Saturday, October 2, 2010

“ အတင်းအဖျင်းစကားဆိုတာ….”



တစ်ခါတုန်းက ပညာရှိ ဆိုကရေးတီးဆီကို လူတစ်ယောက်အပြေးရောက်လာပြီး

ဆရာကြီး ဆိုကရေးတီး၊ ခင်ဗျာမိတ်ဆွေအကြောင်းနဲ့ပတ်သက်ပြီး သတင်းကြားပြီးပြီလား

လို့တီးတိုးလာပြောပါတယ်။

ခဏနေပါဦး၊ ခင်ဗျာပြောမယ့် စကားကို ဆန်ခါသုံးထပ်ချပြီးပြီလား

လို့ ဆိုကရေးတီးကမြန်မြန်မေးလိုက်ပါတယ်။

ဘာဆန်ခါသုံးထပ်လဲ..ခင်ဗျာ

လို့ တီးတိုးလာပြောသူကပြန်မေးပါတယ်။

ဟုတ်ပါတယ်မိတ်ဆွေ၊ ဆန်ခါသုံးထပ်ပါ။

ခင်ဗျားက ကျနော့်ကို ပြောပြချင်တဲ့စကားဟာ

အဲဒီဆန်ခါသုံးထပ်ကို ဖြတ်ကျော်ပြီးပြီလားဆိုတာ ကြည့်ရအောင်

လို့ ဆိုကရေးတီးက ဆက်ရှင်းပြပါတယ်။

ပထမ…..ဆန်ခါကတော့ အမှန်ဟုတ်၊မဟုတ်စစ်တဲ့ ဆန်ခါဖြစ်ပါတယ်။

ခင်ဗျားပြောမယ့်စကားဟာ အမှန်ဟုတ်၊ မဟုတ်၊ သေသေချာချာသိရဲ့လားလို့စစ်ကြည့်ဖို့လိုပါတယ်။

ဟုတ်ကဲ့၊ ကျနော်ကြားခဲ့တာက တစ်ဆင့်ခံကြားတာပါလို့

တီးတိုးလာပြောသူက ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေပါတယ်။

ဟုတ်ပြီ။ ခင်ဗျားပြောမယ့်စကားဟာ ဒုတိယဆန်ခါနဲ့စစ်ရင် ,မရဆက်ကြည့်ရအောင်၊

ခင်ဗျားပြောမယ့်စကားဟာ အကြင်နာ၊ မေတ္တာနဲ့ယှဉ်ပြီးပြောမယ့်စကားဟုတ်ရဲ့လား

လို့ ဆိုကရေးတီးက

ဒုတိယစကားအကြောင်း ပြောပြပါတယ်။

အဲဒါတော့ မဟုတ်ပါဘူး။

တကယ်အမှန်ပြောရရင်တော့ အကြင်နာ၊ မေတ္တာနဲ့ဆန့်ကျင်နေပါသေးတယ်

လို့ တီးတိုးလာပြောသူက ဝန်ခံပါတယ်။

အကြင်နာ၊မေတ္တာနဲ့မယှဉ်တဲ့စကားဆိုရင်ပြောဖို့လိုသေးလား

လို့ ဆိုကရေးတီးက ဆက်မေးပါတယ်။

မလိုတော့ပါဘူးခင်ဗျားလို့ တီးတိုးလာပြောသူက ဝန်ခံပါတော့တယ်။

အဲဒီအခါ ပညာရှိ ဆိုကရေးတီးကခင်ဗျား၊ ကျနော်ကို လာပြောမယ့်စကားဟာ

မှန်ကန်ခြင်းလည်းမရှိဘူး။

အကြင်နာ၊မေတ္တာကိုလည်း ရှေ့ထားပြောတဲ့စကားလည်းမဟုတ်ဘူး၊

ပြောဖို့လိုအပ်ခြင်းလည်း မရှိဘူးဆိုရင် မပြောပါနဲ့တော့ဗျာ

လို့ ပညာရှိ ဆိုကရေးတီးက တီးတိုးလာပြောသူအား ပိတ်ပင်လိုက်ပါတော့တယ်။


ကျနော်တို့လည်း ဒီဆန်ခါသုံးထပ်နဲ့စစ်ပြီးမှ ပြောမယ်ဆိုရင်

ပြောဆိုရမယ့် အတင်းအဖျင်းစကားဆိုတာ နည်းသထက်နည်းသွားဖို့သာရှိပါတယ်၊

နောက်ဆုံး အတင်းအဖျင်းပြောစရာကိုမရှိအောင်ဖြစ်လာပါမယ်။

ဒါဆိုရင် အကျိုးရှိတဲ့အလုပ်လုပ်ဖို့ အချိန်များများထွက်လာပါလိမ့်မယ်။

အကျိုးရှိတဲ့အလုပ်ကို များများလုပ်သူသာ အဖိုးတန်သူဖြစ်နိုင်ကြောင်းပါခင်ဗျား

လို့ပြောချင်ပါတယ်။

“ လုပ်လို့မဖြစ်တဲ့နည်းလမ်းပေါင်း ငါးသောင်းကျော်....”




အကြိမ်ပေါင်းများစွာ လက်တွေ့စမ်းသပ်ရာမှာ မအောင်မြင်ခဲ့တဲ့ဖြစ်ရပ်များ
ကြုံရတဲ့အခါ သူသူငါငါ စိတ်ပျက်တတ်တာဓမ္မတာပါပဲ။
အဲဒီလိုအဖြစ်အပျက်မျိုးကို ကြုံတွေ့နေရတဲ့အတွက်
စိတ်ပျက်နေတဲ့ လက်ထောက်အကူတစ်ဦးကို
သောမတ်အယ်ဒီဆင်က သူ့ဘ၀အတွေ့အကြုံကို ရှင်းပြပါတယ်။
ဘက်ထရီအားထိန်းနိုင်တဲ့အိုးတစ်ခု အောင်မြင်ဖို့အတွက်
လက်တွေ့စမ်းသပ်မှုပေါင်း ၅၀၀၀၀(ငါးသောင်း)ကျော်ပြုလုပ်ခဲ့ရကြောင်းပြောပြပါတယ်။
လူတွေက ရလဒ်ကိုပဲ သိပ်သိချင်တာလေ။
အယ်ဒီဆင်က
“ငါတော့ ရလဒ်တွေ အများကြီးရပါတယ်။
လက်တွေ့ လုပ်ကိုင်လို့မဖြစ်တဲ့
နည်းလမ်းပေါင်း ၅၀၀၀၀(ငါးသောင်း)ကျော်ရှိတယ်ဆိုတာ
ငါသိလာတဲ့အမြတ်ပေါ့ကွယ်...” လို့ပြောလိုက်ပါတယ်။

Sunday, May 16, 2010

“ ညီမလေးရယ်...စိုးရိမ်မိတယ်...”




အိမ်နီးချင်းဖြစ်တဲ့ ကိုလတ်က
ကိုအေးကို ကို မေးတယ်။
“ခင်ဗျားရဲ့မိန်းမ သီချင်းဆိုနေတဲ့အခါမှာ
ဘာဖြစ်လို့ ခင်ဗျား ဝရန်တာဘက် ထွက်နေရတာလဲ?”

ကိုအေးကိုပြန်ဖြေလိုက်တာကတော့...
“ကျနော် သူ့ကိုရိုက်နေတယ်လို့ အိမ်နီးချင်းတွေ ထင်မှာစိုးလို့ပါဗျာ...”

“ သိန်းငှက်....ဒါပေမယ့်...”



စာကလေးသူ့ကိုယ်သူ သိန်းငှက်လို့ပြောနေတဲ့အတွက်
တောထဲမှာရှိကြတဲ့ ငှက်အပေါင်းက ဝိုင်းမေးကြတယ်။
“မင်းဟာ သိန်းငှက်လား ”
စာကလေးကပြန်ဖြေတယ်။
“ဟုတ်တယ်၊ ငါဟာ သိန်းငှက်ပဲ ”

“အဲဒါဆို ဘာဖြစ်လို့ သေးသေးလေးဖြစ်နေရတာလဲ ”

စာကလေးပြန်ဖြေလိုက်တာက
“ငါ ငယ်ငယ်တုန်းက ခဏခဏဖျားခဲ့လို့...”

“ မျက်မြင်...သက်သေ ”




စာသင်ခန်းတစ်ခုတွင်ဖြစ်တယ်။
အပျိုကြီးဖြစ်တဲ့အတန်းပိုင်ဆရာမကမေးတယ်။
“ငါးဖယ်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရတာလဲ? ”
တာတူးလေးက လက်ညှိုးထောင်ပြီး ဖြေတယ်။

“ဝေလငါးနဲ့အိပ်လို့”

ဆရာမရဲ့မျက်နှာဟာ နီရဲသွားတယ်။စိတ်တိုတိုနဲ့...
“တာတူး၊ အခန်းထဲက ချက်ချင်း ထွက်သွားစမ်း”
အဲဒီလို အမိန့်ပေးပြီး ဆရာမက ကျောင်းသားကျောင်းသူတွေကို ဆက်မေးတယ်။

“ကျောက်ပုဇွန်ရဲ့ မျက်လုံးတွေဟာ ဘာဖြစ်လို့ ပြူးထွက်နေရတာလဲ ?၊
ဘယ်သူ သိကြသလဲကွယ်”

အခန်းဝမှာရောက်နေပြီဖြစ်တဲ့ တာတူးလေးဟာ
နောက်ပြန်လှည့်ပြီးအော်ပြောလိုက်ပါတယ်။

“ဒါတွေအားလုံးကို သူမြင်လိုက်မိလို့ပါဆရာမ....”




လူ့တန်ဖိုး-၁၁... “ ဗနားဒိုး ”



ဗနားဒိုး

( ၁၈၄၅ -၁၉၀၅ )=၆၀ နှစ်

မိဘမဲ့တို့ရဲ့ မွေးစားဖခင်လို့ ထင်ရှားတဲ့ တောမတ်ဂျွန်ဗနားဒိုးကို

၁၈၄၅ ခု ဇူလိုင်လ ရက်မှာ အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့မှာ မွေးဖွားခဲ့တယ်။

သူဟာ လန်ဒန်ဆေးရုံကြီးမှာ ဆေးပညာကို ဦးစွာ သင်ကြားခဲ့ပြီး

ပဲရစ်၊ အီဒင်ဗာရာမြို့တွေမှာ ဆက်လက် ပညာဆည်းပူးခဲ့တယ်။

သာသနာပြု ဆေးဝန်ထမ်းလုပ်ငန်းမှာ စိတ်ဝင်စားတဲ့အလျှောက် ၁၈၆၅ ခုနှစ်မှာ

လန်ဒန်အရှေ့ပိုင်း စနစ်မဲ့ရပ်ကွက် ၀မ်းရောဂါဖြစ်ပွားမှုမှာ သွားရောက် ဆေးဝါးကုသပေးခဲ့ရာက

ခြေသလုံးအိမ်တိုင်လေလွင့်နေကြတဲ့ လူမမည် ဒုက္ခိတကလေးတွေရဲ့

သနားစဖွယ် ဘ၀ကို မျက်မြင်ဖြစ်ခဲ့တယ်။

မူလကဆေးပညာသင်ပြီး ကမ္ဘာ့အရှေ့ဖျားနိုင်ငံတွေမှာ သာသနာပြုလုပ်ငန်းနဲ့ တွဲဖက်ရင်း

ဆင်းရဲသား ဆေးကုဝန်ထမ်းအဖြစ် ရည်ရွယ်ခဲ့ပေမဲ့

မျက်စိအောက်မှာ ဒုက္ခရောက်နေတဲ့ ကလေးတွေရဲ့ ဘ၀အဖြစ်ဆိုးကို

မြင်ရတဲ့အခါ မူလရည်ရွယ်ချက်ကို စွန့်လွှတ်ပြီး မိဖမဲ့ အိုးအိမ်မဲ့ကလေးသူငယ်များ

ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းမှာသာ သူ့ဘ၀ကို မြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တော့တယ်။

ဗနားဒိုးဂေဟာရဲ့ လုပ်ငန်းတွေကတော့ အိုးမဲ့အိမ်မဲ့ လမ်းမြောင်ကြားက

လေလွင့်ကလေးသူငယ် ကျားမ မဟူခေါ်ယူအစာကျွေးခြင်း၊

အ၀တ်အစားဆင်ပေးခြင်း၊

ဆေးဝါးကုသပေးခြင်း၊

ပညာသင်ကြားပေးခြင်း

တို့ပါမက ကလေးတွေ အရွယ်ရောက်တဲ့အချိန် အသက်မွေးဝမ်းကျောင်းနိုင်ဖို့

သင့်လျော်တဲ့ စက်မှုလက်မှု အတတ်တစ်ရပ်ရပ်ကို သင်ကြားပေးခြင်း ဖြစ်တယ်။

တစ်ခါက ဂေဟာမှာ နေရာမရှိလို့ ပြန်လွှတ်လိုက်ရတဲ့

ကလေးတစ်ယောက် လမ်းမြောင်ကြားမှာ သေဆုံးတာတွေ့လိုက်ရပြီး

သူရဲ့ဂေဟာကို လာသမျှ မနေနိုင်မရှိစေရဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။

၁၈၇၃ မှာ ဗနားဒိုးဟာ မိန်းကလေးကျေးလက်ဂေဟာ အမည်နဲ့

မိန်းကလေးတွေကို အိမ်တွင်းမှုအတတ်သင်ပေးတဲ့ ဌာနကို ဖွင့်လှစ်ခဲ့တယ်။

သင့်လျော်တဲ့ပညာ ရရှိတဲ့ ကလေးတွေကို နိုင်ငံသစ်များဆီ စေလွှတ်ပြီး

ကိုယ်ပိုင် လုပ်ကိုင်နိုင်တဲ့ သားသမီးကောင်း ရတနာလေးတွေ ဖြစ်လာစေတယ်။

ကလေးများကို ကူညီလိုသူများ အတွက် အဖွဲ့ဖွဲ့စည်း တည်ထောင် ပေးခဲ့တယ်။

သူရဲ့ စေတနာဝန်ထမ်းလုပ်ငန်းဟာ မွန်မြတ်လွန်းလို့ ကမ္ဘာကျော်ခဲ့ရတယ်။

ဗြိတိန်တစ်နိုင်ငံလုံးမှာ ဗနားဒိုးဂေဟာပေါင်း (၁၁၂) ခုအထိတည်ထောင်နိုင်ခဲ့တယ်။

သူ့တစ်သက် လေလွင့်ကလေး ( ၆၀၀၀၀ ) ကျော်ကို ကယ်ဆယ်ခဲ့ပြီး

ကလေး (၂၅၀,၀၀၀ ) ကို အကူအညီ ပေးနိုင်ခဲ့တယ်။

အင်မတန်လေးစား ချီးကျူး ဂုဏ်ပြုထိုက်တဲ့ လူမှုဝန်ထမ်း လုပ်ငန်းအစ ဖခင်ကြီးတစ်ဦးပါပဲ။

လူ့တန်ဖိုး-၁၀... “ မိုက်ကယ်ဖာရာဒေး ”



မိုက်ကယ်ဖာရာဒေး

(၁၇၉၁-၁၈၆၇)=၇၆ နှစ်

လျှပ်စစ်သိပ္ပံတီထွင်သူ မိုက်ကယ်ဖာရာဒေး

ဟာဗြိတိသျှလူမျိုး ဓာတုဗေဒနဲ့ ရူပဗေဒပညာရှင်ဖြစ်တယ်။

သူ့ကို ၁၇၉၁ မှာမွေးဖွားပြီး ဖခင်က ပန်းဘဲဆရာဖြစ်တယ်။

ဒါပေမယ့် သူတို့မိသားစုဟာ ဆင်းရဲချို့တဲ့သူတွေဖြစ်ကြတယ်။

ဖာရာဒေးဟာ ၅နှစ်သားမှာ ကျောင်းနေပြီး ၁၃ နှစ်သားရောက်တော့ ကျောင်းက ထွက်တယ်။

အဲဒီနောက် စာအုပ်ရောင်းသမားတစ်ဦးဆီမှာ အလုပ်သင်ဝင်လုပ်ရင်း

သိပ္ပံစာပေတွေကို ဖတ်ရှုခဲ့တယ်။

လျှပ်စစ်အကြောင်း သူစိတ်ဝင်တစား လေ့လာရာက အများအကျိုးရှိမယ့် အလုပ်တစ်ခုလုပ်ဖို့

သူစိတ်ကူးခဲ့တယ်။

၁၈၁၂ ခုနှစ်မှာတော့ ဓာတုဗေဒ ပညာရှင်တစ်ဦးဆီကို သူအလုပ်လျှောက်တာ ရခဲ့တယ်။

လက်တွေ့စမ်းသပ်ခန်းလက်ထောက်ဖြစ်ခဲ့တယ်။

ဖာရာဒေးဟာ သူ့ဆရာ ဒေဗီနဲ့တွဲပြီး လူကို ဥပဒ်ဖြစ်စေတဲ့ ကလိုရင်းဓာတ်ငွေ့ကို

ဖော်ယူစမ်းသပ်ကြည့်ခဲ့တယ်။

ဒေဗီတို့ဇနီးမောင်နှံနဲ့အတူ ဥရောပတိုက်ကို လည်ပတ်လေ့လာခဲ့တယ်။

အဲဒီနောက် တော်ဝင်အသင်းမှာ အလုပ်ရပြီး သိပ္ပံနည်းသစ်တွေ တစ်စတစ်စ ရလာတယ်။

ကလိုရင်းဓာတ်ငွေ့ကို ဓာတ်ရည်ပြုလုပ်အောင်မြင်တယ်။

သူဟာ သံမဏိတွေကို စမ်းသပ်ကြည့်ပြီး မျက်မှန်သုံးပစ္စည်း

အသစ်အဆန်းတွေ ထွင်ခဲ့တယ်။

တဖြည်းဖြည်းဓာတုဗေဒ ပါမောက္ခရာထူးအထိ သူတက်လှမ်းနိုင်ခဲ့တယ်။

သူ့ရဲ့ဓာတုဗေဒ တွေ့ရှိမှုတွေက တစ်ဆင့် လျှပ်စစ်ဓာတ်နဲ့စပ်လျဉ်းတဲ့ စမ်းသပ်မှုတွေ

အဆင့်တက်လာတယ်။

သူဟာ၁၈၃၁ ခုနှစ်မှာတော့ သူ့ရဲ့အထင်ရှားဆုံး တွေ့ရှိချက်ဖြစ်တဲ့

လျှပ်စစ်စီးကြောင်း ညှို့ခြင်းကို အောင်မြင်ခဲ့တယ်။

သူ့ရဲ့အောင်မြင်မှုကြောင့် ဒိုင်နမိုပေါ်လာခဲ့တယ်။

လျှပ်စစ်နဲ့ သံလိုက်ဓာတ်အားတို့ ဆက်သွယ်ပုံကို ဖော်ထုတ်နိုင်ခဲ့တယ်။

သူဟာ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ဇွဲရှိရှိလုပ်နိုင်သူဖြစ်တယ်။

သူဟာ နှစ်အနည်းငယ်အတွင်း သိပ္ပံပညာနဲ့ သက်ဆိုင်တဲ့ စာတမ်းပေါင်း (၁၅၇)စောင် ရေးသားခဲ့ပြီး

စမ်းသပ်မှုပေါင်း (၁၆၀၄၁)မျိုးပြုလုပ်နိုင်ခဲ့တယ်။

ဒါပေမယ့် သူက စီးပွားဖြစ်အလုပ်လုပ်သူမဟုတ်တာကြောင့် ငွေကြေးကျပ်တည်းချို့တဲ့သူဖြစ်ခဲ့ရတယ်။

သူ့ရဲ့ လူသားအကျိုးပြု ကြိုးပမ်းမှုတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ဗြိတိသျှအစိုးရက

တစ်နှစ်ပေါင်း (၃၀၀)ဆု ကို အသက်ထက်ဆုံး ချီးမြှင့်ခဲ့ပြီး ဝိတိုရိယဘုရင်မကြီးက

ဟမ်ပတန်ကုတ်ရပ်ကွက်မှာ အိမ်တစ်လုံးပေးခဲ့ရာ၁၈၆၇ခုနှစ်မှာ သူကွယ်လွန်တဲ့အထိ နေထိုင်ခဲ့တယ်။

ဒီနေ့မှာတော့ ဖာရာဒေးရဲ့ ထုတ်ဖော်မှုတွေဟာ သိပ္ပံလောကကို အကျိုးကောင်းစွာပြုလျက်ရှိပါတယ်။ ။

လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com