Saturday, May 7, 2011

“ ရှိခိုးတာချင်း အတူတူ…”


နိုင်ငံခြားသင်္ဘောသားက

အင်္ဂလိပ်သင်္ဘောသားကို မေးတယ်။

ခင်ဗျားတို့ အင်္ဂလိပ်ရေတပ်ဟာ

ဘာဖြစ်လို့ တိုက်ပွဲတွေ အတော်များများမှာ

အနိုင်ရတာလဲ


မတိုက်ခင် ကျနော်တို့ ဘုရား ရှိခိုးတယ်။

ဒါကြောင့်ပါ


ဟာ မဟုတ်တာ၊

ကျနော်တို့လည်း ရှိခိုးတာပါပဲဗျ


ကျနော်တို့က အင်္ဂလိပ်လို ရှိခိုးတယ်လေ၊

ဟဲဟဲ

Friday, May 6, 2011

" အမေထံသို့ပေးစာများ-၃..."




သို့….

ချစ်တဲ့ အမေ
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အမေ သားကိုလေဆိပ်လိုက်ပို့မလားလို့မေးတော့
အမေက ကျန်းမာရေးကောင်းရင်လိုက်ပို့မှာပေါ့လို့ ပြန်ပြောပါတယ်။
အော် အမေ့အသက်ကို ကျနော်မေ့သွားတယ်။
အမေက အသက် ( ၈၈) နှစ်တောင်ရှိပါပေါ့လား။
အမေက သီလကောင်းတော့ အသက်ရှည်ရှည်နေရတယ်။
ကျနော် ဖားအောက်တရားမှာ ဒုလ္လဘ ဝတ်လေတိုင်း ဘယ်လောက်ကြာကြာ
အမေလိုက်ပြီး တရားအားထုတ်ဖြစ်တယ်။
ကျနော်တစ်လကျော်ဆိုလည်း အမေကလည်း တစ်လကျော်နေနိုင်တယ်။
တရားအားထုတ်ရတာကို အမေနှစ်သက်တယ်။
အဲဒါကြောင့်အမေကပြောဖူးတယ်။
ဖားအောက်တရားစခမ်းမှာ အေးအေးဆေးဆေးတရားအားထုတ်ရလေအောင်
ကျောင်းဆောင်တစ်ခုဆောက်လုပ်လှူဒါန်းရရင်ကောင်းမယ်လို့ခဏခဏပြောဖူးတယ်။
အဲဒီအမေရဲ့ဆန္ဒ အတိုင်းဖြစ်အောင် လုပ်ပေးဖို့
ကျနော်အမြဲတမ်း ကြံစည်ကြိုးစားအားထုတ်နေပါတယ်။
မြန်မာပြည်မှာတော့ အဲဒီဝင်ငွေကို ရအောင်လုပ်ခဲ့ပေမယ့်
မဖြစ်နိုင်မှန်း တဖြည်းဖြည်းသိလာပါတယ်။
အဲဒါကြောင့်လည်း နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို ထွက်ဖို့ကြိုးစားဖြစ်သွားတယ်လေ။
ဟော…အစဉ်ပြေချင်တော့ အမေရိကားကိုထွက်ဖို့ဖြစ်လာတယ်။
တာချီလိတ်မြို့က ရန်ကုန်ကို ဆင်းပြီး အမေရိကန်သံရုံးကို အခေါက်ခေါက်အခါခါ
သွားရသလို အမေဆီကိုလည်း အကြိမ်ကြိမ်ရောက်တယ်။
အဲဒီတုန်းက အမေဆုံးမခဲ့တဲ့စကားတွေကိုလည်း သားမမေ့ပါဘူးအမေ။
အမေပြောခဲ့ဖူးတယ်လေ၊
“ သားသွားမယ့်နိုင်ငံက
အမေရိကန်နိုင်ငံဆိုတော့ အမေတို့နိုင်ငံနဲ့တိုးတက်မှုမတူဘူး။
ယဉ်ကျေးမှုမတူဘူး။
အစားအသောက်မတူဘူး။
စရိုက်တွေမတူဘူး။
ဒီတော့ တန်ဖိုးထားတာချင်းလည်းတူမှာမဟုတ်ဘူး။
ဒါကြောင့်သားကို မှာချင်တာက
အဲဒီနိုင်ငံကိုသွားတဲ့အခါ
တစ်အချက်က
ကိုယ့်အားကိုယ်ကိုးပါ။
ဘယ်သူ့ကိုမှ အားမကိုးနဲ့သား။
သူများကို အားကိုးမိတာနဲ့အမျှ သားစိတ်ညစ်ရလိမ့်မယ်။
နှစ်အချက်က
တန်ရာတန်ဖိုးမပေးဘဲနဲ့ ဘာကိုမှ မယူလေနဲ့။
တန်ရာတန်ဖိုးမပေးဘဲနဲ့ယူမိရင်လည်း ကိုယ်သတိမထားမိပေမယ့်
ပြန်ပေးလိုက်ရတာကတော့
တန်ဖိုးထက်ပိုပေးမိတတ်စမြဲပဲ။
နောက် သုံးအချက်က
စိတ်ချမ်းသာမှုကို ဘာနဲ့မှ မလဲလိုက်ပါနဲ့။
လဲလိုက်မိရင်လည်း နောက်တော့ မတန်မှန်းသိလာလိမ့်မယ်။
စိတ်ချမ်းသာနေရင် အဲဒါကုသိုလ်ပဲ။
စိတ်ဆင်းရဲနေရင်လည်း အဲဒီအချိန်မှာ အကုသိုလ်ဖြစ်နေတာပဲ။
စိတ်ချမ်းသာအောင်နေတတ်အောင်ကြိုးစားပါ ”တဲ့။
အမေရဲ့စကားကို သားဘယ်တော့မှ မမေ့ပါဘူး။
အဲဒီအတိုင်းလည်း သားလိုက်နာနိုင်အောင်ကြိုးစားနေပါတယ်အမေ။
အမေကျန်းမာရေးကို ဂရုစိုက်ပါနော်။
ဒီအချိန်မှာ ကျန်းမာရေးဟာ အရေးအကြီးဆုံးဖြစ်လာပြီအမေရေ့။
အမေရဲ့ဆန္ဒအတိုင်းအကောင်အထည်ပေါ်အောင်
သားကြိုးစားနေပါတယ်။
အမေလှူချင်တဲ့အလှူကိုလှူနိုင်ဖို့ဆိုတာ အမေကျန်းမာနေမှဖြစ်မှာနော်။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေး ( San Jose )
ကယ်လီဖိုးနီးယား ( California )
အမေရိကန် (U.S.A)
မေလ-၆ရက်-၂၀၁၁ (သောကြာနေ့)

( အမေများနေ့ကို ဂုဏ်ပြုပါတယ်။ )

Thursday, May 5, 2011

“ မခိုးနိုင်ပါဘူးကွာ...”



အိမ်ရှင်မဖြစ်သူ မစပယ်က

ယောက်ျားကို ခိုင်းတယ်။

“အိမ်ဘေးက ရေစည်ပိုင်းကို ယူပြီး နွားရုံထဲ

ထည့်ထားလိုက်ပါတော့၊

နို့မဟုတ်ရင်

သူခိုး ခိုးသွားလိမ့်မယ် ”


ယောက်ျားဖြစ်သူကိုအေးရွှေက

“ ဒီရေစည်ကို ဘယ်သူမှ

မ မသွားနိုင်ပါဘူးကွ၊

ရေအပြည့်ရှိနေတဲ့ဥစ္စာ...


Wednesday, May 4, 2011

" အမေ့ထံသို့ပေးစာများ-၂..."




သို့…..
ချစ်တဲ့ အမေ
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အမေကြောင့် သားဆရာဝန်ဖြစ်ခဲ့တာပါ။
တကယ်တန်းဆိုရင် သားဟာ လူတော်မဟုတ်ပါဘူး။
တော်အောင်ကြိုးစားခဲ့သူသာဖြစ်ပါတယ်။
အမေရဲ့အားပေးမှုကြောင့်သာ သားဆရာဝန်ဖြစ်ခဲ့တယ်ဆိုတာ
အမေသိသလို သားလည်းသိနေပါတယ်။
သား အခြေခံပညာ အထက်တန်းကိုအောင်တော့
သားက စစ်ထဲဝင်ချင်တယ်။
စစ်ထဲဝင်ရခြင်းအကြောင်းကလည်း
အဖေကွယ်လွန်ပြီးတဲ့နောက်မှာ
အမေဟာ ပင်ပန်းကြီးစွာနဲ့သားတို့ညီအကို
မောင်နှမ ငါးယောက်ကို လုပ်ကျွေးခဲ့တယ်။
အဖေဆုံးတော့ သားက ငါးနှစ်သားပဲရှိသေးတယ်။
သားအောက်က ညီက နှစ်နှစ်သားလေးပဲရှိသေးတယ်။
ညီမလေးက ကိုယ်ဝန်နှစ်လနဲ့ကျန်ခဲ့တယ်။
အဖေတောင်သိမသွားဘူး၊
အမက ရှစ်နှစ်သမီးလေး၊
အကိုအကြီးဆုံးက ဆယ့်တစ်နှစ်သားသာရှိသေးတယ်။
အမေအားကိုးရလောက်အောင် တစ်ယောက်မှမရှိသေးဘူး။
အမေကလည်း အဖေကို အားကိုးပြီးရန်ကုန်မြို့ကို တက်လာခဲ့တယ်။
ရန်ကုန်ရောက်ပြီးမကြာလိုက်ပါဘူး။
အဖေက အရက်တွေသောက်ရင်းက
အသည်းရောင်လို့ယူဆရတဲ့ရောဂါနဲ့ကွယ်လွန်ပါလေရော၊
ယူဆရတယ်ဆိုတာက အဖေက ဆေးရုံကိုကြောက်တယ်။
နေမကောင်းဖြစ်ကထဲက ဆေးရုံတက်ဖို့ အမေက အတန်တန်ပြောပေမယ့်
အဖေကငြင်းခဲ့တယ်။
တစ်ပတ်ပြည့်လို့ရောဂါမသက်သာလာတော့
နောက်နေ့ဆိုရင် ဆေးရုံတက်တော့မယ်လို့ ပြောတယ်။
နောက်တစ်နေ့မိုးတောင်မလင်းလိုက်ဘူး။
နံနက် ( 3:30 ) နာရီမှာ အဖေက ကွယ်လွန်သွားပြီ။
ဒါကြောင့် အဖေ ဘာရောဂါဖြစ်တယ်ဆိုတာကို တိတိကျကျ
မသိလိုက်ရဘူး။
အဖေက အရက်ကို စွဲစွဲလမ်းလမ်းသောက်တတ်တော့
အရက်နဲ့ဆိုင်တဲ့ရောဂါတစ်ခုခုကို ခန့်မှန်းပြောလိုက်တာ။
တကယ်ဆိုရင် အဖေဘာဖြစ်ပြီးသေဆုံးသွားတယ်ဆိုတာ
ဘယ်သူမှ တိတိကျကျမသိကြပါဘူး။
အဖေဆုံးတော့အမေက အသက် ( ၃၆ ) နှစ်ပဲရှိသေးတယ်။
အရွယ်ကောင်းတုန်းလို့ပြောနိုင်ပါတယ်။
ဒါပေမယ့် အမေဟာ သားသမီးတွေရဲ့အကျိုးကိုကြည့်ပြီးနောက်အိမ်ထောင်မပြုခဲ့ပါဘူး။
အဲဒီကိစ္စအတွက် အမေကို ကျေးဇူးတင်လို့မဆုံးနိုင်ပါဘူး။
အမေသာနောက်အိမ်ထောင်ပြုခဲ့ရင်...
ကျနော်တို့ညီအကိုမောင်နှမတွေ ဖထွေးနဲ့နေရမယ့်ဒုက္ခကို
တွေးကြည့်ရုံနဲ့ စိုးကြောက်မိပါတယ်။
အမေဟာ နောက်အိမ်ထောင် မပြုခဲ့တဲ့အတွက်
အမေကို အရမ်းကျေးဇူးတင်မိပါတယ်။
ပြီးတော့
အမေကြီးလို့ခေါ်တဲ့အဖွားအိုကလည်း
သူ့ရဲ့သမီးဖြစ်တဲ့အမေမှာ လင်ယောကျာ်းမရှိတော့တာမို့
ရွာကို ပြန်လိုက်ခဲ့ဖို့ခေါ်ပြန်တယ်။
အမေက သားသမီးတွေဖြစ်တဲ့ ကျနော်တို့တတွေ ပညာမတတ်မှာစိုးတာကြောင့်
အမေက ပြန်လိုက်မသွားဘဲ ငြင်းခဲ့ပါတယ်။
အမေရဲ့ဆုံးဖြတ်ချက်မှန်ခဲ့ပါတယ်။
ဘာကြောင့်ဆိုတော့ အမေဖြစ်စေချင်သလို
ကျနော်တို့ညီအကိုတွေ အများစုက ပညာတတ်တွေဖြစ်လာခဲ့ပါတယ်။
ဒီကိစ္စအတွက်လည်း အမေကိုကျေးဇူးတင်မိပါတယ်။
နောက်တစ်ချက်က အဖေဆုံးသွားတော့
အမေဟာ ကိုယ်ဝန်နှစ်လနဲ့ကျန်ခဲ့တယ်။
အဲဒီကိစ္စကို အဖေလည်း သိမသွားသလို အမေလည်း ကြိုတင်မသိခဲ့ပါဘူး။
လင်ယောကျာ်းမရှိဘဲနဲ့ကလေးမွေးရတဲ့ဒုက္ခက
ဘယ်လောက်ကြီးမားတယ်ဆိုတာ အမေကိုယ်တိုင်ပဲသိပါလိမ့်မယ်။
ကိုယ်ဝန်ကိုလွယ်ရတဲ့ဒုက္ခ၊
အဖေမရှိဘဲ ကလေးတစ်ယောက်မွေးရတဲ့ဒုက္ခ၊
အဲဒီကလေးတစ်ယောက်ကိုကြီးပြင်းအောင်ပြုစုပျိုးထောက်ရမယ့်ဒုက္ခ၊
ဒုက္ခတွေမျိုးစုံအောင်ကြုံရတဲ့ကြားထဲက အဲဒီကလေးကို ဖျက်ချလိုက်တာအကောင်းဆုံးလို့
အလကားအကြံလာပေးသူတွေရဲ့စကားကို ဆန့်ကျင်ရတဲ့ဒုက္ခကလည်း အမေအတွက်
ဒုက္ခအခက်အခဲများစွာကြုံရပါတယ်။
ဒါတွေကိုလည်းအမေကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွက်
အမေကိုကျေးဇူးထပ်တင်မိရပြန်ပါတယ်။
အမေရဲ့ကျေးဇူးကကြီးမားလှပါတယ်အမေ၊
ဒီနေ့တော့ ဒီလောက်ပဲရေးပါရစေတော့အမေ၊
အမေကို သားအဝေးက ဦးတင်ကတော့လိုက်ပါတယ်။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
ဆန်ဟိုဆေး ( San Jose )
ကယ်လီဖိုးနီးယား ( California )
အမေရိကန် ( U.S.A )
မေလ ၄ရက်နေ့၂၀၁၁(ဗုဒ္ဓဟူးနေ့)

( အမေများနေ့ကို ဂုဏ်ပြုပါတယ် )

Tuesday, May 3, 2011

" အမေ့ထံသို့ပေးစာများ-၁..."



သို့…..
ချစ်တဲ့ အမေ
သားသတိရစွာဖြင့်စာရေးလိုက်ပါတယ်။
အမေကြောင့် သားဆရာဝန်ဖြစ်ခဲ့တာပါ။
သား ၁၀-တန်းအောင်တော့ သားက ဆရာဝန်လိုင်းကို မယူချင်ဘူး။
သားမှာ လုံလောက်တဲ့အကြောင်းတွေရှိတယ်အမေ၊
တစ်အချက်က
အမေက မုဆိုးမအမေဖြစ်နေတယ်။
သားအတွက် ငွေကုန်ကြေးကျများမှာကို မလိုလားဘူးအမေ၊
အမေမှာ ငွေလုံလောက်အောင်မရှိရင် အမေစိတ်ရော၊ကိုယ်ပါ ပင်ပန်းနေလိမ့်မယ်။
အမေကို မပင်ပန်းစေချင်ဘူး။
ဒါကြောင့် ကျနော် ဆေးတက္ကသိုလ်ကို မတက်ချင်ဘူး။
နှစ်အချက်က
ကျနော်က စာကျက်ရတာ ပျင်းတယ်။
သခ်ာၤမွာသာ စိတ္ဝင္စားတာ၊
စာကျက်ရပျင်းသလို အင်္ဂလိပ်စာမှာလည်း ညံ့တယ်။
ကျနော်သာ ဆေးတက္ကသိုလ်ကို တက်ရင်
ဆရာဝန်ဖြစ်အောင် အရမ်းကို ကြိုးစားရမယ်ဆိုတာကိုသိနေတယ်။
သုံးအချက်က
ကျနော်က စစ်တက္ကသိုလ်ကိုသာ တက်ရင်
အမေကို အမြန်ဆုံး လုပ်ကျွေးခွင့်ရမှာပဲလို့
တွေးမိတယ်လေ။
အဲဒီတုန်းက အမေပြောတဲ့စကားကို ကျနော်အခုထိ မှတ်မိနေတုန်းပါပဲ။
“ စစ်သားဖြစ်ဖို့ အမှတ်များများမလိုပါဘူး။
ဆရာဝန်ဖြစ်ဖို့တော့ အမှတ်များများလိုအပ်တယ်။
ပြီးတော့ စစ်သားက သူများရဲ့အသက်ကို အန္တရာယ်ဖြစ်စေတယ်။
ဆရာဝန်က သူများရဲ့အသက်ကို ကယ်တင်ရတယ်။
စစ်သားနဲ့ဆရာဝန်တွေက လားရာမတူကြပါဘူး။
ပျက်စေသူနဲ့ဖြစ်စေသူ၊
သားဘယ်အရာကိုရွေးမလဲ။
သားတစ်ယောက်ဆရာဝန်ဖြစ်နေတာကို
အမေ မသေခင်မှာ မြင်သွားချင်တယ်။
အမေရဲ့ကျေးဇူးကို ဆပ်ချင်တယ်ဆိုရင်
သားဆရာဝန်ဖြစ်အောင်သာ ကြိုးစားပါ”
လို့ ပြောခဲ့တယ်လေ။
အဲဒီစကားကြောင့် သားဆရာဝန်လိုင်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်အမေ။
အခုတော့ သားရွေးချယ်ခဲ့တာမှန်ကြောင်း
တစ်နေ့ထက်တစ်နေ့ပိုပိုသိလာရပါတယ်။
သားက လူတော်မဟုတ်တော့ မနည်းမနည်းကို ကြိုးစားအားထုတ်ရပါတယ်။
အဲဒီအတွက် အမေ့ကို အရမ်းအရမ်းကို ကျေးဇူးတင်ရပါတယ်အမေ။
သားဆရာဝန်ဘွဲ့ရတော့ ဘွဲ့နှင်းသဘင်မှာ
အမေ့ရဲ့အပြုံးကို ဒီနေ့အထိသားမမေ့နိုင်သေးပါဘူး။
အမေ့ရဲ့အပြုံးက အရမ်းလှပနေတယ်လေ။
“ ငါတို့အမျိုးမှာ ဆရာဝန်ဖြစ်သွားသူဆိုလို့ ငါ့သားတစ်ယောက်ထဲရှိတယ်ဟေ့”
လို့အမေခဏခဏပြောတော့ သားတောင်ရှက်မိပါတယ်။
ဆရာဝန်ဖြစ်ပြီးတော့ သားသူငယ်ချင်းအတော်များများဟာ
နိုင်ငံခြားတိုင်းပြည်တွေကိုထွက်သွားကြတယ်။
နောက်ထပ်ဘွဲ့လွန်ပညာတွေ သွားသင်သူတွေရှိသလို
နိုင်ငံခြားတိုင်းပြည်မှာ အလုပ်သွားလုပ်သူတွေလည်း ရှိကြလေရဲ့။
သူငယ်ချင်းတွေကခေါ်တော့ သားလည်း နိုင်ငံခြားတိုင်းပြည်တွေကို
ထွက်ချင်စိတ်မကြာခဏဖြစ်မိတယ်လို့ဝန်ခံချင်ပါတယ်။
ဒါပေမယ့် သားမထွက်ဖြစ်ခဲ့ပါဘူး။
အကြောင်းကတော့ သားရဲ့ဆေးခန်းလုပ်ငန်းက အောင်မြင်တာရယ်၊
ပြီးတော့ သားက နိုင်ငံခြားမှာ ရွှေတိဂုံဘုရားလို ဖူးမျှော်စရာဘုရားမရှိဘူးထင်တာရယ်၊
သားကြိုက်တတ်တဲ့ မုန့်ဟင်းခါး၊ ငပိတို့စရာတွေမရှိဘူးထင်တာရယ်ကြောင့်
မသွားဖြစ်ခဲ့ပါဘူးအမေ၊
ဒါနဲ့ပဲ သားဟာ
ဆရာဝန်ဘဝနဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်တဲ့အထိ ဖြတ်သန်းလာခဲ့ရပါတယ်။
ဘဝဆိုတာ နိမ့်တုံ၊မြင့်တုံပါပဲ။
သုံညဘဝကိုလည်းအခါခါရောက်ခဲ့ပါတယ်။
အဲဒီလိုရောက်လေတိုင်း အမေ့ရဲ့စိတ်အားမြှင့်တင်တဲ့စကားတွေကြောင့်
ပြန်ပြန်မြင့်တက်လာခဲ့တာလည်း အကြိမ်ကြိမ်၊
အခုမှ ဘဝကံဇာတာမြင့်လာတာကြောင့် သားနိုင်ငံခြားတိုင်းပြည်ကိုသွားခွင့်ကြုံခဲ့ပါတယ်။
သားသွားရမယ့်နိုင်ငံကလည်း အမေရိကန်နိုင်ငံ၊
အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရတယ်လို့အမေကို ပြောပြတော့
အမေက တွေဝေသွားတယ်။
“ ငါ အသက်ကြီးပြီသား၊
ငါတစ်ခုခုဖြစ်ရင် သားအနားမှာ ရှိတော့မှာ မဟုတ်ဘူးလို့
တွေးမိတော့ စိတ်အားငယ်မှုဖြစ်မိတယ်။
ဒါပေမယ့်
သားက တိုးတက်ကြီးပွားတဲ့အခွင့်အရေးရတာကို အမေမတားရက်ပါဘူး။
သားရေ…မသွားခင်တော့ စဉ်းစားပေါ့ကွယ်၊
သားက သွားမယ်လို့ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ နောက်မဆုတ်လေနဲ့။
ယောကျာ်းဆိုတာ ငုတ်မိရင် သဲတိုင်၊
တက်မိရင် အဖျားရောက်အောင်တက်ပေတော့”တဲ့။
လေဆိပ်ကို အမေလိုက်ပို့တယ်။
သားအားဖြစ်ရပါတယ်အမေ။
ဒီအတွက်လည်း သားလေ အမေ့ကို ကျေးဇူးတင်မိပါတယ်။
စာလည်းရှည်သွားပြီ။
နောက်မှ စာထပ်ရေးမယ်နော်။
ဒီနေ့တော့ဒီလောက်နဲ့ရပ်နားခွင့်ပြုပါအမေ။
ချစ်တဲ့အမေ ကို ဦးတင်ကတော့လိုက်ပါတယ်။

ချစ်တဲ့သား
အောင်ဝင်းဟိန်း
ကာရိုးလိုင်းနား(မြောက်)/ ( North Carolina )
အမေရိကန်နိုင်ငံ ( U.S.A )
ဧပြီလ-၂၉ရက်-၂၀၁၁ ( သောကြာ )
( အမေများနေ့ကို ဂုဏ်ပြုပါတယ် )

Monday, May 2, 2011

“ အရူးက တစ်မူးသာ…”


စိတ်ရောဂါကု ဆေးရုံတွင် ဖြစ်တယ်။

ဆေးရုံမှ ဆင်းခွင့်ပြုမယ့် လူနာကို ရောဂါပျောက်ခြင်းရှိ၊ မရှိ

နောက်ဆုံး စစ်ဆေးတဲ့အနေဖြင့် ဆရာဝန်ကြီးကမေးတယ်။


ဆရာဝန်ကြီး ဒေါက်တာမောင်မောင်က

ခင်ဗျားရဲ့ နားရွက်တစ်ဘက်ကို ဖြတ်လိုက်ရင်

ခင်ဗျား မျက်စိမြင်နိုင်ပါ့မလား


လူနာဖြစ်တဲ့ရွှေစိန်က

မြင်နိုင်ပါတယ်

နှစ်ဘက်စလုံးကို ဖြတ်လိုက်ရင်ကော

အဲဒါဆို မမြင်နိုင်တော့ဘူး

ဘာဖြစ်လို့လဲ


လူနာဖြစ်တဲ့ရွှေစိန်ပြန်ပြောလိုက်တာက...

ကျနော် ဆောင်းတဲ့ဦးထုပ် လျှောကျပြီး မျက်စိကို

ဖုံးသွားမှာမို့ပေါ့

Sunday, May 1, 2011

“ စိတ်ရဲ့အလှ...”


စိတ်ရဲ့အလှဟာ အဆင့်မြင့်တယ်။

အမှန်တရားဟာ အဆင့်မြင့်တဲ့အလှဖြစ်တယ်။

စိတ်ထားသန့်ရှင်းလှပလေ၊

အမှန်တရားကို သိဖို့လွယ်လေပဲ။

+++++++++

အလှတရားဆိုတာ

ကိုယ့်စိတ်ကို ရွှင်လန်းမှုနဲ့ ငြိမ်းချမ်းမှုဆိုတဲ့

ခံစားမှု နှစ်မျိုးကို

တပြိုင်နက် ပေးနိုင်တဲ့ အတွေ့အကြုံပါ။

+++++++++

တရားဟာ စိတ်ကို

သန့်ရှင်းစေတယ်။

တည်ငြိမ်စေတယ်။

အေးချမ်းစေတယ်။

ရွှင်လန်းစေတယ်။

ကောင်းတာမှန်သမျှ လှတာချည်းတွေပဲ။

+++++++++

As a white candle in a holy place.

So is the beauty of an aged face,

( Joseph Campbell )

အသက်ကြီးရင့်တဲ့ သူရဲ့ ( တည်ငြိမ်အေးဆေးတဲ့ ) မျက်နှာအလှ

ဟာ မြင့်မြတ်တဲ့နေရာ (ဘုရားစင်ခန်း)မှာ တွန်းထားတဲ့

အဖြူရောင် ဖရောင်တိုင်ကြီးလိုပဲ။

+++++++++

အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိတဲ့

ကိုယ်အမူအရာ၊

နူတ်အမူအရာရှိတဲ့

သူဟာ ချစ်သူခင်သူပိုများတယ်။

+++++++++

တိတ်ဆိတ်မှုဟာ

အသိဉာဏ် လေးနက်မှုအတွက်

အရေးကြီးတယ်။

+++++++++

တိတ်ဆိတ်နေခြင်း၊

အေးချမ်းနေခြင်း၊

ငြိမ်သက်ခြင်းဟာ

လှပခြင်းရဲ့ အနှစ်သာရ တစ်ခုဖြစ်ပါတယ်။

+++++++++

စည်းကမ်းရှိတဲ့စိတ်ဟာ

အင်မတန်ခံစားလို့ကောင်းတယ်။

အရသာရှိတယ်။

နှစ်သက်စရာ ကျေနပ်စရာကောင်းတယ်။

+++++++++

အလှအပမှာ healing effect ရှိတယ်။

အလှအပဟာ

စိတ်အတွက် ဆေးတစ်မျိုးဖြစ်တယ်။

ရောဂါ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့

အစွမ်းသတ္တိရှိတယ်။

ကျန်းမာရေးမကောင်းရင်

သန့်ရှင်းတဲ့နေရာ၊

လှပတဲ့နေရာမှာ နေဖို့ပိုပြီး

လိုအပ်ပါတယ်။

စိတ်ကို အနားပေးသင့်တယ်။

+++++++++

တကယ်စွမ်းအားကြီးတဲ့သူဖြစ်ချင်ရင်

စိတ်ထားတည်ငြိမ်အေးချမ်းအောင်

လေ့ကျင့်ရမယ်။

ဉာဏ်ပညာရင့်ကျက်အောင် လေ့ကျင့်ရမယ်။

စစ်မှန်တဲ့မေတ္တာစိတ်ရှိအောင် လေ့ကျင့်ရမယ်။


(ဆရာတော်ဦးဇောတိက)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com