Thursday, September 8, 2011

" ညီမျှတဲ့တန်ဖိုး..."



တစ်ခါတုန်းက မင်းသားလေးတစ်ပါးရှိတယ်။
အရွယ်ရောက်လာတော့ ကြင်ယာတော်ကိုအရှာထွက်ခဲ့တယ်။
တိုင်းပြည်တစ်ပြည်မှာ အလွန်ချော၊အလွန်လှတဲ့မင်းသမီးတစ်ပါးကိုတွေ့တော့
မင်းသမီးလေးကို လက်ဆက်ထိမ်းမြားဖို့ကြိုးစားအားထုတ်ပါတယ်။
အဲဒီမင်းသားလေးက မင်းသမီးလေးကို တွေ့ပြီး လက်ဆောင်ပစ္စည်းတွေ ဆက်သပါတယ်။
ပထမနေ့မှာ
ရွှေခွက်နဲ့အပြည့်လက်ဆောင်ပစ္စည်းတွေပေးလိုက်ပါတယ်။
မင်းသမီးလေးက ငြင်းလိုက်ပါတယ်။
ဒုတိယနေ့မှာ တွေ့ဖို့ကြိုးစားပြီး၊
ငွေခွက်နဲ့အပြည့်လက်ဆောင်တွေပေးပြန်ပါတယ်။
မင်းသမီးကငြင်းလိုက်ပြန်ပါတယ်။
တတိယနေ့မှာ တွေ့ဖို့ကြိုးစားပြီးတော့
တွေ့တဲ့အခါမှာတော့ ကြေးခွက်နဲ့လက်ဆောင်ပစ္စည်းတွေအပြည့်ယူလာပြီး
လက်ဆောင်ပေးခဲ့ပြန်ပါတယ်။
အဲဒီတော့ မင်းသမီးလေးက မင်းသားလေးကို နားမလည်နိုင်အောင်ဖြစ်လာပါတယ်။ မင်းသမီးလေးတွေးမိတာက
“လူ့လောကမှာ ယောကျာ်းတစ်ယောက်ဟာ
ချစ်ခင်နှစ်သက်တဲ့မိန်းမပျိုတစ်ယောက်ကို ရရှိပိုင်ဆိုင်ဖို့အတွက်
လက်ဆောင်ပေးကြပြီးဆိုရင် တစ်နေ့ထက်တစ်နေ့
တစ်ကြိမ်ထက်တစ်ကြိမ်ပိုပိုပြီး ပေးရိုး ထုံးစံသာရှိပါတယ်။
အခုတော့ မင်းသားက တစ်နေ့ထက်တစ်နေ့ ပေးတဲ့လက်ဆောင်ပစ္စည်းဟာ တန်ဖိုးနည်းသထက်နည်းလာတာကိုတွေ့ရတယ်ဆိုတော့ မင်းသမီးလေးက စိတ်ဝင်စားပြီးမင်းသားလေးကို မေးပါတယ်။
“ အားလုံးသောမင်းသားတွေက လက်ဆောင်ပစ္စည်းပေးရင် တစ်နေ့ထက်တစ်နေ့တန်ဖိုးများသထက်များလာတာပဲရှိတယ်။
အသင်မင်းသားကတော့
တစ်နေ့ထက်တစ်နေ့လက်ဆောင်ပစ္စည်းရဲ့တန်ဖိုးက
နည်းသထက်နည်းလာတယ်ဆိုတာကို သတိထားမိတယ်။
မိုက်မဲတဲ့ကုန်သည်တစ်ယောက်လို့ပြောရမှာလား၊
ဒါမှမဟုတ်
နောက်ပြောင်ကျီစယ်နေတာလား၊
မင်းသားလေး…
ဒါကဘာသဘောလဲ၊ ဆိုတာကိုသဲသဲကွဲကွဲ သိချင်ပါတယ်”
လို့မေးပါတယ်။
မင်းသားလေးက…
“ကျွန်ုပ်ဟာ
လိမ်မာပါးနပ်တဲ့ ကုန်သည်တစ်ယောက်လို့ပြောနိုင်တယ်။
အကျိုးမရှိတဲ့နေရာမှာ အလကား အချည်းနှီးပစ္စည်းဥစ္စာကို
မဖြုန်းတီးတတ်တဲ့သူလို့ပြောရမှာပါ။
အခုသင်မင်းသမီးကိုပေးနေတာဟာ တန်ရာတန်ကြေးကို ပေးတဲ့သဘောပါ။
တကယ်လို့ သင်မင်းသမီးလေးရဲ့အသက်၊
သင်မင်းသမီးလေးရဲ့ရုပ်ရည်အဆင်းလှပခြင်းတွေဟာ
တစ်နေ့ထက်တစ်နေ့တိုးလာမယ်ဆိုရင်တော့
သင်မင်းသမီးလေးကိုပေးတဲ့ ငါ့ရဲ့လက်ဆောင်ဟာ
တိုးသည်ထက်တိုးလာမှာ အမှန်ပါပဲ။
သင်မင်းသမီးလေးရဲ့အသက်၊
သင်မင်းသမီးလေးရဲ့ရုပ်ရည်အဆင်းလှပခြင်းတွေဟာ
တစ်နေ့ထက်တစ်နေ့ကျဆင်းနေလို့
လက်ဆောင်ရဲ့အရည်အချင်းဟာလည်း ကျဆင်းသွားရတာပါ။
ဒါဟာ ညီမျှခြင်းတစ်ခုပါ။
အိုတဲ့ဘက်၊ နာတဲ့ဘက်၊သေတဲ့ဘက်ကို သွားနေတဲ့ခန္ဓာဆိုတော့
သေဖို့နီးလာတဲ့ခန္ဓာဟာ တန်ဖိုးကျကျလာပါတယ်။
နောက်ဆုံးတစ်နေ့မှာ
သင်မင်းသမီးလေးဟာ သေဆုံးခြင်းကို ကျိန်းသေ ရင်ဆိုင်ရမှာပါ။
ဒါကြောင့်တန်ဖိုးကျသထက်ကျလာတဲ့ သင်မင်းသမီးလေးကို
ပေးတဲ့လက်ဆောင်ပစ္စည်းတွေဟာလည်း တန်ဖိုးနည်းသထက်နည်းလာခြင်းဖြစ်ပါတယ်”
လို့ပြန်လည်ပြောပြလိုက်ပါတယ်။

“ စားမှာ မဟုတ်ဘူး…”


ရန်ကုန်မြို့ရဲ့

နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ

ဆာလွန်းတဲ့အတွက် ကိုအောင်ကျော်ဟိန်းက ဝင်လာပြီး

အစိမ်းကြော်မှာ စားတယ်။

အစဉ်မပြေချင်တော့ အစိမ်ကြော်က သိုးနံ့ရနေတယ်။

စိတ်လည်းတိုသွားတယ်။

အမျိုးသမီးစားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး၊

“ ခင်ဗျားချပေးတဲ့ အစိမ်းကြော် သိုးနဲ့ရနေပါလား၊

ကျုပ်မစားနိုင်ဘူး၊

စားဖိုမှူးကို ခေါ်ပေးပါ ”

အမျိုးသမီးစားပွဲထိုးက ဘယ်လိုသဘောပေါက်သွားလဲမသိပါ။

အမျိုးသမီးစားပွဲထိုးပြန်ပြောလိုက်တာက...

“ ခေါ်လို့လည်း အပိုပါပဲရှင်၊

စားဖိုမှူးလည်း စားမှာ မဟုတ်ပါဘူး ”

Wednesday, September 7, 2011

" ကိုယ်ရှာတာကို ကိုယ်ရတာပါ..."


ဥစ္စာရှာတဲ့သူက ဥစ္စာရပါတယ်။

ပညာရှာတဲ့သူက ပညာရပါတယ်။

တရားရှာတဲ့သူက တရားရပါတယ်။

ကုသိုလ်ရှာတဲ့သူက ကုသိုလ်တွေ ရပါတယ်။

ကိုယ်ယူထားတာကိုပဲ ကိုယ်ရလိုက်ပါတယ်။

အဲဒါတွေဟာ ခန္ဓာနဲ့လဲယူနေတာ၊

ခန္ဓာနဲ့ရင်းပြီးတော့ ယူနေရတာပါ။

မယူဘူးဆိုရင်လည်း ခန္ဓာကြီးကတော့ မနေဘူး။

တစ်ရွေ့ရွေ့နဲ့သေတဲ့ဘက်ဆီကိုသာ သွားနေတာပါ။

ဘာဘဲဖြစ်ဖြစ် သေဘက်ဆီကို နီးမသွားအောင်တော့ ဆွဲထားလို့မရပါဘူး။

++++++++

ကိလေသာတွေ ရှိနေတယ်ဆိုရင်

စိတ်ညစ်တာတွေ၊

စိတ်ဆင်းရဲတာတွေ၊

စိတ်ပင်ပန်းတာတွေ၊

မလွဲမသွေ ရှိနေပါလိမ့်မယ်။

+++++++++

တစ်ဘဝတာအတွက် ခဏသုံးနေကြရတာပါ။

ထာဝရကိုယ်ပိုင်တယ်လို့ ဘာတစ်ခုမှ မရှိပါဘူး။

တစ်ချိန်ချိန်ကျလို့ရှိရင် ဒီပစ္စည်းဒီဥစ္စာတွေ အားလုံးကို ချန်ထားခဲ့ရမှာပါ။

ကိုယ့်ကို စွန့်ချင်စွန့်သွားမယ်။

ကိုယ်ကလည်း ပစ္စည်းကို စွန့်ချင်စွန့်ရမယ်။

ထာဝရ ဆုပ်ထားကိုင်ထားလို့ မရပါဘူး။

+++++++++++++++++++++++

တစ်နေ့ကုန်သွားတယ်ဆိုတာ

အမှန်က သေဖို့တစ်ရက် နီးကပ်သွားတာပါ။

+++++++++++++

နေတဲ့ဘက်က တစ်ရက်လျော့ပြီး

သေတဲ့ဘက်ကို တစ်ရက်နီးကပ်သွားတာဟာ

အမှန်တရားပါပဲ။

+++++++++++

မခိုင်မြဲတာတွေကို အားကိုးနေရင်

အားကိုးမဲ့တိုင်း အားကိုးရှာနေရမယ်ဆိုရင်

ပိုလို့ဒုက္ခသာများဖို့ပဲ ရှိတော့တာပေါ့။

++++++++++++++++

ကုသိုလ်ရှာချိန်မှာ

ကုသိုလ်ရမှ ကိုယ့်အတွက် အမြတ်ကျန်ပါတယ်။

ကုသိုလ် မရရင် နှစ်ထပ်ရှုံးပါတယ်။

ကုသိုလ်မရလို့ ရှုံးတာကတစ်မျိုး။

တစ်ခြားတစ်ခြားအရေးကိစ္စတွေ မလုပ်နိုင်လို့ ရှုံးတာက

တစ်မျိုးဆိုတော့ နှစ်ထပ်ရှုံးပါတယ်။

+++++++++++++++++

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ



Tuesday, September 6, 2011

" သူတော်စင်တို့ရဲ့ရုပ်ပုံလွှာ..."


တစ်ခါတုန်းက

အားလီဆိုတဲ့ ကောင်လေးတစ်ဦးဟာသူ့မိခင်နဲ့အတူ

ဘုရားကျောင်းကို လိုက်သွားပါတယ်။

ဘုရားကျောင်းတိုင်းမှာ မှန်တပ်ထားတဲ့ ပြူတင်းပေါက်များရှိပါတယ်။

အဲဒီမှန်သားပြင်ပေါ်မှာ သူတော်စင်တို့ရဲ့ရုပ်ပုံလွှာများကို ရေးသားထားပါတယ်။

အဲဒီပုံများကို သူ့မိခင်က လက်ညှိုးထိုးပြီး

“ အဲဒါ သူတော်စင်တွေပဲ ”

လို့ ပြောပြထားပါတယ်။

အားလီကို

“ သူတော်စင်ဆိုတာ ဘာလဲ ”

လို့ မေးကြည့်တဲ့အခါ

ကလေးနားလည်သလို အောက်ပါအတိုင်းပြန်ပြောပြပါတယ်။

“ သူတော်စင်ဆိုတာ အလင်းရောင်ဖြတ်သန်းနိုင်တဲ့ဟာ တစ်ခုပါပဲ ”

လို့ကလေးက သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြန်ပြောပြပါတယ်။

ကလေးရဲ့အမြင်ဟာ ရှင်းလင်းတိကျလှပါတယ်။

သူတော်စင်တို့ဟာ အသိအမြင်ကို ကြည်လင်ထက်မြက်စေပါတယ်။

ကြင်နာတဲ့ နှလုံးသားနဲ့နွေးနွေးထွေးထွေး ဆက်ဆံတတ်ပါတယ်။

မေတ္တာရှေ့ထားပြီး ဆက်ဆံတတ်ပါတယ်။

ရွှင်ရွှင်ပျပျ နေထိုင်ဆက်ဆံတတ်ပါတယ်။

သူတို့နဲ့ ထိတွေ့ဆက်ဆံရတာကိုက ကြေနပ်ပျော်ရွှင်ကြည်နူးစေပါတယ်။

Monday, September 5, 2011

" လမ်းဆုံးမရောက် လက်မမြှောက်ဘူး..."





ဒေါသဝင်လာရင် ဖြေဖျောက်နည်း ၁၁-နည်း
၁။ မေတ္တာပွား၍ ဖျောက်နည်း။
၂။ မြတ်စွာဘုရား၏ အဆုံးအမ သြဝါဒကို ဆင်ခြင်၍ ဖျောက်ခြင်း။
၃။ ရန်သူ၏ ကောင်းကွက်ကိုရှာ၍ ဖျောက်ခြင်း။
၎။ သနား၍ ဖျောက်ခြင်း။
၅။ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း။
၆။ ကမ္မဿကတာဥာဏ်ဖြင့်ဖျောက်ခြင်း။
၇။ သည်းခံပုံ ဇာတ်တော်လာနည်းများဖြင့် ဖျောက်ခြင်း။
၈။ သံသရာတစ်လျှောက် သူ မရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း။
၉။ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း။
၁၀။ ဓာတ်ခွဲ၍ ဖျောက်ခြင်း။
၁၁။ ဥစ္စာပေးယူ၍ ဖျောက်ခြင်း။

+++++++++++++++++++++++++++

အေးတဲ့မျက်နှာဖြစ်ဖို့အတွက် လွယ်တဲ့ကမ္မဌာန်းတစ်ခုခုကို
အမြဲနှလုံးသွင်းနေလိုက်ရုံပါပဲ။

++++++++++++++

ပါရမီရဲ့သဘောက
“ လမ်းဆုံးမရောက် လက်မမြှောက် တောက်လျှောက်သွားရမည်”
ဆိုတဲ့အတိုင်း ပရဟိတတစ်ခုခုကို လုပ်ပြီဆိုရင်
အလုပ်ပြီးတဲ့အထိ အဆုံးအထိပြီးပြတ်အောင် လုပ်ရပါတယ်။

++++++++++++++

ဝိပဿနာရဲ့သဘောက
ပစ္စုပ္ပန်အခိုက်အတန့်မှာ ထင်ရှားနေတာကို ရှုရတာပါ။
အခုပစ္စုပ္ပန်အခိုက်အတန့်မှာ ဝမ်းသာနေတဲ့စိတ်ကလေးက
ထင်ရှားနေတာဆိုတော့ ဝမ်းသာတဲ့စိတ်ကလေးကိုပဲ ပြန်ရှုရတာပါ။
စိတ်ကိုရှုမှတ်တာဟာ စိတ္တာနုပဿနာဖြစ်သွားတာပါ။

++++++++++++++++

ပညာဖြစ်ပုံ၊ နည်းမျိုးစုံ၊
ကုန်အောင်ဘယ်သို့ဖြည့်သနည်း။
တတ်အောင်လည်းသင်၊
တတ်ပြီးလျှင်လည်း၊
ပင်ကိုဥာဏ်ဖြင့်၊
ထပ်ကာဆင့်၍၊
အသင့်ပွားတိုး၊
များအကျိုး၊
သယ်ပိုးဆောင်၍ ဖြည့်သတည်း။

++++++++++++++++++++++++

ပါရမီအချစ်ဟာ သူတစ်ပါးအကျိုးကိုငဲ့နေပါတယ်။
မိမိအကျိုးကို မငဲ့ပါဘူး။
ကိုယ်က သူ့ကိုပါရမီအချစ်နဲ့ချစ်ဖြစ်နေရင်...
သူကြီးပွားစေချင်တယ်။
တိုးတက်စေချင်တယ်။
အောင်မြင်စေချင်တယ်။
အစစအရာရာ အဆင်ပြေစေချင်တယ်။
သူ့ဆီက ဘာတုံ့ပြန်မှုကိုမှ မမျှော်လင့်ပါဘူး။
ဒါ ပါရမီအချစ်ရဲ့သဘောတွေပါ။

++++++++++++++++++++++++++

ဒါန အရာ ဝမ်းမြောက်တာ
မှန်စွာ အဓိက ဖြစ်ပေသည်။
ဝိပဿနာအရာ ဥပေက္ခာ
မှန်စွာ အဓိက ဖြစ်ပေသည်။

+++++++++++++++++++++

မြတ်စွာဘုရား...
ဘုရားတပည့်တော်
ဒီနေ့မြတ်စွာဘုရားကို ဥပေက္ခာပါရမီနဲ့ပူဇော်ပါမည်ဘုရား။

++++++++++++++++++

ချီးမွမ်းလို့လည်း မသာယာ၊
ကဲ့ရဲ့လို့လည်း စိတ်မဆိုး။
စိတ်နှစ်မျိုးမဖြစ်တာ ဥပေက္ခာ၊

++++++++++++++++++++++++++++++

တောတွင်းဥပဒေ
အင်အားကြီးသူက အင်အားနည်းသူကို စားတမ်းပဲ။
သနားတာ၊ငဲ့ညှာတာ၊ ကိုယ်ချင်းစာတာတွေ မရှိဘူး။
တစ်ကောင်နဲ့တစ်ကောင် သတ်ကြ၊ဖြတ်ကြ၊စားသောက်ကြနဲ့။
အသက်ရှင်ဖို့ကို အတော်ကြိုးစားရတယ်။
အစာရှာဖွေရတဲ့ဒုက္ခ၊
ရာသီဥတု အအေးအပူခံရတဲ့ဒုက္ခ၊
ကိုယ်ကိုယ်တိုင်အစားမခံရအောင် ပြေးလွှားနေရတဲ့ဒုက္ခ
ဘယ်မှာ သက်သာရာ ရှိလို့လဲ။

++++++++++++++
ရဝေနွယ်(အင်းမ)




























လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com