Monday, November 23, 2009

အထက်ကိုလား?..... အောက်ကိုလား?



စိတ်ဟာ လူတစ်ဦးအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေနိုင်သလဲ?

အဲဒီမေးခွန်းကို ပညာရှင်များကလည်း စိတ်ဝင်စားကြတယ်။

ထင်မြင်ချက်အမျိုးမျိုးနဲ့ အကြီးအကျယ် ငြင်းခုန်ကြတယ်။

ဒါနဲ့ပဲ စိတ်နဲ့ပက်သက်တဲ့ သုတေသနတစ်ခုဖြစ်ပေါ်လာပါတယ်။

အဲဒီ သုတေသနမှာ ပညာရှင်တွေများစွာ ပါဝင်ကြပါတယ်။

ပညာရှင်တွေရွေးချယ်တဲ့ လူတစ်ယောက်ကတော့

လူသတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့လူတစ်ဦးပါ။

သူက အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို ဒါးနဲ့လှီးသတ်တဲ့အမှုကို ကျူးလွန်ခဲ့ပါတယ်။

သူ့ရဲ့သေဒဏ်ကတော့ သူကျူးလွန်ခဲ့တဲ့အတိုင်း အသေစားသေစေ ဆိုတဲ့ စီရင်ချက်ပါပဲ။ သူကိုသေမိန့်ချမှတ်တဲ့နေ့မှာ ကုတင်တစ်ခုပေါ်မှာ အိပ်စေပြီး

မျက်နှာကို အဝတ်နဲ့စည်းထားပါတယ်။

ခွဲစိတ်အထူးကုဆရာဝန်ကြီးက အဆင်သင့်ပြင်ဆင်ပြီးတော့

သူ့ရဲ့လည်ပင်းကို ခွဲစိတ်ခန်းသုံးဒါးနဲ့ အရေပြားပေါ်မှာပဲပါးပါးလေး ကပ်ပြီးဒါးနဲ့ခြစ်လိုက်ပါတယ်။ သွေးလေးစို့ရုံမျှပါပဲ။

ပြီးတော့ သွေးပုလင်းထဲမှာ သွေးအတုကို အောက်မှာရှိတဲ့ ခံပုံးထဲကို သွေးတစ်စက်ချင်းချလိုက်ပါတယ်။ သွေးစက်ကျသံကို သေဒဏ်ကျခံရသူက သေသေချာချာ ကြားနေရပါတယ်။

သွေးစက်ကျသံ တိတ်သွားတဲ့အခါမှာတော့ သေဒဏ်ကျခံ

ရသူကို ဆရာဝန်ကြီးတွေက စမ်းသပ်ကြည့်သောအခါမှာတော့ အဲဒီလူဟာ အသက်မရှိတော့ပါဘူး။ သေဆုံးသွားပါပြီ။

ဆရာဝန်ကြီးတွေရဲ့အတည်ပြုချက်ကတော့

ဒဏ်ရာကြောင့်သေဆုံးသွားတာမဟုတ်ပဲ

စိတ်ကြောင့်သေဆုံးသွားတယ်ဆိုတာကို အတည်ပြုပါတယ်။

စိတ်ဟာ လူတစ်ယောက်ကိုသေဆုံးစေနိုင်ပါတယ် ဆိုတာကို

ပညာရှင်တွေအားလုံးက လက်ခံလာကြပါတယ်။


စိတ်ကို အသုံးမချတတ်ရင် စိတ်ဟာ အောက်ဆုံးအထိ ဆွဲချသွားနိုင်သလို

စိတ်ကို အသုံးချတတ်ရင်လည်း အမြင့်ဆုံးအထိ မြှင့်တင်သွားနိုင်ပါတယ်။

ကိုယ်ပိုင်တဲ့စိတ်ကို ကိုယ်ကြိုက်သလို စီမံနိုင်ကြပါတယ်။

စိတ်ကိုအသုံးချပြီး ကုသိုလ်များများလုပ်ဖို့လူဖြစ်လာတာပါ။

လူဖြစ်ပြီး သေရမှာ ကြောက်တယ်ဆိုရင်

အကုသိုလ်နဲ့နေရတာက ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

ကဲ…လူကြီးမင်း ကရော ကိုယ့်စိတ်ကို ဘယ်လို အသုံးချနေပါသလဲ?

အထက်ကိုလား?

အောက်ကိုလား?

Sunday, November 22, 2009

အဖွားပေးတဲ့ အမွေ


ကျနော် ငယ်ငယ်တုန်းကဆိုးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
ကျနော် လေးတန်းစာမေးပွဲ ဖြေပြီးသောအခါ အချိန်များစွာ အားနေပါတယ်။

ထိုအချိန်တွင်

ကျနော်ရဲ့အကိုတစ်ဝမ်းကွဲဆိုသူ ကိုရွှေသိန်းက
ကျနော်ကို ဆေးလိပ် တစ်လိပ်ကို မီးညှိပြီး လာပေးပါတယ်။

စီးကရက်ဖြစ်ပါတယ်။

တစ်လိပ်ကုန်သောအခါ ကျနော် မူးနေပါတယ်။
အကို က အိမ်ကိုထမ်းပြီး ပြန်ပို့ပါတယ်။

သုံးရက်လောက်လေ့ကျင့်ပြီးသောအခါ ကျနော်ဆေးလိပ်သောက်တတ်သွားပါတယ်။
နောက်ပိုင်း သူလာမပေးတော့ပါ။

ကျနော် ဘာသာ မုန့်ဖိုးထဲက ဝယ်သောက်ရပါတယ်။
တစ်နေ့ကို ဆယ်လိပ်မှ အလိပ်နှစ်ဆယ်အထိသောက်သူဖြစ်လာပါတယ်။


အမေ မသိပါ။
ခုနှစ်တန်းစာမေးပွဲ ဖြေပြီးသောအခါ အဖွားရှိရာ ရွာလေးသို့ပြန်ပါတယ်။
အဲဒီရွာလေးဟာ လေးတန်းအထိသာရှိသောရွာလေးဖြစ်ပါတယ်။

အတန်းတူ သူငယ်ချင်းတွေအားလုံးဟာ

လုပ်ငန်းခွင်သို့ရောက်ကုန်ကြပြီ။

အချို့က မိန်းမရကြပြီ။

အချို့က အရက်သောက်တတ်နေပြီ။
သူငယ်ချင်းများဆီသွားသောအခါ မိန်းမယူဖို့မတိုက်တွန်းကြပါ။

အရက်သောက်ဖို့တိုက်တွန်းကြတယ်။
တစ်ခါ၊နှစ်ခါငြင်းကြည့်ပါသေးတယ်။

သုံးခါရောက်သောအခါ အဖွားကိုတိုင်ပင်ကြည့်ပါတယ်။
ဘာကြောင့်ဆိုတော့ အဖွားကိုချစ်သောကြောင့်ဖြစ်ပါတယ်။

အဖွားကလည်း မကန့်ကွက်ပါ။

သောက်မယ်ဆိုရင်တော့ အိမ်မှာလာသောက်ဖို့ပြောပါတယ်။
အံသြသွားပါတယ်။

ဒါနဲ့ပဲ အဖွားအိမ်မှာ သောက်ဖြစ်သွားပါတယ်။


အဖွားက အမြည်းများလုပ်ပေးပါတယ်။
တစ်ခါမှ မသောက်ဖူးသောကြောင့် အမြည်းများများစားပါတယ်။
အတင်းထိုးပေးသောအရက်ကတော့ ငြင်းမရခဲ့ပါ။
သောက်ရင်းနဲ့ အချိန် ဘယ်လောက်ကြာသွားတယ်ဆိုတာမသိပါ။
အန်တာကိုတော့သိပါတယ်။

မူးနေတယ်ဆိုတာကိုလည်းသိပါတယ်။

ဘယ်အချိန်အိပ်ပျော်သွားတာကိုလည်းမသိလိုက်ပါ။
နောက်တစ်နေ့နေမြင့်မှနိုးပါတယ်။

ခေါင်းထဲတွင် မူးနောက်နောက်ဖြစ်နေပါတယ်။မထချင်ပါ။

နေမွန်းတည့်နေပြီမို့ အဖွားက ရေချိုးပြီးထမင်းစားဖို့လာနိုးပါတယ်။

ပြီးတော့မှ ပြန်အိပ်ချင်အိပ်ပါလို့လာပြောပါတယ်။
အဖွားပြောတဲ့အတိုင်း ရေချိုးပါတယ်။

အဖွားပြင်ပေးသော ထမင်းကိုစားပါတယ်။

အမူးသက်သာသွားပါတယ်။
အဖွားကအနားမှာ ယပ်တောင်တစ်ချောင်းနဲ့ယပ်ခတ်ပေးနေပါတယ်။
ထမင်းစားနေတုန်းမှာ

အဖွားပြောတဲ့စကားကို ကျနော်ဘယ်တော့မှ မမေ့နိုင်ပါ။


“ငါ့မြေးလေးကို အဖွားစကားတစ်ခွန်းလောက်တော့ပြောချင်တယ်။

အရက်သောက်တာနဲ့ပက်သက်ပြီး အဖွား ဘာမှတော့မပြောချင်ပါဘူး။
လူတစ်ယောက်အနေနဲ့ အတွေ့အကြုံတွေအများကြီးရှိသင့်ပါတယ်။
ပြောလို့သိတာထက် ကိုယ်တိုင်သိရတာက ပိုပြီးရင့်ကျက်စေတာပေါ့။
လူတိုင်းဟာ ဘာဘဲလုပ်လုပ် ကောင်းမကောင်းဆိုတာသိပါတယ်။
လုပ်ကြည့်လို့မကောင်းမှန်းသိရင် ဆက်မလုပ်ဖို့ပါပဲ။
မကောင်းမှန်းသိပါရက်နဲ့ ဆက်လုပ်နေရင်တော့ အဲဒီလူဟာ လူမိုက်ပါပဲ။
အဖွားရဲ့မြေးလေးကို အဖွားက လူမိုက်မဖြစ်စေချင်ပါဘူးကွယ်။ ”


အဖွားစကားကို ကျနော် ဘယ်တော့မှ မမေ့ပါ။
အဖွားစကားကြောင့် ကျနော် ဆေးလိပ်ကိုဖြတ်ဖြစ်ခဲ့ပါတယ်။
အဖွားစကားကြောင့် ကျနော် အရက်သမားမဖြစ်ခဲ့ပါ။
အဖွားစကားကြောင့် ကွမ်းကြိုက်တတ်သူလည်းမဖြစ်ခဲ့ပါ။
အဖွားရဲ့စကားဟာ ကျနော်အပေါ် အကြီးအကျယ် လွှမ်းမိုးခဲ့ပါတယ်။
အဖွားစကားကြောင့် ကျနော်ဟာ ချဲထိုးသူ မဖြစ်ခဲ့ပါ။

အဖွားစကားကြောင့်

ကျနော် ဘောလုံးပွဲကြည့်သူ၊ဘောလုံးပွဲလောင်းသူမဖြစ်ခဲ့ပါ။
အဲဒါတွေ အားလုံးကို ကျနော် လုပ်ခဲ့ဖူးပါတယ်။

အခုအချိန်မှာ အဖွားက သက်ရှိထင်ရှားမရှိတော့ပါ။
အဖွားကွယ်လွန်ခဲ့တာတောင်

နှစ်ပေါင်း နှစ်ဆယ်ပတ်ဝန်းကျင် ရှိတော့မယ်ထင်ပါတယ်။
လူ့ဘဝမှာ အဓိပ္ပါယ်ရှိရှိနေခွင့်ရအောင်

သွန်သင်ဆုံမပေးခဲ့တဲ့အဖွားကို ကျေးဇူးတင်မိပါတယ်။

အကြိမ်ကြိမ်လည်း ဦးညွတ်မိပါတယ်။
အဖွားကောင်းရာသုဂတိလားပါစေ။

ဟင်း…….တွေ့လိမ့်မယ် အားကြီးကြီး။



တစ်ခါတုန်းက အင်ဂျင်နီယာတစ်ယောက်သေဆုံးသွားတယ်။

သူဟာ လူ့ဘဝတုန်းက ဘုရားကို အယုံအကြည် မရှိသူဖြစ်တယ်။

ဒါကြောင့် သေဆုံးသွားတဲ့အခါ အပါယ်ငရဲကို ရောက်သွားပါတယ်။

ဒါပေမယ့် အဲဒီအင်ဂျင်နီယာအနေနဲ့ အလွန်တော်သူဖြစ်ပါတယ်။

ဒါကြောင့် အပါယ်ငရဲကို ရောက်ပြီးမကြာခင်မှာပဲ

အပါယ်ငရဲကို တည်ဆောက်ရေးလုပ်ငန်းကိုလုပ်ပါတော့တယ်။

ငရဲမှာအဆောက်အဦးတွေအသစ်ဆောက်တယ်။

ခေတ်မီလေအေးစက်တွေတပ်ဆင်တယ်။ လမ်းတွေပြင်တယ်။ တံတားတွေဆောက်တယ်။

သူရောက်ပြီးမကြာခင်မှာပဲ အပါယ်ငရဲဟာနေချင့်စရာဖြစ်လာပါတော့တယ်။

အရမ်းကိုသာယာလှပလာပါတယ်။

ဒီအကြောင်းကို သိကြားမင်း ကြားသွားပါလေရော။

ဒါကြောင့် သိကြားမင်းကို အဲဒီ အင်ဂျင်နီယာကို နတ်ပြည်ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အင်ဂျင်နီယာဟာ ဘုရားကို မယုံကြည်တာက လွဲရင် ဘာဒုစရိုက်မှ မရှိတာကိုလည်း

သိကြားမင်းက သိထားပါတယ်။

ခက်တာက ငရဲမင်းကလည်း အသုံးကျ၊ အရာဝင်နေတဲ့ အင်ဂျင်နီယာကို လက်လွှတ်ရမှာကို နှမြောနေတယ်။

ဒါကြောင့် သိကြားမင်းရဲ့တောင်းဆိုချက်ကို မသိသလို လုပ်နေလိုက်တယ်။

ဒါကို သိကြားမင်းကသိသွားတော့ ဒေါသပုန်ထပြီး ငရဲမင်းကို ပြောလိုက်တာကတော့


“ဒီကိစ္စကို ငါဒီအတိုင်း မထားဘူးဟေ့ !

မင်းကို ငါတရားစွဲမယ်သိလား?”


ငရဲမင်းက“ တရားစွဲမယ်ဟုတ်လား?

ခင်ဗျားဘက်ကလိုက်ပေးမယ့် ရှေ့နေကို နတ်ပြည်မှာရှာကြည့်ပေါ့။

ခင်ဗျားကြီးသာ နတ်သက်သာကြွေသွားမယ်။

ဟင်း…….တွေ့လိမ့်မယ် အားကြီးကြီး။


ဟာသဆိုတာ ရီဖို့ပါ။

တစ်ဦးတစ်ယောက်ကို နစ်နာစေလိုတဲ့စေတနာမရှိပါဘူး။

မရီနိုင်ဘူးဆိုရင်တော့ တောင်းပန်ပါတယ်။

ရီစရာကိုဖတ်ပြီး တစ်ချက်လောက်ပြုံးလိုက်နိုင်ရင်ဘဲ တန်ပါတယ်။

စားရဖို့ပြေးလွှားနေရချိန်မှာ ရီစရာက စိတ်ကို ကျန်းမာစေပါတယ်။ စိတ်ကို ချမ်းသာစေပါတယ်။

စာရင်းချုပ်လိုက်ရင် အားလုံးဟာအတူတူပါပဲ။

ရီလိုက်ရသူက ဘာဖြစ်ဖြစ် မြတ်တယ်။


Saturday, November 21, 2009

ဥာဏ်ရှိမှ...မေတ္တာရှိတယ်...


ကိုယ့်မှာ ကောင်းတဲ့ ဂုဏ်၊ ကောင်းတဲ့အရည်အချင်းတွေ များများလိုချင်ရင် သူများရဲ့ကောင်းတဲ့ဂုဏ်၊ကောင်းတဲ့အရည်အချင်းတွေကို များများမြင်အောင်
ကြည့်ပြီးတော့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါ။
အဲဒါ အင်မတန်အရေးကြီးတဲ့အချက်ပါပဲ။

အောင်မြင်ချင်တယ်၊ ကြီးပွားချင်တယ်
ဆိုရင် သူတစ်ပါးရဲ့ကောင်းတဲ့ ဂုဏ်တွေကို ကြည့်ပါ။
အသိအမှတ်ပြုပါ။

သူများမှာ ရှိနေတဲ့၊ ကောင်းတဲ့ဂုဏ်ကို ကိုယ်ကတန်ဖိုးမထားနိုင်ရင်၊
အသိအမှတ်မပြုနိုင်ရင် အဲဒီဂုဏ်မျိုး၊
အဲဒီလို အရည်အချင်းမျိုး ကိုယ့်မှာ မရနိုင်တော့ဘူး။
ကိုယ်လမ်း ကိုယ်ပိတ်လိုက်တာပါပဲ။

သူများအပြစ်ကို များများတွေးလေလေ၊ ကိုယ့်ဘဝမတိုးတက်လေလေပါပဲ။
မနာလိုတဲ့စိတ်နဲ့ သူများအကြောင်းကို များများတွေး၊
သူများအပြစ်ကို ပဲ စိတ်ဝင်စားနေရင်
ကိုယ်လုပ်သင့်တာကို
ကိုယ်မလုပ်ဖြစ်တော့ဘူး။

သူတစ်ပါးကို မုန်းတီးနေတဲ့သူ၊ အပြစ်တင်နေတဲ့သူဟာ အောင်မြင်တဲ့သူမဖြစ်နိုင်ဘူး။
ဘဝဟာ အင်မတန်တိုတောင်းပါတယ်။
သူများမကောင်းကြောင်းတွေ ထိုင်တွေးနေဖို့အချိန်မရှိပါဘူး။


မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီးသွားနေတာဟာ
ပျော်စရာအကောင်းဆုံး၊
ကျေနပ်စရာအကောင်းဆုံးပါ။
ဒီလို အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင်
ကိုယ့်ဘဝဟာ ပိုပြီးတော့ လေးနက်မယ်။
ပိုပြီးတော့ တန်ဖိုးရှိမယ်။
ဦးတည်ချက်မှန်မယ်။

အင်မတန် အဖိုးတန်တဲ့ ဘဝ၊
အင်မတန် အဖိုးတန်တဲ့ အချိန်၊
အင်မတန် အဖိုးတန်တဲ့ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားတွေ၊
ခန္ဓာကိုယ် အင်အားတွေဟာ ဘာမှအရေးမကြီးတဲ့ အကျိုးမရှိတဲ့ ကိစ္စတွေဘက်ကို
ရောက်ပြီးတော့ အကျိုးမရှိဘဲ ကုန်သွားတာမျိုးမဖြစ်တော့ဘူး။
ကိုယ့်အတွက် အကျိုးအမြတ်ရဖို့ တစ်ခုကိုပဲ ဦးစားပေးပြီးတော့
လူအများထိခိုက်တာကို လုပ်နေရင် ငွေတော့ရမယ်။ ……….
မြင့်မြတ်တဲ့စိတ်ကိုတော့ အဆုံးရှုံးခံလိုက်ရမယ်။
အဲဒီလူဟာ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်တော့ဘူး။
လူတစ်ယောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ဓါတ်ပျက်စီးသွားတယ်ဆိုရင်
သူ့အတွက် တကယ်တော့ ဘာမှ မကျန်တော့ဘူး။
မလုပ်သင့်တာ တစ်ခုကို လုပ်မိတဲ့အခါမှာ စိတ်မှာ ဒဏ်ရာတစ်ခုခုတော့ရသွားတာပဲ။


မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင်၊
တိုးတက်လာအောင်လုပ်တာနဲ့
သူတစ်ပါးကိုလည်းပဲပိုပြီးတော့အသိဥာဏ်ကြီးမားလာအောင်၊
တိုးတက်လာအောင်ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။
မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်းဆိုတာ သေသေချာချာစဉ်းစားမှနော်။
အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှဖြစ်နိုင်တာနော်။
ဒါကြောင့် ဥာဏ်ရှိမှ မေတ္တာရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

Friday, November 20, 2009

ကိုယ် ဘာလုပ်နေတာလဲ?



လူတစ်ယောက် လမ်းလျှောက်လာတယ်။
ပြီးတော့ ရုတ်တရက်ရပ်လိုက်တယ်။
ခေါင်းကို အတတ်နိုင်ဆုံးမော့လိုက်ပါတယ်။
ကောင်ကင်ကို ကြည့်နေတယ်။
ဖြတ်သွားသူတစ်ယောက်က သူ့ရဲ့အနားကပ်လာပြီး
သူ့လိုပင်ကောင်းကင်ကို မော့ကြည့်လိုက်ပြန်တယ်။
အဲဒီနောက် တစ်ယောက်ပြီးတစ်ယောက်ကောင်းကင်ကို မော့ကြည့်ကြတယ်။
ဘာများပါလိမ့်?
တဖြည်းဖြည်းနဲ့လူတွေများလာတယ်။
ကောင်းကင်ကို လူတွေအားလုံးမော့ကြည့်ကြပါတယ်။
ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။
ဒါနဲ့ပဲ တစ်ယောက်က သူ့အနားကလူကို မေးလိုက်ပါတယ်။
“ခင်ဗျာ...ဘာကိုကြည့်နေတာလဲ? ဟင်”
“သူများမော့ကြည့်နေတာတွေ့လို့မော့ကြည့်နေမိတာပဲလေ။
ဘာမှတော့ မတွေ့မိဘူး။”
ဒီလိုနဲ့ လူအုပ်ထဲက တစ်ယောက်ကို တစ်ယောက် အနားမှာ ရှိတဲ့လူကို မေးကြပါတယ်။
“ကောင်းကင်ထဲမှာ ဘာတွေ့လို့လဲ? ” ပေါ့။
အဲဒီလိုအဆင့်ဆင့်မေးကြရင်းနဲ့ ပထမဆုံးမော့ကြည့်သူကိုမေးတဲ့အခါမှာတော့.....

“ကျနော်ကို မေးတာလား?
ကျနော်ဘာကိုမှ ကြည့်နေတာမဟုတ်ပါဘူး။

ကျနော်တစ်ခါတစ်လေ နှာခေါင်းသွေးလျှံတတ်တယ်လေ။
အခု လဲ လမ်းလျှောက်လာရင်းနဲ့

နှာခေါင်းသွေးလျှံတာနဲ့ တိတ်သွားအောင်ဆိုပြီးခေါင်းကိုမော့ထားတာပါ ”

သူများတွေ လုပ်တာကို ဘာမှန်းညာမှန်းမသိဘဲ လုပ်မိသူတွေထဲ ကိုယ်လဲပါမှာပါ။
အဲဒါကြောင့် ကိုယ့်အချိန်တွေ ဘယ်လောက်ကုန်ခဲ့ပြီလဲ?
အချိန်ဆိုတာ ဘဝပါပဲ။
ပညာရှာချိန်မှာ အချိန်ဟာ ပညာပါပဲ။
ငွေရှာချိန်မှာ အချိန်ဟာ ငွေပါပဲ။
တရားရှာချိန်မှာ အချိန်ဟာ တရားပါပဲ။
ဘယ်တော့မှ အစားထိုးပြန်မရတော့တဲ့ အချိန်ဖြုန်းတာလောက် နစ်နာတာမရှိတော့ဘူး။
သတိမရှိတော့အခါ ဘဝဟာ နာပြီးရင်းနာတော့တာပဲ။
ကိုယ့်ကိုကိုယ် အမြဲမေးကြည့်သင့်တာက

ကိုယ်လုပ်နေတာဟာ သူများလုပ်တာကို လုပ်နေတာလား?
“ကိုယ်လုပ်နေတာဟာ လွတ်လပ်တဲ့စိတ်နဲ့လုပ်နေတာလား?
ကိုယ်လုပ်နေတာဟာ စိတ်ကောင်း၊စေတနာကောင်းနဲ့စိတ်ပါလက်ပါလုပ်နေတာလား?


လုပ်ရက်လိုက်တာ..............


တစ်ခါတုန်းက ဘကြီးအေးဟာ

တစ်ခြားရွာကအလှူတစ်ခုဖိတ်တာနဲ့ လမ်းလျှောက်သွားပါတယ်။

တစ်ခြားရွာကအလှုဆိုတော့လည်း အဝတ်အစားတွေကို

အကောင်းဆုံးဝတ်သွားတာပေါ့။

အဝတ်အစားတွေက တောက်တောက်ပြောင်ပြောင်နဲ့ပေါ့။

တွေ့နေကြ၊ မြင်နေကြကိုမဟုတ်တော့ဘူး။

တွေ့နေကြ လူတွေတောင် လူမှားပါတယ်။

တိရိ စ္ဆာန် ဆိုပြောဘွယ်ရာမရှိတော့ပါဘူး။

အလှုကအပြန်မှာ လူမှားနေတဲ့ ကျွဲရိုင်းတစ်ကောင်က

ဘကြီးအေးနောက်က လိုက်ပါလေရော။

ဘကြီးအေးကလည်း ခြေကုန်သုတ် ပြေးရတော့တာပေါ့။

ရှေ့ကဘကြီးအေးပြေး၊ နောက်ကကျွဲကလိုက်နဲ့။

နောက်ဆုံးမှာတော့ မီလုမီခင်မှာ

ဘကြီးအေးဟာ နီးစပ်တဲ့ခြံတစ်ခုထဲကို ပြေးဝင်ရတော့တယ်။

အချိန်မီ ဝင်းတံခါးကိုပိတ်လိုက်နိုင်လို့ပေါ့။

ကံသီလေး ကပ်လွဲသွားတယ်။

ဘကြီးအေးဟာ အတော်ကိုမောသွားတယ်။

အသက်ကို ကြိုးစားရှုနေရတယ်။

ပြီးတော့ ဒေါသတကြီးနဲ့ပြောလိုက်တာကတော့


“တောက်…..နှစ် သုံးဆယ်လုံးလုံး

သက်သတ်လွတ် စားတဲ့ လူဖြစ်တယ် ဆိုတာတောင်

ဒီကောင်မထောက်ထား၊ မညှာတာဘူး။

လိုက်ရက်တယ်။ တောက်…..........။

ချစ်တဲ့စိတ်ကြောင့်..........



တစ်ခါတုန်းက တက္ကသိုလ်ပါမောက္ခတစ်ဦးဟာ ချစ်တဲ့စိတ်ကြောင့်
နားလေးနေတဲ့ အမျိုးသမီးကို လက်ထပ်လိုက်ပါတယ်။
ဇနီးသည်ဟာ နားလေးနေတဲ့ အတွက် ပုံမှန်လူတစ်ယောက်လို နားကြားစေချင်တယ်။
ဇနီးသည်ကိုချစ်တဲ့စိတ်ကြောင့်
ဇနီးသည်အတွက်နားကြားစေနိုင်တဲ့ အထောက်အကူပစ္စည်းတစ်ခုကို
နည်းလမ်းရှာပြီး တီထွင်ပါတယ်။
ချစ်တဲ့စိတ်ကြောင့် နားလေးသူအတွက် နားကြားကိရိယာတစ်ခုကို တီထွင်ကြံစည်ရင်းက
တယ်လီဖုန်း ကိုတီထွင်ဖြစ်သွားပါတယ်။
အဲဒီ ဖုန်းကို စီးပွားဖြစ်လုပ်နိုင်ဖို့အတွက် ငွေအရင်းအနှီးအတော်များများလိုအပ်နေပါတယ်။
အဲဒီပုဂ္ဂိုလ်ဟာ လိုအပ်တဲ့ငွေအရင်းအနှီးအတွက်
စီးပွားရေးလုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီး ဖုန်းနဲ့ပက်သက်ပြီး
စီးပွားဖြစ်လုပ်နိုင်တဲ့အကြောင်းကို ပြောပြပါတယ်။
ဒါကြောင့် မိမိနဲ့ပူးပေါင်းလုပ်ဆောင်ဖို့စည်းရုံးပါတယ်။
မအောင်မြင်ပါဘူး။
စီးပွားရေးလုပ်ငန်းရှင်အားလုံးက မဖြစ်နိုင်တဲ့အကြံအစည်ဖြစ်ကြောင်းပြောပြီးငြင်းကြပါတယ်။
တစ်ဦးပြီးတစ်ဦး နောက်ဆုတ်သွားကြပါတယ်။
သိပ္ပံပညာရှင်အများစုကလည်း အဝေးကိုစကားလှမ်းပြောနိုင်တဲ့ဖုန်းဆိုတဲ့ကိရိယာဟာ စီးပွားမဖြစ်နိုင်ဘူးလို့ဆိုကြပြန်ပါတယ်။
ဘယ်သူမှလက်မခံကြပေမယ့် ပါမောက္ခဟာ စိတ်မပျက်ပါဘူး။
သူကိုယ်သူ ယုံကြည်တယ်။
သူ့ရဲ့ဖုန်းကို ယုံကြည်တယ်။
အများကလှောင်ပြောင်နေတဲ့ကြားထဲက မဖြစ်မနေကြိုးစားရင်းနဲ့
တယ်လီဖုန်းဆိုတာ ပေါ်ပေါက်လာပါတယ်။
သူဟာမကြာခင်မှာဘဲ ဘီလ်တယ်လီဖုန်းကုမ္ပဏီကြီးကို ဦးစီးတည်ထောင်နိုင်တဲ့
လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်လာပါတယ်။
အဲဒီပါမောက္ခကြီးရဲ့နာမည်ကတော့ ဂရေဟမ်ဘဲလ်ဖြစ်ပါတယ်။
အခုဆိုရင် ဂရေဟမ်ဘဲလ်ဟာ “တစ်ခေတ်ကို တစ်ဆစ်ချိုးပြောင်းလဲစေသူများ”မှာပါဝင်နေပါပြီ။
အခုဆိုရင် လူတွေအတွက် ဖုန်းဟာမရှိမဖြစ်ပစ္စည်းထဲမှာပါဝင်လာပါပြီ။
ဖုန်းနဲ့ပက်သက်ပြီးစီးပွားဖြစ်နေတာလည်း ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။
ဖုန်းမရှိတဲ့နိုင်ငံမရှိတော့ပါဘူး။
ဂရေဟမ်ဘဲလ်ဟာအများနောက်ကလိုက်သူမဟုတ်ပါဘူး။
အများကလက်မခံတာကို သူဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အများနောက်ကိုမလိုက်နဲ့လို့ပြောလိုက်ချင်ပါရဲ့။
ကောင်းတယ်ထင်ရင် ဆက်လုပ်ရဲဖို့တော့လိုလိမ့်မယ်။


တစ်ခုတော့ဖြင့် ပြောလိုက်ပါရစေ၊
ကိုယ့် ရင်ဘတ်ထဲမှာတော့ စေတနာကောင်းရှိဖို့လိုလိမ့်မယ်။
စေတနာကောင်းရှိတယ်ဆိုရင်တော့
ဘာလုပ်လုပ်၊ကိုယ့်ရဲ့သမိုင်းစာမျက်နှာ လှပပါလိမ့်မယ်။

Thursday, November 19, 2009

ကိုယ့်ထက်တော်တဲ့လူတွေ အများကြီးနော်.....



တစ်ခါတုန်းက ကမ္ဘာ့မောင်ဗမာ ပြိုင်ပွဲတစ်ခုမှာ ပါဝင်တဲ့မောင်ဗမာတွေဟာ
ပြိုင်ပွဲမစခင်မှာ ကိုယ်စွမ်းကိုယ်စတွေကို နည်းမျိုးစုံပြကြတယ်။
အဲဒီပြကွက်တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ပြကွက်တစ်ခုကတော့
မနှစ်ကကမ္ဘာ့မောင်ဗမာဘွဲ့ကိုရခဲ့သူက
ကိုယ်ကာယအလှတွေကို နည်းမျိုးစုံပြပြီးနောက်မှာ
သံပုရာသီးတစ်လုံးကို ယူပြီးရှိသမျှအရည်တွေကို အားကုန်ညှစ်ပြပါတယ်။
သူ့ရဲ့အားနဲ့ဆို ဘာဆိုဘာမှမကျန်အောင်ညှစ်ပြပါတယ်။
ပြီးတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ ပြောတာကတော့

“အခုရောက်ရှိလာတဲ့ ပရိဿတ်တွေထဲက
ကျနော်ညှစ်ပြီးတဲ့
သံပုရာသီးကို နောက်ထပ် သံပုရာရည်ထပ်ထွက်အောင် ညှစ်နိုင်မယ်ဆိုရင် ဒေါ်လာတစ်ထောင်ပေးပါ့မယ်”
လို့ကြော်ငြာလိုက်ပါတယ်။
ပရိသတ်တွေထဲက အတန်ကြာအောင် ငြိမ်သက်နေပါတယ်။
နှစ်ကြိမ်ကြော်ငြာပါတယ်။
ပရိသတ်တွေထဲက အတန်ကြာအောင် ငြိမ်သက်နေဆဲပင်ရှိနေပါတယ်။
သုံးကြိမ်မြောက်ကြော်ငြာပါတယ်။
အဲဒီအချိန်မှာ တော့ စင်မြင့်ပေါ်ကို ပိန်ခြောက်ခြောက်နဲ့ လူတစ်ယောက်တက်လာပါတယ်။
သူ့ကြည့်ရတာ ဒေါ်လာတစ်ထောက်ကို လိုချင်လို့မဖြစ်နိုင်မှန်းသိပေမဲ့
ဘာဖြစ်ဖြစ် စမ်းကြည့်မယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။
ပရိသတ်ကတော့ လှုပ်လှုပ်ရွရွဖြစ်သွားပါတယ်။
အချို့ကပြုံးကြလေရဲ့။
အချို့ကတော့ အသံထွက်အောင်ပင် ရီမောကြပါတယ်။
စင်ပေါ်ကို တက်လာတဲ့ လူပိန်လေးကတော့ ခပ်တည်တည်ပါပဲ။
ကမ္ဘာ့မောင်ဗမာ ကြီးတောင် ပြုံးသွားပါတယ်။
ရှုံ့တွနေတဲ့ သံပုရာသီးကို လှမ်းပေးလိုက်ပါတယ်။
မကြာခင်မှာပဲ ပရိသတ်တွေအားလုံး အံသြပြီး မျက်လုံးတွေပြူးကုန်ပါတော့တယ်။
ဘာကြောင့်ဆိုတော့ သံပုရာသီးက အရည်တွေ ထပ်ပြီးထွက်လာလို့ပါပဲ။
ကမ္ဘာ့မောင်ဗမာ ကြီးလည်း အံအားသင့်ပြီးမေးလိုက်တာကတော့
“ခင်ဗျာ....ဘယ်ဋ္ဌာနမှာ အလုပ်လုပ်ပါသလဲ?”
ပိန်ခြောက်ခြောက်လူလေးပြန်ဖြေလိုက်တာကတော့

“ ကျနော်လား?
အခွန်ဦးစီးဋ္ဌာနမှာပါ”
တဲ့။



Tuesday, November 17, 2009

အစွမ်းကုန်လုပ်၊ လုပ်သမျှ စွမ်းလာမယ်။



ဟင်နရီကိုင်ဇာဟာ အသက်(၁၆)နှစ်မှာ ကိုယ့်အားကိုယ်ကိုးပြီး
ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီ။
အလုပ်ရှားပါးတဲ့ကာလတုန်းက
ဟင်နရီကိုင်ဇာဟာ
ဓါတ်ပုံဆိုင်ပိုင်ရှင်တစ်ဦးဆီကို သွားပြီး အလုပ်တောင်းပါတယ်။
သူအလုပ်တောင်းပုံကတစ်မျိုး၊
ဟင်နရီကိုင်ဇာက “လူကြီးမင်း ခင်ဗျာ....ကျနော်အလုပ်လိုချင်ပါတယ်။ ကျနော်သာ ဓါတ်ပုံဆိုင်မှာ လုပ်ခွင့်ရမယ်ဆိုရင် လူကြီးမင်းရဲ့ဆိုင်ကို နှစ်လအတွင်း အမြတ်သုံးဆ တိုးလာအောင် လုပ်ပေးနိုင်ပါတယ်။ ”
ဆိုင်ရှင်လူကြီးက ရယ်ပြီး “ ဟေ!....မင်းလုပ်နိုင်တယ်ဟုတ်လား?”
“ဟုတ်ပါတယ်။ လူကြီးမင်းရဲ့အမြတ်သုံးဆတိုးအောင် လုပ်မပေးနိုင်ရင် ကျနော် လုပ်အားခ တစ်ပြားမှ မယူပါဘူး။ တကယ်လို့ ကျနော်ပြောတဲ့အတိုင်းဖြစ်ခဲ့ရင် ပိုထွက်လာတဲ့ အမြတ်ထဲက တစ်ဝက်ကို ကျနော်လိုချင်ပါတယ်။ ”
ဟေ.....ကောင်းပြီ။ သုံးဆမြတ်ရင် မင်းကို ပါတနာအဖြစ်အသိအမှတ်ပြုမယ်ကွာ”
ဆိုင်ရှင်ကသဘောကျစွာပြောလိုက်ပါတယ်။
မလုပ်နိုင်ဘူး ထင်ပြီးပြောလိုက်တာဖြစ်တယ်။
နောက်အတွေ့အကြုံကိုတော့
ဟင်နရီကိုင်ဇာကပြန်ပြောပြတာကတော့
“ပထမဆုံး ကျနော်ဆိုင်မှာ" နေ့ချင်းပြီးဓါတ်ပုံကူးပေးသည် "
ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုတင်လိုက်ပါတယ်။
ဆိုင်ပိုင်ရှင်က တော့ “ဒါ....မဖြစ်နိုင်ဘူး”လို့ပြောပါတယ်။
ကျနော်ကဖြစ်တယ်၊ ကျနော်အချိန်ပို လုပ်နိုင်တယ်
လို့ပြောပြီး တကယ်လဲလုပ်ခဲ့တယ်။
ကျနော်တစ်ခါတစ်လေ နံက်(၄:၀၀)အထိ အလုပ်လုပ်ရတယ်။
ပိုင်ရှင်က ကျနော်ကို ရူးသွားအုန်းမယ်လို့ မကြာခဏ သတိပေးပါတယ်။
ထူးဆန်းတယ်လို့ပြောရမှာပဲ။
ကျနော်ဟာ တစ်နေ့ကို (၁၈) နာရီအလုပ်လုပ်တာလဲ မပင်ပန်းဘူး။

ဘယ်ပင်ပန်းမလဲ၊ ကျနော်မှာ ရည်မှန်းချက်တစ်ခု၊ တိတိကျကျရှိနေတာကိုး၊
ကျနော်ပျော်တောင်ပျော်လာတယ်။
အရင်တုန်းကလောက် များများအိပ်ဖို့မလိုဘူးဖြစ်နေတယ်။
လုပ်တွေအရမ်းများလာတဲ့အခါ အဲဒါတွေကို နိုင်အောင်
ကျနော် စတူဒီယို မှာ လျှပ်စစ်မီးစနစ်ကို အသစ်ပြန်ပြင်တယ်။
ဓါတ်ပုံတွေ အဆက်မပြတ် ကူးဆေးလို့ရအောင် နည်းလမ်းတွေရှာပြီးလုပ်တယ်။
နှစ်လပြည့်တဲ့အချိန်မှာတော့ အမြတ်က လေးဆနီးပါးလောက်တိုးနေပြီ။
ဒါနဲ့ပဲ ကျနော်လဲ ပါတနာဖြစ်သွားတာပါပဲ၊”

ကျနော်တို့ရဲ့ရှေ့မှာ တကယ်အလုပ်လုပ်ပြတဲ့လူတွေအများကြီးရှိနေပါတယ်။
ကျနော်တို့ ကြိုးစားဖို့သာလိုပါတယ်။
ကိုင်ဇာဆိုသူက အစွမ်းကုန်လုပ်၊
လုပ်သလောက်အကျိုးရှိတယ်ဆိုတာကို သက်သေပြခဲ့ပါပြီ။
သူဟာ အမေရိကန်နိုင်ငံရဲ့အချမ်းသာ၊အကြွယ်ဝဆုံးလူတစ်ဦးဖြစ်လာပါတယ်။
သူပင်လျှင်
အောက်ဆုံးအဆင့်က ထိပ်ဆုံးကိုရောက်နိုင်သေးတယ်ဆိုရင်...........

Monday, November 16, 2009

“ ဘယ်တော့မှ လက်မလျှော့ပါနဲ့။”



တစ်ခါတုန်းက ဗင်နီဇွဲလားနိုင်ငံတွင် ရာဖေးလ်ဆိုလာနိုအမည်ရှိတဲ့ စိန်ရှာဖွေသူ တစ်ဦးရှိတယ်။
သူဟာ ဒေသခံတိုင်းရင်းသားထဲကစိန်ရှာဖွေသူတစ်ဦးဖြစ်တယ်။
သူဟာ အများနည်းတူ သောင်ခုံသို့သွားကာ
ကျောက်ခဲလေးတွေကိုတစ်လုံးချင်းကောက်ကြည့်လိုက်၊ဘေးချလိုက် လုပ်နေခဲ့တာရက်ပေါင်းကြာနေပြီ။
လူလည်း အတော်ပင်ပန်းတယ်။ စိတ်လည်းအတော်ပျက်ဖို့ကောင်းတယ်။
ပင်ပန်းသလောက် အကျိုးမရှိသလိုခံစားလာရတယ်။
ဒါကြောင့် အလုပ်အပေါ်စိတ်ဝင်စားဖို့နည်းလမ်းရှာတဲ့အနေနဲ့ ကျောက်စရစ်ခဲအရေအတွက်ကို
မှတ်သားတဲ့အလုပ်ကို စလုပ်တယ်။
ပြီးတော့ ကျောက်စရစ်ခဲအရေအတွက် တစ်သန်းပြည့်ရင်တော်ပြီ၊
လို့လည်းဆုံးဖြတ်တယ်။
ဒီလိုနဲ့ ကျောက်စရစ်ခဲကောက်ပြီးကြည့်လိုက်၊ဘေးချလိုက်နဲ့လုပ်လာခဲ့တာ တစ်သန်းပြည့်ဖို့
နည်းနည်းသာလိုတော့တဲ့နေ့မှာ “တော်ပြီ၊ တစ်သန်းပြည့်ရင် နောက်ထပ်တစ်လုံးတောင်မှ ကိုင်မကြည့်တော့ဘူး။စိန်ရှာတဲ့အလုပ်ကိုလဲ မလုပ်တော့ဘူး။” လို့ထပ်ဆုံးဖြတ်လိုက်ပြန်တယ်။
ပြီးတော့ ၉၉၉၉၉၉မြောက်ကျောက်စရစ်ခဲကို လွှင့်ပစ်လိုက်ပြီးနောက်
နောက်ထပ်ကျောက်စရစ်ခဲတစ်လုံးကို “ကဲ.....ဒါဆိုရင် တစ်သန်းပြည့်ပြီ။စာရင်းပိတ်ပြီ။ ဆိုပြီးကျောက်စရစ်ခဲတစ်လုံးကို ကောက်ကိုင်လိုက်တယ်။
သူရင်ထဲမှာ ဒိတ်ကနဲဖြစ်သွားတယ်။
ဒီကျောက်စရစ်ခဲဟာ အရင်ကျောက်စရစ်ခဲတွေထက် လေးနေပါလား?
သူသေသေချာချာ ချိန်ဆကြည့်တယ်။
ဟုတ်ပြီ။ လေးနေတာတော့အမှန်ပဲ။ နောက်ပွတ်ကြည့်တယ်။ ဟုတ်တယ်။ ဒါစိန်ဖြစ်နိုင်တယ်။ အရမ်းကြီးတဲ့စိန်ရိုင်းတုံးတစ်တုံး။
အခုဆိုရင် ရာဖေးလ်ရဲ့စိန်ကြီးဟာ လစ်ဗရေတာ (Librator) နာမည်နဲ့ ကျော်ကြားနေတယ်။
ကောက်ရတဲ့စိန်တွေထဲမှာတော့ အကြီးဆုံးနဲ့ အရည်အသွေး အကောင်းဆုံးစိန်ကြီးအဖြစ် ဒီနေ့အထိ
စံချိန်တင်နေတုံးပါပဲ။


ရာဖေးလ်ဟာ တစ်သန်းမပြည့်ဘဲ တစ်လုံးအလိုမှာ လက်လျှော့လိုက်ရင် ဘာဖြစ်မလဲ?
သူဋ္ဌေးကြီးအဖြစ်က ကပ်လွဲရမှာအမှန်ပဲ။
ဇွဲတင်းပြီးကြိုးစားလိုက်တဲ့အတွက် ဇွဲဆုအဖြစ် ချမ်းသာကြွယ်ဝလာခဲ့တယ်။

ကျနော်တို့လည်း မီးကုန်ယမ်းကုန်ကြိုးစားပြီးမှ နောက်ဆုတ်၊လက်လျှော့ပြီး သာမန်ဘဝနဲ့ အဆုံးသတ်ရသူတွေထဲ မှာ ကိုယ်မပါချင်ဘူးဆိုရင်.........

“ ဘယ်တော့မှ လက်မလျှော့ပါနဲ့။”
“ ဘယ်တော့မှ လက်မလျှော့ပါနဲ့။”
“ ဘယ်တော့မှ လက်မလျှော့ပါနဲ့။”။

Friday, November 13, 2009

တရာခံ ဘယ်သူလဲ ဟေ့.....



လူနာတွေရဲ့ ခက်ခဲတဲ့ မေးခွန်းတွေဟာ
တစ်ရံတစ်ခါ ဆရာဝန်ကို အကြတ်ရိုက်စေပါတယ်။
တစ်ခါတုန်းက လူနာတစ်ဦးက မေးပါတယ်။
“ဆရာ….မိန်းမတစ်ယောက်ဟာ (၆)လနဲ့ ကလေးမွေးနိုင်သလား?”တဲ့။
ဘာဖြစ်လို့လဲ? လို့မေးရပြန်ပါတယ်။
လွယ်လွယ်ဖြေလိုက်ရင် နောက်ဆက်တွဲပြဿနာကအများကြီးဖြစ်လာနိုင်တယ်။
မေးသူဟာ လွန်ခဲ့သော (၆)လကမှ မင်္ဂလာဆောင်ထားသူဖြစ်နေတာကိုသိရတော့
သူ့ရဲ့မေးခွန်းဟာ ကိုယ့်အဖြေကြောင့်
သူ့အိမ်ထောင်ရေးကို ထိခိုက်သွားနိုင်တာမို့အထူးသတိထား ရပါတယ်။
“သားဦးဆိုရင် မွေးနိုင်ပါတယ်”လို့ပြန်ဖြေခဲ့ရပါတယ်။
မေးသူကတော့ ကျေနပ်ပြီးပြန်သွားပါတယ်။

နောက် အကြတ်ရိုက်စေတဲ့ မေးခွန်းတစ်ခုကတော့
“ဆရာ…အခုမွေးတဲ့ ကလေးဟာ ကျနော်ကလေးဖြစ်နိုင်သလား”တဲ့။
မေးသူက အသက်(၇၅)အရွယ်အဖိုးကြီး၊
သူ့ရဲ့အိမ်ထောင်ဖက်က အသက်(၁၉)အရွယ်မိန်းမငယ်လေး။
ဆရာဝန် ခေါင်းစားပြီး။
အင်း…..အဲ…..ဇာတ်လမ်းတစ်ပိုဒ်ပြောပြပါ့မယ်။
ပြီးတော့မှ ကြိုက်သလို အဖြေညှိကြတာပေါ့။

တစ်ခါတုန်းက အသက်(၇၅)အရွယ် အဖိုးကြီးတစ်ယောက်ဟာ
အသက်(၁၉)နှစ်အရွယ်
အမျိုးသမီးအရွယ်ကို လက်ထပ်လိုက်ပါတယ်။
အိမ်ထောင်ပြုပြီး ကိုးလအကြာမှာ အမျိုးသမီးက ကလေးမွေးပါတယ်။
အဖိုးကြီးက ခရစ်ယာန်ဘုန်းတော်ကြီးထံ ရောက်လာပြီး
`'မွေးလာတဲ့ ကလေးကသူ့ရဲ့ကလေးဖြစ်သလား၊
ဒါမှမဟုတ် ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့်
ကလေးဟာ လူ့ပြည်ကိုရောက်လာတာလား?`"လို့မေးတာပေါ့။

ဘုန်းတော်ကြီးကသူ့ရဲ့ကိုယ်တွေ့တစ်ခုကိုပြောပြပါတယ်။
တစ်နေ့တော့ တောထဲသွားလည်ရင်း ခြင်္သေ့တစ်ကောင်ကို မမျှော်လင့်ဘဲ ပက်ပင်းတိုးတာပေါ့။
ခြင်္သေ့က ခုန်အုပ်ဖို့ကြိုးစားတယ်။
ကျုပ်ကလည်း ဘာလုပ်ရမှန်းမသိဘူး။
့အသက်ကကြီးတော့ ခုခံဖို့အားကလည်းမရှိတော့
“ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ”လို့ တိုင်တည်လိုက်ပါတယ်။
ပြီးတော့ တစ်ဆက်တည်းမှာပဲ လက်ထဲမှာကိုင်ထားတဲ့ တောင်ဝှေးကို မြှောက်ပြီး
“ဒိုင်း….ဒိုင်း….ဒိုင်း”ဆိုတဲ့ အသံနဲ့ ဟန်လုပ်ပြီးပစ်လိုက်တယ်။
ခြင်္သေ့ကြီး ပက်လက်လန်ပြီးသေပါလေရော။

“ဒါဟာ ဘုရားသခင်ရဲ့ လက်ချက်ပဲ”လို့ နားထောင်နေတဲ့ အဖိုးကြီးကဝင်ပြောပါတယ်။
ဘုန်းတော်ကြီးက“အဲဒါတော့ မပြောတတ်ဘူး။
ဒါပေမယ့် ကျုပ်ရဲ့နောက်မှာတော့
တကယ့်သေနတ်ကို ကိုင်ထားတဲ့ မုဆိုးတစ်ယောက်ကတော့ ရောက်နေလေရဲ့”။ လို့ပြောပြီး
ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါတယ်။
ကျနော်ကိုမေးတဲ့ အဖိုးကြီးကတော့ သက်ပြင်းချလိုက်ပြီး
“ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲလေ” လို့ပြောပြီး
တစ်လှမ်းခြင်းထွက်သွားပါတော့တယ်။

ဒီတော့မှ ကျနော်လည်း သက်ပြင်းချနိုင်ပါတော့တယ် ........။


Thursday, November 12, 2009

“အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ”


တစ်ခါတုန်းက ရွာတစ်ရွာမှာ ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက်ရှိပါတယ်။
တစ်နေ့တော့ သူဋ္ဌေးကြီးကတန်ဖိုးကြီးတဲ့ ပြိုင်မြင်းတစ်ကောင် ဝယ်လာတယ်။
မကြာခင်မှာပဲ အဲဒီမြင်းဟာပျောက်သွားပါလေရော။
သူဋ္ဌေးကြီးဟာစိတ်ညစ်ညစ်နဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းကို သွားပြီး
ဆရာတော်ကို စိတ်ညစ်ရတဲ့အကြောင်းကို ပြောပြတယ်။
ဆရာတော်ကြီးက “စိတ်မညစ်ပါနဲ့တကာကြီး၊ အဲဒါကောင်းဖို့ဖြစ်လာတာပါ” လို့ပြောလိုက်တယ်။
သူဋ္ဌေးကြီးက နားမလည်ဘူး၊
နောက်တစ်ပတ်မှာတော့ မြင်းကိုရှာတွေ့တယ်။
အဲဒီမြင်းနဲ့အတူ မြင်းမတစ်ကောင်ပါ အပိုပါတဲ့အတွက်သူဋ္ဌေးကြီးကပျော်နေတယ်။
ဆရာတော်ပြောတာ မှန်လိုက်တာလို့တွေးမိတယ်။
နောက်(၆)လမှာတော့ တစ်ဦးတည်းသောသားဟာ အဲဒီမြင်းကို စီးရင်းနဲ့
မြင်းပေါ်ကလိမ့်ကျပြီး ခြေထောက်ရော၊လက်ရောကျိုးသွားပါတယ်။ သူဋ္ဌေးကြီးကစိတ်ညစ်ညစ်နဲ့ဆရာတော်ကြီးဆီရောက်သွားပြန်တယ်။
ဆရာတော်ကြီးက“စိတ်မညစ်ပါနဲ့တကာကြီး၊ အဲဒါဟာလည်း ကောင်းဖို့ဖြစ်လာတာပါ”လို့
ထပ်ပြောပြန်တော့သူဋ္ဌေးကြီးက နားမလည်ပြန်ဘူး၊
ဒုက္ခိတဖြစ်သွားတဲ့သားနဲ့ပက်သက်ပြီး ဘယ်လိုလုပ်ပြီးကောင်းဖို့ဖြစ်နိုင်မှာလဲ?
စိတ်ရှုတ်ရှုတ်နဲ့ပြန်လာတယ်။
နောက်မကြာခင်မှာပဲ ပြည်တွင်းစစ်တွေဖြစ်လာပါတော့တယ်။
စစ်ဖြစ်ပြီးဆိုတော့ အဲဒီရွာမှာရှိတဲ့ အရွယ်ရောက်
လူငယ်တွေအားလုံးဟာ စစ်ထဲပါသွားပြီး တစ်ယောက်မှရွာကို ပြန်မရောက်ကြတော့ပါဘူး။
သူဋ္ဌေးကြီးရဲ့သားကတော့ဒုက္ခတဖြစ်နေတာကြောင့်
စစ်သားစုဆောင်းသူတွေက မခေါ်ဘဲ ချန်ထားခဲ့တယ်။
ဒီတော့မှ ဆရာတော်ကြီးပြောတဲ့ “အရာရာဟာကောင်းဖို့ဖြစ်လာတယ်”ဆိုတာကို သဘောပေါက်လာပါတော့တယ်။

ကျနော်တို့ ရှေ့ကိုကြိုမမြင်နိုင်တာတွေက အများကြီးပါပဲ။
လတ်တလော ဖြစ်ရပ်ကို ပဲ စိတ်နှစ်ပြီး ခံစားတော့ စိတ်ညစ်စရာဆိုမပြေပျောက်တော့ဘူး။
မမြဲတဲ့လောကကြီးကိုလည်း အရာရာဟာမြဲနေသလို ထင်လာမိတတ်တယ်။
သေသေချာချာပြန်စဉ်းစားကြည့်ပါ။
မြဲတာဘာရှိသလဲ?
အသက်လည်း မမြဲဘူး။
ဥစ္စာလည်း မမြဲဘူး။
အာဏာလည်း မမြဲဘူး။
ပြီးတော့......................မမြဲဘူး။
ပြီးတော့.......................မမြဲဘူး။
ပြီးတော့.......................မမြဲဘူး။
အဓိကအရေးကြီးဆုံးကတော့ ဘာဘဲဖြစ်ဖြစ်၊စိတ်မညစ်ဖို့ပါပဲ။
ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို အရှိန်အဟုန်မပျက်၊ဆက်လုပ်နေဖို့ပါပဲ။
အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ။


လူသားတိုင်း ကျန်းမာကြပါစေ... လူသားတိုင်း ချမ်းသာကြပါစေ...
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းနဲ့စောင့်ရှောက်ပါ။ စိတ်ကို စာဖတ်ခြင်းနဲ့စောင့်ရှောက်ပါ။...

နူတ်ဆက်စကားလေးများ.....

မြန်မာတို့ရဲ့ ဘလော့ဂ်များ...

picoodle.com