆက်ဆံလိုက်တာဟာ
သူ့ကို အကောင်းဆုံး ပေးလိုက်တာပဲ။

+++++++++++++++++++++++++

အရေးအကြီးဆုံးက စဖြစ်ဖို့နဲ့ စွဲမြဲဖို့လိုတယ်။

+++++++++++++++++++++++++

ပြဿနာဟာ နေ့တိုင်းတွေ့ရမှာပါ။
ပြဿနာကို ဖြေရှင်းနေရတာဟာ
ဘဝမှာ ပုံမှန် လုပ်နေရတဲ့အလုပ်ပဲ။

+++++++++++++++++++++++++

နေရာတိုင်း၊ နေရာတိုင်းမှာ သတိနဲ့နေသွားကြပါ။

(မြတ်စွာဘုရား)


+++++++++++++++++++++++++

ဘာကို ဖြစ်ဖြစ် သိနေပါ။
ခန္ဓာကိုယ်မှာ ဖြစ်တာ၊
စိတ်မှာ ဖြစ်တာ၊
ရုပ်ပိုင်းမှာ ဖြစ်တာ၊
ဝေဒနာပိုင်းမှာ ဖြစ်တာ သိနေပါ။

+++++++++++++++++++++++++


စိတ်ငြိမ်းချမ်းအောင် နေ့စဉ်လုပ်ရမယ်။

လုပ်တတ်ရင် ၊ အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။

နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။

ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။

ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။

+++++++++++++++++++++++++

သည်းလည်းခံ၊
အမှန်လည်း လုပ်၊
ပြီးတော့ ဘယ်သူဘာဘဲပြောပြော၊
ဝမ်းနည်းဝမ်းသာ မဖြစ်ဘဲနဲ့ ကိုယ့်အလုပ်ကို ကိုယ်စိတ်ထားမှန်မှန်နဲ့ လုပ်နိုင်သူ၊
ကိုယ့်လမ်းကို ကိုယ်ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်တဲ့ဖြစ်ဖို့လိုပါတယ်။

+++++++++++++++++++++++++

ဒုက္ခရောက်တဲ့အခါ
ကိုယ့်ကိုကိုယ်တကယ်မေးသင့်တဲ့မေးခွန်းတွေကတော့…

“ ငါ ဘာသင်ခန်းစာယူရမလဲ ”
“ ငါ ဘာလုပ်သင့်သလဲ ”
“ ငါ တတ်နိုင်တာ ဘာရှိသလဲ ”

+++++++++++++++++++++++++

“ သဘောထားကို ပြောင်းလိုက်ရင်
ဘဝပြောင်းသွားတယ် ”

+++++++++++++++++++++++++


(ဆရာတော်ဦးဇောတိက)

Wednesday, February 22, 2012

"အရေးကြီးတာ ပြောချင်လို့ပါ..."


“ဟလို မီးသတ်ဋ္ဌာနကလား”

“ဟုတ်ပါတယ်”

“ကျနော် ဒီနေ့မနံက်ပဲ ကျနော့်ခြံထဲမှာ ရှားပါးတဲ့ ပန်းမျိုးကို ပျိုးထားပါတယ်”

“ဘယ်မှာ မီးလောင်တာလဲပြောပါ”

“တစ်ချို့ပန်းမျိုးတွေဆိုရင် အင်မတန် ဈေးကြီးလွန်းလှပါတယ်”

“ခင်ဗျား ရူးနေသလား၊

ဒါမီးသတ်ဋ္ဌာနဗျ၊

ပန်းဆိုင် မဟုတ်ဘူး၊

ကျုပ်တို့ဆီကို မီးလောင်မှ ဆက်ပါ”

“နေပါဦး၊ နေပါဦး…

ကျနော် ပြောပါရစေဦး၊

ကျနော်က ရုက္ခဗေဒ ပညာရှင် ပါမောက္ခ ဒေါက်တာညီညီ ဖြစ်ပါတယ်။

ကျနော့်အိမ်နီးချင်းရဲ့အိမ် မီးလောင်နေတာပါ၊

အဲဒါ ခင်ဗျားတို့ မီးသတ်ဖို့လာတဲ့အခါ ခင်ဗျားတို့ရဲ့ ရေပိုက်ကြီးတွေနဲ့

ကျနော်ရဲ့ ပျိုးပင်တွေကို မဖျက်ဆီးပါနဲ့လို့ ကြိုတင် သတိပေးချင်ပါတယ်”

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com