တစ်ခါတုန်းက
ကိုယ်လုံးကိုယ်ပေါက်ထွားကျိုင်းသန်မာတဲ့လူရွယ်တစ်ယောက်ရှိတယ်။
သူ့နာမည်ကတော့ စိုးသန်းပါ။
သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့နိုင်ငံခြားတိုင်းပြည်ကိုရောက်လာတယ်။
စာသင်ရမှာ စိတ်မဝင်စားတော့ ရတဲ့အလုပ်ကို လုပ်ရတော့တယ်။
ပညာမတတ်တော့ ရတဲ့အလုပ်ကလည်း အလုပ်ကြမ်းတွေပါပဲ။
သူရတဲ့အလုပ်က ဝက်သားတွေကို အအေးခန်းကနေ
နောက်ကားတွေရဲ့အအေးခန်းထဲကို သယ်ပေးရတဲ့အလုပ်ဖြစ်တယ်။
ဝက်သားတွေကို ပုတ်သိုးမသွားအောင် အအေးတွေကို အမြင့်ဆုံးကိုတင်ထားတာပေါ့။
သူက အအေးခန်းထဲဝင်တိုင်းတွေးမိတာက
“ တကယ်လို့များ အအေးခန်းထဲမှာ ပိတ်မိနေခဲ့ရင်
အဲဒီအအေးဒဏ်ကြောင့် လူသေမှာ အမှန်ပဲ”
ဆိုတဲ့အတွေးကို အအေးခန်းထဲကို ဝင်တိုင်းတွေးမိတယ်။
သူဟာ လူကောင်ထွားကြိုင်သန်မာပေမယ့်
စိတ်ကတော့ အလွန်ကြောက်တတ်သူဖြစ်တယ်။
ကြောက်စိတ်ကိုဖုံးကွယ်ချင်တဲ့အတွက် သူဟာအားကစားမျိုးစုံကို
အချိန်ရရင်ရသလို လုပ်လေ့ရှိတယ်။အားကစားရုံတွေကို သွားလေ့ကျင့်တတ်တယ်။
တစ်နေ့မှာတော့ အနယ်နယ်အရပ်ရပ်က ဝက်သားတွေအများအပြားအော်ဒါရတယ်။
ဒီတော့ ဝက်သားတွေကိုသယ်ရတဲ့အလုပ်ကလည်းများတာပေါ့။
အဲဒီနေ့က အလုပ်များလွန်းတော့ လူတွေကလည်း နားချင်နေပြီ။
ဒါနဲ့ပဲ အလုပ်ပြီးချိန်ရောက်တော့ အလုပ်သမားခေါင်းက နားချိန်လို့အော်ပြီး
ထုံစံအတိုင်း အအေးခန်းတံခါးတွေကိုပိတ်တာပေါ့။
လူတွေကို သေသေချာချာမစစ်ဆေးလိုက်မိဘူး။
အဲဒီနေ့မှာပဲ စိုးသန်းဟာ အအေးခန်းထဲမှာ ကျန်ခဲ့တယ်။
သူက အလုပ်မပြီးသေးလို့အခန်းထဲဝင်ချိန်မှာ အအေးခန်းတံခါးက
ပိတ်သွားတာကို မသိလိုက်ဘူး။
သိလို့အော်ခေါ်တဲ့အချိန်မှာ ဘယ်သူမှမကြားတော့ဘူး။
ဘယ်သူမှလည်းမရှိကြတော့ဘူး။
စိုသန်းဟာ တဖြည်းဖြည်းကြောက်လာတယ်။
အအေးခန်းထဲမှာ….ဆိုတဲ့အတွေးက မူလကကြောက်စိတ်ကိုပိုပိုဆိုးစေတယ်။
အသံကုန်ဟစ်ပြီးခေါ်တော့လည်းလူသံတွေမကြားရဘူး။
တံခါးထုတော့လည်းဖွင့်ပေးမယ့်သူမရှိဘူး။
ကြောက်စိတ်က ပိုပိုပြီးကြီးထွားလာတယ်။
နောက်တစ်နေ့နံနက်မှာ လူတွေက အလုပ်ဝင်တဲ့အချိန်ရောက်တော့
တံခါးကိုဖွင့်လိုက်တဲ့အခါ တံခါးဝနားမှာ စိုးသန်းဟာ
ထိုင်လျက်သေနေတာကိုတွေ့ရတယ်။
ကိုယ်ခန္ဓာကလည်းနွေးနေတယ်။
အေးတောင့်နေတာလည်းမရှိဘူး။
ဖြစ်ချင်တော့ အဲဒီညမှာ အအေးခန်းလျှပ်စစ်မီးဟာ ပျက်နေတယ်။
“ဒါဆိုရင် စိုးသန်းဟာ ဘာကြောင့်သေသလဲ”ဆိုတဲ့မေးခွန်းက
စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းဖြစ်လာတယ်။
နောက်ဆုံးမှာ ဥပဒေဆိုင်ရာဆေးပညာဆရာဝန်ရဲ့မှတ်ချက်ကတော့
“သေဆုံးသူဟာ အအေးဒဏ်ကြောင့်သေဆုံးခြင်းမဟုတ်ဘဲ၊
ကြောက်စိတ်ကြောင့်သေဆုံးခြင်းဖြစ်ကြောင်း”
ဆိုတဲ့မှတ်ချက်နဲ့အဆုံးသတ်သွားခဲ့တယ်။
++++++++++++++++++++
စိတ်ကလူကိုသေစေတယ်ဆိုတဲ့အချက်က စိတ်ဝင်စားစရာကောင်းလှပါတယ်။
ဆေးပညာလောကမှာလည်း ဆွေးနွေးငြင်းခုံစရာဖြစ်ခဲ့တယ်။
ရုပ်အဓိကထားတဲ့ဆရာဝန်၊နဲ့
စိတ်အဓိကထားတဲ့ ဆရာဝန်ဆိုပြီးအုပ်စုနှစ်စုကွဲထွက်သွားတယ်။
ရောဂါဆိုတာ ရုပ်မှာဖြစ်တာမှန်ပါတယ်။
ဒါပေမယ့် ရုပ်မှာဖြစ်တဲ့ရောဂါ၊ဝေဒနာကြောင့်
စိတ်မှာလည်းအနာတရဖြစ်သွားတတ်စမြဲပါပဲ။
ကျနော်လေ့လာမိတဲ့အချက်က
ရုပ်ကိုပဲအဓိကထားပြီးကုသနေတဲ့ဆရာဝန်တွေထက်
စိတ်ကိုပါ တွဲပြီးကုသတတ်တဲ့ဆရာဝန်တွေက
ဆေးပညာလောကမှာ ပိုမိုအောင်မြင်တာကို သတိထားမိပါတယ်။
ဒါကြောင့် ဆရာဝန်တွေဟာ စိတ်ပညာအကြောင်းကိုနားလည်ဖို့လိုအပ်ပါတယ်။
လူနာကိုစိတ်ချမ်းသာအောင် လုပ်တတ်တဲ့ဆရာဝန်ဟာ
ဆေးမကုသခင်မှာကို ရောဂါတစ်ဝက်သက်သာနေတတ်တာမျိုးပါ။
+++++++++++++++++++++++++++++++
အမေရိကန်နိုင်ငံမှာတော့ ရုပ်ကိုအဓိကထားတာကိုလည်းသတိထားမိတယ်။
အမေရိကန်မှာက စည်းကမ်းနဲ့ဥပဒေနဲ့ထိန်းချုပ်ထားတာကြောင့်
ဆရာဝန်တွေကလည်းကိုယ့်ကိုယ်ကို ပြဿနာမတက်အောင်
ကာကွယ်နေရတာနဲ့
လူနာရဲ့စိတ်ခံစားမှုအပေါ် ရှုမြင်သုံသပ်မှုရာမှာ စာနာထောက်ထားဖို့
သတိမရကြတော့ပါ။
စံနစ်ကြောင့်ဖြစ်တတ်တဲ့သဘောဟု နားလည်မိပါတယ်။
+++++++++++++++++++++++++++
လူကြီးမင်းကရော.....
လူဟာ စိတ်ကြောင့်သေဆုံးတယ်ဆိုတာကို
လက်ခံပါသလား။
No comments:
Post a Comment