Sunday, December 11, 2011

" Me, too.(မီး…တူး)..."


တစ်ခါတုန်းက

ဂျပန်ဝန်ကြီးချုပ်တစ်ဦးဟာ အမေရိကန်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားဖို့ရှိနေတယ်။

အဲဒီဂျပန်ဝန်ကြီးချုပ်ဟာ စာပေမှာထူးချွန်သူတစ်ယောက်ဖြစ်တယ်။

ဒါပေမယ့် အင်္ဂလိပ်စာကိုတော့မတတ်ဘူး။

သူတို့ရဲ့ဂျပန်မှာက အလွန်တိုးတက်နေတဲ့အတွက်

ကမ္ဘာပေါ်လာတဲ့စာအုပ်၊စာတမ်းအားလုံးကို

ဂျပန်ဘာသာကို ချက်ချင်းပြောင်းနိုင်တယ်။

ဒီတော့ ဂျပန်မှာရှိတဲ့ပြည်သူပြည်သားတွေဟာ

ဘယ်ဘာသာရပ်ကိုမဆို ဂျပန်ဘာသာနဲ့ဖတ်နိုင်တယ်။

အဲဒါကြောင့် အားနည်းချက်ကတော့ ဂျပန်အများစုဟာ

အင်္ဂလိပ်စာ၊စကားမှာ အားနည်းသွားပါတယ်။

အဲဒီဝန်ကြီးချုပ်က အမေရိကန်သမ္မတဘီလ်ကလင်တန်ကို

အင်္ဂလိပ်၊အမေရိကန်စကားနဲ့နူတ်ဆက်ချင်တဲ့ဆန္ဒဖြစ်ပေါ်နေတယ်။

ဒါကြောင့်သူ့ရဲ့အတွင်းရေးမှူးကို အင်္ဂလိပ်၊အမေရိကန်စကားနည်းနည်းသင်ပေးဖို့ပြောတယ်။

များများလည်းမသင်ချင်ဘူး။ မေ့သွားမှာစိုးလို့။

ဒီတော့ အတွင်းရေးမှူးကသင်ပေးပါတယ်။

ဝန်ကြီးချုပ်ကအရင်နူတ်ဆက်လိုက်ပါ။

How are you? (ဟောင်အာယူး)

(အဓိပ္ပာယ်က နေကောင်းလားပေါ့)

အမေရိကန်သမ္မတကပြန်ပြောလိမ့်မယ်။

Hi…fine! (ဟိုင်း…ဖိုင်း)

(အဓိပ္ပာယ်က နေကောင်းတယ်ပေါ့)

အမေရိကန်သမ္မတကပြန်မေးလိမ့်မယ်။

How are you? (ဟောင်အာယူး)

ဝန်ကြီးချုပ်ကပြန်ဖြေလိုက်ပါ။

ဒီတော့ Me, too.(မီး…တူး)

(အဓိပ္ပာယ်က ကျွန်ုပ်လည်းပဲ သင်နဲ့ထပ်တူပါပဲ)

လို့ပြန်ပြောလိုက်ပါ။

ဒါနဲ့ပဲ ဝန်ကြီးချုပ်ဟာ လေယာဉ်ပေါ်မှာအဲဒီစကားလုံးနှစ်လုံးကို အလွတ်ကျက်ပါတယ်။

How are you? (ဟောင်အာယူး)

Me, too.(မီး…တူး)

အကြိမ်ပေါင်းများစွာကျက်လိုက်ပါတယ်။

ဒါနဲ့ပဲ အမေရိကန်လေဆိပ်ကိုရောက်လာပါတယ်။

ဂျပန်ဝန်ကြီးချုပ်လေယာဉ်ပေါ်ကဆင်းလာရင်ပဲ

သတင်းထောက်တွေကမျက်စိနောက်စရာကောင်းအောင် အလုအယက်မေးခွန်းတွေမေးပါတယ်။

မေးခွန်းတွေကလည်း အဖြေရခက်ခဲလှတဲ့မေးခွန်းတွေချည်းဖြစ်နေပါတယ်။

ဝန်ကြီးချုပ် စိတ်ရှုတ်သွားပါတယ်။

အမေရိကန်သမ္မတကလင်တန်နဲ့ဇနီး ဟီလာရီကလင်တန်တို့နဲ့တွေ့တော့

ဝန်ကြီးချုပ် အင်္ဂလိပ်လိုကျက်ထားတာမေ့သွားပါတယ်။

အထပ်ထပ်စဉ်းစားပါတယ်။

ဟော..သတိရပြီး။

How are you? (ဟောင်အာယူး)

ပြောရမယ့်အစား

ဝန်ကြီးချုပ်က

Who are you?(ဟူး အာ ယူး )

(အဓိပ္ပာယ်က သင်ဘယ်သူလဲ)

အမေရိကန်သမ္မတ ကလင်တန်က စိတ်ရှုတ်သွားပါတယ်။

ငါလိုသမ္မတကြီးတစ်ယောက်လုံးကိုတော့ သူမသိတာမဖြစ်နိုင်ဘူး။

ရင်းနှီးလိုတဲ့သဘောနဲ့ရီစရာ၊မောစရာအဖြစ်ပြောလိုက်တာထင်တယ်။

အဲဒီတော့ ငါလည်းပဲ ရင်းနှီးတဲ့သဘောနဲ့ပြန်ပြောလိုက်မယ်။

I’m a husband of Hillary Clinton.

အဓိပ္ပာယ်က ကျွန်ုပ်ဟာ ဟီလာရီကလင်တန်ရဲ့ယောက်ျားဖြစ်ပါတယ်။

အဲဒီတော့ ဂျပန်ဝန်ကြီးချုပ်ဟာ

သူကျက်ထားတဲ့နောက်ဆုံးစကားလုံးကို အားရပါးရပြန်ပြောလိုက်ပါတယ်။

Me, too. (မီး…တူး)

(အဓိပ္ပာယ်က ကျွန်ုပ်လည်းပဲ သင်နဲ့ထပ်တူပါပဲ)


++++++++++++++++++

ကျနော့်ရဲ့ဆရာက

ကျနော်တို့ကို မကြာခဏပြောပြတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

လူဆိုတာ ကိုယ့်နိုင်ငံထဲမှာပဲ အမြဲတမ်းနေလို့ရတာမဟုတ်ဘူး။

ပြည်ပကို အကြောင်းကြောင်းကြောင့်ထွက်ရတဲ့အခါ

အင်္ဂလိပ်စကားဟာ မပြောမဖြစ်ပြောရမယ့်ဘာသာတစ်ရပ်ဖြစ်နေတယ်။

ဒါကြောင့် အင်္ဂလိပ်စကားကို သင်ထားဖို့လိုကြောင်းပြောပါတယ်။

နောက်တစ်ခုက အလွတ်ကျက်တာဟာ အသုံးပြုတဲ့အခါ

အမြဲတမ်းအစဉ်မပြေတတ်ဘူး။

ဘာသာစကားရဲ့အဓိပ္ပာယ်ကိုပါ နားလည်ထားမှ ပိုကောင်းတယ်ဆိုတာကိုပါ

ရှင်းပြတတ်ပါတယ်။

ထို့ပြင် စာတွေကိုကျယ်ကျယ်ပြန့်ပြန့်ဖတ်ဖို့ဆိုရင်

အင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်ရမယ်။

အင်္ဂလိပ်စာအုပ်၊စာတမ်းတွေဟာ

အပြည့်စုံဆုံးဘာသာရပ်ဖြစ်တယ်လို့ဆရာကရှင်းပြပါတယ်။

ကျနော်ကအကျက်ထက်အတွက်ကို ပိုပြီးနှစ်သက်သူဖြစ်တယ်။

ဆရာက ဒီဇာတ်လမ်းကိုပြောပြပြီးကထဲက

အင်္ဂလိပ်စာ၊စကားကို တစ်နေ့တစ်လုံးတော့

ပုံမှန် ကျက်မှတ်လေ့လာဖြစ်ခဲ့ပါတယ်။


Saturday, December 10, 2011

" အပိုတန်ဖိုး..."


တစ်ခါတုန်းက

အထူးကုဆရာဝန်ကြီးဦးခင်မောင်လတ်ရဲ့သား

ဆရာဝန်ပေါက်စဒေါက်တာကိုကိုနိုင်က သူ့ရဲ့ဖခင်ကိုပြောတယ်။

“ အဖေ၊

အဖေ ဆယ်နှစ်ကြာ အချိန်ယူကုခဲ့တဲ့လူနာအမျိုးသမီးကြီးကို

ကျနော် ဆယ်ရက်နဲ့ပျောက်အောင်ကုလိုက်နိုင်ပြီအဖေရ”

ဒေါက်တာဦးခင်မောင်လတ်ပြန်ပြောလိုက်တာက...

“ဒီအချိန်ရောက်မှတော့ ဒီအမျိုးသမီးကြီးရဲ့ရောဂါပျောက်သင့်တာပေါ့သားရယ်။

သူမကြောင့် သားကိုဆရာဝန်ဖြစ်တဲ့အထိ ဖေဖေ ကျောင်းဆက်ထားနိုင်ခဲ့တာပေါ့ကွယ်”



" အချိန်ဆိုတာ အသက်၊ အသက်ကိုမဖြုန်းနဲ့..."


တစ်နေ့သုံးခါ၊
အိုးတစ်ရာဖြင့်၊
ချက်ကာထမင်း၊
ကျွေးမွေးခြင်းထက်၊
မယွင်းစင်စစ်၊
နို့တစ်ညှစ်စာ၊
မေတ္တာပွားများ၊
ကျိုးကြီးမားသည့်၊
ဘုရားမြတ်စွာမိန့်ခွန်းတည်း။

( မဟာစည်ဆရာတော် )

++++++++++++++++++


ဗုဒ္ဓ၏ မေတ္တာသြဝါဒ…

ရဟန်းတို့၊
ရဟန်းတစ်ပါးသည် လက်ဖျောက်တစ်ချက်တီးအချိန်မျှလောက်
မေတ္တာပွားလိုက်တယ်ဆိုလျှင်ပင်
ထိုရဟန်းကို ဈာန်တရားဖြင့်နေသော ရဟန်း၊
မြတ်စွာဘုရား၏ သာသနာကို စည်ပင်ပြန့်ပွားအောင် ကြိုးစားသောရဟန်း၊
မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးသောရဟန်း၊
တိုင်းသူပြည်သားတို့၏ ဆွမ်းကို အလကားမဖြစ်စေဘဲ
အကျိုးရှိအောင် စားသုံးသော ရဟန်း ဟူ၍ ဆိုအပ်၏။
ထို့ထက်အလွန်ပွားများပါမူကား အဘယ်ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း။

( အဂုင်္တ္တရနိကာယ၊ကေကနိပါတပါဠိ )

++++++++++++++++++


မိမိအသက်ကို ချစ်ခင်ပါလျှင် အချိန်ကလေးများကို နည်း၏
ဟူ၍ အကုန်မခံပါစေနှင့်။
ထိုအချိန်ကလေးများကိုစုပေါင်းထားခြင်းသည်ပင် အသက်မည်၏။

( ဖရင်ကလင် )



++++++++++++++++++


စိတ်ဆန္ဒသည်သာ တစ်လောကလုံးတွင် အရာရာကိုစိုးမိုးသည်။
ဤလောကကြီးအတွင်းရှိရှိသမျှ သက်ရှိသက်မဲ့အရာအားလုံးမှာ
စိတ်ဆန္ဒအားကြောင့်သာ ဖြစ်ပေါ်နေကြရသည်။
မည်သည့်ဘုရားသခင်၊
အနန္တဝိညာဉ်တော်ကြောင့်မျှ ဖြစ်ပေါ်လာကြရသည်မဟုတ်။

( ရှိုပင်ဟောင်းဝါး )

++++++++++++++++++



ရုပ်လောကကြီးတစ်ခုလုံးကို စိတ်ကဦးဆောင်လျက်ရှိသည်။
တရားအားလုံးတို့တွင်လည်း
စိတ်သာလျှင် ရှေ့သွားခေါင်းဆောင်ဖြစ်သည်။

(ဗုဒ္ဓ)


++++++++++++++++++



မေတ္တာဂုဏ်ရည် ငါးမျိုး မေတ္တာစိတ်ဟူသည်…

၁။ ကျယ်ကျယ်ပြန့်ပြန့်ထားရှိအပ်သောစိတ်၊
၂။ အထက်တန်းကျသောစိတ်၊
၃။ ပိုင်းခြားကန့်သတ်ချက်မရှိသောစိတ်၊
၎။ ဒေါသကင်းသောစိတ် (သို့) ရန်လိုမှုကင်းသောစိတ်၊
၅။ ဖျက်ဆီးလိုခြင်းကင်းသောစိတ် ဖြစ်သည်။

(ကေသမုတ္တိသုတ်)

++++++++++++++++++




မိမိတကယ်ချမ်းသာချင်လျှင်
သူတစ်ပါးကို ချမ်းသာစေလိုတဲ့စိတ် (မေတ္တာစိတ်) ဖြစ်အောင် အရင်ထားပါ။
မုချချမ်းသာလာပါလိမ့်မည်။

( မော်လမြိုင်၊ ကောလှရွာကျောင်းဆရာတော် )


++++++++++++++++++

မေတ္တာရှင်(ရွှေပြည်သာ)








Friday, December 9, 2011

" အော်...ရက်စက်လိုက်ကြတာ..."


တစ်ခါတုန်းက

မြစ်ကြီးနားဘူတာမှ မန္တလေးဘူတာသို့သွားတဲ့ ရထားစီးဖို့

မိုးကောင်းဘူတာမှာ စောင့်နေစဉ် ဘူတာထဲကလူတွေပြောတဲ့စကားတွေဖြစ်ပါတယ်။

ခေါင်းပေါင်းနဲ့တောင်သူဦးကြီးက

“ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့အဖွဲဝင်တစ်ယောက်ကို

သစ္စာဖောက်လို့ဆိုပြီးကလဲ့စားချေကြတယ်လို့ကြားတယ်”

ကိုတင်ဝင်းဆိုသူက

“ဘယ်လိုကလဲ့စားချေသလဲဆိုတာ လင်းစမ်းပါအုန်း”

တောင်သူ ဦးကြီးက

“သူ့ကိုကြိုးနဲ့တုပ်ပြီး မီးရထားသံလမ်းပေါ်တင်ထားလိုက်တယ်”

သနားကြင်နာတတ်တဲ့ကိုတင်ဝင်းက

“ရက်စက်လှချည်လား၊

ဒီဓားပြအပိုင်းပိုင်းပြတ်သေမှာပေါ့”

တောင်သူဦးကြီးပြန်ပြောလိုက်တာက...

“အပိုင်းပိုင်းပြတ်မသွားပါဘူး။

နောက်ရထားလာတာကိုစောင့်ရင်း အစာငတ်ပြီးသေသွားသတဲ့”



"တိုးတက်ပြီး မငြိမ်းချမ်းဘူးဆိုရင်..."



“ ဆင်းရဲခြင်း၏အတိတ်အကြောင်းသုံးပါး…”
ယင်းတို့မှာ
၁။ ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၂။ သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း။

၃။ ဣဿာမစ္ဆရိယများခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်းတို့ပင် ဖြစ်ပါသည်။

ထိုသုံးမျိုးအနက် ဒါနမပြုသောကြောင့်
ဆင်းရဲမွဲတေရသူများသည် လုံ့လဝီရိယဖြင့် ရှာဖွေခဲ့လျှင်
စားနိုင်သောက်နိုင်ဘဝကိုရောက်သေးသည်။
သူ့ဥစ္စာခိုး၍ ဆင်းရဲမွဲတေသူများကား
ရှာဖွေလို့လည်း မလွယ်ကူ၊
အစစ အဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း
မီး၊ မင်း၊ သူခိုး၊ ရေ၊ အမွေခံဆိုးဟူသော ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို
မကြာခဏခံရသဖြင့် ဘယ်သောအခါမှ နာလန်မထူပေ။
ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား ထိုထက်ဆိုးပါသေး၏။
ရှာလို့ဖွေလို့ ဘယ်လိုမှ မရသည့်အပြင်
လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သူများပင်
ဣဿာမစ္ဆရိယသမားများနှင့်တွေ့လျှင်
ကူညီလိုစိတ်၊သနားညှာတာစိတ်များ
အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏။

++++++++++++++++++




မနာလိုကင်း ဝန်တိုရှင်း
လက်ငင်းချမ်းသာကြရမည်။
( မဟာစည်ဆရာတော် )

++++++++++++++++++



လူ့ဘုံအောက်တွင်ရှိသော အပါယ်လေးဘုံတွင်
ဆင်းရဲဒုက္ခတွေများလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်မှ ပြုလုပ်၍ မရပေ။
လူ့ဘုံအထက်တွင်ရှိသော နတ်ဘုံ၊ ဗြဟ္မာ့ဘုံတို့တွင်ကား
ချမ်းသာသုခတွေ များလွန်းအားကြီးသောကြောင့်
မည်သည့်ကုသိုလ်ကိုမျှ ကောင်းကောင်းလုပ်၍ မရပြန်ပေ။
ဥပမာအားဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် အလှူခံပုဂ္ဂိုမရှိသောကြောင့်
ဒါနကုသိုလ် မည်သို့မျှ မဖြစ်နိုင်ခြင်းမျိုးပင်တည်း။
နတ်ပြည်သည် လူ့ဘဝကရှာဖွေလာသော ကုသိုလ်များကို
သုံးစွဲရာ ဈေးတန်းတစ်မျိုးသားဖြစ်သည်။

++++++++++++++++++



သဘောထားသေးသိမ်သောသူသည်
သူတစ်ပါး၏အပြစ်ကို သာ မြင်လေ့ရှိသည်။
သဘောထားပြည့်ဝသောသူကား
မိမိကိုယ်ကိုသာ အပြစ်မြင်တောသည်။
သဘောထားအပြည့်ဝဆုံးသော သူသည်ကား
မည်သူ့အပေါ်မှ အပြစ်မမြင်တော့ပေ….။

( ကွန်ဖြူရှပ် )

++++++++++++++++++


လူတို့အတွင်းသဏ္ဍန်၌
မေတ္တာ၊ အလိမ္မာ ၊ အကြင်နာတို့ ခေါင်းပါး၍
မာနတရားတို့ မလျှော့သမျှ ၊ လောဘတို့ဖြင့် အကြမ်းဖက်နေသမျှ
သိပ္ပံပညာနှင့် ရုပ်ပိုင်းပစ္စည်းတို့ မည်မျှ တိုးတက်စေကာမူ ငြိမ်းချမ်းမှုကိုကား ရနိုင်မည်မဟုတ်၊ တိုးတက်မှုကိုလည်း ရနိုင်မည်မဟုတ်၊ လွတ်လပ်မှုကိုလည်း ရနိုင်မည်မဟုတ်ချေ။

(တဂိုး)

++++++++++++++++++



လိပ်သတ္တဝါတို့သည် ဥများကို ဥသောအခါ
သဲများ၊မြေများနှင့်လုံခြုံစွာ ဖုံးဖိပြီးမှ အစာရေစာအတွက်
သွားလိုရာဌာနသို့ သွားလေ့ရှိကြ၏။
လိပ်များသည်ပင်လျှင် မိခင်၏မေတ္တာဓာတ်ကို
အဝေးတစ်နေရာမှာရှိတဲ့ဥများဆီကို
အမြဲတစေ ပို့လွှတ်ဆက်သွယ်နေကြောင်း တွေ့မြင်နိုင်သည်။
မိခင်သည် ဘယ်လောက်ပဲဝေးတဲ့နေရာကို သွားရောက်စေကာမူ
ဥခွံအတွင်း၌ရှိသော သားငယ်သည် မိခင်နှင့် အဆက်အသွယ်မပြတ်ပါ။
မိခင်ရဲ့မေတ္တာဟာ မိမိဥများထံသို့ ပို့လွှတ်ထား၏။
အကြောင်းတစ်စုံတစ်ရာကြောင့် လိပ်များဟာ အဝေးတစ်နေရာမှာ
သေသွားခဲ့ရင် အဲဒီဥများဟာလည်း မိခင်ရဲ့မေတ္တာအဆက်အသွယ်ကို
မရရှိကြတဲ့အတွက် သတ္တဝါအကောင်အဖြစ်သို့ ရောက်မလာဘဲ
သိုးပုပ်၍ သွားကြရပါတယ်။



++++++++++++++++++



ကမ္ဘာလောကကြီးကို တစ်ဖက် ၊
အမေကို တစ်ဖက်ချိန်ခွင်တွင် ထည့်၍ ချိန်ပါက
အမေဖက်က ဇောက်ထိုးကြီးသာနေမည်။

( အင်္ဂလိပ်တရားသူကြီး လော်စီလင်ဒေလ် )

++++++++++++++++++


ပါရမီရှင် သူတော်ကောင်းတို့သည်
မည်သို့ ဆိုးဝါးသော လောကဓံတရားနှင့် ကြုံတွေ့ရစေကာမူ
တုန်လှုပ်ချောက်ချားခြင်းမရှိ၊
စိုးရိမ်ပူပန်ခြင်းမရှိ၊
အရှုံးထဲမှ အမြတ်ထွက်အောင် ကြံဖန်နေထို်င်ကြမြဲတည်း။

++++++++++++++++++



မေတ္တာအကျိုး (၁၁)မျိုး

၁။ ချမ်းချမ်းသာသာအိပ်ရခြင်း၊
၂။ ချမ်းချမ်းသာသာနိုးရခြင်း၊
၃။ အိပ်မက်ဆိုးများကို မမက်တော့ခြင်း၊
၎။ လူမှန်သမျှက ချစ်ခင်ခြင်း၊
၅။ နတ်မှန်သမျှက ချစ်ခင်ခြင်း၊
၆။ နတ်များက ဘေးမရောက်အောင် စောင့်ရှောက်ခြင်း၊
၇။ မီး၊ အဆိပ်၊ဓား၊ လှံ၊ လေး၊ မြား၊ စသောလက်နက်များမကျရောက်နိုင်ခြင်း၊
၈။ စိတ်သည် လျင်မြန်စွာ သမာဓိရလွယ်ခြင်း။
၉။ မျက်နှာအဆင်းကြည်လင်သန့်ရှင်းခြင်း၊
၁၀။ မတွေမဝေ သတိရှိရှိသေရခြင်း၊
၁၁။ အမြင့်မြတ်ဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မရသေးလျှင်
သေပြီးနောက် ဗြဟ္မာဘုံသို့ရောက်ရခြင်း။

မေတ္တာရှင် (ရွှေပြည်သာ)



လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com