Thursday, October 7, 2010

“ အရက်ဖြတ်နည်း….”


သင်ဟာ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး

အရက်မသောက်ရရင် မနေနိုင်တဲ့ အရက်စွဲသူဖြစ်ခဲ့ရင်

သင့်အိမ်မှာ သင်တစ်ဦးတည်းအတွက် အရက်ဆိုင်ဖွင့်ပါ။


အဲဒီဆိုင်ဟာ သင်တစ်ဦးတည်းအတွက်

ဖွင့်တဲ့ ဆိုင်ဖြစ်၍ ဆိုင်ဖွင့်ဖို့လိုင်စင်ခွင့်ပြုချက် ရယူရန်မလိုပါ။


အရက်တစ်ဂါလံဝယ်ယူတိုင်း သင့်ဇနီးကို နှစ်ဒေါ်လာပေးပါ။

အရက်တစ်ဂါလံတွင် ခွက်ပေါင်း ၉၆ ခွက်ရှိတာကို မမေ့ပါနဲ့။

သင်သောက်ဖို့အရက်ကို သင့်ဇနီးထံမှသာ ဝယ်သောက်ပါ။

သင်သောက်တဲ့ အရက် ပထမ ဂါလံကုန်သွားတဲ့အခါ

သင့်ဇနီးဟာ ဘဏ်မှာ ဒေါ်လာသွင်းထားနိုင်ပြီး၊

နောက်ထပ်အရက်ဆိုင်ဖွင့်ဖို့ ဂါလံဝယ်နိုင်တဲ့

ငွေ ဒေါ်လာရှိလာပါလိမ့်မယ်။


သင်ဟာ ဒီနှုန်းအတိုင်း ၁၀ နှစ်ဆက်တိုက်

သင့်ဇနီးဆီက အရက်ဝယ်သောက်ခဲ့ပြီး ကွယ်လွန်သွားခဲ့သော်

ကျန်ရစ်တဲ့ သင့်ဇနီးနှင့် ကလေးများအတွက် ပူစရာဘာမှ မလိုတော့ပါ။


ကျန်ရစ်တဲ့ သင့်ဇနီးမုဆိုးမအတွက် သင့်အလောင်းကို

ကောင်းကောင်းမွန်မွန်သဂြိုလ်ဖို့အတွက် ငွေအလုံအလောက်ရှိနေပါလိမ့်မယ်။


သားသမီးတွေကို ဆက်လက်ပြုစုပျိုးထောင်ဖို့

အတွက်လည်း ငွေအလုံအလောက်ရှိနေပါလိမ့်မယ်။

အိမ်တစ်ဆောင်၊မြေတစ်ကွက်ကိုလည်း ဝယ်နိုင်တဲ့ ငွေစုဆောင်းပြီး ဖြစ်ပါလိမ့်မယ်။

အဲဒီနောက် သင့်မိန်းမဟာ လူကောင်းတစ်ယောက်ကိုလက်ထပ်ပြီး

သင့်ကိုမေ့သွားနိုင်ပါလိမ့်မယ်........။

*“ အနူတ္တရ မနက်ဖန် ”*




*တစ်နေ့ တာဖြတ်သန်းရတဲ့
ဒုက္ခနဲ့ သုခ
ချိန်ခွင်လျှာဘောင်ကပ်လို့
မနံက်ဖြန် ရောက်မှာကို
ကြောက်နေမိတယ်။ ။

*နေ့သစ်ရဲ့ နိုးထမှု
မင်္ဂလာနံက်ခင်းပါလို့
ပဋိသန္မာရဆိုချင်သော်လည်း
့ဖြစ်နေတဲ့ ဘ၀ရဲ့
ဆန်ကျင်ဘက်စကားလုံးမို့....
သုံးရမှာ ခက်လှချည်ရဲ့ ။ ။

*ရှင်သန်မှုဟာ
မပြောပလောက်တဲ့
ပိုင်ဆိုင်မှုလေးနဲ့
ချွေးသိပ်နေရင်း
ဘ၀ကို အလဲထိုးနေပေါ့။ ။

*မနုဿတ္တဘာဝေါ
ဒုလ္လဘောတဲ့
ရခဲလှ လူဘဝ
အဓိပ္ပါယ်ရှိချင်တယ်
လူဖြစ်ကျိုးနပ်ချင်တယ်။
..................နပ်ချင်လိုက်တာ။ ။

* ဘယ်သူမပြု မိမိမှုပေါ့
မိုးခေါင်နေတဲ့ ဥတုအောက်မှာ
အပင်တွေပေါက်ဖို့
လွန်ဆွဲမှာလား...
ကြောင်ကို ရေချိုးမှာလား
ငါးရံ့ မင်း ပရိတ်ရွတ်ကြမှာလား။ ။
.....................................................
စိမ်းထိုက်လူ...(မော်ကျွန်း)
(05/02/99)

“ ပင်လယ် နှစ်ခု…”



ပါလက်စတိုင်း မှာ ပင်လယ်နှစ်ခုရှိပါတယ်။

အဲဒီပင်လယ်နှစ်ခုဟာ အလွန်ခြားနားပါတယ်။

တစ်ခုကို ဂလီလီးပင်လယ်လို့ ခေါ်ပါတယ်။

အဲဒီပင်လယ်မှာ ကြီးမားတဲ့ ရေကန်ကြီးဖြစ်ပြီး

သောက်သုံးနိုင်တဲ့ ရေကောင်းရေသန့်ဖြင့် ပြည့်နေပါတယ်။

ငါးတွေ၊ လူတွေ အဲဒီပင်လယ်ထဲ ကူးနိုင်ပါတယ်။

စိမ်းလန်းတဲ့ လယ်ကွင်းများ၊ ဥယျာဉ်များဖြင့် ဝန်းရံထားပါတယ်။

အဲဒီပင်လယ်နားမှာ လူအများက နေအိမ်များ ဆောက်လုပ်ထားပါတယ်။


ရေပေါများတဲ့ နောက်ပင်လယ်တစ်ခုကို ပင်လယ်သေလို့ခေါ်ပါတယ်။

အဲဒီပင်လယ်မှာ နာမည်နဲ့လိုက်အောင်တကယ်သေနေပါတယ်။

အဲဒီပင်လယ်နဲ့ ပတ်သက်သမျှ အားလုံးသေနေပါတယ်။

ရေမှာ ငံလွန်းသဖြင့် သောက်ကြည့်လျှင် ကျန်းမာရေးကို ထိခိုက်ပါတော့တယ်။

ငါးတွေလည်း မနေနိုင်ပါ။

ကမ်းခြေတစ်လျှောက်မှာ ဘာမှ ဖြစ်ထွန်းခြင်း၊ပေါက်ရောက်ခြင်း မရှိပါ။

သူ့မှာ မနှစ်မျို့စရာ အနံ့အသက်ရှိသဖြင့် နီးနီးနားနားတွင် ဘယ်သူမှ မနေချင်ကြပါ။

အဲဒီပင်လယ်နှစ်ခုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့

အဲဒီပင်လယ်နှစ်ခုစလုံးထဲကို မြစ်တစ်မြစ်ထဲမှ စီးဝင်လာခြင်းပင်ဖြစ်ပါတယ်။


အဲဒီလိုဖြစ်ရင် ဘာကြောင့် ခြားနားကွဲပြားနေရပါသလဲ….

ခြားနားစေတဲ့ အချက်တစ်ချက်သာရှိပါတယ်။


တစ်ခုမှာ လက်ခံပြီး ပြန်လည် စွန့်လွှတ်ပါတယ်။


နောက်တစ်ခုကတော့ လက်ခံပြီး သိမ်းထားပါတယ်။


ဂျော်ဒန်မြစ်ဟာ ဂလီလီးပင်လယ် ထိပ်ပိုင်းသို့ စီးဝင်ပြီး

အောက်ပိုင်းမှ ပြန်ထွက်သွားပါတယ်။

ဂလီလီးရေကန်ကြီးဟာ ဝင်လာတဲ့ ရေကို သုံးပြီး

အခြားသူများ သုံးနိုင်အောင် ဆက်လက်စွန့်လွှတ်စီးဆင်းပါတယ်။

ဂျော်ဒန်ဟာ ပင်လယ်သေထဲကို ဆက်လက်စီးဆင်းပြီး ဘယ်ကိုမှ ပြန်မသွားတော့ပါ။


ပင်လယ်သေဟာ တစ်ကိုယ်ကောင်းဆန်ဆန်၊

စီးဝင်လာတဲ့ ရေတွေကို သူ့အတွက်သာ သိမ်းထားပါတယ်။


အဲဒါကြောင့် သူ့မှာသေနေပါတယ်။

သူဟာ ယူသာယူပြီး စွန့်လွှတ်ခြင်း ဘယ်တော့မှ မရှိပါ။

“ ယူတတ်သူက အမြဲတမ်း ပိုရ…”



တစ်ခါတုန်းက ညီအကို နှစ်ယောက်ရှိတယ်။

အဖေကတော့ အရက်ကို အလွန်ကြိုက်တတ်တဲ့ အရက်သမားတစ်ဦးဖြစ်ပါတယ်။

အကိုကြီးကတော့ အဖေခြေရာနင်းပြီး အရက်ကိုကြိုက်တတ်သူဖြစ်လာပါတယ်။

အဖေလိုပဲ အရက်ကိုအလွန်သောက်တတ်သူဖြစ်လာပါတယ်။


ညီငယ်ကတော့ အရက်ကို လုံးဝမသောက်ပါ။

ပညာကိုအလွန်ကြိုးစားသူတစ်ဦးဖြစ်လာပါတယ်။

ဒါကြောင့်လည်း ဆရာဝန်တစ်ဦးဖြစ်လာပါတယ်။


ကာလအတန်ကြာတော့ အရက်သောက်တဲ့အဖေဟာ

အရက်ကြောင့် အသည်းရောဂါဖြစ်ပြီး ကွယ်လွန်သွားပါတယ်။

ညီအကို နှစ်ဦးစလုံးဟာအရွယ်ရောက်လာပြီး အိမ်ထောင်ကျပါတယ်။

စိတ်ပညာရှင်တွေက ဒီညီအကိုနှစ်ယောက်ကိုတွေ့တော့

စိတ်ဝင်စားပြီး မေးခွန်း တွေကို မေးပါတယ်။


စိတ်ပညာရှင်က အကိုကြီးကို မေးပါတယ်။

ခင်ဗျားက ဘာကြောင့်အရက်စွဲသူဖြစ်လာတာလဲ…”


အဖေကြောင့်ပေါ့ဗျာ၊

ဒီလို အဖေဆီက ဒါကလွဲလို့ ဘာများမျှော်လင့်နိုင်မှာလဲ


လို့အရက် မူးမူးနဲ့ ပြန် ဖြေပါတယ်။


ညီငယ်ကို တွေ့ပြီး စိတ်ပညာရှင်ကမေးခွန်းမေးပြန်ပါတယ်။

ခင်ဗျားက ဘာကြောင့် အရက်လုံးဝမသောက်ပဲ ဆရာဝန်ဖြစ်လာတာလဲ..”

လို့မေးပြန်ပါတယ်။


ညီငယ်က


အဖေကြောင့်ပေါ့ဗျာ….အဖေ့ဆီက ဒီအမွေကိုရလာတာပါ


လို့ ပြန်ဖြေပါတယ်။


တစ်ဦးတည်းဖြစ်တဲ့အဖေဆီက ညီအကို နှစ်ယောက်ဟာ

ယူပုံယူနည်းများမတူကြတော့တဲ့အခါ ရပုံချင်းလည်းမတူတော့ပါလေ။

ယူတတ်သူက အမြဲတမ်း ပိုရပါတယ်။

“ တစ်ခုပဲ ရွေးပါ...”




အာဏာလိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

ကျော်ကြားမှု လိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

အပျော်အပါ်း လိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

ငွေကြေးဥစ္စာ လိုချင်သလား၊
စိတ်ချမ်းသာမှုလိုချင်သလား၊
တစ်ခုပဲရွေးပါ။

စိတ်ချမ်းသာမှုကို
တကယ်ပြတ်ပြတ်သားသား ရွေးရင်
ကျန်တာတွေလည်း ရနိုင်သလောက် ရမှာပဲ။

စိတ်ချမ်းသာမှုကို ရပြီးမှ
တခြားဟာတွေ ရတယ်ဆိုရင်ကောင်းပါတယ်။

စိတ်ချမ်းမှုကို ဆုံးရှုံးပြီးမှ
တခြားဟာတွေရတယ်ဆိုရင်
ဘာအဓိပ္ပါယ် ရှိတော့မလဲ။

ဆရာတော် ဦးဇောတိက
(စိတ်ချမ်းသာမှုဟာဘဝနေနည်းပါ စာအုပ်မှ.......)

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com