Sunday, October 2, 2011

"ရေကိုချွေတာသုံးစွဲပါ..."



ရေကိုမချွေတာခြင်းဟာ ငွေကိုမချွေတာရာရောက်ပါတယ်။
အမေရိကန်တွင် အလကားရတဲ့အရာ ဘာမှမရှိပါ။
မြန်မာနိုင်ငံတွင်လည်း ယခုရေကို အလကားရနိုင်သေးတယ်ဆိုရင်လည်း
နောက်နှစ်မကြာခင်မှာ ရှားပါးပစ္စည်းဖြစ်လာဖို့အလားအလာဖြစ်ရှိနေပါတယ်။

ကျနော်တို့သောက်နေရတဲ့ရေတွေဟာ ကျနော်တို့အဖေ၊ကျနော်တို့အဖိုးက
အပင်ပန်းခံပြီးတူးခဲ့တဲ့အတွက် သောက်သုံးနေရတာဖြစ်ပါတယ်။
ကျနော်တို့က ဆက်ပြီးရေတွင်း၊ရေကန်ကို ဆက်မတူးခဲ့ရင်...
ကျနော်တို့က မချွေတာခဲ့ရင်....
နောက်မျိုးဆက်တွေဖြစ်တဲ့ကျနော်တို့သားသမီးတွေ၊မြေးမြစ်တွေ ငတ်ဖို့သာရှိပါတယ်။

ရေနည်းနည်းကို ဖြုန်းတီးခြင်းဟာ ငွေနည်းနည်းကို ဖြုန်းတီးရာရောက်ပါတယ်။
ရေများများကိုဖြုန်းတီးခြင်းဟာလည်း ငွေများများကိုဖြုန်းတီးရာရောက်စေပါတယ်။
ချွေတာတဲ့နည်းလမ်းကိုမသိတဲ့အတွက် ချွေတာရကောင်းမှန်းမသိခဲ့ရင်တောင်
ချွေတာတဲ့နည်းလမ်းကို သိပါက
သိတဲ့အချိန်ကစပြီး ချွေတာသင့်ပါတယ်။
ဒါကြောင့် စေတနာကောင်း နဲ့ တင်ပြလိုက်ပါကြောင်း။

++++++++++++++++++++++++++++

၁။ လုံလောက်ရုံသာ ရေချိုးပါ။
မလိုအပ်ပဲ ဖြုန်းတီးတာမျိုး မဖြစ်ပါစေနှင့်။

၂။ ဆပ်ပြာတိုက်နေစဉ် ရေပိတ်ထားပါ။

၃။ သွားတိုက်လျှင် ရေပိုက်ခေါင်းကိုဖွင့်သုံးမည့်အစား ရေခွက်ဖြင့်ခံသုံးပါ။

၎။ အိမ်သာရေဆွဲလျှင် အပေါ့သွားသောအခါ ဆွဲခြင်းနှင့်
အလေးသွားသောအခါ ဆွဲခြင်းကို ခွဲခြားသိပါစေ။
(အပေါ့သွားပြီး နှိပ်လျှင် တစ်ချက်နှိပ်ရုံမျှနှင့် လုံလောက်သည်။
အလေးသွားပြီး နှိပ်လျှင် ခပ်ကြာကြာနှိပ်ထားရမည်။)

၅။ အအေးခန်းထဲမှ ထုတ်လာသော အသားငါးများကို
ရေခေါင်းဖွင့်ပြီးပျော့သွားအောင် မလုပ်ပါနှင့်။
မနက်ဖြန်ချက်မည့် အသားငါးများကို
ယနေ့ညကတည်းက အပေါ်ရေခဲခန်းမှ အောက်ဖက် အသီးအရွက်ခန်းသို့
ပြောင်းထည့်ထားခြင်းဖြင့် ရေခဲများ အရည်ပျော်သွားပေမည်။

၆။ အသီးအရွက်များကို ရေဆေးခြင်း၊
ပန်းကန်ခွက်ယောက်များကို ဆေးခြင်းအား ဇလုံဖြင့်သုံးပါ။
ရေပိုက်ခေါင်းဖွင့် သုံးခြင်းသည် မလိုအပ်ပဲ ရေကို ပိုကုန်စေသည်။

၇။ အ၀တ်တစ်ထည်၊ နှစ်ထည်ထဲဖြင့် အ၀တ်လျှော်စက်သုံးကာ လျှော်ခြင်းသည်
မီးကိုရော ရေကိုပါ မလိုအပ်ပဲ ဖြုန်းတီးခြင်း ဖြစ်သည်။
အ၀တ်လျှော်စက် တစ်လုံးစာပြည့်မှ လျှော်ပါ။
လူတစ်ဦးအတွက် တစ်ပတ်တစ်ကြိမ် (သို့မဟုတ်)
နှစ်ကြိမ်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်ပါသည်။

၈။ အ၀တ်လျှော်စက်မှ ထုတ်လိုက်သောရေကို လွှင့်မပစ်ပါနှင့်။
အိမ်သာလောင်းရန် သို့မဟုတ် ကြမ်းတိုက်ရန် ပြန်သုံးပါ။

၉။ ရေအသုံးကို PUB မှပို့လာသော ငွေတောင်းခံလွှာ ဘီလ်တွင် အမြဲစစ်ပါ။
မသင်္ကာစရာ ပိုများလာပြီဆိုလျှင် ရေယိုနေပြီလား စစ်ဆေးပါ။

၁၀။ ရေခေါင်းကို ပိတ်ပြီဆိုလျှင် သေချာစွာပိတ်ပါ။
ရေများ တစ်စက်စက်ကျမနေပါစေနှင့်။

၁၁။ Water Efficient ဟု ရေးထားသော ရေခေါင်းများသုံးပါ။

၁၂။ မသုံးသောအခါများတွင် (ခေတ္တပင်ဖြစ်စေ) ရေခေါင်းကို ပိတ်ထားပါ။

၁၃။ ရေယိုနေပြီ ဆိုပါစို့။
ချက်ခြင်းပြင်ပါ။

၁၄။ ရေယိုခြင်းကို စစ်နိုင်သည့်တစ်နည်းမှာ
အိမ်ရှိရေခေါင်းများအားလုံးကို သေချာကျနစွာ ပိတ်ပါ။
ထို့နောက် ရေမီတာကို စစ်ကြည့်ပါ။
ရေလုံးဝမသုံးသည့်တိုင် ရေမီတာ တက်နေသေးသည်ဆိုလျှင်
ရေယိုတာ သေချာပါသည်။
ရေပိုက်ပြင်သူ (Plumber )ကို အမြန်ဆုံးခေါ်ပါ။


၁၅။ ကားဆေးရာတွင် ရေပိုက်အစား ရေပုံးကို သုံးပါ။


၁၆။ သစ်ပင်ပန်းမန်များကို ရေလောင်းရာတွင်
နံနက် ၄ နာရီမှ ၇ နာရီအတွင်း၊
ညနေ ၆ နာရီမှ ၉ နာရီအတွင်း ရေပုံးကို သုံး၍လောင်းပါ။
(ထိုအချိန်များသည် ရေငွေ့ပျံအနည်းဆုံးဖြစ်သည်။)

++++++++++++++++++++++++++++++++++

(ဤဆောင်းပါးတွင်ပါသမျှ အချက်အလက်အားလုံးမှာ
PUB, NEA နှင့် Wikipedia Website များမှ ဖြစ်ပါသည်။)

++++++++++++++++++++++++++++++++++






Saturday, October 1, 2011

" အီလုံတက္ကသိုလ်..."





အီလုံတက္ကသိုလ်ဟာ အေးချမ်းသာယာတဲ့ နေရာတစ်ခုဖြစ်သလို
ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်တဲ့နေရာတစ်ခုလည်းဖြစ်တယ်။



အီလုံတက္ကသိုလ်ဟာ
အမေရိကန်နိုင်ငံမှာရှိတဲ့ ပုဂ္ဂလကျောင်းပါ။
ကျောင်းသားကျောင်းသူတွေကတော့ အနယ်အရပ်ရပ်ကလာတက်ကြတယ်။ အလွန်လှပတဲ့ပတ်ဝန်ကျင်တစ်ခုဖြစ်တယ်။
ပန်းဥယျာဉ်တစ်ခုထဲဝင်လည်နေရသလိုခံစားရတယ်။





တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတိုင်းဟာ ကိုယ်ပိုင်ကားကိုယ်စီနဲ့မို့
ကျောင်းတက်ချိန်ဆိုရင် ကားပါ့ကင်မှာ ကားတွေနဲ့ပြည့်ကြတ်နေလေ့ရှိတယ်။




အီလုံတက္ကသိုလ်ဟာ
ကာရိုးလိုင်းနား(မြောက်)မှာရှိနေတဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်။
ကျောင်းဝန်းဟာ အလွန်ကျယ်တယ်။
အဆောက်အဦးတွေဟာ များပြားလှတယ်။




ိအချို့ကျောင်းသားတွေဟာ ကားပါ့ကင်အခက်အခဲကြောင့်
အချို့ကျောင်းသားတွေကတော့ ကျောင်းဝင်းထဲမှာအဆောင်ငှားနေတာကြောင့်၊
စက်ဘီးတွေနဲ့ကျောင်းတက်သူအချို့လည်းရှိနေပါတယ်။


အီလုံတက္ကသိုလ်ကျောင်းကို လာရောက်လေ့လာသူတွေဟာ
နေ့စဉ်နဲ့အမျှရှိနေကြပါတယ်။
သားသမီးတွေကျောင်းမတက်မီ မိဘများက
ကျောင်းရဲ့အခြေအနေကို အသေးစိတ်သိရလေအောင်
သားသမီးများနဲ့လာရောက်လေ့လာတာကိုတွေ့ရပါတယ်။
နောက်ဆုံးနှစ်ကျောင်းသား/ကျောင်းသူများက
လိုက်လံရှင်းလင်းပြပါတယ်။


စာသင်ဆောင်တွေဖြစ်ပါတယ်။


အီလုံတက္ကသိုလ်ဝင်းအတွင်းက ဘုရားကျောင်းတစ်ခုပါ။
တနင်္ဂနွေနေ့နံနက်ပိုင်းဆိုရင် ကားတွေနဲ့ပြည့်နေတတ်ပါတယ်။

စာသင်ဆောင်တွေဟာ အမြောက်အများရှိနေတယ်။
ကျောင်းဆောင်သစ်တွေဟာ အမြဲတမ်းတိုးချဲ့နေတယ်။
သူတို့ကျောင်းကိုရောက်တဲ့ခဏမှာပဲ
ပျော်ပျော်စရာကောင်းလိုက်တာ၊
ဝမ်းသာစရာကောင်းလိုက်တာ၊
အားကျစရာကောင်းလိုက်တာ၊

+++++++++++++++++++++++++++++++++++++++

အီလုံတက္ကသိုလ်ကို ရောက်တော့
ကျနော်တို့ရဲ့အမိမြန်မာနိုင်ငံက
တက္ကသိုလ်ကျောင်းသားဘဝကို ပြန်သတိမိပါတယ်။
ကျနော်တို့တက္ကသိုလ်ကျောင်းတက်စအချိန်
ဟာ ပျော်စရာအကောင်းဆုံးအချိန်လို့ပြောလို့ရတယ်။
နောက်ပိုင်းရောက်လာတော့ ခဏခဏကျောင်းပိတ်လာတယ်။
ကျောင်းတက်ချိန်ဟာ နည်းနည်းလာတယ်။
ကျောင်းတွေဟာ မြို့နဲ့ဝေးဝေးလာတယ်။
ပညာရေးဟာ အဆင့်နိမ့်နိမ့်လာတယ်။
ကန့်သတ်ချက်တွေက များများလာတယ်။
စာမေးပွဲတွေဟာ လွယ်လွယ်လာတယ်။
ဘွဲ့ရသူတွေဟာ တန်းဖိုးနည်းနည်းလာတယ်။
နောက်ဆုံးကျတော့
ဝမ်းနည်းစရာကောင်းကောင်းလာတယ်။



Friday, September 30, 2011

" စိတ်ကြောင့်သေ၊ စိတ်ကြောင့်ကြေ..."


တစ်ခါတုန်းက

ကိုယ်လုံးကိုယ်ပေါက်ထွားကျိုင်းသန်မာတဲ့လူရွယ်တစ်ယောက်ရှိတယ်။

သူ့နာမည်ကတော့ စိုးသန်းပါ။

သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့နိုင်ငံခြားတိုင်းပြည်ကိုရောက်လာတယ်။

စာသင်ရမှာ စိတ်မဝင်စားတော့ ရတဲ့အလုပ်ကို လုပ်ရတော့တယ်။

ပညာမတတ်တော့ ရတဲ့အလုပ်ကလည်း အလုပ်ကြမ်းတွေပါပဲ။

သူရတဲ့အလုပ်က ဝက်သားတွေကို အအေးခန်းကနေ

နောက်ကားတွေရဲ့အအေးခန်းထဲကို သယ်ပေးရတဲ့အလုပ်ဖြစ်တယ်။

ဝက်သားတွေကို ပုတ်သိုးမသွားအောင် အအေးတွေကို အမြင့်ဆုံးကိုတင်ထားတာပေါ့။

သူက အအေးခန်းထဲဝင်တိုင်းတွေးမိတာက

“ တကယ်လို့များ အအေးခန်းထဲမှာ ပိတ်မိနေခဲ့ရင်

အဲဒီအအေးဒဏ်ကြောင့် လူသေမှာ အမှန်ပဲ”

ဆိုတဲ့အတွေးကို အအေးခန်းထဲကို ဝင်တိုင်းတွေးမိတယ်။

သူဟာ လူကောင်ထွားကြိုင်သန်မာပေမယ့်

စိတ်ကတော့ အလွန်ကြောက်တတ်သူဖြစ်တယ်။

ကြောက်စိတ်ကိုဖုံးကွယ်ချင်တဲ့အတွက် သူဟာအားကစားမျိုးစုံကို

အချိန်ရရင်ရသလို လုပ်လေ့ရှိတယ်။အားကစားရုံတွေကို သွားလေ့ကျင့်တတ်တယ်။

တစ်နေ့မှာတော့ အနယ်နယ်အရပ်ရပ်က ဝက်သားတွေအများအပြားအော်ဒါရတယ်။

ဒီတော့ ဝက်သားတွေကိုသယ်ရတဲ့အလုပ်ကလည်းများတာပေါ့။

အဲဒီနေ့က အလုပ်များလွန်းတော့ လူတွေကလည်း နားချင်နေပြီ။

ဒါနဲ့ပဲ အလုပ်ပြီးချိန်ရောက်တော့ အလုပ်သမားခေါင်းက နားချိန်လို့အော်ပြီး

ထုံစံအတိုင်း အအေးခန်းတံခါးတွေကိုပိတ်တာပေါ့။

လူတွေကို သေသေချာချာမစစ်ဆေးလိုက်မိဘူး။

အဲဒီနေ့မှာပဲ စိုးသန်းဟာ အအေးခန်းထဲမှာ ကျန်ခဲ့တယ်။

သူက အလုပ်မပြီးသေးလို့အခန်းထဲဝင်ချိန်မှာ အအေးခန်းတံခါးက

ပိတ်သွားတာကို မသိလိုက်ဘူး။

သိလို့အော်ခေါ်တဲ့အချိန်မှာ ဘယ်သူမှမကြားတော့ဘူး။

ဘယ်သူမှလည်းမရှိကြတော့ဘူး။

စိုသန်းဟာ တဖြည်းဖြည်းကြောက်လာတယ်။

အအေးခန်းထဲမှာ….ဆိုတဲ့အတွေးက မူလကကြောက်စိတ်ကိုပိုပိုဆိုးစေတယ်။

အသံကုန်ဟစ်ပြီးခေါ်တော့လည်းလူသံတွေမကြားရဘူး။

တံခါးထုတော့လည်းဖွင့်ပေးမယ့်သူမရှိဘူး။

ကြောက်စိတ်က ပိုပိုပြီးကြီးထွားလာတယ်။

နောက်တစ်နေ့နံနက်မှာ လူတွေက အလုပ်ဝင်တဲ့အချိန်ရောက်တော့

တံခါးကိုဖွင့်လိုက်တဲ့အခါ တံခါးဝနားမှာ စိုးသန်းဟာ

ထိုင်လျက်သေနေတာကိုတွေ့ရတယ်။

ကိုယ်ခန္ဓာကလည်းနွေးနေတယ်။

အေးတောင့်နေတာလည်းမရှိဘူး။

ဖြစ်ချင်တော့ အဲဒီညမှာ အအေးခန်းလျှပ်စစ်မီးဟာ ပျက်နေတယ်။

“ဒါဆိုရင် စိုးသန်းဟာ ဘာကြောင့်သေသလဲ”ဆိုတဲ့မေးခွန်းက

စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းဖြစ်လာတယ်။

နောက်ဆုံးမှာ ဥပဒေဆိုင်ရာဆေးပညာဆရာဝန်ရဲ့မှတ်ချက်ကတော့

“သေဆုံးသူဟာ အအေးဒဏ်ကြောင့်သေဆုံးခြင်းမဟုတ်ဘဲ၊

ကြောက်စိတ်ကြောင့်သေဆုံးခြင်းဖြစ်ကြောင်း”

ဆိုတဲ့မှတ်ချက်နဲ့အဆုံးသတ်သွားခဲ့တယ်။

++++++++++++++++++++

စိတ်ကလူကိုသေစေတယ်ဆိုတဲ့အချက်က စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဆေးပညာလောကမှာလည်း ဆွေးနွေးငြင်းခုံစရာဖြစ်ခဲ့တယ်။

ရုပ်အဓိကထားတဲ့ဆရာဝန်၊နဲ့

စိတ်အဓိကထားတဲ့ ဆရာဝန်ဆိုပြီးအုပ်စုနှစ်စုကွဲထွက်သွားတယ်။

ရောဂါဆိုတာ ရုပ်မှာဖြစ်တာမှန်ပါတယ်။

ဒါပေမယ့် ရုပ်မှာဖြစ်တဲ့ရောဂါ၊ဝေဒနာကြောင့်

စိတ်မှာလည်းအနာတရဖြစ်သွားတတ်စမြဲပါပဲ။

ကျနော်လေ့လာမိတဲ့အချက်က

ရုပ်ကိုပဲအဓိကထားပြီးကုသနေတဲ့ဆရာဝန်တွေထက်

စိတ်ကိုပါ တွဲပြီးကုသတတ်တဲ့ဆရာဝန်တွေက

ဆေးပညာလောကမှာ ပိုမိုအောင်မြင်တာကို သတိထားမိပါတယ်။

ဒါကြောင့် ဆရာဝန်တွေဟာ စိတ်ပညာအကြောင်းကိုနားလည်ဖို့လိုအပ်ပါတယ်။

လူနာကိုစိတ်ချမ်းသာအောင် လုပ်တတ်တဲ့ဆရာဝန်ဟာ

ဆေးမကုသခင်မှာကို ရောဂါတစ်ဝက်သက်သာနေတတ်တာမျိုးပါ။

+++++++++++++++++++++++++++++++

အမေရိကန်နိုင်ငံမှာတော့ ရုပ်ကိုအဓိကထားတာကိုလည်းသတိထားမိတယ်။

အမေရိကန်မှာက စည်းကမ်းနဲ့ဥပဒေနဲ့ထိန်းချုပ်ထားတာကြောင့်

ဆရာဝန်တွေကလည်းကိုယ့်ကိုယ်ကို ပြဿနာမတက်အောင်

ကာကွယ်နေရတာနဲ့

လူနာရဲ့စိတ်ခံစားမှုအပေါ် ရှုမြင်သုံသပ်မှုရာမှာ စာနာထောက်ထားဖို့

သတိမရကြတော့ပါ။

စံနစ်ကြောင့်ဖြစ်တတ်တဲ့သဘောဟု နားလည်မိပါတယ်။

+++++++++++++++++++++++++++

လူကြီးမင်းကရော.....

လူဟာ စိတ်ကြောင့်သေဆုံးတယ်ဆိုတာကို

လက်ခံပါသလား။



Thursday, September 29, 2011

" ဂုဏ်မဖေါ်တဲ့ လူတော်+လူကောင်း..."


သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။
၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ
အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။
နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို
သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။
အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။
သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။
သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။
ဘတ်စကားကိုပဲ သူအသုံးပြုတယ်။
သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။
တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို
စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။
တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင်
မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။
ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း
ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။

သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....

Cornell University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၅၈၈ မီလီယံ၊
California University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း ၁၂၅ မီလီယံ၊
Stanford University အတွက် သူလှူဒါန်းခဲ့တဲ့ငွေက စုစုပေါင်း သန်း၆ဝ၊
အိုင်ယာလန်မှာ တက္ကသိုလ်အသစ် ၇ကျောင်းနဲ့
မြောက်အိုင်ယာလန်မှာ ၂ကျောင်းဆောက်ဖို့ တစ်ဘီလီယံကို သူလှူဒါန်းခဲ့တယ်။

နှုတ်ခမ်းကွဲကလေးသူငယ်တွေရဲ့ လက်မှုပစ္စည်းတွေ ဖွံ့ဖြိုးတိုးတက်အောင်
အပြုံးစစ်ဆင်ရေး "Operation Smile" ပရဟိတလုပ်ငန်းကို သူစတင်တည်ထောင်ခဲ့ပြီး
ဆေးဖိုးဝါးခတွေ ရှာပေးခဲ့တယ်။
အာဖရိကတိုက်အတွက် ပုလိပ်ရောဂါနဲ့ အခြားရောဂါတိုက်ဖျက်ရေးအတွက်
ငွေကြေးအမြောက်အမြား သူလှူဒါန်းခဲ့တယ်။
ဒီကနေ့အထိ သူလှူဒါန်းလိုက်တဲ့ ငွေကြေးပေါင်း ၄ဘီလီယံကျော်ရှိခဲ့ပြီး
လှူဒါန်းဖို့ ငွေကြေး (၄)ဘီလီယံ လျာထားဆဲဖြစ်ပါတယ်။

သူကတော့ သူကိုယ်တိုင်အတွက် မကြည့်ဘဲ အများအတွက်ကြည့်သူ၊
ငွေကြေးရှာဖွေတာကို နှစ်သက်ပေမယ့်
ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ
"Chuck Feeney"ပဲဖြစ်ပါတယ်။


Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး။
သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။
သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့ပြီး ပရဟိတလုပ်ငန်းနဲ့ဆိုင်တဲ့ အမေရိကန်ဥပဒေက ကင်းလွတ်အောင်
အမေရိကန်နဲ့ဝေးတဲ့ Bermuda ကျွန်းစုမှာ သွားရောက် တည်ထောင်ခဲ့တာဖြစ်တယ်။
လုပ်ငန်းကိုလည်း သူ့နာမည်ဖြစ်တဲ့ Chuck Feeney ကို မပေးခဲ့တဲ့အပြင်
အဲဒီမှာ အလုပ်လုပ်တဲ့လူတွေကိုလည်း ဘယ်သူ့ဆီမှာ အလုပ်လုပ်ကြောင်း
မပေါက်ကြားစေခဲ့ပါဘူး။
သူ့တောင်းဆိုချက်ကြောင့် သူတို့လုပ်ငန်းက လှူဒါန်းခဲ့တဲ့ငွေတွေမှာ
သူ့နာမည်ကို မှတ်တမ်းမတင်ခဲ့ကြဘူး။

၁၉၉၇ခုနှစ်ရောက်မှ Chuck Feeney တည်ထောင်ခဲ့တဲ့ Duty Free Shoppers Group ကို ပြင်သစ်ကနာမည်ကြီးတဲ့ Bernard Arnault က ဝယ်ယူလိုက်မှ သူ့ကို လူတွေသိခဲ့ကြတာဖြစ်တယ်။ အဲဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို The Atlantic Philanthropiesထဲ သူအားလုံးလွှဲပြောင်းခဲ့တယ်။ သူလှူဒါန်းခဲ့တဲ့ငွေတွေဟာ Macarthur ၊
Rockefellerတို့တည်ထောင်ခဲ့တဲ့ နာမည်ကြီး ပရဟိတလုပ်ငန်းတွေထက်
ပိုများခဲ့ပါတယ်။

သူ ထင်ထင်ပေါ်ပေါ် မနေခဲ့ဘူး။
လှူဒါန်းငွေတွေမှာလည်း နာမည်ကိုမဖော်ပြခဲ့ဘူး။
သူကိုယ်တိုင်တည်ထောင်ထားတဲ့ ၈ဘီလီယံတန် The Atlantic Philanthropies ကိုတောင် သူ့နာမည်နဲ့တည်ထောင်ဖို့ ငြင်းခဲ့တယ်။
နှစ်အတော်ကြာမှ လူတွေက သူ့ကိုသိခဲ့ကြတယ်။
သူဟာ တစ်ကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထင်ထင်ပေါ်ပေါ် မနေချင်သူတစ်ယောက်ဟာ ထင်ပေါ်လာခဲ့တယ်။
ဒါပေမဲ့ သူတို့အဖွဲ့အစည်းက လှူဒါန်းမယ့်အကြောင်းတွေကို သူတို့မကြေညာတတ်သလို
အလှူရှင်ဆိုတဲ့ စာတန်း၊ နာမည်တွေ ကမည်းမထိုးဖို့လည်း တောင်းဆိုခဲ့တယ်။
သူလှူဒါန်းတဲ့ အဆောက်အဦးတွေမှာ သူ့နာမည်ကို ကမည်းမထိုးဖို့ ပြောခဲ့ပါတယ်။


"အဆောက်အဦးတွေ ဘယ်သူဆောက်တယ်၊
ဘယ်သူလှူဒါန်းတယ်ဆိုတာ အရေးမကြီးပါဘူး။
အရေးကြီးတာက အဆောက်အဦး ဆောက်လုပ်ပြီးစီးဖို့ပဲ"
လို့ သူကဆိုခဲ့ပါတယ်။

Chuck Feeney က သူဟာ "အဝတ်အစားစုတ်ပြတ်ပြတ်နဲ့ အလှူရှင်" လို့ဆိုခဲ့ပါတယ်။
သူရဲ့ချွေတာမှုက လူတွေကို အံ့သြစေခဲ့တယ်။
သူဟာ အဆောက်အဦးပေါင်းများစွာ ဆောက်လုပ်လှူဒါန်းခဲ့တယ်။
ပြင်သစ် နာမည်ကြီးခရီးသွားနေရာတွေ၊
လန်ဒန်အဆင့်မြင့်နေရာတွေနဲ့
နယူးယောက်ပန်းခြံ အနီးအနားတွေမှာ
အဆင့်မြင့် အဆောက်အဦးပေါင်း ၆ခုရှိခဲ့ပေမယ့်
ဒီကနေ့မှာ တစ်ခုမှ သူ့အတွက် သူချန်မထားခဲ့ပါဘူး။
သူဟာ ဇနီးနဲ့အတူ ဆန်ဖရန်စ္စကိုနေရာတစ်ခုမှာ အိမ်ငှားနေထိုင်ပြီး
ဘတ်စကား၊ မြေအောက်ရထား၊ တက္ကစီတွေကိုပဲ အသုံးပြုနေခဲ့ပါတယ်။


Chuck Feeneyဟာ သူတည်ထောင်ခဲ့တဲ့ Duty Freeဆိုင်တွေကနေ ငွေကြေးများစွာ ရရှိခဲ့ပေမယ့်
သူကိုယ်တိုင် နာမည်ကြီးတံဆိပ် အဝတ်အစားတွေကို မဝတ်ဆင်ခဲ့ပါဘူး။
သူစားတဲ့ အစားအသောက်တွေဟာလည်း ဆင်းရဲသားဆန်လွန်းခဲ့ပါတယ်။


"နာမည်ကြီး အဆင့်မြင့်စားသောက်ဆိုင်တွေမှာ
ထမင်းတစ်နပ်ကို ဒေါ်လာ(၁ဝဝ)နဲ့ သင်စားနိုင်ပါတယ်။
ဒါပေမဲ့ ၂၅ဒေါ်လာတန်တဲ့ ထမင်းတစ်နပ်ကလည်း ကျွန်တော့်ကို ပြည့်ဝမှုတွေပေးနိုင်ပါတယ်"
လို့ Chuck Feeneyက ပြောခဲ့ပါတယ်။

Chuck Feeneyမှာ သားသမီးငါးယောက်ရှိပြီး
ဒီသားသမီးတွေဟာ ထူးခြားတဲ့အလိုလိုက်ခြင်း၊ ဥစ္စာပစ္စည်းတွေအပေါ် ဇိမ်ခံခြင်းတွေ မရှိခဲ့ပါဘူး။
ကျောင်းအားရက်တွေမှာ သူတို့ဟာ စားသောက်ဆိုင်၊ ဟိုတယ်တွေမှာ အလုပ်သွားလုပ်ရပါတယ်။ ကလေးတွေထဲက သမီးတစ်ယောက်က ဆယ်နှစ်ကျော်အရွယ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းအကြာကြီး ပြောခဲ့မိလို့ ဖုန်းခဆောင်ရချိန်မှာ Chuck Feeney ဟာ အိမ်ကဖုန်းကို ဖြတ်တောက်ခဲ့ပါတယ်။ အိမ်ကဖုန်းနံဘေးမှာလည်း လမ်းဘေးဖုန်း တည်နေရာကို မြေပုံဆွဲကပ်ထားခဲ့တယ်။ သမီးရဲ့သူငယ်ချင်းကိုလည်း ဖုန်းခစာရွက်ကို ပို့ပေးခဲ့တယ်။ စစချင်းမှာ သမီးက သူငယ်ချင်းဖြစ်သူကို အားနာခဲ့ပေမယ့် နောက်ဆုံးဟာ Chuck Feeney လုပ်တဲ့အလုပ်ဟာ မှန်ကန်ကြောင်းထောက်ခံခဲ့တယ်။
ဖခင်ရဲ့ အမည်အဖော်တဲ့အလှူတွေကိုလည်း သားသမီးတွေက ထောက်ခံခဲ့ကြပြီး
"အဖေ ဒီလိုလုပ်တာ နည်းနည်းတော့ထူးဆန်းပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက် လှူဒါန်းခံရသူတွေရဲ့ အထူးတလည်ဆက်ဆံတာကို ကျွန်မတို့မခံရတော့ဘူး။
ကျွန်မတို့ဟာ တခြားလူတွေနဲ့ တန်းတူဖြစ်တယ်"
လို့ ဆိုခဲ့ကြတယ်။



ထင်ထင်ပေါ်ပေါ်၊ ကျော်ကျော်ကြားကြားနေချင်သူတွေနဲ့စာရင်
Chuck Feeneyက တမျိုးတဘာသာ ထူးခြားတယ်၊ ဆိတ်ငြိမ်တယ်လို့ ဆိုရလိမ့်မယ်။


Chuck Feeneyရဲ့ အလှူအတန်းတွေထဲမှာ "Operation Smile" လို့ခေါ်တဲ့လုပ်ငန်းတစ်ခုပါတယ်။ အဓိက,က နှုတ်ခမ်းကွဲကလေးသူငယ်တွေကို ခွဲစိတ်ကုသပေးဖို့ဖြစ်တယ်။ တစ်ခါက နှုတ်ခမ်းခွဲစိတ်ကုသနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူဆုံခဲ့တယ်။
ကောင်မလေးက ပါးစပ်ကိုလက်နဲ့အုပ်ထားပေမယ့်
လှုပ်ရှားပျော်ရွှင်နေတဲ့ မျှော်လင့်စိတ်ကိုတော့ မဖုံးကွယ်နိုင်ခဲ့ဘူး။
ခွဲစိတ်ကုသပြီးနောက် ကောင်မလေးဟာ ပြုံးရယ်နေပြီး
"ကျွန်မရဲ့ပုံစံက အရင်ကလို ရုပ်ဆိုးမနေတော့ဘူး"လို့ ဆိုနေသယောင်ရှိနေခဲ့တယ်။
ကောင်မလေးကိုကြည့်ပြီး Chuck Feeneyက
"ဒီလိုအချိန်မျိုးမှာမှ ဥစ္စာပစ္စည်းက တန်ဖိုးရှိလွန်းတယ်" လို့ဆိုခဲ့ပါတယ်။

တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ကောင်လေးတစ်ယောက် Chuck Feeney ဆီလျှောက်လာပြီး
"မစ္စတာရဲ့ ပညာတော်သင်ဆုကို ကျွန်တော်ရခဲ့ပါတယ်။
အခု ကျွန်တော်ဟာ ဒီစားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်နေပါပြီ" လို့ဆိုခဲ့တယ်။

Chuck Feeneyဟာ ပြင်သစ်စကား၊ ဂျပန်စကားတွေကို ကောင်းစွာပြောနိုင်ပြီး
ကမ္ဘာ့အရပ်ရပ် ခရီးသွားရတာကို နှစ်သက်ပါတယ်။
ရောက်ရာအရပ်မှာလည်း အလှူဒါနတွေ သူပြုလုပ်လှူဒါန်းလေ့ရှိတယ်။
The Atlantic Philanthropies လှူဒါန်းခဲ့တဲ့ဝန်းကျင်ဟာ
ကမ္ဘာ့ဝန်းကျင်ထက် ကျော်လွန်နေခဲ့ပါပြီ။
ဗီယက်နမ်ကလေးငယ်တွေအတွက် ယာဉ်လမ်းစည်းကမ်းအလှူငွေ၊
သြစတေးလျ ကင်ဆာရှာဖွေရေးအတွက် လှူဒါန်းငွေ၊
ဖိလစ်ပိုင် မျက်နှာချွတ်ယွင်းကလေးငယ်အတွက် ပလပ်စတစ်ဆာဂျင်ရီ လှူဒါန်းငွေ
စတာတွေရှိခဲ့ပါတယ်။


"လူတွေဟာ ငွေရှာပြီး သူဌေးသူကြွယ်လုပ်ကြတယ်။
လူအများရဲ့အာရုံကို ဖမ်းစားကြတယ်။
လူတွေကို ဘာလုပ်ပါလို့ ကျွန်တော်ပြောချင်တာမဟုတ်ဘူး။
ပရဟိတလုပ်ငန်းတွေမှာ ထည့်သွင်းလှူဒါန်းတာဟာလည်း ကျွန်တော်တို့ကို ပြည့်စုံမှု၊ ပြည့်ဝမှုတွေ ဖြစ်စေပါတယ်"


အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊
Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။
Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက်
သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။

အခုလောလောဆယ် Chuck Feeneyမှာ မျှော်လင့်ချက်နှစ်ခု ရှိပါသတဲ့။
တစ်ခုက ၂ဝ၁၆ခုနှစ်မတိုင်ခင် သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံကို
အကုန်လှူဒါန်းချင်တာဖြစ်ပါတယ်။
အခုချိန်ခါမှာ အဲဒီငွေထဲက ၄မီလီယံဟာ ကမ္ဘာ့အရပ်ရပ်က လိုအပ်သူတွေအတွက် နှစ်စဉ်လှူဒါန်းငွေတွေဖြစ်ပါတယ်။
ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ အကူအညီလိုသူတွေ အများကြီးရှိသေးကြောင်း
Chuck Feeney က ခန့်မှန်းပါတယ်။
ဒါကြောင့် လှူဒါန်းငွေတွေကို မကြန့်ကြာစေခဲ့ပါဘူး။


"ဒီငွေတွေကို ကျွန်တော်မလှူဒါန်းနိုင်ခဲ့ရင် ကျွန်တော်အသေဖြောင့်မှာ မဟုတ်ဘူး"
လို့ Chuck Feeney က အရယ်တစ်ဝက်နဲ့ ဆိုခဲ့ပါတယ်။

သူ့ရဲ့နောက်မျှော်လင့်ချက်တစ်ခု က သူဌေးသူကြွယ်တွေ စံနမူနာယူတတ်ဖို့ ဖြစ်ပါတယ်။

"ဘဝမှာနေထိုင်ရတာ ပျော်ရွှင်ကြည်နူးသလို
လှူဒါန်းမှုတွေကိုလည်း လုပ်ပါ" လို့ သူကဆိုပါတယ်။


သတင်းထောက်တွေက Chuck Feeneyကို
"ဘာကြောင့် တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲ" လို့မေးတော့
Chuck Feeney က ရိုးရိုးရှင်းရှင်းပဲ ဖြေခဲ့ပါတယ်။


"အလောင်းဝတ်တဲ့အဝတ်အစားမှာ
အိတ်ကပ်မရှိလို့ပါ" တဲ့.....


http://en.wikipedia.org/wiki/
Chuck_Feeney http://wn.com/Chuck_Feeney


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

(မြန်မာပြည်ကပေးပို့သူ ရှေ့နေမလေးနီဝမ်းကိုကျေးဇူးတင်ပါတယ်)

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နိုင်းနိုင်းစနေဘလော့ဂ်ဟာ ကျနော်နဲ့အနီးဆုံးမှာ ရှိတဲ့ဘလော့ဂ်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် အမှန်ဝန်ခံရရင် ဒီဆောင်းပါးကို ကျနော်မဖတ်မိလိုက်ဘူး။
အလှမ်းဝေးတဲ့မြန်မာပြည်က မိတ်ဆွေရှေ့နေမလေးဒေါ်နီဝမ်းက
လှမ်းပို့တော့မှ ဖတ်ဖြစ်လိုက်မိတယ်။
ဖတ်မိတော့လည်း အလွန်ကို နှစ်သက်သွားမိပါတယ်။
အလွန်အားကျသင့်တဲ့အဖြစ်အပျက်တစ်ခုမို့
လက်ဆင့်ကမ်းချင်စိတ်ဖြစ်ပေါ်လာမိပါတယ်။
ကျနော်လို မျက်စိရှန်းပြီးမဖတ်လိုက်မိသူများအတွက်
ဖတ်မိစေလိုတဲ့စေတနာနဲ့ တစ်ဆင့်တင်ပြလိုက်ပါတယ်။
ဘာသာပြန်သူ 99စနေကိုလည်းကျေးဇူးတင်ပါကြောင်း၊
ရှေ့နေမလေး မနီဝမ်းကိုလည်း ကျေးဇူးတင်ပါကြောင်း၊
ပြောကြားလိုပါတယ်။
++++++++++++++++++++++++++++
တစ်ခါတုန်းက ကျနော်
ဆရာတော်တစ်ပါးကိုမေးဖူးပါတယ်။

"ဘာသာခြားတွေလည်း နတ်ပြည်ရောက်နိုင်ပါသလား" ဆိုတဲ့မေးခွန်းပါ။
ဆရာတော်ပြန်ဖြေတာက...
" နတ်ပြည်မှာ ဘာသာခြားတွေက ပိုများတယ်။
ဘာကြောင့်ဆိုတော့ သူတို့လှူဒါန်းတဲ့နေရာမှာ အလှူဒါနကိုသာ အာရုံပြုတယ်။
ဂုဏ်မဖေါ်တတ်ကြဘူး။
ဒို့ဘာသာက လှူပြီးဆိုရင် လူမသိ သိအောင်လှူတယ်။
ဂုဏ်နောက်ကို လိုက်ကြလွန်းတယ်။
ဒါနဲ့ပဲ ဒါနရဲ့အနှစ်သာရကမှေးမိန်သွားရော။

ဒါကြောင့်ဘာသာခြားတွေပိုများတယ်လို့ပြောတာ။"

++++++++++++++++++++++++++++++++++
လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com