Friday, May 27, 2011

“ ငွေနဲ့ဝယ်လို့မရတဲ့အရာ…”



တစ်ခါတုန်းက

အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျနော့်ဆေးခန်းကိုရောက်လာပါတယ်။

သူမဟာ တန်ဖိုးကြီးအဝတ်အစားများနဲ့အဖိုးတန်ရတနာများကိုဝတ်ဆင်လာပါတယ်။

နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေ့မြင်နေကျဖြစ်ပေမယ့်

သူမရဲ့ဝတ်ဆင်မှုက သူများထက်အများကြီးပိုနေတယ်လို့ထင်မိပါတယ်။

သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊

အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။

သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်း

ထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။

သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ

လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်းသိရပါတယ်။

သူမရဲ့တောင်းဆိုမှုတွေကများလွန်းလာတာကြောင့်

လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်းပြောပြပါတယ်။

အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့်

စိတ်ထဲမှာ အထီးကျန်၊အဖော်မဲ့နေကြောင်း၊

စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ထင်မြင်မိကြောင်းပြောပါတယ်။

လောလောဆယ်စိတ်သက်သာမှုရအောင် ဆေးကုသမှုပေးလိုက်ပြီး နောက်တစ်နေ့ကို ချိန်းလိုက်ပါတယ်။

သူမဟာ ပြောတဲ့အတိုင်း လာပါတယ်။

အဲဒီတော့မှ သူမကို အမျိုးသမီးတစ်ဦးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

သူမရဲ့နာမည်ကတော့ မစပယ်ဖြစ်ပါတယ်။

မစပယ်ရဲ့ပြောပြတဲ့ဇာတ်လမ်းကို သေသေချာချာနားထောင်ဖို့နဲ့

အဲဒီစကားဟာ မရွှေကြိုင်အတွက် အဖြေတစ်ခုခုရနိုင်ကြောင်း

ကျနော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မစပယ်က…

“ ကျမရဲ့ခင်ပွန်းက အဆုပ်အအေးမိပြီး ဆုံးပါးသွားပါတယ်။

နောက်ထပ်သုံးလကြာတော့ ရုတ်တရက်အန္တရာယ်ကျရောက်ပြီး

သားလည်းဆုံးပါးခဲ့ပြန်ပါတယ်။

ကျမမှာ ဘယ်သူမှ မကျန်၊ဘာမှ မရှိတော့ပါဘူး။

ကျမငေးငေးငိုင်ငိုင်ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ်။

အိပ်လည်းမရခဲ့ပါဘူး။

စားသာ စားတယ် စားတယ်လို့လည်း မမှတ်မိပါဘူး။

ဘယ်သူကိုတွေ့တွေ့ ပြုံးတောင် မပြုံးပြနိုင်ခဲ့ပါဘူး။

အဲဒီအခြေအနေက နေကောင်းလာမယ်လို့တောင် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။

တစ်ညမှာတော့ အလုပ်က အိမ်အပြန်မှာ

ကြောင်လေးတစ်ကောင် ကျမနောက်က လိုက်လာတာကို

တွေ့ပါတယ်။

အဲဒီကြောင်လေးအတွက် ကျမ စိတ်မကောင်းပါဘူး။

အပြင်မှ အေးတယ်မို့လား။

ဒါကြောင့် ကြောင်လေးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်။

နွားနို့လည်း နည်းနည်းတိုက်လိုက်ပါတယ်။

ကြောင်လေးက သူ့ကိုယ်လုံးနဲ့ကျမခြေထောက်ကို လာပွတ်ပါတယ်။

အဲဒီတော့ ကျမပြုံးမိပါတယ်။

အဲဒီအပြုံးဟာ လပေါင်းတော်တော်ကြာကြာအတွင် ပထမဆုံးအကြိမ်ပြုံးခဲ့မိတာပါ။

အဲဒီအချိန်ကစပြီး ကျမရဲ့အတွေးပြောင်းခဲ့ပါတယ်။

ဒီလိုကြောင်လေးတစ်ကောင်ကို ကူညီတာက

ငါ့ကို ပြုံးစေနိုင်တယ်ဆိုရင် အခြားလူတွေအတွက်

ကောင်းတာလုပ်ပေးရင် ငါလည်းပျော်ရွှင်လာမှာပဲလို့တွေးမိလာပါတယ်။

ဒါကြောင့် နောက်နေ့မှာ ကျမစားစရာတချို့ပြုလုပ်ပြီး

အိပ်ရာထဲမှာလဲပြီး နေမကောင်းနေတဲ့ အိမ်နီးချင်းတွေကို သွားကျွေးခဲ့ပါတယ်။

နေ့စဉ်လူတစ်ဦးဦးအတွက် ကောင်းတာတစ်ခုတော့ လုပ်ပါတယ်။

ကောင်းတာလုပ်ပေးတော့ လုပ်ပေးခံရသူလည်းပျော်ပါတယ်။

သူတို့ပျော်တာကြည့်ပြီး ကျမဝမ်းသာရပါတယ်။

ငါ ဘယ်လောက်ရမလဲလို့ စဉ်းစားနေရင် လူတွေဟာ မပျော်ရွှင်နိုင်ပါဘူး။

အခြားသူတွေကို ဘယ်လောက်ကူညီနိုင်မလဲဆိုတာ စဉ်းစားရင်တော့ ပျော်ရွှင်နိုင်ပါတယ်။

အခုတော့ ကျမကောင်းကောင်းအိပ်နိုင် စားနိုင်ပါတယ်။

ဘယ်သူမှ ကျမလောက် အိပ်ကောင်း၊စားကောင်းမယ်တောင် မထင်ပါဘူး။

ကျမ ပျော်ရွှင်ချမ်းမြေ့မှုကို ဒီလိုနည်းနဲ့တွေ့ခဲ့ပါတယ်”

လို့ ရှင်းပြပါတယ်။


မစပယ်ရဲ့စကားကို ကြားရတော့

မရွှေကြိုင်ဟာ ချုံးပွဲချ ငိုပါတော့တယ်။

သူမမှာ ငွေနဲ့ပေးဝယ်နိုင်တာအားလုံး ရှိပါတယ်။

ဒါပေမယ့် ငွေနဲ့ပေးဝယ်လို့မရတဲ့အရာ ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်။

“ ဒီနေ့ကစပြီး အသုံးမကျတဲ့ ရုပ်လှလှဘဝကနေပြီး

လူသားဆန်တဲ့ စိတ်လှလှဘဝကိုရအောင်ကြိုးစားပါတော့မယ်”

လို့ပြောပြီးပြန်သွားပါတော့တယ်။

Thursday, May 26, 2011

"ကျန်းမာရေးအတွက် ဆောင်ရန်နဲ့ရှောင်ရန်အချက်များ"



၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်

ဆက်စပ်နေကြသည် ။

ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း

တစ်ခုခုဖြစ်နိုင်သည် ။

ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း

ထိခိုက်နိုင်သည် ။


Link
၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။

မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။

ကင်ဆာအတော်များများ မဖြစ်ခင်တွင်

အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။

ထို့ကြောင့် အသည်းကို သေသေချာချာ

ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။



၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။

ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။



၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။

အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီ

စားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။



၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း
၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။

ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။

ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ

အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို အားနည်းစေသည် ။

ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ

စားခြင်းသည် အသည်းကို အားနည်းစေသည် ။

အဘယ်ကြောင့်ဆိုသော် စားသုံးထားသော

အဆီများကို ချေဖျက်နေရသောကြောင့်

အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်

ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊

နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊

အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။



၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊

အသီးအနှံ စားသုံးနိုင်ပါသည် ။

ထိုအစာများသည် အစာကျေလွယ်သည် ။

အသားသည် စားသုံးပြီး (၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။

ထိုအသားကိုပင် အဆီများများနှင့်

ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။

ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။

အကယ်၍ စားသုံးမိပါက အသည်းသည်

ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။

မနက်စောစော အိပ်ယာထစာတွင် ပင်ပန်းသည်ဟု

ခံစားရခြင်းမှာ အထက်ပါ အကြောင်းများ၏ရလာဒ်ဖြစ်သည် ။

ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင် အသီးအနှံစားပါက

မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။




၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။

အဆီသည် အသည်း၏ လုပ်ငန်းများကို ပျက်စီးစေပြီး

အသည်းကိုလည်း အားနည်းစေသည် ။

ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။

ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။



၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊

ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော

ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။

နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။



၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်

ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။

ပိုးသတ်ဆေးနှင့်အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။

ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။

ကျူံ့သွားစေသည် ။

မိုက်ခရိုဝေ့ မီးဖိုကရောင်ခြည်သည် ၊

အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။



၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်

အသည်းအတွက် မကောင်းပါ ။

တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။

မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။



၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်

စဉ်းစားဥာဏ် ကို အားနည်းစေသည် ။



၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁) နာရီကြားတွင် ဖြစ်သည် ။

များများအိပ်ခြင်းဖြင့် အသည်းကို ကောင်းမွန်စေသည် ။

နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။



၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။

စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည်

အာဟာရ မဖြစ်ပါ ။



၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။

စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ

အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ

၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊

ခန္ဓာကိုယ်ကို အားနည်းစေသည် ။

လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊

ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို

ဖြစ်ပေါ်ခံစားရသည် ။



၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်

ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။

လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး

မကောင်းနိုင်ပါ ။

သဘာဝအရ လေလည်ခြင်း ၊

ချွေးထွက်ခြင်းနှင့်

ဆီးသွားခြင်းများသည်

အသည်းအတွက်ကောင်းစေသည် ။

ပြူတင်းပေါက်များကို ဖွင့်၍

သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။



၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်

ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။

ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။

သို့သော်
နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်

ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။

အဘယ်ကြောင့်ဆိုသော်

အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။



၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ

နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်

ကောင်းပါသည် ။



၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ

ဖြစ်ရန် အလားအလာများသည် ။

ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည်

အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။



၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။

အဘယ်ကြောင့် ဆိုသော်

မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်

ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။



၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာတရားလွန်စားကြသည့်အတွက်

အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။

နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း

ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။



၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်

အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။



၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။

တစ်နေ့လျှင် ရေ (၂)

ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။



၂၃. မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း

(C.T. Scan ) လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။

ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။

နှစ်စဉ်
ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။

ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။

မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊

ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး

အကြံဥာဏ်တောင်းပါ ။

အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ
အနားယူပါ ။



၂၄. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ

အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။



၂၅. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည်

မစင် စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။

သို့မဟုတ်လျှင် အူသိမ်သည်

မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။

ထိုအကြောင်းများကြောင့် ၀မ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။



၂၆. သည်းခြေတွင် ကျောက်တည်ခြင်း ၊

အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည်

အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်

ဖြစ်ပေါ်လာခြင်းဖြစ်သည် ။



၂၇. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊

(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊

သည်းခြေနှင့် ကျောက်ကပ်ကို သန်မာစေသည် ။



၂၈. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။



၂၉. အနီရောင်ရှိသော အသီးအရွက်များသည်

ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။

အ၀ါရောင် ရှိသော အသီးအရွက်များသည်
အစာချေခြင်းအတွက်ကောင်း၏ ။



၃၀. သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။



၃၁. မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည်

သွေးထဲမှ

အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။



၃၂. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်

အကောင်းဆုံးဖြစ်သည် ။

အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ

အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။

ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်

လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။



၃၃. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင်

အောက်ဆီဂျင် ပမာဏ နည်းပါးနေခြင်းကို

ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။



၃၄. မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်

အားနည်းနေခြင်းကို ပြသည် ။

ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်

အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။



၃၅. ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ

ငန်သောအစားအစာနှင့်

ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။




ကျန်းမာရေးအတွက် အာယုဒါန ပြုပါသည် ။

ေ၀ေနယ် သတၱ၀ါ အားလံုး

ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ ။


[ကျန်းမာရေး ၀န်ကြီးဌာနမှ

ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်အချက်များကို

မြန်မာပြည်မှ စေတနာနဲ့ပေးပို့တဲ့ ရှေ့နေမလေး မိနီဝမ်းကို

အထူးကျေးဇူးတင်ပါတယ်။]

Wednesday, May 25, 2011

"ရှာရတာ မောလှပြီရှင်..."


တနှစ်တုန်းက မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။

သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ

တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေပါတယ်။

တော်တော်စိတ်ညစ်သွားတယ်။

ကောင်တာစာရေးမက ဆက်ပြောလာတယ်...

"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊

ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့

ပြင်နေတာ မပြီးသေးဘူး၊

အများသုံးအိမ်သာမှာ

အသုံးပြုပြီးနေနိုင်တယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"


ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။

မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။

အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ

နည်းနည်းကသီတာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်။

အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊

ပြန်မယ်ဆိုပြီး

ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်။

ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊

ကံများမကောင်းချင်တော့ အိမ်သာက တစ်ခန်းမှ မအားဘူး။

ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့

အောက်ထပ်ဆင်းပြေးရပြန်တယ်။

အာ..အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊

ဒီမှာလဲထွက်ကျတော့မယ်။

ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်။

အခန်းထဲက စာပွဲပေါ်မှာအလှတင်ထားတဲ့ ပန်းအိုးကိုယူလိုက်တယ်၊

ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။

ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။

ခုမှနေသာထိုင်သာရှိတော့တာကိုး။

ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။

ဒီလိုနဲ့.....နောက်တစ်ပတ်လောက်ကြာတော့

ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က ရောက်လာတယ်။

ပို့စ်ကဒ်မှာရေးထားတာက...


" လူကြီးမင်းရှင့်...

အားလုံးကိုခွင့်လွှတ်ပါတယ်၊

ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"

တဲ့။

( မြန်မာပြည်မှ မိတ်ဆွေဖြစ်တဲ့ ရှေ့နေမလေး နီဝမ်းပေးပို့ပါတယ်။)

Tuesday, May 24, 2011

" အသီးသီးတဲ့သရက်ပင်..."


တစ်ခါတုန်းက

မဟာဇနက မင်းကြီးဟာ မိဖုရားအမြောက်အများနဲ့ အတူ

ဥယျာဉ်ကစားထွက်လာပါတယ်။

မင်းကြီးနဲ့အတူ မိဖုရားတွေ၊ စစ်သည်ဗိုလ်ပါတွေ၊မင်းမှူးထမ်းတွေအမြောက်အများဟာ

နံက်စောစောကတည်းက ထွက်လာခဲ့ပါတယ်။

ဥယျာဉ်တံခါးဝမှာတော့ သရက်ပင် နှစ်ပင်ဟာ

တစ်ဖက်တစ်ချက်စီမှာပေါက်နေတာကို သတိထားမိပါတယ်။

တစ်ပင်ကတော့ အသီးတွေမှည့်ဝင်းနေတဲ့အပင်ပါ။

နောက်တစ်ပင်ကတော့ အသီးလုံးဝမသီးတဲ့အပင်ဖြစ်ပါတယ်။

မင်းကြီးက သရက်သီးတွေ မှည့်ဝင်းနေတာကိုတွေ့တော့

စိတ်မထိန်းနိုင်တော့ဘဲ သရက်သီးတစ်လုံးကို ခူးပြီးစားလိုက်ပါတယ်။

မင်းကြီးစားပြီးပြီဆိုတော့ ကျန်တဲ့မိဖုရားတွေ၊ မှူးကြီးမတ်ရာတွေ၊ စစ်သည်ဗိုလ်ပါတွေလည်း

“ ရှင်ဘုရင်ကြီးပွဲတော်တည်ပြီးရင် တို့တစ်တွေလည်း ခူးစားလို့ရပြီ ”

လို့ဆိုပြီးခူးစားကြတာပေါ့။

အချို့က လက်နဲ့ခူးတယ်။

အချို့က ဒုတ်နဲ့ချူတယ်။

အချို့က ဒုတ်နဲ့ပစ်ခူးတယ်။

အချို့က ခဲနဲ့ပစ်ခူးတယ်။

သရက်ပင်ကြီးမှာ မရှုမလှခံရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါတော့တယ်။

ညနေဖက် မင်းကြီး ဥယျာဉ်ကထွက်တော့

မနက်က အသီးတွေနဲ့ပြည်နေတဲ့သရက်ပင်ဟာ

ညနေရောက်တော့ အသီးတွေတစ်လုံးမှ မရှိတော့တဲ့အပြင်

ရုပ်ပျက်ဆင်းပျက်ဖြစ်လို့နေပါလား။

မင်းကြီးရဲ့စိတ်ထဲမှာ သဝေဂဖြစ်ပေါ်လာပါတယ်။


“ ကြည့်စမ်းပါဦး၊

ဟိုဘက်က သရက်ပင်နဲ့ ဒီဘက်က သရက်ပင်၊

မနက်တုန်းကတော့ နှစ်ပင်စလုံး စိမ်းလန်းနေကြတယ်။

အခုညနေပြန်လာလို့ ကြည့်လိုက်တဲ့အခါ အသီးရှိတဲ့ သရက်ပင်မှာ

ကျိုးပဲ့နေတယ်။

ပျက်စီးနေတယ်။

အသီးမရှိတဲ့သရက်ပင်မှာတော့ အကောင်းပကတိအတိုင်းရှိနေတယ်။

ရှိလို့ဖျက်ဆီးခံရတယ်။

မရှိရင် ဖျက်ဆီးမခံရဘူး။”

လို့တွေးဖြစ်သွားပါတယ်။

“ လူတိုင်းလူတိုင်းက လိုချင်ကြလို့ ရှာဖွေကြတယ်။

ရလာပြန်တော့လည်း ဒုက္ခများတယ်။

ကိုယ့်လက်ထဲရှိတဲ့ဥစ္စာကို သူများတွေ လိုချင်လို့မရရအောင်အားထုတ်ကြတယ်။

လုယူမယ်၊ ခိုးယူမယ်။ တိုက်ယူမယ်။သတ်ယူမယ်။

ကိုယ့်ပစ္စည်းကို နည်းလမ်းမျိုးစုံနဲ့အရယူချိန်မှာတော့

အသီးရှိတဲ့သရက်ပင်လိုပဲ ပျက်စီးခြင်းကို ရောက်ရပါလိမ့်မယ်။

ငါ့မှာလည်း သရက်သီးနဲ့တူတဲ့ ကာမဂုဏ်တရားတွေက မြောက်များစွာ ရှိနေတယ်။

ထီးနန်းစည်းစိမ်လည်း ရှိနေတယ်။

မိဖုရားတွေလည်း အမြောက်အများရှိနေတယ်။

စိန်ရွှေရတနာတွေလည်း ရှိနေတယ်။

သားတော် သမီးတော်တွေလည်း အမြောက်အများရှိနေတယ်။

တန်ခိုးအာဏာတွေလည်း ရှိနေတယ်။

ဒါတွေအားလုံးဟာလိုချင်စရာကောင်းတာတွေချည်းပဲ။

လူတိုင်းလိုချင်ကြတာချည်းပဲ။

အဲဒီတော့ ရအောင်နည်းမျိုးစုံတိုက်ခိုက်ယူမယ်ဆိုရင်

ငါဟာ အသီးသီးနေတဲ့သရက်ပင်လိုပဲ ဒုက္ခရောက်ဖို့သာရှိတော့တယ်။

ကာမဂုဏ်တွေ ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ဟာလည်း

အသီးသီးတဲ့ သရက်ပင် ကြီးလိုပဲ တစ်နေ့မှာ ပျက်စီးခြင်းမလှ ပျက်စီးရမှာပဲ”လို့

သံဝေဂဥာဏ်နဲ့နှလုံးသွင်းဖြစ်ပါတယ်။

အဲဒီနောက်မှာ

မင်းကြီးဟာ ထီးနန်းစည်းစိမ်ကို စွန့်ပြီးတောထွက်သွားပါတယ်။


ပတ်ဝန်ကျင်မှာ ဒီလိုအဖြစ်အပျက်မျိုးတွေ
မကြာခဏ မြင်တွေ့နေတတ်ပါတယ်။
သံဝေဂအကြီးအကျယ်မရခဲ့ဘူးပါ။
ဘာကြောင့်များမင်းကြီးလို အားလုံးကို စွန့်လွှတ်နိုင်လောက်အောင်
မဖြစ်ခဲ့ပါလိမ့်။
ဖြစ်ရပ်အပေါ် ဥာဏ်မပါတာလား။
ပါရမီ မပါတာလား။
သတိထားမိတာတစ်ချက်ကတော့
ကြည့်မြင်တတ်မယ်ဆိုရင် ပတ်ဝန်ကျင်မှာ
ပညာတွေအများကြီးရှိနေတယ်ဆိုတဲ့အချက်ပါပဲ။


“ ရင်းနှီးရပေမယ့် အချည်းနှီးပါပဲ... ”


အင်္ဂလန်နိုင်ငံမှ လောင်စ်ဟန်းက ရဲသားတစ်ဦးက

ကားသူခိုး လူငယ်နှစ်ဦးကို လက်ပူးလက်ကြပ်ဖမ်းမိပါတယ်။

ကားသူခိုးနှစ်ဦးဟာ အဖမ်းခံရချိန်မှာ ကားကို တစ်မိုင်လောက်ကို

တွန်းခဲ့ပြီးဖြစ်ကြောင်းပြောတယ်။

ဘာကြောင့် ကားစက်မနိုးတာကို သူတို့နားမလည်ကြောင်း

ရဲသားအားသူတို့ဝန်ခံပါတယ်။

ကားသော့ကို စက်နှိုးတဲ့သော့ပေါက်မှာတတ်ထားပြီး သော့ဖွင့်ထားပါတယ်။

ရဲသားများစစ်ဆေးကြည့်တော့မှ အကြောင်းရင်းကို တွေ့ပါတော့တယ်။

ကားမှာအင်ဂျင်မရှိပါ။

ကားပိုင်ရှင်က အင်ဂျင်အဟောင်းကို ဖြုတ်ထုတ်ပြီး

အင်ဂျင်အသစ်ကို မတပ်ဆင်ရသေးချိန်မှာ ကားကို အခိုးခံရခြင်းဖြစ်ပါတယ်။


တန်ရာတန်ဖိုးမပေးပဲနဲ့ ရတယ်ဆိုတာ မရှိသလို

အလကားစားရတဲ့ ထမင်းဆိုတာလည်း မရှိပါ။

တကယ်အောင်မြင်ဖို့အတွက် အလွယ်လမ်းဆိုတာမရှိပါ။

စွန့်လွှတ်မှု မရှိဘဲ အောင်ပွဲ မခံနိုင်ပါ။

တစ်နေ့တာ ရယူထားတဲ့ အဖိုးအခနဲ့ညီတဲ့အလုပ်ကို

မလုပ်ဆောင်ခြင်းတာလည်း

အင်ဂျင်မပါတဲ့ ကားကို တွန်းပြီး စက်နှိုးတာနဲ့တူပါတယ်။

တွန်းရလေလေ ရေရှည်မှာ အရှုံးသမားဖြစ်လေလေဖြစ်ပါတယ်။




လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com